
ကျမ ဂျီတော့ခ်ထဲမှာ အဆောင်က သူငယ်ချင်းတွေ ညဘက်ဆို တန်းစီ မီးလင်းနေတတ်ကြပါတယ်။ တချို့ကလည်း မီးစိမ်းလေး၊ မီးနီတချို့ မီးဝါ တချို့လည်း တွေ့ရတတ်ပါတယ်။ ကျမကိုယ်တိုင်ကလည်း ညဖက် အိမ်မှာဆို အင်တာနက်ကို ထိုင်ကိုင်နေနိုင်တာမဟုတ်လို့ သူတို့တွေကို တွေ့ရင် အဆောင်တုန်းကလို စကားပြောချင်ရုံက လွဲလို့....။
မနေ့ညကတော့ ကျမ ဂျီမေးလ် စစ်ဖို့ တချက် ၀င်ကြည့်လိုက်တော့... သူတို့တွေ တန်းစီလို့။ စဉ်းစားမနေတော့၊ မေးမြန်းမနေတော့။ ကျမ group chat လုပ်ဖို့ google talkgadget ထဲ ၀င်လိုက်ပါတယ်။ အရင်က သူများဖိတ်လို့ လိုက်ဝင်ပြောတာပဲ ဆိုတော့ ဘယ်လို ဖိတ်ရမှန်းမသိပါဘူး။ A နဲ့ စတဲ့ သူငယ်ချင်းက ကွန်တက်စာရင်းထဲမှာ ထိပ်ဆုံးကမို့လို့ သူ့ကို အရင် ဖိတ်လိုက်ပါတယ်။ တကယ်တမ်းကျတော့ သူက သူ့ရဲ့ မဟာဘွဲ့အတွက် အမြဲတမ်း assignment တွေနဲ့ အလုပ်ရှုပ်နေတတ်သူ၊ ပြီး မိသားစုနဲ့ဆိုတော့ သူ့ကို အရင်ကလောက် မနှောင့်ယှက်ဖြစ်တာကြာနေပါပြီ။ အမြဲတမ်း မီးအနီလင်းထားပေမယ့် သူငယ်ချင်းဆိုတာကို အခွင့်ကောင်းယူပြီး မသိသားဆိုးဝါးစွာပဲ ကျမ ဖိတ်လိုက်မိပါတယ်။ နောက်တစ်ယောက်ကလည်း စားပွဲမှာ ရှိမနေပါဘူးဆိုပြီး အနီရောင် ပြထားပါတယ်။ နေဦး။ သူလည်း ပါမှ ပွဲစည်မှာလား။ မအားလို့မလာလည်း မတတ်နိုင်ဘူးပေါ့။ သမီးလေးလည်း နေမယ်... သူလည်း အားမယ်ဆိုရင်တော့ လာလိမ့်မယ် လို့ မျှော်လင့်ပြီး တခါ ဖိတ်ပြန်ပါတယ်။ ကျန်တဲ့ သုံးယောက်ကိုလည်း ဖိတ်၊ ပြီး ဂျီတော့ခ်ကနေလည်း လာဂျွိုင်းပါဦး ဆိုပြီး အကုန် လိုက်ခေါ်ပြန်ပါတယ်။ ဟဲဟဲ...။ အဆောင်မှာ ဆိုရင်တော့ လက်ဖက်သုပ်စားကြွပါပေါ့လေ...။
ပထမဆုံး A ၀င်လာပါတယ်။ သူ့ထုံးစံအတိုင်း သိမ်မွေ.တဲ့ စကားလုံးတွေနဲ့ ယဉ်ကျေးစွာပေါ့။ ကျန်တဲ့သူတွေ က ပေါ်မလာသေး။ နောက် တောင်ငူသူဆီကအသံထွက်လာပါတယ်။ အဲဒီလင့်အတိုင်းလိုက်ခဲ့လေ ဆိုသာ ဆိုခဲ့တယ်။ သူ ဘယ်အခန်းများ မှားဝင်သွားသလဲ မသိ။ အလကားနေ အသက်ကြီးချင်နေတဲ့ မမ ကတော့ ဟဲ့ အခန်းထဲမှာ ဘယ်သူမှလည်း မရှိပါလား ဆိုနေသေး။ ကျမလည်း ပျာယာခတ်။ ဘယ်လိုဖြစ်တာပါလိမ့်။ နောက်မှ ကျမလည်း သဘောပေါက်တော့တယ်။ ဟဲဟဲ။ တစ်ယောက်စီကို တစ်ခန်းစီ ထည့်ထားမိတာကိုး။ ဒါနဲ့ အခန်းလွတ်တွေ ပြန်ဖျက်ပြီး တခန်းထဲမှာ စုရတော့တယ်။
ပျော်လိုက်တာ...။ ရုပ်တွေ မမြင်ရပါဘူး။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းတွေ အခန်းတစ်ခန်းထဲမှာ စုစည်းပြီး ၀ိုင်းဖွဲ့စကားပြောဖြစ်ခဲ့တဲ့ အချိန်လေးတွေ....။ အဆောင်သူ ဖြစ်ခဲ့လို့လားတော့မသိ။ အဲဒီ အရသာကို ကျမ ဘယ်တော့မှ မမေ့။ တကယ်တမ်းကျတော့ သူများတကာလို အဖွဲ့ ကြီး နဲ့ ပျော်ခဲ့တတ်တာတော့မဟုတ်။ နောက်တော့ မော်လမြိုင်သူတစ်ယောက်သာ ကျန်ခဲ့။ ကျန်သူတွေရောက်လာ...။
သူငယ်ချင်းတစ်ယောက်က ဘာ topic ပြောနေတာလဲတဲ့။ ပြောတဲ့စကားတွေက တို့တွေ ယူလာတဲ့ အစာပလာတွေလိုပေါ့။ ဆီလေးစိုက်လိုက်၊ ငရုပ်သီးလေး၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်လေး..။ ကိုယ့်ရှိတာ ကိုယ်ယူလာပြီး သုပ်စားတဲ့ လက်ဖက်သုပ် စပ်စပ်လေးလိုပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် စားလို့ကောင်းနေခဲ့တဲ့ အဆောင်ရဲ့ ညတွေလေ...။ နောက်ပိုင်း သက်ဆိုင်သူတွေ လာပို့တဲ့ မုန့်တွေနဲ့ တောင် လဲလို့ မရစကောင်းတဲ့ ချိုမြိန်ဖွယ် အတိတ်လေးတွေပေါ့။ ဟဲဟဲ.. မရီကြနဲ့နော်...။ မန္တလာသူကို လက်ဖက်သုပ်တာမှာ ဆီထည့်တာ လက်တုန်တယ် ပြောလို့ ကျမကို နံမယ်ဖျက်တယ်လို. သူပြောဖူးခဲ့ပါတယ်။ ချစ်လို့ ကျီစယ်မိသွားတာပါနော်..။
အကုန်လုံးလည်း အဲဒီ ခံစားမှုလေးကို သတိရသွားကြမယ် ထင်ပါတယ်။ ကျမတို့ထဲမှာ A ကလွဲလို့ အကုန် အဆောင်သူချည်းပါပဲ။ A ကိုယ်တိုင်ကလည်း အဆောင်ကို ခင်တွယ်လွန်းလို့ အဆောင်မှုးတွေ၊ ဟောကျူတာတွေလက်ကနေ မမြင်အောင် ပုန်းကွယ်ပြီး အဆောင်ရဲ့ ညတွေကို လာရောက် ခံစားတတ်တဲ့သူကိုး။ သူလာရင် ကျမတို့ကလည်း အထူးဧည့်သည်တစ်ယောက်လို ကိုယ့်အခန်းကို ဖိတ်ရပါတယ်။ ဟိုကြည့်သည်ကြည့် ၊ လူရှင်းတယ်၊ မြန်မြန်လာဆိုပြီး ခေါ်ရတာလေ။ တခါမှာတော့ A က ကျမတို့ ဂျီဟောကို ရောက်ပြီး စကားတွေ ပြောနေကြပါတယ်။ တပ်ကုန်းသူရဲ့ ကုတင်မှာ အိပ်နေတဲ့သူ ကို မေ့ပြီး တပ်ကုန်းသူက သူ့မေဂျာတူ အဆောင်မှုးမမကို အခန်းထဲ ခေါ်လာပြီး စကားတွေ ကောင်းနေလို့။ ကျမ တို့ကလည်း အသဲ တထိတ်ထိတ်နဲ့ပေါ့။ A ခမျာမှာလည်း ဟိုဘက်လှည့် ခေါင်းမြီးခြုံလို့ အသက်ရှုတွေ မှားနေရောပေါ့။ နောက်တော့ အဆောင်မှုးကိုယ်တိုင် ရိပ်မိသွားပြီး တပ်ကုန်းသူကို မျက်ရိပ်ပြပြီး အလိုက်တသိထွက်သွားရပါတယ်။ ဟဲဟဲ။
နောက်တစ်ယောက်က ပဲနွယ်ကုန်းသူ သတ္တိခဲလေ...။ သူနဲ့က ကျမ အဆောင် စ ၀င်ကတည်းက မျက်နှာချင်းဆိုင်။ တစ်ခန်းထဲ အတူနေကို စ မတွေ.ဖူးခင်ကတည်းက သူနဲ့ အရင် စ သိတာပါပဲ။ ရေနွေးဘူးကိုင်ပြီး ထွက်လာတဲ့ ဆံပင်ရှည်ရှည်နဲ့ အပျိုချောပေါ့လေ... (အဲဒီတုန်းကပြောပါတယ်...ခုတော့လည်း ဆံပင်တိုတိုနဲ့ ဘောင်းဘီဝတ် အပျိုကြီး ဖြစ်နေပါပြီ။)။ သူ ကျမကို ဘယ်တော့မှ မမေ့မှာကတော့ သဇင်ဆောင် သမိုင်းဝင်းထဲကနေ အင်းယားလမ်းက ကျမ အဖွားအိမ်အထိ ရောက်ခါစ ကျမ ကားမစီးတတ်တော့ သူ့ကို အဖော်ခေါ်ပြီး လမ်းလျှောက်ခဲ့ရတာပါ။ ကျမကလည်း မအူမလည်ကိုး။ သူနဲ့ကလည်း ရှေးရေစက်ပါတယ် ထင်ပါရဲ့။ ကျမတို့ အခန်းတွေထဲ သူလာတတ်ပါတယ်။ ပေါက်တတ်ကရတွေ ပြော၊ သူ့ကို မဟုတ်တရုတ်တွေ စေတနာနဲ့ ဆရာကြီး ၀ိုင်းလုပ်ကြတာ၊ တခါလည်း သူလုပ်ချင်တာ လုပ်ခဲ့ပြီးမှ ကြောက်ကြောက်နဲ့ ကျမ တို့ အခန်းထဲ လာရင်ဖွင့်တာ.... ဘာတဲ့... သူရဲကောင်းဆိုတာ လုပ်ပြီးမှ ကြောက်တာ ဆိုဘဲ... ဟဲဟဲ။
နောက် မော်လမြိုင်သူလေး... ကြင်နာတတ်သော၊ နူးညံ့သော၊ မိန်းမပီသတဲ့ သူ။ သူကတော့ အကုန်လုံးအပေါ်မှာ တကယ့်ကို နွေးနွေးထွေးထွေး ဆက်ဆံတတ်တဲ့ မိန်းကလေးပေါ့..။ ခုတော့လည်း ကလေးတစ်ယောက်နဲ့ အလုပ်တွေကို ရှုပ်လို့။ ကျမတို့ နိုင်ငံနဲ့ ဝေးလွန်းတဲ့ တနေရာမှာ မိသားစုနဲ့အတူ။ တကယ်တမ်း ကျမတို့ ကျောင်းတွေ ပြီးလို့ ကိုယ့်ဖာသာကိုယ် ရုန်းကန်နေရတဲ့ အချိန်တွေမှာတုန်းက သူငယ်ချင်းတွေနဲ့ မဆုံဖြစ်ခဲ့ကြပါဘူး။ ကျမ သူ့အကြောင်းတွေးမိရင် ပြောစရာ စကားတွေကပျောက်လို့ သူ့ရဲ့ နွေးထွေးမှုကိုပဲ ပြန်သတိရနေမိတယ်...။
ကျန်တဲ့ နှစ်ယောက်ကတော့ လေးတန်းနှစ် ...အဲ ... ဖို့ဒ်ရီးယား လောက်ကထဲက တွဲလာတဲ့ နှစ်ယောက်။ ဂျီဟောရောက်တော့ လေးယောက်ခန်းမှာ အတူနေခဲ့တဲ့ အခန်းဖော်တွေ...။ တစ်ယောက်ကတော့ ခြင်္သေ့ကျွန်းမှာ အခြေကျလို့ ပျော်စရာ မိသားစုလေး ပိုင်ဆိုင်ထားသူ။ သူချစ်တဲ့ လပ်ကီးစရိုက်ကြော်ငြာထဲက မင်းသား( အစစ်မဟုတ်) နဲ့ ချစ်စရာကောင်းတဲ့ သမီးချော၊ သားချောတွေနဲ့... ။ သူကမေးတယ်...။ သဇင်နဲ့ ဂျီဟော ဘယ်မှာ ပိုပျော်သလဲ၊ ဘယ်ကို ပိုသတိရသလဲတဲ့။ ကျမအထင်တော့ ရောက်ခါစမို့ သဇင်ဆောင်ရဲ့ မယ်သစ်လွင်ဘ၀မှာ ပိုပျော်စရာကောင်းမယ်ထင်တယ်...။ ဘာမှလည်း ပူစရာမရှိ။ ဘယ်သူပြောသလဲ...။ အဆောင်ဟင်း မကောင်းဘူးလို့။ ကျမမှာတော့ ကျောင်းကို ထမင်းဘူးယူသွားတဲ့အခါ ထမင်းနည်းမှာစိုးလို့ ဟင်းထည့်တဲ့ခွက်ကိုတောင် ဖယ်ထားခဲ့ရလောက်အောင် စားလို့ကောင်းခဲ့တဲ့ အချိန်လေ...။ အစစအရာရာ ဟာ အသစ်အဆန်းတွေ ဖြစ်လို့ပေါ့....။
နောက်တစ်ယောက်ကတော့ ခုမှ အခြေကျဖို့ ကြိုးစားနေတဲ့ သူငယ်ချင်း...။ တကယ်တမ်း သူက ဒီနေ့ အခန်းပြောင်းရမှာ.. ပစ္စည်းတွေ မသိမ်းသေးဘဲ သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့စကားပြောနေလိုက်တာ...။ တကယ့်ကို ငယ်ဘ၀ကို သတိရစရာပါပဲ...။ ရှိတဲ့ သူတွေ စုံပြန်တော့လည်း မရှိတဲ့သူတွေကို သတိရပြန်သေးတယ်။
ကျမတို့ ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာကတော့ အစုံအလင်ပါပဲ..။ စကားတွေက ဟိုရောက်လိုက် သည်ရောက်လိုက်။ တကယ်တမ်းကျတော့ အကြောင်းအရာက အဓိက မဟုတ်ပါဘူး။ ကျမတို့တွေ အတူရှိနေကြတာ...။ အတူ ပြောနေကြတာ.. အရင်တုန်းကလိုပဲ ရှင်သန်တက်ကြွနေတဲ့ လက်ဖက်သုပ်မပါတဲ့ အွန်လိုင်းစကားဝိုင်းလေးပေါ့နော်...။
တစ်ယောက်တမျိုးစီပြောလိုက်.. အွန်လိုင်းကနေရီလိုက်ကြ...။ အသံတွေက ကြားမနေရပေမယ့် အရင်က အသံတွေကပဲ နားဆီ လွှင့်လာသလိုလို..။ မေ့လိုက်ကြတော့....။ ခါးသီးမှုတွေ နာကျည်းမှုတွေ...၊ ပူခဲ့တဲ့ အပူအပင်တွေ..။ မကျေလည်ခဲ့တဲ့ အကြိတ်အခဲလေးတွေ ရှိခဲ့ရင်...။ လူ့ဘ၀ ဆိုတာ တိုတိုလေးပါပဲ...။ ခုတောင် တို့တွေ အသက် လေးဆယ်တန်းရောက်ကုန်ကြလို့..။ နောက်ထပ် ဘယ်နှစ်ဆယ်လောက် ဆက်နေကြရဦးမှာတဲ့လဲ...။ ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်ရင်း... တို့တွေ ငယ်ဘ၀က ငယ်သူငယ်ချင်း တွေနဲ့တော့ ငယ်အိပ်မက်ကလေးတွေကို တခါတရံတော့ တို့တွေ အတူ သတိရလိုက်ကြရအောင်နော်...။ ။
Comments