Skip to main content

Pets and us!

ကျမ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ချစ်တတ်ပါတယ်။ ငယ်ငယ်ကတည်းက မေမေ ဈေးက အပြန် ၀ယ်လာတတ်တဲ့ ဘဲပေါက်စလေးတွေကိုလည်း ချစ်ခင်စွာ မွေးမြူခဲ့ကြဖူးသလို သူတို့ သေတော့လည်း ၀မ်းနည်းစွာ ငိုကြွေးခဲ့ကြရပါသေးတယ်။ ဒါပေမယ့်လည်း ထပ်ခါ ထပ်ခါ မွေးမြူရင်း ထပ်ခါ ထပ်ခါ ငိုကြွေးခဲ့ရတာလည်း အိမ်ထောင်ကျတဲ့ အချိန်ထိပဲ.. ဆိုပါတော့။ ( ဒါကြောင့် ကျမကို တိရိစ္ဆာန်လေးတွေကိုတော့ စိတ်ရှည်ပြီး ကိုယ့်သားသမီးတွေအပေါ် ဘာဖြစ်လို့ စိတ်မရှည်ရတာလဲ လို့ သူ မေးခွန်းထုတ်လေ့ရှိပါတယ် )

အခုတခါ....သားကြီးကလည်း အကောင်လေးတွေ မွေးမြူတာ ၀ါသနာပါနေပြန်ပါတယ်။ သူ့ကိုပေးတဲ့ မုန်းဖိုးလေးတွေနဲ့ ငါးတွေ ၀ယ်လာပြန်ရင်း.... တော်ကြာ သူ့ ငါးတွေ သေကုန်လို့ ငိုလိုက်ပြန်ရင်း....။ ကြွက်ဖြူလေးတွေ ကျောင်းမုန့်ဈေးတန်းရောက်လာပြန်တော့လည်း အတန်တန် တားထားတဲ့ကြားက ခိုးဝယ်လာပြန်ပါတယ်။ သူ အဲဒီလို အကောင်တွေ ယူလာတိုင်း လူကြီး တွေကတော့  ဆူကြပူကြပေါ့။ နောက်တော့လည်း သံယောဇဉ်နဲ့ လူသားတွေဆိုတော့ သူပစ်ထားသမျှ အဖွားက ငါးရေကန်လဲပေးရ၊ အဖိုးက ကြွက်အိမ်ကို ဆေးကြောပေးရနဲ့ ဖြစ်ကုန်ကြပါတယ်။ ကျမကလည်း သူ့ငါးလေးတွေအတွက် ငါးစာလေးတွေ၊ ကြွက်ကလေးစားဖို့ နေကြာစေ့လေးတွေ ၀ယ်ပေးရတာနဲ့ပေါ့။ 

တစ်ခါ ကျမအဖေ နယ်မြို့ကနေ ကြက်တူရွေးတစ်ကောင် ခေါ်လာခဲ့ပြန်ပါသေးတယ်။ အိမ်မှာ နေရတဲ့ မေမေကတော့ စိတ်တွေညစ်လို့။ တခြားသူတွေကတော့ မနက်မိုးလင်း ညနေ မိုးချုပ်ခါနီးမှ အိမ်ပြန်လာကြတာဆိုတော့ ကိုယ့်မျက်စေ့အောက် အမြင်မတော် အကုန် လိုက်လုပ်ရတော့မှာကိုး။ ရွှေခဲ အိမ်မှာ ဗိုလ်ကျလို့ မကြာလိုက်ပါဘူး။ ဒီဒီ ဆိုတဲ့ အမွှေးစုတ်ဖွားနဲ့ ခွေးမလေးတစ်ကောင်ကို ကျမ အကိုက ခေါ်လာပြန်ပါသေးတယ်။ မေမေတစ်ယောက်ထဲ အိမ်မှာ ကျန်နေခဲ့တော့ အဖော်ရအောင်လို့တဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ အစကတော့ မေမေလည်း စိတ်တွေ တော်တော်ညစ်လို့ပေါ့။ နောက်တော့လည်း အဖော်လေးရတော့ ပြန်မပေးဖြစ်လိုက်တော့ဘဲ ဆက်မွေးဖြစ်ထားရပါတော့တယ်။

ငါးမှန်ရေကန်၊ ကြက်တူရွေးလှောင်ချိုင့်နဲ့ ကြွက်အိမ်ကို ဖေဖေတို့ အိမ်အပြင်ဘက် ၀ရန်တာမှာ ထုတ်ထားပါတယ်။ ဒီဒီ ကတော့ အိမ်တွင်းဗိုလ်ဖြစ်နေတော့... ကျန်တဲ့ တိရိစ္ဆာန်တွေအတွက် အတော် အနေကျုံ.သွားရပါတယ်။ နောက် ရွှေခဲလည်း ပျင်းရိငြီးငွေ့ပြီး သူ့လွတ်မြောက်ရာကို လှောင်အိမ်ဖွင့်ပြီး ထွက်ခွာသွားပါတယ်။ ကျမသာကြီးကတော့ ထုံးစံအတိုင်း ငိုကြွေးရင်းနဲ့ပါပဲ...။ နောက်တစ်ခါ... သူ့ ကြွက်ဖြူလေးကလည်း လှောင်အိမ်က လွတ်ထွက်လာတုန်း ဒီဒီ ကိုက်ခံထိပြီး သေသွားခဲ့ရပြန်ပါတယ်။ ကျမကတော့ သူ့ကို ကျမတို့အိမ်ကိုတော့ ဘာအကောင်မှ ခေါ်မလာခဲ့ဖို့မှာထားခဲ့တော့... ယူမလာခဲ့ပါဘူး။ ဖြစ်ချင်တော့ သူ့ငါးမှန်ကန်ကလည်း အက်ကြောင်းပေါ်ပြီး ရေတွေ စိမ့်ထွက်လာတော့ သူ့ငါးတွေ ကျမတို့ ရေချိုးခန်းက မသုံးပဲထားတဲ့ ရေကန်ထဲ လာထည့်ထားပါတော့တယ်။ အစက နှစ်ကောင်၊ သုံးကောင်၊ နောက်တော့ အကုန်လုံး ဒီဘက်အိမ်ကန်ထဲ ရောက်နေပါပြီ။ ကိုယ်က မမြင်ရင်သာ ကရုမစိုက်ဖြစ်တာ...။ ရေချိုးခါနီး ရေကန်ထဲ ကြည့်ဖြစ်တိုင်း ငါးမျိုးရောင်စုံက ကူးခတ်ဆော့ကစားလို့။ တခါတခါလည်း အစာလာမျှော်နေလို့။ 

သားကြီးမွေးနေ့မှာ hamster ၀ယ်ပေးမယ်လို့ ကတိရှိခဲ့လေတော့ ပြီးခဲ့တဲ့လ သူ့မွေးနေ့တုန်းက သူ့အတွက် တစ်ကောင်၊ ကလေးတွေအတွက်လည်း တစ်ယောက် တစ်ကောင်စီ ၀ယ်ပေးလိုက်ရပါတယ်။ သူတို့စားဖို့ အစားအစာ၊ ရေဗူး၊ အိပ်ဖို့ လိုအပ်တာတွေ၊ bath sand တွေပါ တခါတည်း ၀ယ်လာခဲ့ရပါတယ်။ မေမေကတော့ သူ့တာဝန်မကျအောင် ဒီဒီ ကိုက်လိမ့်မယ်၊ ဟိုဘက်အိမ်မှာထားဆိုလို့  ကျမတို့အိမ်ဘက် အလှည့်ကျပါတော့တယ်။ 

ကျမတို့အိမ်ရောက်ပြီး သိပ်မကြာပါဘူး၊ အလှဆုံးအကောင်လေး (ဈေးလည်း အကြီးဆုံး) သေသွားရပါတယ်။ ဘာဖြစ်လို့လဲတော့ သေချာမသိရပါဘူး။ ခုံပေါ်တင်ထားတဲ့ သူတို့အိမ်က ပြုတ်ကျပြီး တခုခုနဲ့ ခိုက်မိ သေသွားတာထင်ပါတယ်။ ထုံးစံအတိုင်းပဲ သားကြီးက ငိုပြန်ပါတယ်။ အငယ်နှစ်ယောက်ကတော့ အေးဆေးပဲ။ စိတ်မကောင်းဖြစ်လဲ ခဏဆို ဆော့ကစားလို့ မေ့သွားကြတာပါပဲ။ သားကြီးကတော့ စိတ်တော်တော်နုတယ်၊ စိတ်ပျော့တယ် ထင်ပါတယ်။ ငယ်ငယ်တုန်းက သေသွားတဲ့ ခွေးတွေတောင် သတိရရင် မျက်ရည်လေးဝဲ ၀မ်းနည်းတတ်သေးလို့....။  ကျမကတော့ ပြောထားတယ်။ မင်း အဖေ့လို စိတ်ထားတတ်အောင် နေစမ်းပါလို့။ သိပ်ပြီး ခံစားမနေနဲ့၊ မင်းခံစားတတ်ရင် ရှေ့လျှောက် မင်းပဲ ငိုရဦးမှာလို့။  သူ့အဖေက စိတ်ထားပျော့ပြောင်း နူးညံ့ပါတယ်။ ဒါပေမယ့် ခံစားမှု သိပ်မရှိတာလား။ ဥပေက္ခာတရားကို နှလုံးသွင်းထားနိုင်တာလို့ပဲ ပြောရမလား မသိတော့ပါဘူး။ ကျမကတော့ ကိုယ်မနေတတ်တဲ့ သူ့သဘာဝကို သိပ်သဘောကျတယ်။ ကျမသာ သူ့တစ်ဝက်လောက် အဲဒီလို စိတ်ထားတတ်ရင် တော်တော် စိတ်ချမ်းသာရမယ်ထင်တယ်။ 




ခုလည်း ကိုယ့်မျက်စေ့ရှေ့ရောက်နေတဲ့ ဟမ်းစတားလေးတွေကို သံယောဇဉ်ဖြစ်နေရပြီ။ မနက်မိုးလင်းတာနဲ့ သူတို့လှောင်ချိုင့်တံခါးဖွင့်ပေး၊ လူသံကြားရင် ပြေးလာတဲ့ သူတို့လေးတွေကို မုန့်ကြွေး၊ ရေတိုက်၊ ပြီး မခံချင်အောင် စ။ လုံးထွေးထွေး အမွှေးနုနုလေးကို ပွတ်ပေးပေမယ့် သူတို့လှမ်းကိုက်မှာကိုလည်း သတိထားရသေးတယ်။ ရောက်ခါစက သူတို့ကို နောက်ဖေးမှာ ဒီအတိုင်းပဲထားတော့ သူတို့ မပျော်ကြဘူးထင်ရဲ့။ မဆော့ပဲ တချိန်လုံး အိပ်နေတော့တာပါပဲ။ အမွှေးကလည်း စုတ်ဖွားဖွားနဲ့ မလှမပ။ နောက် internet ထဲမှာ သူတို့အကြောင်းတွေ သွားရှာဖတ်ကြည့်တော့ .... သူတို့ပျော်အောင်လည်း နီးနီးကပ်ကပ်နေ၊ စကားလေး ဘာလေး ပြောပေးရတယ် ဆိုပဲ။ ဟုတ်သား...။ တိုးတက်လာတယ်...။ ကစားစရာတွေနဲ့ ကစားတယ်။ ပြေးတယ်။ စားတယ် သောက်တယ်၊ သူတို့ အမွှေးလေးတွေလည်း ပြောင်ပြောင်ရောင်ရောင်နဲ့ နေမကောင်းတဲ့ လက္ခဏာလည်း မရှိကြတော့ပါဘူး။ အိမ်အသစ် ပတ်ဝန်းကျင်အသစ်မှာ ပျော်လာနေပြီထင်ပါရဲ.။

အင်း.... လူတွေသာ မဟုတ်ဘူးနော်..။ဒီလို တိရိစ္ဆာန်သေးသေးလေးတောင်မှ ကိုယ့်ဂရုစိုက်တာ၊ အသိအမှတ်ပြုတာ ခံချင်ကြသေးတာပဲ။ အဲဒီအချက်ကိုက ဘ၀ရဲ့ လိုအပ်ချက်တစ်ခု၊ အသက်ရှင်သန်ဖို့အတွက် အထောက်အကူပြုတဲ့ အချက်တစ်ချက်လည်း ဖြစ်နေပြန်သေးတယ် ထင်တယ်နော်။    ။

Comments

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ