ကဗျာလေးကို ဖတ်ကြည့်ပြီးတော့ တအားသဘောကျသွားလို့ ယူပြီးတင်ထားတာပါ။ ကျမ ကွန်မက်ထဲမှာတော့ ရေးထားခဲ့ပါတယ်။ ဒီက ယူလာခဲ့တာပါ။ နှမြောလို့...
နှမြောတယ် …
နှမြောတယ် …
တိုင်းပြည် လူမျိုး
နိုင်ငံရဲ့အနာဂတ်ကို ထမ်းပိုးမယ်တဲ့
အဲဒီ့လူငယ်အချို့ရဲ့ခေါင်းထဲမှာ
တရားမျှတမှုတွေခမ်းခြောက်နေတာကို နှမြောတယ် ..။
နှမြောတယ် …
ပြည်သူရဲ့ သွေးချွေးမျက်ရည်
တတိတိကြွေပေးခဲ့ရတဲ့ လမ်းပေါ်မှာလျှောက်
ရိုက်သွင်းခံထားရတဲ့ တစ်လမ်းသွားဦးနှောက်နဲ့
အောက်ကို တစ်ချက်လေးတောင်ငုံမကြည့်တဲ့သူတွေကို နှမြောတယ် …။
နှမြောတယ် …
အဆင့်မြင့်ပညာရပ်တွေကို
အဆင့်မြင့်နိုင်ငံတွေမှာသင်ယူ
အညွန့်တလူလူနဲ့ လူတော်တွေ …
လူကောင်းတွေဖြစ်မလာတာကို နှမြောတယ် …။
နှမြောတယ် …
မတရားမှုတွေကို ထောက်ခံ
အမှန်ကိုအမှား အမှားကိုအမှန်
အမြင်အာရုံတွေမှာ မောဟအမှောင်တွေခံနေတဲ့
မြင်ရက်နဲ့ကန်းနေတဲ့ မျက်လုံးတွေကို နှမြောတယ် …။
ဘုန်းမင်းဇွန်
Comments