ဂြိုလ်မွှေသော ထိုစနေ
' ဗိုလ်ချုပ်၊ နက်ဖြန် ၀န်ကြီး အစည်းအဝေးလုပ်ဖို့ ချိန်းထားတယ်။ လွှတ်တော် ကော်မတီ အစည်းအဝေးကလည်း နက်ဖြန် ၁၀ နာရီပဲ ဖြစ်နေတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ'
'ဟေ၊ ဟုတ်လား။ ဒါဖြင့် လွှတ်တော် ကော်မတီကိုပဲ တက်မယ်။ အီးစီ၁ (E.C) ကို စနေနေ့ မနက် ပြောင်းလုပ်လိုက်ကွာ '
အထက်ပါ မေးခွန်းကို မေးသူမှာ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) ဖြစ်၍ အဖြေနှင့် တကွ ညွှန်ကြားချက်ပါ တစ်ပါတည်း ပေးလိုက်သူမှာ ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်သည်။
ထိုနေ့ ထိုရက်မှာ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၅ ရက် အင်္ဂါနေ့ ဖြစ်သည်။
ဗြိတိသျှတို့သည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့သည့် (၁၉၄၅ ခုနှစ်) နောက်ပိုင်း မြန်မာပြည်အား ဗြိတိသျှဘုရင်ခံတစ်ဦး ခေါင်းဆောင်သည့် ၀န်ကြီးများ အဖွဲ့တစ်ဖွဲ့ကို ဘုရင်ခံ၏ အမှုဆောင်အဖွဲ့ (Governor's Executive Council) ဟု အမည်ပေး အုပ်ချုပ်လာခဲ့သည်။
အဆိုပါ ၀န်ကြီးများအဖွဲ့ အစည်းအဝေးများကို ၁၉၄၆ ခုနှစ်အထိ အဖွဲ့၏ သဘာပတိဖြစ်သော ဘုရင်ခံ၏ အိမ်တော်၌ ကျင်းပလာခဲ့ရာမှ ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလတွင် အောင်ဆန်း-အက်တလီစာချုပ် (Aung San – Atlee Agreement) ချုပ်ဆိုခဲ့ပြီးနောက် ဘုရင်ခံအိမ်တော်မှ အတွင်းဝန်ရုံးသို့ ပြောင်းရွှေ.ကျင်းပခဲ့ကြသည်။
ထို့ပြင် အထက်ပါ အောင်ဆန်း-အက်တလီစာချုပ်အရ မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရတို့က လွတ်လပ်ရေးပေးရန် သေချာသလောက်ဖြစ်နေခဲ့ရာ ၀န်ကြီးများအဖွဲ့၏ သဘာပတိဖြစ်သူ ဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့်စ် (Sir Hubert Rance) သည် ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလမှစ၍ ၀န်ကြီးများအစည်းအဝေးသို့ တက်ရောက်လာခြင်း မရှိတော့ဘဲ ဒုတိယ သဘာပတိဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကပင် သဘာပတိအဖြစ် ရှေ့ဆောင်ရှေ့ရွက်ပြုကာ ကျင်းပခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲအဖြစ် တာဝန်ထမ်းဆောင်နေရသော ဗိုလ်ထွန်းလှသည် အထက်ပါ ၀န်ကြီးများအစည်းအဝေး အပါအ၀င် ဗိုလ်ချုပ်၏ နေ့စဉ်နှင့်အမျှ များပြားလှသော အလုပ်တာဝန်များ၊ ချိန်းဆိုချက်များနှင့် အခြားအရေးတကြီး ဆောင်ရွက်ရန် ရှိသည့် ကိစ္စရပ်များကို သူ့နေ့နှင့်သူ၊ သူ့အချိန်နှင့်သူ အံဝင်ခွင်ကျဖြစ်အောင် အတိအကျ စီစဉ်မှတ်သားပြီး ဗိုလ်ချုပ်ထံ နေ့စဉ် တင်ပြရသည်။
သို့နှင့်ပင် ဗိုလ်ထွန်းလှသည် သူ၏ နေ့စဉ်လုပ်ငန်းတစ်ခုအဖြစ် ဗိုလ်ချုပ်၏ `အလုပ်တာဝန်ဇယား´ ကို စီစဉ်မှတ်သားလာခဲ့ရာမှ ဇူလိုင်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့အတွက် အစည်းအဝေးနှစ်ခုမှာ မမျှော်လင့်ပဲ အချိန်ချင်း တိုက်ဆိုင်နေသည်ကို တွေ့ရသည်။
ဝန်ကြီးများအဖွဲ့မှာ အရေးပေါ် အစည်းအဝေးများမှ တစ်ပါး သာမန်အစည်းအဝေးများကို တစ်ပတ်လျှင် တစ်ကြိမ်ကျ ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၁၀ နာရီတွင် ကျင်းပမြဲ ဖြစ်သည်။ သို့သော် ယခုအပတ် ထိုနေ့ထိုရက် ထိုအချိန်တွင် တိုင်းပြုပြည်ပြု လွှတ်တော်ကော်မတီ အစည်းအဝေးနှင့် အချိန်ချင်း သွား၍ တိုက်ဆိုင်နေသည်ကို တွေ့နေရသဖြင့် ဗိုလ်ထွန်းလှသည် ထိုအကြောင်းကို တစ်ရက်ကြိုတင်၍ ဇူလိုင်လ ၁၅-ရက်နေ့ အင်္ဂါနေ့ နံနက်တွင် ဗိုလ်ချုပ်အောင်ဆန်းအား တင်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကလည်း အပါးတော်မြဲ ဗိုလ်ထွန်းလှ၏ တင်ပြချက်အပေါ်တွင် ထူးထူးထွေထွေ ရှည်ရှည်ဝေးဝေး မစဉ်းစားဘဲ "အီးစီကို စနေနေ့ မနက် ပြောင်းလုပ်လိုက်ကွာ " ဟူ၍ အဆုံးအဖြတ်ပေးကာ အမှတ်မထင် ညွှန်ကြားခဲ့သည်။
ယင်းစနေ၊ ထိုစနေကား ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာပြည်ကြီးအား ဂြိုလ်မွှေခဲ့သည့် ဇူလိုင်လ ၁၉ ရက် စနေနေ့ပင်တည်း။
သို့နှင့်ပင် ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အောင်ဆန်း၏ အမိန့်အရ ကက်ဘိနက် (Cabinet) အဖွဲ့ဝင် ၀န်ကြီးအားလုံးထံ ၀န်ကြီးများအစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် မကျင်းပဖြစ်ဘဲ စနေနေ့တွင်မှ ကျင်းပမည် ဖြစ်ကြောင်း အချိန်မီ အကြောင်းကြားခဲ့သည်။
၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့။
မြန်မာနိုင်ငံ၏ ရာသီဥတု အနေအထားအရ အထူးသဖြင့် အောက်မြန်မာနိုင်ငံ၏ ရာသီဥတု အစဉ်အလာအရ ဇူလိုင်ဆိုလျှင် မိုးဖြိုင်ဖြိုင်ရွာမြဲပင် ဖြစ်သည်။
နေ့စဉ် သတင်းစာများ၌ "ယနေ့ ရန်ကုန်မြို့နှင့် အနီးတ၀ိုက်တွင် အများအားဖြင့် တိမ်ထူထပ်နေပြီး မိုးတစ်ပြိုက်နှစ်ပြိုက် ရွာမည် " ဟူ၍ ဖတ်ရှုကြသလို မြန်မာ့အသံ မိုးလေ၀သ သတင်းမှ နေ၍ " ယနေ့ ရန်ကုန်မြို.နှင့် အနီးတ၀ိုက်တွင် မိုးသားများ အုံ့ဆိုင်းပြီး မိုး တစ်ကြိမ် နှစ်ကြိမ် ထစ်ချုန်းရွာဖွယ်ရာ ရှိပါသည်" ဟူသော ကြေညာချက်ကို နေ့စဉ်ကြားနေကြရသည်။
သို့ဖြင့် နေ့စဉ်နေ့တိုင်း မွန်းလွဲပိုင်းတွင် အုံ့ဆိုင်း မှုံမှိုင်းနေတတ်ပြီး ညနေစောင်းသည်နှင့် တပြိုင်နက် အညှိုးကြီးစွာ သဲသဲမဲမဲ အချိန်မှန် ရွာလေ့ရှိသော ရန်ကုန်မိုးသည် ဇူလိုင်လ ၁၉ ရက်နေ့တွင်မူ ထူးထူးခြားခြား နံနက်စောစော အိပ်ရာထချိန်မှ စ၍ ဖွဲလိုက်သဲလိုက်ဖြင့် ရွာနေခဲ့သည်။
"ရန်ကုန်မြို.နှင့် အနီးတ၀ိုက်" ပတ်ဝန်းကျင်တွင် မိုးသားများဖုံး၍ ကောင်းကင်ပြင်တစ်ခုလုံး ညိုမှောင်မှိုင်းပျနေသည်။
အချိန်မှာ နံနက် ၁၀ နာရီ ထိုးလုနီးပြီ ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ရုံးချိန်ရောက်လာပြီ ဖြစ်သဖြင့် အ၀တ်အစားများလဲကာ တာဝါလိမ်းလမ်း၂ (Tower Lane) နေအိမ်အပေါ်ထပ်မှ လှေကားအတိုင်း ခပ်သွက်သွက်ကလေး ဆင်းလာသည်။
ယနေ့အဖို့ရာ၌ နံနက်စောစောစီးစီး မိုးသားများ အုံ့ဆိုင်းမှိုင်းပျ၍ သဲလိုက်ဖွဲလိုက်ဖြင့် ထူးထူးခြားခြား မိုးများရွာသွန်းနေသလို ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ခါတိုင်းကဲ့သို့ ယူနီဖောင်းဝတ်စုံဖြင့် မဟုတ်ဘဲ ရွှေဖလားရောင် ဗန်ကောက်လုံချည်၊ သနပ်ခါးရောင် မန္တလေးပိုးတိုက်ပုံနှင့် အဖြူရောင် သဲကြိုးတပ်ထားသည့် လေယာဉ်ပျံဖိနပ် စသည်တို့ဖြင့် မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ထားသည်ကို ထူးထူးခြားခြားတွေ့ရသည်။
ဗိုလ်ချုပ်သည် နေအိမ်မှအထွက် ကားပေါ်တက်ခါနီးတွင် အငယ်ဆုံးသမီးထွေးလေး မမစုကို ခါတိုင်းကဲ့သို့ပင် တယုတယ နမ်းရှုပ် နှုတ်ဆက်ခဲ့သေးသည်။
မမစုကား ၂ ခါလည်မျှသာ ရှိသေး၍ ဗိုလ်ချုပ်၏ တတိယမြောက်သမီးထွေးဟု ဆိုရသော်လည်း မမစုအောက် စတုတ္ထသမီးကလေးတစ်ယောက် ယမန်နှစ် (၁၉၄၆) က ရခဲ့ဖူးသေးသည်။ သို့သော် ထိုစတုတ္ထသမီးကလေးမှာ မီးဖွားပြီး ၅ ရက်မျှနှင့်ပင် ကွယ်လွန်သွားရှာခဲ့ရာ ဗိုလ်ချုပ်သည် မမစုကိုပင် သမီးထွေးအဖြစ် အတိုးချ၍ ချစ်နေရသည်။
ညနေ ရုံးဆင်းလာသည့်အခါတိုင်း ကားပေါ်မှ ဆင်းလျှင်ဆင်းချင်း အခြား ဘာကိုမှ မလုပ်သေးမီ ဗိုလ်ချုပ်သည် "ဖေဖေပြန်လာပြီ" ဟူ၍ မပီကလာ ပီကလာဖြင့် ၀မ်းသာအယ်လဲ ဆီးကြိုလေ့ရှိသော သမီးထွေးကလေး မမစုကို ယုယစွာ ပွေ့ချီနမ်းရှုပ်လေ့ရှိသကဲ့သို့ နံနက်ရုံးတက်ချိန် အိမ်မှအထွက်တွင်လည်း ဤသမီးထွေးကလေးကို ချစ်ခင်ကြင်နာစွာ နမ်းရှုပ်နှုတ်ဆက်ရသည်မှာ ဗိုလ်ချုပ်၏ နိစ္စဓူဝ နေ့စဉ်အကျင့်ဖြစ်နေခဲ့သည်။
သို့နှင့်ပင် ဗိုလ်ချုပ်သည် တာဝါလိမ်းနေအိမ်မှ ၁၀ နာရီခန့်တွင် သူ၏ ကားနက်ကလေး အာရ်အေ-၂၈၇၄ (RA-2874) ဖြင့် ထွက်လာခဲ့ရာ ၁၀ နာရီ ၁၀ မိနစ်သာသာ အချိန်တွင် အတွင်းဝန်များရုံး၏ အလယ်ဗဟို လှေကားခြေရင်းသို့ အဆိုပါ ကားနက်ကလေးသည် ငြိမ့်ခနဲ ထိုးဆိုက်လိုက်သည်။
ထိုအချိန်တွင် အတွင်းဝန်များရုံး အပေါ်ထပ် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) ဘက်ရှိ ကာကွယ်ရေးဝန်ကြီး၏ ရုံးခန်းထဲတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများအားလုံး စုံစုံညီညီ ရောက်ရှိနေကြပြီ ဖြစ်သည်။
ရုံးအုပ်ကြီး ဦးခ၊ လက်ထောက်အတွင်းဝန် ဦးတင်အုံးနှင့်တကွ ၀န်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်တို့မှာ ယနေ့နံနက် ၀န်ကြီးများအစည်းအဝေးအတွက် လိုအပ်သော စာရွက်စာတမ်းများ၊ ဖိုင်တွဲများနှင့် မှတ်တမ်းစာတွဲများကို ရှာဖွေစုဆောင်းကာ အစည်းအဝေး ကျင်းပမည့် အခန်းသို့ တစ်ခုပြီး တစ်ခု ပို့ပေးရင်း ၀င်ချေ ထွက်ချေဖြင့် အလုပ်များနေကြသည်။
ခဏအကြာတွင် လှေကားမှ ခြေသံများကို ကြားကြရပြီး ဗိုလ်ထွန်းလှနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ရှေ.ဆင့်နောက်ဆင့် တက်လာကြသည်ကို တွေ့မြင်ကြရသည်။
ဗိုလ်ထွန်းလှသည် လှေကားပေါ်တွင် ဗိုလ်ချုပ်ရှေ့ကနေ၍ တက်လာခဲ့သည်မှာ အကြောင်းရှိသည်။
သူသည် ယနေ့မှသာမဟုတ်၊ နေ့စဉ် ဗိုလ်ချုပ်အတွင်းဝန်ရုံးသို့ လိုက်ပါလာတိုင်း ဗိုလ်ချုပ်စီးလာသော ကားပေါ်မှ သူအရင်ရှေ.ကဆင်း၍ အတွင်းဝန်ရုံး လှေကားပေါ်သို့ တက်ရာတွင်လည်း သူက ရှေ.က အမြဲတက်ခဲ့လေ့ရှိသည်။
သူသည် ဗိုလ်ချုပ်နှင့် အခြားအစည်းအဝေးများ၊ ဧည့်ခံးပွဲများနှင့် ရံဖန်ရံခါ ညနေခင်း ဟိုဟိုသည်သည် အလည်သွားရာတွင်ဖြစ်စေ၊ ယုတ်စွအဆုံး ရုပ်ရှင် စသော ပွဲလမ်းသဘင်များ သွားရာလာရာတွင်ဖြစ်စေ ဗိုလ်ချုပ်၏ အပါးတော်မြဲအဖြစ် နောက်မှ အမြဲတစေ လိုက်ပါနေခဲ့ရသည်။
ထိုသို့ သွားလေရာ ဗိုလ်ချုပ်နောက်မှ တကောက်ကောက် လိုက်ပါနေရသော ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အတွက် အစစအရာရာ အမြဲတစေ သတိထား၍ ကာကွယ်စောင့်ရှောက်ခဲ့သည်။ အထူးသဖြင့် ဗိုလ်ချုပ်သည် ၁၉၄၆ ခုနှစ်အတွင်း ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဥက္ကဌအဖြစ် မြန်မာပြည်အရပ်ရပ်သို့ မီးရထား၊ မော်တော်ကား စသည်တို့ဖြင့် ကုန်းကြောင်းခရီးမှသော်လည်းကောင်း၊ သဘောင်္၊ လှေ၊ သမ္ဗာန် စသည်တို့ဖြင့် ရေကြောင်းခရီးမှလည်းကောင်း၊ လေယာဉ်ပျံဖြင့် လေကြောင်းခရီးမှလည်းကောင်း ခရီးအတန်တန် နေ့ရောညပါ သွားလာ၍ စည်းရုံးရေးဆင်းခဲ့သည်။ ထိုစဉ် ဗိုလ်ထွန်းလှသည် မီးရထား၊ မော်တော်ကား၊ သဘောင်္၊ လေယာဉ်ပျံ စသည်တို့တွင် တက်ရာ၌လည်းကောင်း၊ ဆင်းရာ၌လည်းကောင်း ဗိုလ်ချုပ်အရင်တက်၍ ဗိုလ်ချုပ်အရင် ရှေ.ကဆင်းလေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ရာ အန္တရာယ် ကျရောက်လာခဲ့ပါက "မိမိသာ ရှေ့က အသေခံမည်၊ ဗိုလ်ချုပ်ကို လုံးဝ မထိခိုက်စေရ" ဟူသော ရဲဘော်စိတ်ဖြင့် ကာကွယ်စောင့်ရှောက်လိုသောကြောင့် ဖြစ်သည်။
အထူးသဖြင့် မိမိအား တက္ကသိုလ်ကျောင်းသားဘ၀က ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက်အဖြစ်လည်းကောင်း၊ ဗမာ့တပ်မတော် ရဲဘော်ဟောင်းတစ်ယောက်အနေဖြင့်လည်းကောင်း၊ ချစ်ခင်ရင်းနှီးစွာဖြင့် ယုံကြည်စိတ်ချစွာ အပါးတော်မြဲ အတွင်းဝန်တစ်ယောက်အဖြစ် အစစအရာရာ "ပုံအပ်"ထားခဲ့သည့် ဗိုလ်ချုပ်အတွက် "အသက်နှင့်လဲ၍" ကာကွယ်စောင့်ရှောက်မည် ဟူသော စိတ်ထားမှာ ဗိုလ်ထွန်းလှ၏ ရင်တွင်း၌ အမြဲတစေ ကိန်းအောင်းနေခဲ့သည်။
သို့ဖြစ်ရာ ဗိုလ်ထွန်းလှသည် ယနေ့အဖို့ရာ၌လည်း အတွင်းဝန်ရုံး လှေကားမှတစ်ဆင့် ၀န်ကြီးများ အစည်းအဝေးကျင်းပရာ ခန်းမဆောင်ထဲသို့တိုင်အောင် ဗိုလ်ချုပ်ရှေ့မှ ၀င်လာခဲ့ပြီးသည့်နောက် အစည်းအဝေးအတွက် လိုအပ်သော ဖိုင်တွဲများ၊ မှတ်စုမှတ်တမ်းများကို ဗိုလ်ချုပ်ထိုင်မည့် စားပွဲထိပ်တွင် ချထားပေးလိုက်သည်။
ထို့နောက် စားပွဲထိပ်မှ သဘာပတိထိုင်မည့် ကုလားထိုင်ကြီးကို လူတစ်ယောက်ဝင်လာအောင် နောက်သို့ အနည်းငယ်ဆွဲပေးပြီးနောက် ထိုကုလားထိုင်တွင် ဗိုလ်ချုပ် ၀င်ထိုင်ပြီးသည်နှင့် တစ်ပြိုင်နက် ဗိုလ်ထွန်းလှသည် အစည်းအဝေးခန်းမမှ သူ၏ ရုံးခန်းရှိရာသို့ ထွက်လာခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းအား အစဉ်အစိုက် ကာကွယ်စောင့်ရှောက်လာခဲ့သော အပါးတော်မြဲ ဗိုလ်ထွန်းလှသည် ထိုအခိုက်အတန့်ကလေးတွင် ရန်ကုန်မြို့လယ် အတွင်းဝန်များရုံး အပေါ်ထပ် ၀န်ကြီးများ အစည်းအဝေးခန်းမအတွင်း၌ မည်သို့မျှ အန္တရာယ် ဖြစ်ဖွယ်မရှိဟူသော အတွေးဖြင့် သူ့ရုံးခန်းထဲတွင် စိတ်အေးလက်အေး ရှိနေခဲ့သည်။
သို့သော် သူသည် ဗိုလ်ချုပ်အား အစည်းအဝေးခန်းမထဲတွင် ယခုတစ်ကြိမ် တွေ့မြင်ခဲ့ရခြင်းသည် အသက်ရှင်လျက် နောက်ဆုံးတွေ့ခဲ့၊ မြင်ခဲ့ရခြင်း ဖြစ်လိမ့်မည်ဟူ၍ ထိုစဉ်က စိုးစဉ်းမျှ မထင်မိခဲ့။
ထို့အတူ ဗိုလ်ချုပ်အဖို့ရာ၌လည်း မိမိသဘာပတိအဖြစ် ဆောင်ရွက်ကျင်းပရသော ဤ၀န်ကြီးများ အစည်းအဝေးသည် နောက်ဆုံးအစည်းအဝေး ဖြစ်သည်ဟူ၍ လုံးဝရိပ်စားမိရှာခြင်း မရှိခဲ့။ ဗိုလ်ချုပ်သာလျှင် မဟုတ်၊ အစိုးရအဖွဲ့ဝင် အခြားဝန်ကြီးများသည်လည်း ဤအချက်ကို အလျဉ်းမစဉ်းစားမိခဲ့ကြ။
ဝန်ကြီးများ အစည်းအဝေးကား စတင်ကျင်းပနေလေပြီ။
အပြင်ဘက်တွင်မူ ရန်ကုန်မိုးသည် ခပ်ဖွဲဖွဲကလေး ရွာနေဆဲတွင်ပင် ဖြစ်သည်။
ထိုအခိုက် မိုးထဲရေထဲတွင် ဂျစ်ကားတစ်စီးသည် မောင့်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) အတိုင်း ပန်းဆိုးတန်းထိပ် နာရီစင်ကို ဖြတ်၍ အနောက်မှ အရှေ့သို့ မောင်းနှင်လာပြီးနောက် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) သို့ ရောက်သောအခါ ညာဘက်သို့ ချိုးလိုက်သည်။
ကားပေါ်တွင် မောင်းသူအပါအ၀င် လူ ၅ ယောက်လိုက်ပါလာသည်ကို တွေ့ရသည်။ ကားမောင်းသူမှာ ရှပ်အင်္ကျီလက်တိုအဖြူ၊ စစ်ဘောင်းဘီရှည် အစိမ်းရင့်ရောင်ကို ၀တ်ဆင်ထား၍ ကျန် ၄ ယောက်စလုံးမှာမူ အစိမ်းရင့်ရောင် ယူနီဖောင်းများဖြင့် ဖြစ်ကြသည်။
ဂျစ်ကားကလေးသည် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း)ထဲသို့ ချိုးဝင်လာခဲ့ရာမှ တစ်ဖန် ဖရေဇာလမ်း (ယခုအနော်ရထာလမ်း) ကိုဖြတ်ကျော်လာခဲ့သည်။
ထို့နောက် အတွင်းဝန်ရုံး တောင်ဘက်ဂိတ်ဝသို့ ရောက်လာသည်တွင် စက်အရှိန်ကို လျှော့ကာ အတွင်းဝန်များရုံးဝင်းအတွင်းသို့ ၀င်ရန် ကားစက်ခေါင်းကို ဘယ်ဘက်သို့ ဦးတည်လိုက်သည်။
ထိုအချိန်မှာ ရုံးတက်စအချိန် ၁၀ နာရီခွဲခန့်သာ ရှိသေးသည်ဖြစ်ရာ အတွင်းဝန်များရုံး တောင်ဘက်ဂိတ်ဝတွင် အရာရှိကြီးငယ်တို့ ကားကြီးကားငယ်များ ရှေ့ဆင့်နောက်ဆင့် ၀င်နေကြသဖြင့် ဂျစ်ကားကလေးသည် ဂိတ်ဝတွင် ခေတ္တမျှ ရပ်စောင့်နေရသည်။
ခဏအကြာတွင် မိမိရှေ့မှ ကားများ တစ်စီးပြီး တစ်စီး ၀င်သွားကြသဖြင့် ဂျစ်ကားကလေးသည်လည်း ဘီးကို ခပ်ဖြည်းဖြည်းလှိမ့်ကာ အတွင်းဝန်များရုံးသို့ ၀င်လာခဲ့သည်။
ဂျစ်ကားကလေးသည် အတွင်းဝန်များ ရုံးဝင်းအတွင်း တစ်နေရာသို့အရောက်တွင် စက်မရပ်ဘဲ အရှိန်သတ်လိုက်ရာ လူ ၄ ယောက်သည် ကားပေါ်မှ တစ်ယောက်ပြီး တစ်ယောက် ခုန်ဆင်းလာကြသည်ကို တွေ့ရသည်။
သူတို့ ၄ ယောက်စလုံးသည် အစိမ်းရင့်ရောင် စစ်ယူနီဖောင်းများ ၀တ်ဆင်ထားကြ၍ ပခုံးတွင်လည်း ၁၂ နံပါတ် စစ်တပ် (XII Army) တံဆိပ်တပ်ဆင်ထားကြသည်။ သို့ရာတွင် သူတို့စီးလာကြသော ဖိနပ်များမှာ ကင်းဗတ်ဖိနပ်ရှည် (Canvas Shoes) များ ဖြစ်နေကြသည်။
သူတို့ ၄ ယောက်အနက် ၃ ယောက်မှာ တော်မီသေနတ် (Tomy Gun)များ ကိုင်ထားကြပြီး ကျန်တစ်ယောက်၏ လက်ထဲတွင်မူ စတင်းသေနတ် (Stern Gun) တစ်လက်ကို တွေ့ရသည်။
ဂျစ်ကားကလေးသည် သူတို့ ၄ ယောက်ကို ချထားခဲ့ပြီး ထိုနေရာတွင် မရပ်ဘဲ ဆက်လက်၍ မောင်းလာခဲ့ရာ တစ်ယောက်က ကားမောင်းသူအား "ကားကို စက်ရပ်မထားနဲ့" ဟူ၍ လှမ်းပြောလိုက်သည်။
လက်နက်ကိုင် ယူနီဖောင်းဝတ်များ အတွင်းဝန်များရုံး အပေါ်ထပ်သို့ ပြေးတက်သွားကြသော အချိန်တွင် ဂျစ်ကားကလေးသည် ရုံးဝင်းအတွင်း တစ်နေရာ၌ ရပ်စောင့်နေသည်ကို တွေ့ရသည်။ ကားရပ်ထားသော်လည်း စက်သံကိုမူ ခပ်အုပ်အုပ်ကလေး ကြားနေရဆဲပင် ဖြစ်သည်။
မကြာမီ အတွင်းဝန်များရုံး ၀န်ကြီးများ အစည်းအဝေးခန်းမဆီမှ "ဒိုင်း….ဒိုင်း…..ဒိုင်း….ဒက်….ဒက်…." ဟူသော သေနတ်သံများ ဆက်ကာဆက်ကာ ရှေ့ဆင့်နောက်ဆင့် ကြားလိုက်ရသည်။
အပါးတော်မြဲ ဗိုလ်ထွန်းလှသည် သေနတ်သံများကို ကြားလျှင် ကြားချင်း ၀န်ကြီးများ အစည်းအဝေးခန်းမဆီမှ ဖြစ်ကြောင်း သိလိုက်ရသည်နှင့် "၀န်ကြီးတွေတော့ အပစ်ခံရပြီ" ဟု ချက်ချင်းတွေးမိကာ သူ့ရုံးခန်းထဲမှ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့သည်။
သူနှင့်အတူ ရှိသော ဗိုလ်သန်းဝင်းမှာလည်း အခန်းအပြင်ဘက်သို့ ၀ုန်းခနဲ ပြေးထွက်လာခဲ့သည်။
ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်တို့ အစည်းအဝေး ကျင်းပနေကြသော အခန်းဝသို့ ရောက်လျှင်ရောက်ချင်း "ဆင်နားရွက်" တံခါးလေးကို ကမန်းကတန်း တွန်း၍ အတွင်းသို့ ကြည့်လိုက်မိသည်။
ခပ်စောစောက မောင်းပြန်သေနတ်သံများဖြင့် ဆူညံသွားခဲ့သော အခန်းကြီးမှာ ယခုအခါ တစ်ခန်းလုံး ဘာသံမှ မကြားရတော့ဘဲ တိတ်ဆိတ်ငြိမ်သက်လျှက် ယမ်းငွေ့ယမ်းနံ့များဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။
ထိုသို့ ယမ်းငွေ့တလူလူ ဖြစ်နေဆဲပင် ရှိသေးသော ခန်းမကြီးထဲတွင် မြင်လိုက်ရသော မြင်ကွင်းကား ဗိုလ်ထွန်းလှအဖို့ သူ့တစ်သက်တာတွင် ဘယ်သောအခါမှ မေ့ရက်စရာမရှိသော မြင်ကွင်းပင် ဖြစ်သည်။
အစည်းအဝေးစားပွဲကြီး၏ တစ်ဖက်တစ်ချက်တွင် ၀န်ကြီးများ ဖြစ်ကြသော ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဆရာကြီး ဦးရာဇတ်၊ ဦးဘ၀င်း၊ မန်းဘခိုင်နှင့် မိုင်းပွန်စော်ဘွားကြီးတို့မှာ ကြမ်းပြင်ပေါ်တွင် မကြည့်ရက်၊ မမြင်ရက်စရာ သွေးသံရဲရဲဖြင့် အတုံးအရုံး လဲကျနေကြလေပြီ။ ပွိုင့် ၄၅ (.45) နှင့် ပွိုင့် ၃၅ (.35) အမျိုးအစား သေနတ်ကျည်ဆံအခွံများမှာလည်း တစ်ခန်းလုံး ကြမ်းပြင်အနှံ့ ပြန့်ကျဲနေတော့သည်။
လျှပ်တစ်ပြက်အတွင်း အိပ်မက်ပမာ ယုံနိုင်ဖွယ်ရာမရှိဘဲ ကြေကွဲနာကြည်းစရာကောင်းသည်နှင့်အမျှ တုန်လှုပ်ချောက်ချားစရာကောင်းလှသည့် အနိဌာရုံ မြင်ကွင်းကြီးကို ရုတ်တရက် မြင်လိုက်တွေ့လိုက်ရသော ဗိုလ်ထွန်းလှမှာ ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်ကာ မှင်သက်မိသွားသည်။
ထိုအခိုက် ရုတ်တရက် အသက်မသေသေးဘဲ ရှိနေရှာသေးသော မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်းသည် လဲကျနေရာမှ မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းဖြင့် ဒယိမ်းဒယိုင်ထ၍ ဗိုလ်ထွန်းလှဆီသို့ ကယောင်ကတမ်းလျှောက်လာရာ ဗိုလ်ထွန်းလှသည် စ၀်စံထွန်းအား ပြန်၍ လဲကျမသွားစေရန် အတင်းပင် အထိုင်ခိုင်းရတော့သည်။
ထို့နောက် သူချစ်ကြည်လေးစားလှသော ဗိုလ်ချုပ်လဲကျနေသော နေရာသို့ အပြေးအလွှား သွားကြည့်လိုက်သည်။
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှာ စားပွဲထိပ်တွင် သူထိုင်သော ကုလားထိုင်ကြီးနှင့်အတူ ပက်လက်လန် လဲကျနေရှာပေပြီ။ သေနတ်ဒဏ်ရာ ၃ ချက်ခန့်ဖြင့် ရင်အုံမှ ထွက်လာသော သွေးများသည် သနပ်ခါးရောင် ပိုးတိုက်ပုံတွင် ရဲရဲနီနေသည်။
ဗိုလ်ထွန်းလှသည် ဒရောသောပါးဖြင့် ဗိုလ်ချုပ်ကိုပွေ့ကာ ကမန်းကတန်း ကိုယ်ကို စမ်းကြည့်လိုက်သည်။
လုံးဝ သွေးမတိုးတော့၊ လုံးဝ အသက်မရှိတော့။
ဗိုလ်ချုပ်ကား ကျဆုံးခဲ့လေပြီ။
လွန်ခဲ့သော အင်္ဂါနေ့ နံနက်က "အီးစီကို စနေနေ့မနက် ပြောင်းလုပ်လိုက်ပါကွာ" ဟူ၍ ညွှန်ကြားပြောဆိုခဲ့သော ဗိုလ်ချုပ်သည် ထိုစနေဖြစ်သော ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တိတိ၃ အချိန်မှာပင် မသမာသူ လူသတ်သမားတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရပေပြီ။
ထိုစနေကား ဂြိုလ်မွှေသော စနေတည်း။
----------------------------------------------------------------------------------------------------------------------
၁ အီးစီ ( E.C) ဆိုသည်မှာ "ဘုရင်ခံ၏ အမှုဆောင်အဖွဲ့" (Governor's Executive Council) ဟု ခေါ်သော ၀န်ကြီးများအဖွဲ့ကိုပင် ဆိုလိုသည်။
၂ ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပြုလုပ်ထားသော တာဝါလိမ်းလမ်းမှ နေအိမ်ဖြစ်သည်။
၃ ၁၉၆၆ ခုနှစ် အာဇာနည်နေ့ကျင်းပရေး ကော်မတီက သတ်မှတ် အတည်ပြုခဲ့သော အချိန်ဖြစ်သည်။
----------------------------------------------------------------------------------------------------------------------
(လင်းယုန်မောင်မောင်၏ သွေးစွန်းသော နေ့ရက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်)
အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ကျမတို့ရဲ့ မျိုးဆက်သစ်လေးတွေ သိရှိဖို့၊ ကျမရဲ. သားသမီးတွေ ဖတ်မှတ် သိရှိနေစေဖို့အတွက် ကျမလက်လှမ်းမှီသလောက် ကျမဘလောက်ဂ်ပေါ်မှာ တင်သွားဖို့ ရည်ရွယ်ထားပါတယ်။ ခု ဒီသွေးစွန်းသောနေ့ရက်များထဲမှ မြန်မာပြည်နဲ့ သက်ဆိုင်တဲ့ အပိုင်းလေးတွေကို တင်သွားပါ့မယ်။ ကျန်ရှိနေသေးတဲ့ အပိုင်း ၅ ပိုင်းကိုလည်း ကျမ ဆက်တင်သွားပါ့မယ်။
Comments