Skip to main content

ကျမနဲ့ မိုးစက်များ

ကျမနဲ့ မိုးစက်များ

အလင်းရောင်က မှိန်နေသလိုပဲ...။ လုပ်လက်စ အလုပ်ကို ခဏနား၊ ကွန်ပျူတာ မျက်နှာပြင်က အကြည့်ခွာပြီး မီးချောင်းနှစ်ချောင်းထွန်းထားတဲ့ မျက်နှာကျက်ကို မော့ကြည့်မိတယ်။ အင်း... မီးချောင်းတွေလဲ လင်းသားပဲ...။ နေပါဦး..။ အပြင်ဘက်ကများ...။ ခန်းဆီးကနေ အပြင်ဘက်ကို ဟ ကြည့်လိုက်တော့...မှိုင်းညို.နေတဲ့ မိုးကောင်းကင်ရယ်... ခုန်ပေါက်ဆင်းလာနေတဲ့ မိုးရေစက်တွေရယ်...။ ဘယ်အချိန်ကများ ရွာနေတာပါလိမ့်..။ လမ်းမပေါ်မှာတောင် စီးဆင်းလာတဲ့ မိုးရေတွေတောင် တော်တော်များနေပြီပဲ။

ကျမ ထိုင်တဲ့ ရုံးခန်းရဲ. အပြင်ဘက်မှာ ဘတ်စ်ကား မှတ်တိုင် ရှိပါတယ်။ မှန်သားပြင်နဲ့သာ စည်းခြားထားလို့ အပြင်ကို ကျမ လှမ်းမြင်ရသလို... အပြင်ဘက်၊ လမ်းပေါ်ကဖြတ်သွား ဖြတ်လာတွေကလည်း ခန်းဆီး မကာခင်တုန်းကတော့ အထဲကို လှမ်းမြင်နေရပါတယ်။ နဂိုကထဲကိုက ရှိသမျှတံခါးတွေ ပိတ်၊ ခန်းဆီးတွေတပ်၊ သူများတွေ မြင်မှာ မကြိုက်တတ်တဲ့သူမို့ .. သည်နေရာမှာ ရုံးခန်းထိုင်ဖို့ အရင်ကတော့ အင်တင်တင်ရယ်ပေါ့။ တကယ်တမ်း ထိုင်ဖြစ်တော့လည်း သူတို့က ကိုယ့်ကြည့်၊ ကိုယ်က သူတို့ကို ပြန်ကြည့်။ အလှူခံတွေကလည်း မှန်နားမှာ လာရပ်၊ ပန်းသည်တွေကလည်း ပန်းတွေ လာရောင်းနဲ့ ဆိုတော့ နဲနဲတော့ စိတ်ကျဉ်းကြပ်ခဲ့ရပါသေးတယ်။ ခန်းဆီးကာပြီးတဲ့နောက်ပိုင်းတော့ ကျမလည်း အပြင်ဘက်ကို ငေးမကြည့်ဖြစ်တော့ပါဘူး။ ကိုယ့်ဘာသာ အလုပ်တွေ ရှုပ်လို့....။

ခုတော့ အပြင်မှာ…မိုးတွေ ရွာနေတယ်။ သဲသဲမဲမဲပါပဲ။ စနေမှာ မိုးသည်းတတ်တာလား။ မရေမရာအတွေးတွေနဲ့.....။ ငယ်ငယ်တုန်းက ရွတ်ဆိုဖူးတဲ့ “စနေ တစ်ရက်ထဲ မိုးတွေလေတွေ ရွှဲ…..” ဆိုတဲ့...ကဗျာလေးတောင် မှေးမှေးမှိန်မှိန် ခေါင်းထဲရောက်လာသေးတယ်...။ ငယ်ငယ်တုန်းက မိုးတွေရွာရင်...... ပျော်တတ်ပါသလား။ အင်း... မိုးတွေ သဲသဲမဲမဲ ရွာနေရင်တော့ ကျောင်းသွားရမှာ ပျင်းတတ်သူ၊ အိမ်ပြတင်းပေါက်ကနေ မိုးရေစက်တွေ မျက်နှာပြင်ကိုလာစင်တတ်တဲ့ ခံစားချက်ကို နှစ်သက်ခဲ့ဖူးသူ။ တခါတရံတော့လည်း မိုးကောင်းကင် မဲမဲညို.ညို.ကိုကြည့်ရင်း ဘယ်ဆီကိုမှန်းမသိ လွမ်းဆွေးတတ်ခဲ့သူ။

မိုးသံလေသံကြားမှာ စောင်ခြုံကွေးရတဲ့ အိပ်ကောင်းခြင်းနဲ့ ညတွေလည်း ကြုံခဲ့ဖူးပါတယ်။ ၉-တန်း၊ ဆယ်တန်းလောက်တွေတုန်းကတော့ မိုးရွာထဲ ထီးမဆောင်းပဲ စက်ဘီးစီးရတာလည်း ကျမအတွက်တော့ ပျော်စရာပါပဲ။ ကျမရဲ. သားသမီးများ ခုချိန်ထိ မိုးရွာရင် မိုးရေချိုးမယ် ဆိုတဲ့ သီချင်းကို မိုးရေတွေထဲမှာ ကျမတို့ ငယ်ငယ်က အော်ဆိုသလို မဆိုဖူးသေးပါဘူး။

ကျမ တက္တသိုလ်တက်ပြီး အဆောင်မှာ နေရတုန်းကရော.....မိုးတွေရွာရင်ဖြင့် ကျမ မိုးရေထဲမှာ သိပ်ပြီး လမ်းလျှောက်ချင်ခဲ့ပါတယ်။ တက္ကသိုလ်ဘုန်းနိုင်ထဲက “ခိုင်” လို မိုးရွာထဲ ပြေးထွက်တတ်တဲ့ စိတ္တဇမျိုး ရှိနေချင်ခဲ့တာလားမသိ။ စိတ်ထဲ နေလို့မရတော့ရင်တော့လည်း သူငယ်ချင်းတွေ မပါပဲ တစ်ယောက်ထဲ အဆောင်ကနေ ၄၅-ဟိုင်းလတ်ကားစီး၊ လှည်းတန်းမှတ်တိုင်မှာဆင်းပြီး တက္ကသိုလ်ရိပ်သာလမ်းက အပင်ကြီး တွေအောက်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းတွေလျှောက်နေခဲ့ဖူးပါတယ်။ လွမ်းလွန်လွန်းလို့။ တမ်းတမိလွန်းလို့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်တုန်းက ကိုယ် တမ်းတမိသူက လမ်းဘေးလမ်းလျှောက်နေတဲ့ ကိုယ့် ကိုဘတ်စ်ကားပေါ်ကနေ လက်တောင် လှမ်းပြသွားသေးရဲ.။ ခုတော့လည်း ကိုယ်လျှောက်ခဲ့တဲ့လမ်းက အပင်ကြီးတွေ နှမြောစရာ....။

ချစ်သူ ရလာပြန်တော့ရော...အဟဲ.. ကျမရဲ. နှစ်ဆစ်ချိုးခေါက်ထီးကလေး မလုံ့တလုံဆောင်းပြီး ပျော်ခဲ့ရတာပါပဲ။ သူ့အရပ်ရှည်ရှည်ကလန်ကလားကို လုံအောင်ဆောင်းရင်ဖြင့် သူ့ရင်ဘတ်လောက်သာရှိတဲ့ ကျမမှာတော့ ရွှဲရွှဲကို စိုလို့...။ တော်တန်ရုံလောက်နဲ့ မဖျားတတ်တဲ့ကျမက အရိုးအဆစ်တွေ ရောင်ကိုက်တတ်တဲ့ သူ့ကို စိတ်ပူတတ်ခဲ့ရတာကိုး။

ငယ်ငယ်တုန်းက သဘောကျခဲ့တဲ့မိုး.... ခုတော့လည်း မိုးစိုမှာစိုး။ မိုးရွာထဲမှာ အပျော်လည်း လမ်းမလျှောက်ချင်တော့။ မိုးတွင်းမို့ လျှော်ထားတဲ့ အ၀တ်တွေကမခြောက်ရင် ရွာလွန်းတဲ့ မိုး.သူ့ကိုပဲ အပြစ်ဆိုချင်သေးတော့တယ်။ ဟိုတုန်းက အပျော်မျိုး ခုချိန်တော့ ပြန်မလိုချင်တော့ပေမယ့် ရှိခဲ့ ပျော်ခဲ့ လုပ်ခဲ့တယ် ဆိုတာတွေ အတွက်တော့ ၀မ်းသာမိပါရဲ့။ လူတစ်ယောက်ဟာ မြစ်တစင်းမှာ နှစ်ကြိမ် ရေမချိုးနိုင်ဘူးတဲ့။

လူဆိုတာ ပုံစံခွက်ထဲနဲ့ ထွက်လာကြတဲ့ ကုန်ပစ္စည်းတွေမှ မဟုတ်တာ..။ ခံယူချက်ချင်း၊ ခံစားချက်ချင်ူး၊ အလေးထားတာချင်းမတူ။ ဘ၀အပေါ် တန်ဖိုးထားတာချင်းလည်း တူနိုင်ကြတာမှ မဟုတ်တာပဲ။ နေရတဲ့ အချိန်လေးကတော့ တိုတိုလေးပါပဲ။ ဗုဒ္ဓလိုလည်း သတ္တ၀ါတွေ လွတ်မြောက်ဖို့ ဘ၀ပေါင်းများစွာ မဖြည့်ကျင့်နိုင်ပါဘူး။ ဗိုလ်ချုပ်တို့လိုလည်း ဘ၀တစ်ခုလုံး တိုင်းပြည်အတွက် မမြှုပ်နှံနိုင်ပါဘူး။ ကိုယ်ရှင်သန်နေထိုင်နေတဲ့ ခုဘ၀မှာပဲ တတ်နိုင်သလောက် အမှားနည်းအောင် ကြိုးစားနေထိုင်နေရင်း ကိုယ့်မျိုးဆက်အတွက်... ကိုယ့်လူမျိုးအတွက်... ကိုယ့်တိုင်းပြည်အတွက်....။ ရင်ထဲရှိတာ... ပါးစပ်က ပြောနေတာ သိပ်လွယ်တာပဲ...။ တကယ်တမ်းကျတော့ ... ဘယ်က စရမှန်းမသိ....။

ငယ်ငယ်တုန်းကကျောင်းတွေမှာ ဆိုခဲ့ရတဲ့.....သီချင်းလေးကိုပဲ ဆက်ကာ ဆက်ကာ ဆိုနေရင်းနဲ့ပဲ... အသက်တွေကြီးလာခဲ့.....။

မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်...
မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်...
မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်....
မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်.....။
...

Comments

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...