Tuesday, October 16, 2007

ဒီနေ.တော့ သိပ္ပံကျောင်းသားမောင်မြသွင် ကလောင်အမည်နဲ. သူရိယ သတင်းစာမှာ သိပ္ပံမောင်ဝ ရေးသားခဲ့တဲ့ "မြန်မာစာပေအကြောင်း" ဆောင်းပါးတွေထဲက “မြန်မာစာပေအကြောင်း နံပါတ် (၃)” ကို တင်ချင်ပါတယ်။ ဒီဆောင်းပါးမှ ထိုခေတ်အခြေအနေ နှင့် မြန်မာစာပေအယူအဆ တစ်စိတ်တစ်ပိုင်းကို သိမြင်ထင်ဟပ် လာစေနိုင်လို.ပါ၊

မြန်မာစာပေအကြောင်း
နံပါတ် (၃)

ဤဆောင်းပါး၌ ယခုခေတ်တွင် ပေါ်ပေါက်ထွန်းကားနေသော မြန်မာစာပေမှာ တိုးတက်နေသလော၊ ဆုတ်သွားသလောဟု တွေးတောစဉ်းစားရန် ဖြစ်ပေသည်။ ကာလပေါ်စာနှင့် ရှေးစာများတွင် မည်သည့်စာက ကောင်းမွန်သနည်းဟူ၍ မေးလျှင် ရှေးစာများက ယခု ကာလပေါ်စာတို.ထက် အဆပေါင်းရာထောင်မက သာပေသည် ဟု လူတိုင်းပင် ဖြေဆိုကြပေလိမ့်မည်။ မည်သည့်နေရာမှာမဆို ရှေးဆိုသော စကားကို အထွတ်အမြတ်ထားကာ အရေးပေးလေ့ ရှိလေသည်။ ဤကဲ့သို. ရှေးစာများက ယခုကာလစာတို.ထက်သာသည်။ ရှေးခေတ်က ယခုခေတ်ထက် ကောင်းသည်။ ရှေးလူကြီးများက ယခုကာလ လူများထက် တော်သည် စသဖြင့် (ရှေး)ဆိုသော စကားကို အထွတ်အမြတ်ထားကာ သုံးစွဲခြင်းသည် မြန်မာပြည်မှာသာလျှင်မဟုတ်၊ မည်သည့် တိုင်းပြည်မဆို ဤသို.သာ ပြောဆို ရေးသားလေ့ ရှိလေသည်။ မိမိတို.ထက် ရှေးကျသော ခေတ်က မိမိတို.ခေတ်ထက် ကောင်းသည်ဟု ဆိုကောင်း ဆိုကြပေလိမ့်မည်။ နောင်လာနောက်သား တို.ကလည်း ယခု ကျွန်တော်တို.ခေတ်က ၄င်းတို.ခေတ်ထက် ကောင်းသည်။ ဤကျွန်တော်တို.ခေတ်တွင် ရေးသားထားခဲ့သော စာများက ၄င်းတို.ခေတ်တွင် ပေါ်သော စာတို.ထက် ကောင်းသည်ဟု ဆိုကြမည်မှာ မလွဲအမှန်ပင် ဖြစ်တော့၏။ ယခုခေတ်အတွင်းမှာပင် မနှစ်က ယခုနှစ်ထက်သာသည်ဟူ၍ အများအားဖြင့် ထင်မှတ်လေ့ရှိပေသည်။ ဤကဲ့သို. ရှေးအခါကို အလေးပြုကြသည့်အတိုင်း ရှေးစာများက ယခု ကာလပေါ်စာတို.ထက် သာသည် ကောင်းသည် ဟူ၍သာ မစုံစမ်းမတွေးတောဘဲ ပြောဆိုနေကြသည်မှာ ဓမ္မတာကဲ့သို.ပင် ဖြစ်နေချေပြီ။

ကာလသီချင်းများမှာ ရှေးသီချင်းကြီးတွေ၏ ခြေဖျားပင်မမှီဟူ၍ အမြဲ ပြောဆိုကြလေသည်။ ရှေးသီချင်းကြီးများကို သီချင်းကြီးဟူ၍ အမည်ပေးထားခြင်းကပင် ကာလသီချင်းတို.ထက် အမြင်အားဖြင့် သာနေပေ၏။ သို.ရာတွင် ကာလသီချင်းတို.ကို ကဲ့ရဲ.ရှုတ်ချပြီးလျှင် ရှေးသီချင်းကြီးများကို မိုးလားကဲလား ပြောဆို ရေးသားသူများ အနက် မဟာဂီတ စာအုပ်တစ်အုပ်ကို ဆုံးအောင် ဖတ်ဖူးသူ အရေအတွက်ကို သေချာ စစ်ဆေးကြည့်ပါက တစ်ရာတွင် ဆယ်ယောက်ပင် ရှိမည် မဟုတ်ပေ။ ပန်းမြိုင်လယ်၊ ဖော်ကွာဝေး၊ စုံနံ.သာမြိုင်၊ သိင်္ဂီရွှေရောင်၊ ဟေ၀န်မြိုင်လမ်း စသော သီချင်း လေးငါးခြောက်ပုဒ် မျှကိုသာ ဖတ်ဖူး၊ တက်ဖူးကြသူများ၏။ ၄င်းဖတ်ဖူးသူတို.အနက် ပန်းမြိုင်လယ် အစရှိသော လူကြိုက်များသည့် သီချင်းတို.၏ အဓိပ္ပာယ် ကျကျနန အသေအချာကို စုံစမ်းလေ့လာသူတို.ကလည်း အလွန်ရှားပါးပြန်ပေသည်။ မဟာဂီတ တစ်အုပ်နှင့် တစ်အုပ် မတူကြသဖြင့် စာသားတစ်အုပ် နှင့် တစ်အုပ်မတူကြသည်ကိုလည်း စုံစမ်းကြမည်မထင်။ ဤနေရာ၌ ရှေးသီချင်းကြီးများကို မကောင်းဟူ၍ ပုတ်ခတ်ရေးသားသည် မဟုတ်ပါ။ ၄င်းတို. ကောင်းသည်ဆိုရာ၌ သူတကာကကောင်းသည်ဆို၍ “သူများယောင်၍ ယောင်ရပါ အမောင် တောင်မှန်း မြောက်မှန်းမသိ” ဆိုဘိသကဲ့သို. ကောင်းသည်ဟု ရောနှောပြောဆိုခြင်းကို မပြုရန် သတိပေးခြင်းဖြစ်ပေသည်။ မိမိတို.ကိုယ်တိုင် ကျေနပ်အောင် စုံစမ်းနှိုင်းယှဉ်ပြီးမှ ပြောကြားခြင်းကိုကား အပြစ်မဆိုထိုက်ပေ။

အသေအချာ တွေးတောစုံစမ်းမည် ဆိုပါလျှင် ရှေးကရေးခဲ့သော စာတိုင်း ကောင်းရမည် မဆိုသာ။ ယခုကာလ ရေးသော စာတိုင်းလည်း ညံ.ဖျင်းသည်ဟု မဆိုနိုင်။ ရှေးကစာများအနက် ကောင်းသောစာများ ရှိ၏။ မကောင်းသောစာများလည်း ရှိခဲ့ပေသည်။ ထို.နည်းတူ ယခုကာလရေးသော စာများမှာလည်း ကောင်းသောစာ ရှိ၏။ မကောင်းသောစာလည်း ရှိလေသည်။ “လင်းကြက်ကဆော်၊ စည်တော်နောင်ဒိုင်း၊ ပျိုတို.မောင် ကြက်တော်ပိုက်တယ်၊ ပုသိမ်ထီးကုတ်ကုတ်” ဆိုသော စာသည် ရှေးက ရေးခဲ့သော စာမဟုတ်ပါလော။ သီချင်းဘက်တွင် ကွယ်လွန်သူ ဦးပြုံးချို ရေးသားသော “ တေးဘုမ္မာ ” “ဇာတိအာဏာ” အစချီသည့် သီချင်းတို.မှာ သီချင်းညံ့များဟူ၍ မည်သူ ပြောဆိုနိုင်အံ့နည်း။ စင်စစ်သော်ကား ရှေးကာလကလည်း ကောင်းသောစာ၊ မကောင်းသောစာများ ပေါ်ပေါက်ခဲ့၏။ သို.ရာတွင် မကောင်းသောစာများမှာ ပျောက်ကွယ်ကုန်ပြီ ဖြစ်သောကြောင့် စာကောင်းများသာ ကျန်ရစ်တော့သဖြင့် ရှေးစာတို.က ယခုကာလစာတို.ထက်သာသည်ဟူ၍ ပြောဆိုရပေသည်။ ထို.ကြောင့် ကာလပေါ်စာအားလုံးကို သိမ်းရုံးပြီးလျှင် အညံ့စားချည်းဖြစ်သည် ဟူ၍ အပြစ်ဆိုရေးသားခြင်းကို မပြုသင့်ပေ။

ကာလပေါ်ဆိုသော စကားကို ရှင်းလင်းရန် လိုပေသေးသည်။ ကာလပေါ်ဆိုရာ၌ ယခုခေတ်တွင်မှ ပေါ်သောစာကိုသာ ကာလပေါ်ဟု ခေါ်သလော။ ရှေးလေးငါးနှစ်အတွင်း ပေါ်သောစာများကို ကာလပေါ်ဟူ၍ မခေါ်ဆိုနိုင်ပါသလောဟု တွေးတောရန် ရှိ၏။ ကာလပေါ်ဆိုသော စကားကို ပိုင်းခြားရန် နှစ်မည်ရွေ.မည်မျှ သတ်မှတ်ထားပါသနည်း ဟူ၍လည်း မေးမြန်းရန်လိုပြန်၏။ ကာလပေါ်စာများ ပါဝင်နိုင်ရန် နှစ်ပရိစ္ဆေဒအားဖြင့် မည်ရွေ. မည်မျှဟု ပိုင်းခြားထားရန် တတ်နိုင်သည် မဟုတ်ချေ။ စိတ်ကူးအတိုင်းသာလျှင် ပိုင်းခြားလေ့ ရှိကြ၏။ ဤသို. စိတ်ကူးအတိုင်း ပိုင်းခြားရာ၌လည်း တစ်ယောက်နှင့် တစ်ယောက် တူညီမည် မဟုတ်ပေ။ တချို.က သီပေါမင်းတရား အင်္ဂလိပ်လက်သို.ပါသွားသော ၁၂၄၇ ခုနှစ်ထက် ရှေးကျသော စာစုကို ရှေးစာဟူ၍ ဆုံးဖြတ်ကြပြီးလျှင် ၄င်းနှစ်ထက်နောက်ကျသောစာတို.ကို ကာလပေါ်စာများဟူ၍ ဆိုလေ့ရှိကြ၏။ ဤသို. ဆုံးဖြတ်ခြင်းသည်လည်း မမှားချေ။ အကြောင်းမူကား ၁၃၄၇ ခုထက် ရှေးကျသောစာစုနှင့် ၄င်းထက်နောက်ကျမှ ပေါ်သောစာစုမှာ တစ်မျိုးနှင့် တစ်မျိုးရေးသားပုံ၊ စိတ်ကူးပုံ များစွာ ကွာခြားသောကြောင့်ပေတည်း။ သို.ရာတွင် ဤသို. ဆုံးဖြတ်ခြင်းသည် နှစ်ပရိစ္ဆေဒ ရှည်လွန်းသည်ဟု ထင်ပါသည်။ ၁၂၅၀ ပြည့်နှစ်အခါက ပေါ်သောစာတို.ကို ဖတ်ဖူးကြသူ မှတ်မိသေးကြသူများ ယခုအခါ အလွန်ရှားပါးသည့်အပြင် ၄င်းခေတ်တွင်ပေါ်သောစာတို.ကိုလည်း ယခုအခါ အလုံးစုံ ရှာဖွေ၍ မရတော့သဖြင့် ၄င်းတို.မှာ စာဟောင်းများကဲ့သို.ပင် ဖြစ်နေချေပြီ။ ၁၂၅၀ ပြည့်နှစ်တွင် ပေါ်သော စာအုပ်တစ်အုပ်ကို ကာလပေါ်စာအုပ်ဟု ဆိုလျှင် သဘောမတူသူ များစွာရှိပေမည်။

ဤသို.မဟုတ်မူ၍ ရှေးလွန်ခဲ့ပြီးသော သုံးလေးနှစ်အတွင်းက ပေါ်လာသော စာစုကိုသာ ကာလပေါ်စာဟူ၍ ဆုံးဖြတ်ပြန်ပါကလည်း ကာလတိုလွန်းပေမည်။ ဤသို. ဆုံးဖြတ်ပါလျှင် လွန်ခဲ့သော ၁၅ နှစ်အခါကပေါ်သော ရတနာပုံဝတ္ထု၊ ခင်မြင့်ကြီးဝတ္ထု၊ မောင်မှိုင်းမှာပုံတော်ဝတ္ထုများကို ရှေးစာဟောင်းများတွင် ထည့်သွင်းမည်လောဟု စောဒကတက်ရန် အကြောင်းရှိပြန်ပေသည်။ ၄င်းတို.ကိုလည်း ကာလပေါ်စာများတွင် ထည့်သွင်းကြမည်ကား အမှန်ပင်ဖြစ်တော့သည်။ ဤသို. စာတစ်စောင်ကို ကာလပေါ်စာ၊ ရှေးစာဟူ၍ ဆုံးဖြတ်ရန် နှစ်အပိုင်းအခြား မရှိသောကြောင့် ရှေးစာဖြစ်သည်၊ ကာလပေါ်စာဖြစ်သည်ဟု ဆုံးဖြတ်ရန် အလွန်ခက်ပေသည်။ ရှေးစာနှင့် ကာလပေါ်စာတို.ကို ခြားနားရန် နှစ် ပိုင်းခြား၍ ရသည်လည်းမဟုတ်။ ပိုင်းခြားထားရန်လည်း မသင့်ချေ။ အချို.က ကောင်းသောစာ၊ ကောင်းသော သီချင်း မှန်သမျှကို ရှေးစာ၊ ရှေးသီချင်းထဲသို. ထည့်သွင်း၍၊ မကောင်းသောစာ၊ မကောင်းသောသီချင်း ဟူသမျှကို ကာလပေါ်စာ၊ ကာလပေါ်သီချင်း ဟူ၍ အယူရှိကြ၏။ “တောဟေ၀န်လယ်” အစချီသော သီချင်းကို အများအားဖြင့် ရှေးသီချင်းဟူ၍ ပြောဆိုတတ်ကြ၏။ စင်စစ်အားဖြင့် ၄င်းသီချင်းပေါ်သည်မှာ များစွာ မကြာလှသေးဟု သဘင်ဘက်တွင် ကျွမ်းကျင်သူတို. ပြောဆိုသည်ကို မှတ်သားမိဖူးပေသည်။ ၄င်းသီချင်း မာဟာဂီတစာထဲတွင် မပါသည်ကို သတိပြုရာ၏။

ဤဆောင်းပါးကို ရေးသားရာတွင် လွယ်ကူစေခြင်း အလို.ငှာ လွန်ခဲ့သော အနှစ် ၂၀ အတွင်းတွင် ပေါ်သောစာများကို ကာလပေါ်စာများဟူ၍ ခေါ်ဆိုရေးသားလိုရင်း ဖြစ်၏။ ဤသို. ရေးသားပိုင်းခြားသည်မှာ ကာလများစွာလည်း မဝေးလွန်း၊ မနီးလွန်းသောကြောင့် လွယ်ကူရန်မျှသာ ဖြစ်ပါသည်။ သတင်းစာဖတ်သူ အပေါင်းတို.လည်း ထို အနှစ် ၂၀ အတွင်း ပေါ်လာသောစာတို.၏ အကြောင်းကို သိသူများ ဖြစ်ကြပေလိမ့်မည်။

၁၆၊ နိုဝင်ဘာ။ ၁၉၂၀
သူရိယ သတင်းစာ

No comments: