Monday, August 4, 2008

မင့်အိမ်

ဆရာကြီးဇော်ဂျီရဲ့ ကဗျာလေးပါ။ ဟုတ်ပါတယ်။ သည်အိမ်က ကျမတို့ အိမ်ပါပဲ..။ ညည်းမနေပါနဲ့။ စွန့်မသွားနိုင်သေးတော့လည်း ပြင်ပြီး နေကြရုံပါပဲ။ ဘယ်လောက်စုတ်ပြတ်သတ်နေနေလေ... ဒါ ... ကျမတို့ အိမ်ကလေးပါပဲ။
မင့်အိမ်
ဇော်ဂျီ
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊ စိတ်စက်မကောင်း
စိတ်ထောင်းကိုယ်ကြေ၊ တခွေခွေသည်
နေထိကြွေမည့် ပန်းယဉ်အိ။

လှိုင်းအိအယောင်
ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့
စကြောသပ်ရပ်၊ စံပယ်ထပ်နှင့်
ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့
ဝေးက မျှော်မှန်း၊ မင်း ရော်ရမ်းသည်
ပန်းအိ နေထိ ကြွေတော့မည့်။

မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို၊ အမိုးယိုသော်
မငြိုငြင်သင့်ပါ၊ မင့် တက်ဖာပေါ့
အကာ အခင်း၊ ပျက်ယိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင် အနဲ့၊ အရွဲ့အစောင်း
မကောင်း မပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဉာဏ်ဖြင့် ဆ၍
လုံ့လသက်သွင်း သစ်စေမင်း။ ။

လမ်းစဉ်သတင်း၊ အတွဲ ၄၊ အမှတ် ၂၀ (၁၅၊ ၇၊ ၁၉၆၈)..

2 comments:

sonata-cantata said...

ဆရာဇော်ဂျီက မင့်အိမ်တဲ့

မပြင်နိုင်သေးတဲ့
ကိုယ့်အိမ်ကို စွန့်ခွာ
သူ့အိမ်မှာ ခဏတာ
အားတွေကိုမွေးမှာ
မိုးယိုတာလေး ဖာဘို့ရာ...

ဆယ်စုနှစ်တွေ တိုးလို့လာ
ပြိုတဲ့ကိုယ့်အိမ် ပျက်ပြီကွာ
ကိုယ့်အိမ်ရယ် ဘယ်ဝယ်မသိ
သောင်ပြင်လွှတ်တဲ့ ...
့ဖြစ်ပါဘိ။

Thinn Nwe Zin said...

သူ့ များ အိမ် မှာ ခဏ တာ လာ နား ကြ သူ တွေ ကိုယ့် အိမ် လေး ဘယ် တော ပြန် ပြု ပြင် နိုင် မ လဲ လို့ တ မျှော် မျှော် နဲ့ ပါ....