ခုတလော .... ရေးစရာအကြောင်းအရာ သိပ်မရှိတာလား၊ ရင်ဖွင့်ချင်လောက်အောင် ရင်ထဲ သိပ်ပြီး မွန်းကျပ်မနေလို့လားတော့ မသိ၊ ကျမ ဘလော့ဂ်မှာ ပို့စ်အသစ်တွေ မတင်ဖြစ်သေးပါဘူး။ အော်... တင်ချင်တဲ့ ၀တ္ထုတိုလေး တပုဒ်ကျတော့လည်း scribd ကို upload လုပ်လို့မရပြန်၊ ဘာမှမခံပဲ ဒီအတိုင်း သွားပြန်တော့လည်း access denied ...။ ကွန်နက်ရှင်ကလည်း နှေးလွန်းတဲ့ အပြင် ပေါ်လိုက်ပျောက်လိုက်နဲ့ ဆိုတော့ တခါတလေ သူငယ်ချင်းတွေတောင် အားနာမိသေး။ သူတို့က hi လုပ်ရုံရှိသေး။ ကိုယ်က ပျောက်သွားပြန်တော့ သူ့ hi ကိုပဲ ကိုယ်က ဖြည့်စွက်ပြီး hide လုပ်လိုက်သလိုလို...။
တကယ်တမ်းကျတော့ ကျမက ကိုယ်ကြုံတွေ့သမျှကို ဘလော့ဂ်ပေါ်တင်ချင်တဲ့ ဘလော့ဂ်ရောဂါသည် အနုစား ဆိုပါတော့။ အပြင်ထွက်တိုင်းလည်း ကိုယ့် လက်ကိုင်ဖုန်း ကင်မရာလေးကို အဆင်သင့်လုပ်ထားလို့....။ ဒါပေမယ့် ဟိုတနေ့က ကလေးကျောင်းအမှီ ပို့ပါတယ်ဆိုကာမှ လှည်းတန်းမှာ တော်တော်နဲ့ မီးပွိုင့်က မစိမ်း။ လုံထိန်းကားတွေက အများကြီး တရွှီးရွှီးနဲ့ ဖြတ်နေတာ.. အင်းစိန်လမ်းကို အသွားအပြန် နှစ်ဘက်စလုံးပဲ။ ဘာတွေများဖြစ်နေတာပါလိမ့်လို့ လူတွေကလည်း ထူးမခြားနား ဝေတေတေ မျက်လုံးတွေနဲ့ လိုက်ကြည့်နေကြတယ်။ နောက်တော့ ကားတွေလည်း သွားရော၊ လှည်းတန်းထိပ်နားက နာမည်ကြီးအဆောက်အဦရှေ့မှာ လုံထိန်းကား ခြောက်စင်းလောက် ထိုးရပ်ထားတဲ့ အပြင် လုံထိန်းရဲတွေကလည်း လက်နက်အပြည့်အစုံနဲ့ တန်းစီရပ်ပြီး ကားလမ်းဘက်ကို stand-by လုပ်ထားပါတယ်။ နောက်ဆုံးနားက လုံထိန်းကတော့ သူ့ရဲ့ video camera နဲ့ ချိန်ပြီး ဖြတ်သွားသမျှကို လိုက်ရိုက်နေပါတော့တယ်။ အော်.. ဗွီဒီယိုရိုက်တာ ပြောတာပါ။ အကုန်လုံးကို မှတ်တမ်းလိုက်တင်နေတာလားမသိ။ အင်းလေ... ကိုယ်မှ မသိတာ။ ထင်တာ ရမ်းတုတ်ရတာပဲပေါ့။ ကျမ စိတ်ထဲကလည်း သိပ်မလုံချင်ဘူးပေါ့။ ကိုယ်က ဘလော့ဂ်ထဲ တင်ဖို့ စိတ်တွေကူးနေတာကိုက အပြစ်လုပ်နေမိသလိုလို။ တကယ်တမ်း ကျမ အဲဒီအကြောင်းတွေ မရေးချင်ပါဘူး။ ဒါပေမယ့် ကိုယ်က ဒီပတ်ဝန်းကျင်မှာပဲ ကျင်လည်နေထိုင်နေရတာဆိုတော့.... အမြင်မတော်တာတွေ မြင်နေရတာကိုး။ ကိုယ့်ဘာသာကိုယ်တောင် တနေ့ တနေ့ လှုပ်ရှားရုန်းကန်နေရတာကိုက ပင်ပန်းလှပါပြီ။ ဒီလိုမြင်ကွင်းတွေ မြင်ရတာတော့ စိတ်ထဲ ပိုတင်းကြပ်လာသလိုပဲ။ ကျမတို့တွေကို ကာကွယ်ပေးနေတယ်လို့ အားကိုးအားထားပြုချင်တဲ့ စိတ်တွေ တကယ့်ကို တစ်စက်ကလေးမှ ပေါ်မလာတာ ထူးဆန်းနေတယ်။ ဒီလောက် မျက်စေ့နောက်အောင် ရှုပ်ရှက်ခတ်နေတဲ့ကြားကကို ခုတလော..ဟိုနားက....သည်နားက... ဗုံးတွေပေါက်နေသေးတယ်။ ပြည်သူတွေလည်း တထိတ်ထိတ်....။ အင်း......ဘယ်တော့များမှ....ကျမတို့တိုင်းပြည်လည်း အေးချမ်းတဲ့ အနေအထားရောက်နိုင်ပါမလဲ နော်...။ ခေတ်မမီ မတိုးတက်ချင် နေပါစေတော့၊ ဘုရားတရားသံဃာအရိပ်အောက်မှာ စိတ်အေးအေး ချမ်းချမ်း နေနိုင်ရင်ပဲ တော်ပါပြီလေ....။ ( အဲ.... အင်တာနက်တော့ လိုဦးမယ်ထင်တယ်နော...ဟဲဟဲ)
Comments