Wednesday, November 11, 2009

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက်
အမျိုးသားနေ့ပေါ်ပေါက်လာပုံ
တင်နိုင်တိုး

နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။

အမျိုးသားနေ့ သတ်မှတ်ရေး

မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဦးဘသော်၏ အဆိုကို ဦးဘစိန်က ထောက်ခံသည်။ သို့ဖြင့် မည်သည့်နေ့ရက်တွင် သင့်တော်ကြောင်း အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။

နယ်ချဲ့ကိုတော်လှန်သောနေ့

ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်တွင် အမျိုးသားနေ့ကို ရွေးချယ်သတ်မှတ်ကြရာ သူရိယအယ်ဒီတာ ဦးတုတ်ကြီးက သီပေါမင်း ပါတော်မူနေ့ဖြစ်သော တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ကို သတ်မှတ်ရန် တင်ပြပါသည်။ ပျဉ်းမနား အေလာ ဦးဒွေးကမူ ဆရာတော် ဦးဥတ္တမ ပထမဦးဆုံး အကျဉ်းချထားခံခဲ့ရသည့်နေ့ကို သတ်မှတ်ရန် တင်ပြသည်။ 

ဤတွင် ဦးမြင့်က ဦးတုတ်ကြီးနှင့် ဦးဒွေးတို့ တင်ပြချက်များအပေါ် ဝေဖန်ပြောဆိုပါသည်။ ဦးမြင့်က အမျိုးသားနေ့ကို ဗြိတိသျှတို့အား အရှုံးပေးခဲ့ရသည့် သီပေါမင်းပါတော်မူနေ့၊ ဗြိတိသျှတို့အပေါ် ဆန့်ကျင်သည့် နိုင်ငံရေးတရားဟောမှုကြောင့်  ဆရာတော်ဦးဥတ္တမ ထောင်သွင်းအကျဉ်းချထားခံရသောနေ့မျိုးကို မသတ်မှတ်လိုကြောင်း၊ ဤနေ့များမှာ မင်္ဂလာမရှိကြောင်း၊ တက္ကသိုလ်ကျောင်းသားများက နယ်ချဲ့အင်္ဂလိပ်တို့၏ ကျွန်ပညာရေးစနစ်ကို စတင်သပိတ်မှောက်သောနေ့မှာ သင့်တော်ကြောင်း တင်ပြခဲ့သည်။ သို့ဖြသ့် အများသဘောတူညီသော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်ပါသည်။ယင်းသို့ အမျိုးသားနေ့ (နေရှင်နယ်ဒေး)ကို သတ်မှတ်ပေးရန် တင်ပြခဲ့သူ ဦးမြင့်မှာလည်း နောင် နေရှင်နယ်ဦးမြင့်ဟူ၍ ထင်ရှားလာခဲ့သည်။

နေရှင်နယ်ဦးမြင့်

ဦးမြင့်သည် ဟသာင်္တခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွမ်းသီးတောရွာဇာတိဖြစ်၏။ ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်းမှ ဆယ်တန်းအောင်ပြီး ဂျပ်ဆင်ကော်လိပ်သို့ ရောက်လာခဲ့သူ ဖြစ်သည်။ ဦးမြင့်သည် ရန်ကုန်တက္ကသိုလ် ကျွန်ပညာရေးစနစ်ကို  ကန့်ကွက်ခဲ့စဉ်က အားကြိုးမာန်တက် ပါဝင်လှုပ်ရှားခဲ့သည်။ နောင် ကျောင်းပြန်တက်ခဲ့သော်လည်း ဦးမြင့်က အမျိုးသားပညာရေးဘက်သို့ ဦးတည်သွားသည်။ ဦးမြင့်သည် နောက်ပိုင်း ကျောင်းဆရာဘ၀ဖြင့် အသက်မွေးခဲ့သည်။

 ကျောင်းဆရာအဖြစ်မှ အနားယူပြီးနောက် ဟံသာဝတီနယ် ပျော်ဘွယ်ကြီးရွာတွင်  နေထိုင်ရင်းကိုယ်တိုင် လယ်ယာလုပ်ငန်းဖြင့် လုပ်ကိုင်အသက်မွေးခဲ့သည်။ ဦးမြင့်သည် နောက်ပိုင်းတွင် နိုင်ငံရေးလောကသို့လည်းကောင်း၊ သတင်းစာလောကသို့ လည်းကောင်း ရောက်ရှိခဲ့သည်။ ၁၉၆၆ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ဦးမြင့်ကွယ်လွန်သွားရာသမီးတစ်ဦးကျန်ရစ်ခဲ့သည်။

ဂျီစီဘီအေ အထူးကွန်ဖရင့်

ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သည့နေ့အာ အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် မန္တလေး န၀မမြောက် ကွန်ဖရင့်က အကြမ်းဖျဉ်းသဘောတူညီခဲ့ပြီးနောက် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ဦးဘစီ သဘာပတိအဖြစ် ဆောင်ရွက်သည့် ဂျီစီဘီအေ အထူးကွန်ဖရင့်က  ဦးမြင့် တင်ပြခဲ့သည့်အတိုင်း တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ရက်သတ်မှတ်ရာ၌လည်း အင်္ဂလိပ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၅ ရက်နေ့ကို မသတ်မှတ်ဘဲ မြန်မာရက်ဖြစ်သော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို တမင်သတ်မှတ်ခဲ့သည်။ ဤသို့ဖြင့် အမျိုးသားရေး လက္ခဏာများ ပိုမိုထင်ရှားလာခဲ့ပါသည်။

အမျိုးသားနေ့တတွက် ပြင်ဆင်မှု

အမျိုးသားနေ့နီးလာသည်နှင့် ကျောင်းသားဟောင်းကြီးများ ဖြစ်ခဲ့ကြသည့် ဦးဖိုးကျား၊ ဦးစိုးဝင်း၊ ဦးထွန်းညိုတို့က ပြင်ဆင်မှုများ ပြုလုပ်ကြတော့သည်။ အမျိုးသားကျောင်းများ ရှိသောမြို့များသို့ အစီအစဉ်တကျ ကျင်းပရန် နှိုးဆော်သည်။  မြို့တွင်းသို့ ကျောင်းသူကျောင်းသားများ လှည့်လည်ပြီး တန်ခိုးကြီးဘုရားတစ်ဆူသို့ ချီတက်ကြမည်။ တစ်ဖက်မှလည်း အမျိုးသားနေ့သည် အမျိုးသားကျောင်းမှ ကျောင်းသားကျောင်းသူများသာမက မြန်မာတစ်နိုင်ငံလုံးနှင့် ဆိုင်သော နေ့ထူးနေ့မြတ်ဖြစ်သည်။ သို့ဖြစ်၍ မည်သည့်ကျောင်းမှမဆို ကျောင်းသားများနှင့် ကျောင်းသားမိဘများကပါ ပူးပေါင်းပါဝင်ဆင်နွှဲကြစေလိုသည်။ မြို့များတွင် မီးရောင်စုံထွန်းညှိ၍ အကျွေးအမွေးဖြင့် ဧည့်ခံကြမည်။ အထိမ်းအမှတ် အခန်းအနားများ ပြုလုပ်ကြမည် စသည်ဖြင့် လက်ကမ်းစာစောင်များ ရေးသားဖြန့်ဝေပေးကြသည်။ ကျောင်းပိတ်ရက်မဟုတ်သော်လည်း ကျောင်းသားကျောင်းသူများအားလုံး ၀င်ရောက်ဆင်နွှဲကြရန် ဦးဖိုးကျားတို့က ဖိတ်ခေါ်သည်။

ပထမဆုံးအမျိုးသားနေ့

ပထမဆုံး အမျိုးသားနေ့ကို ခရစ်နှစ် ၁၉၂၂ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့) တွင် စတင်ကျင်းပခဲ့သည်။ ခရစ်နှစ် ရက်စွဲအားဖြင့် ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖြစ်ပါသည်။ ထိုနေ့က ကန်တော်မင်ပန်းခြံ (ယခု ကန်တော်မင်္ဂလာ  ပန်းခြံ)နှင့် ရွှေတိဂုံ စေတီတော် အနောက်မုခ်အနီး ကွက်လပ်တို့၌ ကော်မီတီဝင်များက ဟောပြောကြသည်။ ဟောပြောကြသူများထဲတွင် နောင် ဆာမောင်ကြီးအဖြစ် ထင်ရှားလာမည့် ကိုမောင်ကြီးလည်း ပါသည်။ ယေဘုယျအားဖြင့် အမျိုးသားပညာရေးအကြောင်း ဟောပြောကြခြင်းဖြစ်သည်။


လူငယ်တစ်ဦးကမူ အင်္ဂလိပ်ဘာသာဖြင့် British soldier minus gun equal to Zero ဟု ဟောပြောခဲ့သဖြင့် ဗြိတိသျှအာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။ အမျိုးသားအောင်ပွဲနေ့တွင်  နေရာဒေသအသီးသီး၌  ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ကြသည်။ သို့သော် ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်မဟုတ်သဖြင့် စည်ကားသင့်သလောက် မစည်ကားခဲ့ ဟု ဆိုနိုင်သည်။


ကျောင်းပိတ်ရက် ရုံးပိတ်ရက်

အမျိုးသားနေ့ကို စတင်သတ်မှတ်ချိန်ကာလမှစ၍ အချိန်အတန်ကြာသည်အထိ ကျောင်းပိတ်၊ ရုံးပိတ်ရက် မဟုတ်ခဲ့ပေ။ ထိုစဉ်က အမျိုးသားကျောင်းများက ဦးဆောင် ကျင်းပလေ့ရှိခဲ့ကြသည်။ အမျိုးသားကျောင်းများက အမျိုးသားနေ့ အခမ်းအနားကျင်းပနေကြချိန်တွင် အစိုးရကျောင်းမား၌  စာသင်မပျက် ရှိခဲ့ကြသည်။ ၁၉၃၄ ခုနှစ် ဒေါက်တာဘမော် ပညာရေးဝန်ကြီးဖြစ်လာချိန်တွင် အမျိုးသားနေ့၌  ကျောင်းများပိတ်ရန် သူ၏ အာဏာအတွင်းမှ အမိန့်ချမှတ်ခဲ့သည်။ ဤသို့ဖြင့် အစိုးရကျောင်းများမှာလည်း မျက်နှာမငယ်ရတော့ဘဲ အမျိုးသားနေ့ကို ကျင်းပလာနိုင်ကြသည်။ သို့သော် အစိုးရလခစား ဆရာကြီးများ၏ အုပ်ချုပ်မှုအောက်တွင် ရှိသဖြင့် အမျိုးသားကျောင်းများကဲ့သို့ ဦးဆောင် ကျင်ပ ခြင်းမျိုးကိုမူ မပြုလုပ်နိုင်ခဲ့ပေ။

၁၉၃၇ ခုနှစ်တွင် ဒေါက်တာဘမော်  ၀န်ကြီးချုပ်ဖြစ်လာသောအခါ အမျိုးသားနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ပြန်၏။  သို့ဖြင့် အမျိုးသားနေ့ကို အမျိုးသားများအားလုံး စုပေါင်းကျင်းပလာနိုင်ကြတော့သည်။


မန္တလေးက အမျိုးသားနေ့


မန္တလေး အမျိုးသားနေ့ အခမ်းအနားကို ဆရာကြီးဦးရာဇတ်၏ အမျိုးသားကျောင်းက  ဦးဆောင်ကျင်းပလေ့ရှိသည်။ အမျိုးသားနေ့သို့ ရောက်ရှိသည်နှင့် ရုပ်သေးဦးဘကျော်က  ရုပ်သေးပွဲဖြင့် ဖျော်ဖြေသည်။စိန်ဗေဒါကြီးက စေတနာ့ဝန်ထမ်းအဖြစ် ကူညီသည်။ ကျောင်းသူကျောင်းသားကလေးများက ပဒေသာကပွဲအတွက် ပြင်ဆင်ကြရာ  နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်းတို့က သင်ကြားပြသပေးကြသည်။ တစ်ခါတစ်ရံ ဆရာကြီးဦးရာဇတ်ကိုယ်တိုင် သီချင်းရေးသာရာ၌ အကြံပြု ကူညီတတ်သေးသည်။

ကျောင်းသားကလေးများသည် ဆရာကြီးဦးရာဇတ်၏ အစီအစဉ်ဖြင့် စက္ကူဒေါင်းလံကလေးများ လိုက်လံရောင်းချကာ ရရှိသော ငွေဖြင့် နိဗ္ဗာန်ဈေး အခမဲ့ ကျွေးသည်။  ယင်းနောက် ဆရာကြီး၏ ဗဟိုအမျိုးသား အထက်တန်းကျောင်းမှ နေရှင်နယ်ဒေး လှည့်လည်ရာ ကျောင်းသူကလေး တစ်ဦးက အမိမြန်မာပြည်အဖြစ် သရုပ်ဆောင်ရ၏။ မြို့တွင်းသို့ လှည့်လည်သည့်အခါ  ဆရာကြီးဦးရာဇတ်ကိုယ်တိုင်လိုက်ပါလေ့ရှိသည်။ ကျောင်းသူကျောင်းသားကလေးများက “ အမျိုးသားရေး သွေးစည်းပါ။ အရေးကြီးလာပြီ သိကြ သိကြ ” ဟု ကြွေးကြော်ရင်း လိုက်ပြါာသည်။


ကျမ်းကိုး
  • ၁။ “ကြည့်သောသူမြင်၏” (နေရှင်နယ်ဦးမြင့်) အမျိုးသားနေ့ ရွှေရတု အထိမ်းအမှတ် စာစောင်၊
  • ၂။  မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း (ဖိုးအောင်လေး)
  • ၃။ ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန် (မြဟန်)
  • ၄။ အမျိုးသားအောင်ပွဲ (၀မ်းအိုဝမ်း  ကျော်ဝင်းမောင်) ရနံ့သစ် ၂၀၀၂ မေ


(Weekly  Eleven 11-11-2009 မှ ဆောင်းပါးကို ကူးယူဖော်ပြပါသည်)

Wednesday, October 28, 2009

ကမ္ဘာပျက်တော့မယ်ဆိုပါတော့....

ကိုအောင်သာငယ်က စီဘောက်စ်မှာ တက်ဂ်ထားတယ်တဲ့...နောက် သက်ဝေရော ရောက်လာပြန်ပါတယ်။  အခု ရက်ပိုင်းအတွင်း အလုပ်နဲနဲရှုပ်နေလို့ ကိုယ့်အိမ်လေးဆီတောင် မရောက်နိုင်ခဲ့တာလေ။ ဒီနေ့မှ  ကမ္ဘာပျက်နေမှန်း သိရတော့တယ်. . ဒါနဲ့ ကျမလည်း ကမန်းကတန်း ကမ္ဘာများပျက်ရင် ဆိုပြီး စဉ်းစားရပါတယ်...  ၂၀၁၀..အဲ...၂၀၁၂ ကမ္ဘာပျက်မယ်ဆိုတာကို မယုံကြည်တာလည်း ပါမယ် ထင်ပါရဲ့။ အချိန်းအချက်မရှိတဲ့ သေမင်းထက် တယောက်နဲ့ တယောက် ထွေးပွေ့ဖေးမပြီး ပြင်ဆင်ဖို့အချိန်ရှိမယ့် ဒီလိုအဖြစ်မျိုးက သိပ်တော့ကြောက်စရာ ကောင်းမနေခဲ့ပါဘူး...


(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ကိုယ့်မိသားစုနဲ့ပေါ့.... ကလေးတွေကို  စာကျက်ဖို့ မပြောတော့ပဲ ပုံပြင်တွေ ကာတွန်းတွေ  ဖတ်ပြမယ်..  သူတို့နဲ့  အတူတူ သီချင်းတွေကဗျာတွေတယောက်တလှည့် ဆိုကြမယ်..  အရင်က ကျောင်းပိတ်ရက်မှ ခွင့်ပြုခဲ့တဲ့ ကွန်ပျူတာဂိမ်း၊ အွန်လိုင်းဂိမ်း၊ ဂိမ်းပေါင်းစုံတွေကို အချိန်တော်တော်ကြာအောင် ပေးကစားမယ်... သူတို့ကို မကြောက်စေချင်တဲ့အတွက် သေခြင်းအကြောင်းတော့ မပြောပြဖြစ်ပဲ မလွန်ဆန်နိုင်တဲ့  ရုပ်နာမ်တွေရဲ့ ဖြစ်ပျက်ကို တတ်နိုင်သလောက် ပြောပြရင်း တရားမှတ်ကြမယ်...။


(၂)။ဘာတွေခံစားနေရမလဲ..
ဒီအတိုင်းလည်း သေခြင်းတရားက တနေ့ကြုံရမှာပဲ...ကြိုပြီးတောင် သိဖို့မလွယ်ကူတဲ့ကိစ္စ၊ အခုလို ကြိုသိရမယ်ဆိုတော့ သေခြင်းဆိုတာဘယ်လိုပါလိမ့်ဆိုပြီး သိချင်စိတ်တခုတော့ ရှိမယ်ထင်တယ်....အကုန်လုံးသွားကြမယ့်ခရီးဆိုတော့ အတင်း  တွယ်ကပ်နေချင်စိတ်လည်း ရှိမနေနိုင်သလို နောက်ဆံလည်း တင်းမနေတော့ဘူးပေါ့...။

(၃).ဘာတွေပြင်ဆင်ထားမလဲ
  • မသေခင်အချိန်ကလေးမှာတော့ ကလေးတွေအတွက် စားနပ်ရိက္ခာ  အပြည့်အစုံ စုဆောင်းထားမယ်... ပိုက်ဆံဆိုတာကလည်း  ကမ္ဘာကြီး  ပျက်သွားတဲ့နောက်တော့ သုံးမရတော့မယ့် အတူတူ  ရှိသမျှတွေနဲ့ လိုအပ်တာတွေအကုန်ဝယ်ပြီး  လိုအပ်နေတဲ့သူတွေနဲ့အတူ မျှဝေကြမယ်လေ..ကြောက်နေတဲ့သူတွေကိုလည်း နှစ်သိမ့်ရင်းပေါ့....
  • New Year ကို  စောင့်ကြိုသလို အွန်လိုင်းက သူငယ်ချင်းတွေနဲ့ အတူတူ အချိန်တွေကို ရေတွက်နေမယ်...။
  • မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တွေမှာ  " အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်၊ သိခဲ့ခင်ခဲ့ရတာတွေအတွက် ကျေးဇူး၊ နောက်ဘ၀ လန်းဆန်းသစ်လွင်နေတဲ့ တို့မြန်မာပြည်ကြီးမှာ ကကြီးခခွေး စာအံရင်း ပြန်ဆုံကြတာပေါ့... အဲဒီအခါကျ ကျောက်သင်ပုန်းပေါ်မှာ ပို့စ်ကိုယ်စီရေးပြီး လဲဖတ်ကြမယ်နော်..”လို့ လိုက်ရေးရမယ်။  ပြီးရင်တော့ ငြိမ်သက်စွာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်ဖို့ အသင့်ပြင်ထားမယ်..

(၄)၀မ်းနည်းမိမှာက
အော်.... ဘလော့ဂ်လုပ်ရင်း ခင်လာကြတဲ့ မောင်နှမတွေကို  လူချင်းမတွေ့လိုက်ရပါလား...

(၅)။ကြောက်လန့်မိတာက..
ကြောက်လန့်နေမှာကိုပဲ ကြောက်လန့်မိပါတယ်...။



(၆)။ဆောင်ထားချင်တာ..
 “ သတိ ” ဆိုတဲ့ သိနေတဲ့ စိတ်လေး...  သိသိကြီးနဲ့ပဲ သေမင်းကို ရင်ဆိုင်သွားချင်တယ်..

(၇)။ဘာတွေရေးမိမလဲ..
လူဖြစ်ခဲ့ခြင်းကို ကျေးဇူးတင်တဲ့  အကြောင်းလေးတွေနဲ့ နောက်ဆုံးအချိန်အကြောင်းတော့ ဘလော့ဂ်ပေါ်  တင်ခဲ့ချင်သား၊  မပြောနိုင်ဘူးလေ.. တာဝတိံသာလောက်ကတော့  အင်တာနက် access ရကောင်းပါရဲ့။

(ဂ)။တွေးမိတွေးရာ အတွေး
မတွေးကောင်း တွေးကောင်း..အကုန်လုံးထဲမှာ ငါတယောက်တည်း ရှင်ကျန်ရစ်ခဲ့ရင်တော့...မဖြစ်ဘူးနော်....လုံးဝ....:(

(၉)။ဂုဏ်ယူချင်တာက
မြန်မာပြည်သား ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခွင့်ရတာ....ဂုဏ်ယူပါတယ်ကွာ.. အို..နောက်ဆုံးမတော့....(အဲဒီအချိန်မှာတော မီးပျက် ခြင်ကိုက် ကြွက်ပေါ ပင်ပန်းဆင်းရဲ ပေါင်းစားတောင်းစားရောင်းစားတဲ့ ချိန်ခွင်တဖက်စောင်းနင်း အစိမ်းရောင်တွေ အလေးသာတဲ့ နေရာရယ်လို့တော့ စိတ်ထဲရှိနေတော့မယ် မထင်)


(၁၀)။ရှာကြံဖြေသိမ့်မိတာက
ဂျစ်ကန်ကန်၊ ပေတေတေ  ကတ်သီးကတ်သပ်ညစ်တီးညစ်ပတ် စိတ်ကလေးတွေ တခါတလေ ထိန်းမနိုင် သိမ်းမရ  သောင်းကျန်းချင်တဲ့ အချိန်ကလေးတွေ  နဲနဲများများ ရှိခဲ့တာကလွဲရင် ငါ သိပ်မဆိုးခဲ့ပါဘူးလေ....ဟဲဟဲ ဟဲဟဲ

(၁၁)။ကျူးရင့်ချင်တဲ့ ဥဒါန်း 
အော်.. ငါသည်  ဘဒ္ဒကမ္ဘာတွင်  မြန်မာပြည်က လူသားစင်စစ် ဧကန်ဖြစ်ခဲ့လေသည်တကား... 

ကမ္ဘာပျက်တဲ့အချိန်မှာတောင် သတိရတဲ့ အစ်ကိုအောင်သာငယ်နဲ့ သူငယ်ချင်း သက်ဝေတို့ကို  အထူး  ကျေးဇူးတင်ရှိကြောင်းပါ..:)

Tuesday, October 13, 2009

တိမ်ပြာပြာနေ့တနေ့...

မောင်ရေ....

ဒီနှစ် မိုးနှောင်း ကောင်းလိုက်တာ မောင်ရယ်.. ရွာလိုက်တာမှ သည်းသည်းမဲမဲ... သမီးကြီးရဲ့ မင်္ဂလာဧည့်ခံပွဲအတွက်တောင် အဆင်ပြေပါ့မလား စိုးရိမ်နေရတာ...ကံကောင်းထောက်မစွာနဲ့ပဲ မိုးနတ်မင်းကြီးက အားငယ်နေရှာတဲ့ သမီးကြီးရဲ့ မင်္ဂလာဦးကို ကောင်းချီးပေးလိုက်တယ် ထင်ပါရဲ့။ မိုးတိမ်ကင်းစင်တဲ့ တနင်္ဂနွေ ဒီနေ့မှာ သမီးကြီးကတော့ သူ့ချစ်သူ အမျိုးကောင်းသားလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ လက်တွဲခွင့်ရလိုက်ပါတယ်။


ဒါပေမယ့် မောင်ရယ်... တချက်တချက် ညှိုးရော်သွားတဲ့ သမီးကြီးကို မြင်ရတာ စိတ်ထဲ မကောင်းလှဘူး.... နှစ်ဖက်မိဘကို ကန်တော့တဲ့ အချိန်မှာတော့ အဆိုးဆုံးပါပဲ။ ဟိုဘက်မိဘနဲ့ အတူတူ တဦးတည်း ကန်တော့ခံနေရတဲ့ မိခင်ကို မျက်ရည်တွေ ဝေ့၀ဲနေတဲ့ မျက်လုံးအစုံကနေ ရင်နဲ့ လွယ်မွေးခဲ့ရတဲ့ ကိုယ့်သမီးရဲ့ နာကျင် ခံစားနေရတာကို မေ ဘယ်လို မမြင်ချင်ယောင်ဆောင်နေရပါ့မလဲ...။


သမီးကြီး ဘွဲ့ယူတုန်းကလည်း မိသားစုစုံလင်စွာ ပျော်ရွှင်နေကြတဲ့ သူတွေကိုကြည့်ပြီး ကိုယ်စီ ကြေကွဲနေတဲ့ မိသားစု ဓာတ်ပုံထဲမှာလည်း မောင့်ပုံ မပါခဲ့ဘူး... ထားပါတော့လေ... ဒါပေမယ့် ဒီတစ်ခါ သမီးကြီးဘ၀ရဲ့ အရေးကြီးတဲ့ အမှတ်တရ မင်္ဂလာယူနေတဲ့ အချိန်မှာ သတို့သမီးရဲ့ ဖခင်နေရာမှာ မောင်ရှိနေသင့်တာပေါ့။


သမီးကြီးခမျာ သူ့မင်္ဂလာပွဲ ဖခင် တက်ရောက်ပေးပါဖို့အရေး မောင်ရှိမယ့် နေရာအနှံ့ လိုက်ရှာလိုက်ရတာ ဖတ်ဖတ်ကို မောလို့ ။ မတွေ့ချင်လို့ ရှောင်ပြေးပုန်းသွားတဲ့ သူကို ဘယ်လိုလုပ် ရှာတွေ့မှာလဲ မောင်။ သမီးကြီးရယ်.. စိတ်လျှော့လိုက်ပါတော့လို့ ဖျောင်းဖျရင်း ဒီမင်္ဂလာပွဲကို သက်ရှိထင်ရှား ဖခင် မပါနိုင်ပဲ ကျင်းပလိုက်ရတာပါ..။


မောင့်ရဲ့ သတင်းကို ကြားသိပြီးသား မေတို့ ဘက်က အသိုင်းအ၀ိုင်းကတော့ဖြင့် မောင့်အကြောင်း မမေးဖြစ်အောင် တမင်ထိန်းသိမ်းပေးခဲ့ပါတယ်။ ဒါပေမယ့် သတို့သားဘက်က ဧည့်သည်တွေရဲ့ သတို့သမီး အဖေရော ဆိုတဲ့ မေးခွန်းတွေကို မကြားချင်ယောင်ဆောင်နေရတာ ပင်ပန်းလှပါတယ်။ မောင် သမီးကြီးကို ငဲ့ညှာခဲ့လို့ ဒီပွဲကို မလာခဲ့တာလား.. မောင့်ကိုယ် မောင်သနားလို့ ဒီပွဲမျိုးကို မတက်ဝံ့ခဲ့တာလား မောင်ရယ်။


မောင့်ဆရာရင်းဖြစ်ခဲ့တဲ့ အစ်ကိုကြီးတို့ ဇနီးမောင်နှံက တကူးတက သမီးကြီးကို လာပြီး ချီးမြှင့်ပေးခဲ့တော့ မေ ဟန်မဆောင်နိုင်အောင်ပဲ... မောင့်ကို တမ်းတ မိပါတယ်လေ... မောင့်ကို မင်္ဂလာပွဲမှာ လိုက်ရှာနေတဲ့ အစ်ကိုကြီးကို သူ့ကို ရှာလို့ မတွေ့ဘူး လို့ အသံတိမ်တိမ်နဲ့ အသိပေးတော့ သက်ပြင်းကို မသိမသာချရင်း အားနာပါးနာဖြစ်သွားတဲ့ ဆရာ့ဇနီး မမဝေကို မေ ပြောလိုက်မိပါတယ် မောင်။ အစ်ကိုကြီးတို့ မမတို့လို အရွယ်အထိ အတူတူ တွဲမြင်ရတာ ကျမဖြင့် သိပ်စိတ်ချမ်းသာတာပဲ..ကျမလည်း အဲဒီလိုပဲ ဖြစ်မယ်လို့ မျှော်လင့််ထားခဲ့တာ....။ မမဝေက တစ်ချက်တော့ ပြုံးတယ်.. မမ ဘာဖြစ်လို့ ပြုံးရသလဲဆိုတာ မေ နားလည်ပါတယ်လေ။ အစ်ကိုကြီးဟာလည်း မောင့်လိုပဲ ပျော်စရာအသစ်တွေနဲ့ ပျော်မွေ့တတ်ခဲ့သူကိုး။ ဒါပေမယ့် မောင့်လိုတော့ မိသားစုကို ပစ်ခွာမသွားခဲ့ဘူး မောင်။ သူ့သားသမီးတွေကို ချစ်ခင်ကြင်နာ စောင့်ရှောက်ခဲ့ပါတယ်။ မမဝေကိုတော့ စိတ်ထဲကပဲ စကားဆိုနေမိတယ်... မမရယ်.. အစ်ကိုကြီးရဲ့ ဒဏ်တွေကို အရင်က မမ ခံခဲ့ရလို့ ရင်ထဲမှာ ဒဏ်ရာတွေ ရခဲ့ကောင်း ရခဲ့ပေမယ့် အခုချိန်ထိ မမက ဒီအရိပ်အောက်မှာ ရှိနေတုန်းပဲလေ။ မေ့မှာတော့ဖြင့်....။


မောင်ရေ... သံယောဇဉ်ကုန်သွားလို့၊ ရေစက်ကုန်သွားလို့ တစ်ယောက်ကို တစ်ယောက် မချစ်ခင်တော့ရင်တောင်မှ ရန်သူတွေအဖြစ်ကို မရောက်စေချင်ပါဘူး။ ငယ်ဘ၀ကနေ ဒီဘ၀တစ်ခုကို ဒိုးတူဘောင်ဘက် အတူတူ လက်တွဲ ရင်ဆိုင် ရုန်းကန်ခဲ့ပြီးမှ.... မချစ်လို့ မကြင်နာတော့လို့ မေ့မှာ မောင်ထားပစ်ချင်စရာ အပြစ်တွေ ရှိနေခဲ့လို့ဆို ခံသာပါသေးတယ်။ မောင်တထမ်းဆို မေက တရွက် ... မေ့ဘက်က ဘာများ ပျက်ကွက်တာ ရှိခဲ့ပါသလဲ မေးတော့ မျက်ရည်တွေတွေကျလို့ ခေါင်းငိုက်စိုက်ကျပြီး စကားပြန်မဖြေတဲ့ မောင့်ကို .. မေ ရင်နာနာနဲ့ သည်အတိုင်းပဲ ထားခဲ့ရတော့တာပေါ့။ ကျန်စစ်သားက စောလူးမင်းကို သွားကယ်တဲ့ အခန်းကို တိုက်တိုက်ဆိုင်ဆိုင် သွားအမှတ်ရတယ် မောင်ရယ်။ ရန်သူ့လက်ထဲ ခွေးသေ ၀က်သေ သေရစ်ပေတော့ရယ်လို့.....။


ကုသိုလ်ကြမ္မာညှိုးချိန်မို့ ဘယ်သူ့ကိုမှဖြင့် ယိုးမယ် မဖွဲ့ချင်တော့ပါ မောင်ရယ်။ အရာရာအားလုံးကို မေ လက်ခံ ရင်ဆိုင်နေနိုင်ခဲ့ပါပြီ။ အခုဆို သမီးကြီးလည်း ပညာလည်းစုံ၊ ကြင်ယာလည်း စုံခဲ့ပြီ။ သူ့အမျိုးသားနောက် ယောင်နောက် ဆံထုံးပါရတော့မယ်။ သားကြီးလည်း နောက်ဆုံးနှစ်ရောက်နေခဲ့တဲ့ ဆရာဝန်လောင်း၊ သားငယ်က ပထမနှစ်။ ဒီလို လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ အတွက် မောင့်ကို ကျေးဇူးတင်ပါတယ်။ ဒီဘ၀မှာ မောင့်ကြောင့် အနက်ရှိုင်းဆုံးစိတ်ဒဏ်ရာတွေ ရခဲ့ပေမယ့် ဒီသံယောဇဉ်ကြိုးလေးတွေကြောင့် မေ့ အဆုံးစွန်ထိ ချောက်ထဲ ပြုတ်ကျတဲ့အထိ မဖြစ်ခဲ့ရတာလေ။ ဘယ်အချိန်မှ အနာကျက်သွားမလဲ မသိပေမယ့် .. တပါးသူ ရင်ခွင်မှာ ပျော်ရွှင်နေမယ့် မောင့်ကို နာကျင်စွာ ဘယ်အချိန်ထိအောင် တမ်းတမိနေမယ်မှန်း မသိပေမယ့်......။


ဘာပဲဖြစ်ဖြစ်ပေါ့ မောင်ရယ်.. ကိုယ်ဖောက်တဲ့ လမ်း အဆုံးတိုင် ကိုယ်ပဲ လျှောက်ရတော့မှာပေါ့။ အခုတောင် ကိုယ့်လိပ်ပြာ ကိုယ်မလုံလို့ သမီးကြီးရဲ့ မင်္ဂလာပွဲကို မိဘတစ်ယောက်အနေနဲ့ မောင်မျက်နှာမပြ၀ံ့ ဖြစ်ခဲ့ရပြီ။ သာယာပျော်ရွှင်ခဲ့တဲ့ မေတို့ရဲ့ အတိတ်က သီရိဂေဟာလေးကို မောင် ပြန်လည်တမ်းတ မလွမ်းပါနဲ့မောင်။ မဖြစ်သင့်တော့ပါဘူး။ ကျကွဲသွားတဲ့ ဖန်ခွက်တလုံးလို အစစ အရာရာ ပျက်စီးကြေမွခဲ့ပြီလေ... ပြန်ဆက်လို့ မရနိုင်တော့ပြီပဲ။

တဒင်္ဂ သာယာမှုလေးကြောင့် မောင်နဲ့ မေ တန်ဖိုးထား တည်ဆောက်ခဲ့တဲ့ ဘ၀လေး ပြိုကွဲခံခဲ့ရအောင် မောင့်အတွက်.... တန်ပါရဲ့လားဟင်၊ လွပ်လပ်ပေါ့ပါးစွာ ပျော်နိုင်ပါရဲ့လားကွယ်။ စိတ်ရဲ့ အလိုနောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့တဲ့ မောင်.... အချစ်သစ်ရဲ့ ရင်ခွင်မှာ ပျော်ရွှင်ချမ်းမြေ့စွာ ဘ၀သစ်တခု တည်ဆောက်နိုင်ပါစေလေ... ။ မောင့် အလုပ်နဲ့ ရာထူးဂုဏ်သိန်တွေ ဆုံးရှုံးမှေးမှိန်သွားခဲ့ရတာ.. မောင် ချစ်တဲ့ သားသမီးတွေနဲ့ မိသားစုတွေကို မောင် ဖယ်ခွာခဲ့ရတာ ... မောင့်ပတ်ဝန်းကျင်ကြားမှာ မောင်မျက်နှာ မပြရဲတော့တာတွေအတွက်...မောင့်ကို အရယူမယ်လို့ ကြိမ်းဝါးပြီး နှလုံးသားတွေကို တက်နင်းခြေမွသွားခဲ့ရက်တဲ့ မောင့် ဇနီးသစ်လေးကို အပြစ်မတင်စေချင်ပါဘူး။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါဆိုပေမယ့်လည်း ကံကြမ္မာရဲ့ အလှည့်အပြောင်းကိုသာ (ထုံးစံအတိုင်း) လက်ညှိးထိုးရင်း စိတ်ချမ်းသာအောင် နေသွားနိုင်မှသာ မောင့် ကျန်ရှိနေတဲ့ အချိန်တွေအတွက် သာယာလှပနိုင်ပါလိမ့်မယ်လေ။


ကျမကတော့..... မောင် မပါလည်း ဆက်လျှောက်နေရဦးမှာပေါ့.. လမ်းခုလတ်မှာ အချက်မပြပဲ လက်တွဲဖြုတ်ပြီး ချန်ရစ်ခဲ့လို့ စိတ်မကောင်းဖြစ်မိပေမယ့် သံသရာလုံး အတွက်တွေးရင်တော့ဖြင့် ကျမ ၀မ်းမနည်းတော့ပါဘူးလေ။ သံသရာဝဋ်ကြွေး ပါလာခဲ့သမျှ နှစ်ယောက်စလုံးကို ဒီဘ၀မှာပဲ အကြေဆပ်လိုက်ပါရစေ မောင်။


ချစ်ခြင်းမုန်းခြင်း အပြစ်တွေ ကင်းစင်စွာနဲ့ပဲ ကျမ ဘ၀ ရှင်သန်ပါရစေတော့လေ.....။

(မင်္ဂလာဖိတ်စာလေး တစောင်ကြောင့် အငှားခံစား ရေးဖွဲ့ခြင်းပါ..)

Saturday, October 10, 2009

T for Theingi....

 T for ...Theingi
 

1. What is your name : Theingi
2. A four Letter Word : True
3. A boy's Name : Thura
4. A girl's Name : Thuzar
5. An occupation : Ticket conductor
6. A color : Teal
7. Something you'll wear : Trousers
8. A food : Tofu
9. Something found in the bathroom : Taps
10. A place : Tibet
11. A reason for being late : Tarrying
12. Something you'd shout : That's life!
13. A movie title : Titanic
14. Something you drink : Tea with honey
15. A musical group : Take That
16. An animal : Tapir
17. A street name : Thisar Street (Yankin Tsp, Yangon,Myanmar)
18. A type of car : Tesla
19. The title of a song : Take me home, country road  by John Denver
20. A verb : Throw away...

 
မနော် FB  မှာ tag သောကြောင့် ဘလော့ဂ်မှာပါ တင်ဖြစ်သောပို့စ်ပေါ့ ။
ကိုအောင်သာငယ့်ဆီမှာ ဖတ်မိတဲ့ Rule ကို ပြန်တင်ထားတာပါ။

Rules: It's harder than it looks! Copy to your own note, erase my answers, enter yours. Use the first letter of your name to answer each of the following questions. If the person before you had the same first initial, you must use different answers. You cannot use any word twice and you can't use your name for the boy/girl name question.
လွတ်လောက်တယ် ထင်ပါရဲ့။ T for ... ကို ဖတ်ဖြစ်တာ သက်ဝေ ပို့စ်တခုပဲမို့လေ... :)

Saturday, September 26, 2009

မာတိကမာတာ၊ အညတရ ရဟန်းနှင့် စိတ္တာနုပဿနာ သတိပဋ္ဌာန်တရား။

ဒီနေ့ သီတင်းကျွတ်လဆန်း ရှစ်ရက်၊ ဥပုသ်နေ့အတွက်...  ဆရာကြီး ဦးရွှေအောင် ရဲ့ ကုသိုလ်နဲ့ အကုသိုလ် စာအုပ်ထဲက  မာတိကမာတာ(၂) ဆာင်းပါးထဲမှ စိတ္တာနုပဿနာ သတိပဋ္ဌာန်ဆိုင်ရာ မှတ်သားစရာတချို့ကို ကောက်နှုတ် ဖော်ပြပေးပါရစေရှင်...



ဗုဒ္ဓဘာသာဝင်တော်တော်များများကတော့ မာတိက မာတာအကြောင်း ကြားဖူးကြမယ် ထင်ပါတယ်..။ မာတိက ရွာစားရဲ့ မိခင်၊ ရဟန်း ၆၀ ကို ၀ါဆိုကျောင်းကပ်လှူပြီး  ဆွမ်းလုပ်ကျွေးပြုစုရင်း ရဟန်းတော်တွေ ကျင့်ကြံအားထုတ်နေတဲ့ ၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို တဆင့် နာယူအားထုတ်ရာမှ အနာဂမ်မိမဂ် ကို ပဋိသမ္ဘိဒါ လေးပါး၊ အဘိညာဉ်  ၆ ပါးတို့နဲ့  တကွ ရရှိခဲ့သူပါ။ ရဟန်း ၆၀ စလုံး ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ အရဟတ္ထဖိုလ်ကို မျက်မှောက်ပြုနိုင်အောင် ရဟန်းတော်များ အစာအာဟာရအနေဖြင့် သပ္ပာယဖြစ်အောင် လျောက်ပတ်သော ဆွမ်းဘောဇဉ်များ စီစဉ်ပြုစုပေးခဲ့သူလို့ သာသနာတော် မှတ်တမ်းမှာ မှတ်တမ်းတင်ခံထားခဲ့ရသူပါ။ 

အဲဒီမာတိက မာတာရဲ့ ဂုဏ်သတင်းကို ကြားလို့ ရဟန္တာ (၆၀)တို့ နည်းတူ  မာတိကမာတာကို အမှီပြုပြီး ရဟန္တာဖြစ်အောင် တရားအားထုတ်ချင်တဲ့ ပုထုဇဉ် ရဟန်းတစ်ပါးက မြတ်စွာဘုရားထံ လျှောက်ထားခဲ့ပါတယ်။ မြတ်စွာဘုရားကလည်း အဲဒီအညတရ ရဟန်းရဲ့ဣနြေ္ဒ အနုအရင့်ကို ကြည့်ပြီး စရိုက်နဲ့ လိုက်သော ကမ္မဋ္ဌာန်းကို ပေးပြီး ခွင့်ပြုခဲ့ပါတယ်။  


အဲဒီ အညတရ ရဟန်းဟာ မာတိက ရွာရောက်လို့ သူ့စိတ်ထဲက ကြံစည်တောင့်တမိတာတွေကို မာတိကမာတာက သိနေခဲ့ပြီး ဖြည့်ဆည်းပေးပါတယ်။ ဒါနဲ့ပဲ သူ့စိတ်ရဲ့ ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့ အတွေးအကြံတွေကို မာတိကမာတာ သိမြင်ကုန်မှာ စိုးကြောက်လာတာနဲ့  ဆက်လက် တရားအားမထုတ်နိုင်တော့ဘဲ မြတ်စွာဘုရားသီတင်းသုံးရာ ဇေတ၀န်ကျောင်းတော်သို့သာ ပြန်လာခဲ့ပါတယ်။ အဲဒီတော့ မြတ်စွာဘုရားက မာတိကရွာ ကမ္မဋ္ဌာန်းကျောင်းကိုသာ ပြန်သွားဖို့ ဆုံးမသြ၀ါဒပေးရင်း စိတ္တာနုပဿနာ သတိပဋ္ဌာန် ဒေသနာတော်ကို ဟောကြားတော်မူတဲ့  ဂါထာလေးကတော့...

စိတ်သည် ဆုံးမရ အလွန်ခက်၏၊ အလွန်လျင်မြန်၏။  ရောက်ချင်ရာသို့ ရောက်တတ်၏။ ထိုစိတ်ကို ယဉ်ကျေးလာအောင် ဆုံးမနိုင်လျှင် ကောင်း၏၊ ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ဆောင်နိုင်၏။

စိတ်ဟူသည် ယဉ်ကျေးအောင် ဆုံးမရ အလွန်ခက်၏။ စိတ်ကို သူ့အလိုအတိုင်း အထိန်းအကွပ်မရှိပဲ  လွှတ်ပေးခြင်းအားဖြင့်  ယဉ်ကျေးအောင်ဆုံးမလို့ မရ။ ထိုသို့ပြုပါက စိတ်သည် ယဉ်ကျေးမလာပဲ ပိုပြီး ရိုင်းလာ၊ ပိုပြီး ထကြွသောင်းကျန်းလာမည်ဖြစ်သောကြောင့် ထိုဆုံးမနည်းသည် အစွန်းရောက်သော ဆုံးမနည်း “ကာမသုခလ္လိကာနုယောဂနည်း”  အတွင်းဝင်သည်ဟု ဆိုရမည်။


ထို့အတူ အတင်းအဓမ္မ ဖိနှိပ်ချုပ်ချယ် ဆုံးမပြန်လျှင်လည်း စိတ်၏ သဘာဝကို တိုက်ခိုက်ရာ ရောက်ပြန်ပါသည်။ အတိုင်းမသိ ကြီးမားသော သဘာဝ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် စိတ်သည် ပိုပြီး မယဉ်ကျေးလာသည့်အပြင် ကသောင်းကနင်း ဖြစ်လာမည်ဖြစ်သည်။ ကသောင်းကနင်းဖြစ်ခြင်းဆိုသည်မှာ စိတ်၌ရောဂါရခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသို့ အတင်းအဓမ္မ ဖိနှိပ်ချုပ်ချယ်၍ ဆုံးမသော နည်းသည်လည်း  မှန်ကန်သောနည်းမဟုတ်ပဲ  အစွန်းတစ်ဖက်သို့ ရောက်သော “ အတ္တကိလမထာနုယောဂ”  ၌ အကျုံးဝင်သည်။


ထိုသို့  ဆုံးမရခက်သော စိတ်ကို ယဉ်ကျေးအောင် ဆုံးမရာ၌ မဇ္ဈိမ ပဋိပဒါကျဖို့ လို၏။   သို့မှသာ ဆုံးမနည်း မှန်ကန်ပြီး စိတ်လည်း ယဉ်ကျေးလာမည်ဖြစ်သည်။ ထိုနည်းမှာ စိတ္တာနုပဿနာ သတိပဋ္ဌာန်နည်း ဖြစ်၏။

စိတ္တာနုပဿနာအရ  စိတ်ကို ဆုံးမသောအခါ  စိတ်၏ သဘာဝကို သိထားဖို့ လို၏။ စိတ်၏  သဘာဝကို  သိထားလျှင် စိတ်ကို မဇ္ဈိမ ပဋိပဒါဖြင့် ယဉ်ကျေးအောင် ဆုံးမနိုင်၏။ စိတ်၏  သဘာဝမှာ ဒေသနာတော်အရ ဆိုလျှင် စိတ်သည် အလွန်လျင်မြန်၏။ တစ်ခုသော ခဏအတွင်း၌ပင်  စိတ်သည် ကုဋေတစ်သိန်းခန့် ဖြစ်နိုင်၏။  ချုပ်နိုင်၏။  စိတ်သည် ထိုမျှလောက် မြန်ပါ၏။

ထို့အပြင် စိတ်သည်  သွားချင်ရာ သွားတတ်၏။  “ ဒီအာရုံမကောင်းဘူး၊ မသွားနဲ့”  ဟူ၍လည်း  တားဆီး၍ မရ၊ လှစ်ခနဲ ပြေးသွားတတ်၏။  “ ဒီအာရုံကကောင်းတယ်၊ ဒီမှာနေ” ဟူ၍လည်း  တိုက်တွန်း၍ မရ၊  မိမိထားရာအာရုံမှ ဖြုန်းခနဲ ထွက်ပြေးသွားတတ်၏။  တစ်ခါတရံ မိမိစိတ်သည် ဘယ်ရောက်သွားမှန်းပင်  မသိလိုက်။


အမှန်အားဖြင့် စိတ်သည် ထားရာမှာ နေချင်လည်း နေ၏၊ မနေချင်လည်း မနေ။ မထားရာမှာ မနေချင်လည်း မနေ၊  နေချင်လည်း နေ၏။  ထို့အပြင် မိမိက ထားထား မထားထား၊ စိတ်သည် သူ့ နေချင်သလို နေ၏။ သူသွားချင်သလို သွား၏။  သူ့သဘော၊ သူ့ဆန္ဒ၊ သူဧကရာဇ်။ ဤသည်မှာ စိတ်၏  သဘာဝဖြစ်၏။


မသိလျှင်  ခက်၏။ သိလျှင် လွယ်၏။ မသိခြင်းသည် အ၀ိဇ္ဖာဖြစ်၏။ သိခြင်းသည်  ၀ိဇ္ဖာဖြစ်၏။  ထို့ကြောင့် မိမိ၏ စိတ်ကို  မိမိက  သိအောင် သတိဖြင့် အမြဲတမ်း  စောင့်ကြည့်အပ်၏။  သွားချင်ရာ  သွားပါစေ ကိစ္စမရှိ၊  သွားမှန်း  သိဖို့သာ လို၏။


လောဘအာရုံသို့ သွားလျှင်လည်း လောဘအာရုံသို့ သွားလျှင်လည်း လောဘအာရုံသို့ သွားမှန်းသိအောင်၊  ဒေါသအာရုံသို့  သွားလျှင်လည်း ဒေါသအာရုံသို့  သွားမှန်းသိအောင်၊  ထို့ပြင်  ကုသိုလ်အာရုံ တစ်ခုခုသို့ သွားလျှင်လည်း ကုသိုလ်အာရုံ တစ်ခုခုသို့ သွားမှန်းသိအောင်၊ အယုတ်ဆုံးအားဖြင့် မိမိ၏ စိတ်  ဘယ်ရောက်သွားမှန်း၊ မသိလျှင်တောင်မှ ဘယ်ရောက်သွားမှန်း  မသိသည့် သဘောကိုပင် သိအောင် သတိဖြင့် စိုက်၍  အားထုတ်အပ်၏။


ထိုအခါ မိမိ၏ စိတ်သည်  မိမိကို လှည့်ပတ်၍ မရတော့။  မိမိ၌  လောဘစိတ် ဖြစ်လျှင်လည်း လောဘစိတ်  ဖြစ်မှန်းကို သိလာ၏။  ဒေါသစိတ်ဖြစ်လျှင်လည်း ဒေါသစိတ်  ဖြစ်မှန်းကို သိလာ၏။  မောဟစိတ်ဖြစ်လျှင်လည်း မောဟစိတ်ဖြစ်မှန်းကို သိလာ၏။ ကုသိုလ်စိတ် တစ်ခုခု ဖြစ်နေလျှင်လည်း ကုသိုလ်စိတ်  တစ်ခုခုဖြစ်မှန်းကို သိလာ၏။ အယုတ်ဆုံးအားဖြင့်  ဘာစိတ်ဖြစ်နေမှန်း မသိလျှင်လည်း  ဘာစိတ်  ဖြစ်နေမှန်းမသိ၊ မသိစေကာမူ ထိုအတိအကျ မပြောနိုင်သော အာရုံတစ်ခုခုကိုသိနေသော စိတ် ဖြစ်နေမှန်း သိလာ၏။


စိတ္တာနုပဿနာ  သတိပဋ္ဌာန်  ဟူသည်မှာ  မိမိစိတ်က သိနေသော သိစရာ  အာရုံပိုင်းကို  ပဓာနထား၍ အာရုံမပြုဘဲ ထိုသိစရာ အာရုံတစ်ခုခုကို သိတတ်သော အာရမ္မဏိက ဖြစ်သော မိမိ၏ စိတ်ကိုသာ  ပဓာနထား၍  အာရုံပြုပြီး သိနေခြင်းဖြစ်၏။  အာရမ္မဏိက ဖြစ်သော စိတ်က အာရုံပြန်ဖြစ်နေခြင်း ဖြစ်၏။

ထိုအခါ သူ၏ အာရုံသည် စိတ်သာ ဖြစ်တော့၏။ အမှန်အားဖြင့် အာရုံပိုင်းနှင့် အာရမ္မဏိကပိုင်းတွင် အာရမ္မဏိကပိုင်းကို ပဓာနထား၍  ရှုမှတ်လျှင် ယင်း၏ အာရုံပိုင်းလည်းအလိုလို ပါဝင်ပြီးသား ဖြစ်လာ၏။  အာရမ္မဏိကပိုင်းဟူသည်မှာစိတ်ပင် ဖြစ်၏။  စိတ်ဟူသည်  အာရုံနှင့် ကင်း၍ မဖြစ်ကောင်းသောကြောင့် စိတ်ဖြစ်သည်  ဆိုကတည်းက ယင်းအနေဖြင့် အာရုံပြုရာ အာရုံတစ်ခုခု သည် မလွှဲသာ မရှောင်သာ ပါဝင်ပြီးသား  ဖြစ်၏။


ထို့ကြောင့် စိတ်ကို ပဓာနထား၍ သတိဖြင့် ရှုမှတ်ပါက ထိုစိတ်၏  အာရုံကိုလည်း အလိုအလျောက်  အပဓာနအားဖြင့် ရှုမှတ်ပြီးသား ဖြစ်လေ၏.  ထိုသို့  ရှုမှတ်ရာတွင် “သတိ၊ ၀ီရိယ၊ သမာဓိ”  ဟူသော သမာဓိ မဂ္ဂင်သုံးပါး  “ အား” မကောင်းမီ “အသိ” ကျဲသော်လည်း ယင်း မဂ္ဂင် သုံးပါး အားကောင်းလာသည်နှင့်အမျှ အသိသည် စိပ်စိပ်လာမည်  ဖ်ြစ၏။


ယင်းမဂ္ဂင်သုံးပါးတွင်  သတိပဋ္ဌာန်  ဆိုသည့်အတိုင်း “သတိ” သည်  ပြဋ္ဌာန်း၏။  “သတိ”  ပြဋ္ဌာန်းသည်နှင့် အမျှ ၀ီရိယသည်လည်း  သမ္မပ္ပဓာန်ထိုက်အောင်  ပြဋ္ဌာန်းဖို့ လို၏။ သတိနှင့် ၀ီရိယ အားကောင်းလာလျှင်  သမာဓိဝင်လာမည်။ သမာဓိဝင်လာလျှင် ပညာဝင်လာမည်။ ပညာဝင်လာလျှင်  အသိ စိပ်၍ စိပ်၍ လာမည်။ ထိုအခါ မိမိ၏ ရှေးစိတ်သည် ဘယ်ကိုပင် ပြေးပြေး ဘယ်ကို ပြေးမှန်း မိမိ၏  နောက်စိတ်က သိလာ၏။


ထိုအခါ  မိမိ၏ အရှုခံ “ရှေးစိတ်” နှင့် ရှုတတ်သော “နောက်စိတ်”  နှစ်မျိုးလုံး အမြဲတစေ ဖြစ်နေ ပျက်နေ သည်ကိုပါ သိလာ၏။ ဤသို့ သိလာသည်ကိုပင် ယထာဘူတဉာဏ်ကို ရခြင်းမည်၏ ဟူ၍  ဆိုရ၏။


ဖြစ်ပျက်ကို မြင်လာသည်အထိ  ယထာဘူတဉာဏ်ကို ရသောအခါ သင်္ခါရတရားတို့ကို ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်သည် ဖြစ်ပေါ်လာလေ၏။ နိဗ္ဗိဒါဉာဏ်ဖြစ်ပေါ်လာသည်နှင့်အမျှ  စိတ်သည် ယဉ်ကျေးလာ၏။ ထို့နောက် ဖြစ်ပျက်တို့ ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး  တဏှာ ခေါ်သော သမုဒယသစ္စာကို  ပယ်နိုင်သော ၀ိရောဂ ဉာဏ်သည် ဖြစ်ပေါ်လာ၏။ ထိုအခါ စိတ်သည်  အလုံးစုံ  ယဉ်ကျေးလေပြီ။ မဂ်ဉာဏ်  ဖိုလ်ဉာဏ် နိဗ္ဗာန်ချမ်းသာကို ရလေပြီ။  

ဤဒေသနာတော်သည် စိတ္တာနုပဿနာ သတိပဋ္ဌာန်ဖြင့် ယထာဘူတဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ ၀ိရာဂဉာဏ် ပေါင်း ဉာဏ်သုံးပါးကို ရ၍ အရဟတ္ထဖိုလ်ကို မျက်မှောက်ပြုနိုင်ကြောင်း ဖော်ပြသော ဒေသနာတော်ပင်ဖြစ်ပါ၏။


(ဦးရွှေအောင်၏ ကုသိုလ်နှင့် အကုသိုလ် စာအုပ်၊ မာတိကမာတာ(၂) ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်)