Skip to main content

ခြောက်နှစ်ပြည်တဲ့ ရဲရဲတောက် အတွက်....




သားငယ်လေး  ဒီနေ့ ခြောက်နှစ်ပြည့်ပြီနော်..

သားငယ်ကို မမွေးခင်က မေမေတို့မှာ ကိုကိုမိုးဟန်တစ်ယောက်ပဲ ရှိခဲ့တာပေါ့။ ကိုကိုမိုးဟန် ၅-နှစ်.. သူငယ်တန်းတက်မှ သားငယ်လေး မေမေတို့ဆီ ရောက်လာတာလေ...။ ကိုကိုမိုးဟန် ၂-နှစ် ၃-နှစ်လောက်အထိကတော့ မေမေ့မှာ နောက်ထပ်ကလေးတစ်ယောက် မလိုချင်တော့လောက်အောင် ပင်ပန်းနေခဲ့တယ်။ မေမေလည်း နေလို့သိပ်မကောင်းတော့ နောက်ထပ်ကလေးလေးလည်း  မလာနိုင်ဘူးပေါ့။ ကိုကို မိုးဟန် လေးနှစ်ကျော် ငါးနှစ်ထဲလည်းရောက်ရော.. တစ်ဦးတည်းသားဖြစ်နေတဲ့ ကိုကိုမိုးဟန်က ညီလေး ညီမလေးတွေကို သိပ်လိုချင်ရှာနေတာ.. အပြင်မှာ တွေ.သမျှ ကလေးငယ်တိုင်းကို လိုက်ချစ်နေတော့တာလေ။  

မေမေလည်း ကလေးလေး တစ်ယောက်.. အထူးသဖြင့် သမီးလေးတစ်ယောက်လောက်ပေါ့.. လိုချင်သား။  အန်တီဒေါက်တာကို သွားပြပြီး သိပ်မကြာခင်ပဲ ကလေးလေး တစ်ယောက် မေမေ့ဗိုက်ထဲ ရောက်လာခဲ့တယ်။ ကိုကိုမိုးဟန်တုန်းက လေးလလောက်မှာပဲ သားလေးမှန်းသိခဲ့ရပေမယ့် သားငယ်ဖြစ်လာမယ့် ဒီကလေးလေးကိုလည်း မေမေတို့ ကြိုမသိခဲ့ရဘူး။  သုံးလကျော် လေးလလောက်မှာ ultrasound တစ်ခါရိုက်ရတယ်။ အဲဒီအချိန်မှာ သားလေးလား သမီးလေးလား မပြောနိုင်သေးဘူးလေ..။်အန်တီဒေါက်တာနဲ့ သွားပြတိုင်း ရိုက်ရမလား.. မေးတော့လည်း အချိန်တန်ရင် သိရမှာပေါ့တဲ့။ မလိုအပ်ပဲ မရိုက်ပါနဲ့ဆိုပြီး ၇-လမှာ တစ်ခါ ရိုက်ရမယ်ပြောပါတယ်။ အဲဒီကလေးလေးကို စမ်းသပ်ကြည့်တိုင်း အဆင်မပြေတာ မတွေ့လေတော့ ၇-လမှာလည်း မရိုက်ဖြစ်ပြန်ပါဘူး။ 

သားငယ်ကတော့ ဗိုက်ထဲမှာကတည်းက လျှောက်လိမ့်နေတဲ့ ကလေးလေး။ သားငယ်ကိုယ်ဝန်ကြီးနဲ့ မေမေ အမ်ဘီအေ second semester မှာ။ မေမေထက် အရင် အမြွာကိုယ်ဝန်ကြီးနဲ့က အခုသားတို့အတန်းထဲက သူငယ်ချင်းတွေ ဖြစ်နေကြတဲ့ ရှင်းသန့်နဲ့ ယမင်းတို့ရဲ့ မေမေပေါ့။ သူတို့ကတော့ သားငယ်ထက်  ၆-လ ရ-လလောက် စောမယ်ထင်တယ်။ နောက်ပြီး သားငယ်ဗိုက်ထဲ ၇-လလောက်မှာ မေမေ ပုဂံဘက် ဘုရားဖူး ထွက်လိုက်သေးတယ်။ ဖေဖေ ကိစ္စရှိလို့ သွားရင်း လိုက်တာလေ။ စွယ်တော်လေးဆူလည်းဖူး..။ ပုဂံ ရွှေဆံတော်ဘုရားပေါ်တက်ပြီး ကိုယ်ဝန်ကြီး တကားကားနဲ့ လူအများကိုတိုးဝှေ.၊  ပုဂံရဲ့ sun set ကိုလည်း ခံစားလိုက်သေးရဲ့။  အဲဒီတုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင် အခုသားသူငယ်ချင်း ဒီဒီ့ ဖေဖေကလည်း ကင်မရာကြီးတကားကားနဲ့ နေ၀င်ညနေခင်းကို မှတ်တမ်းတင်နေတာနဲ့ သွားကြုံခဲ့ရသေးတယ်။ (အဲဒီတလောက ပုဂံမှာ မိုးတွေရွာတော့ ညနေဘက် sunset ကြည့်လို့မရလို့လေ..)

မေမေတို့ သုံးယောက်လည်း ဘာမှန်းမသိတဲ့ မိသားစုထဲ နောက်ထပ် ၀င်လာမယ့် ကလေးလေးကို စိတ်တွေ ၀င်စားပြီး စောင့်ဆိုင်းနေကြရတာပေါ့။ မေမေနဲ့ ကိုကိုမိုးဟန်ကတော့ တော်တော်ခြေသွက်တဲ့ ဟာလေးဆိုတော့ ယောကျာင်္းလေးဖြစ်မယ် တွက်ထားသလို ဖေဖေကလည်း သမီးလေး ဖြစ်ကောင်းပါရဲ့ ထင်ကြေးပေးနေသေး။ မေမေက သားလေးမွေးရင် ရဲရဲတောက်၊ သမီးလေးမွေးရင် စုအောင်ဆန်း ဆိုတဲ့ နံမယ်တွေ ပေးမယ်လို့ ကြိုရွေးပြီးသား။


ထုံးစံအတိုင်းပေါ့... ဆရာစံဇာဏီဘို ဆီမှာ မွေးဖွားမယ့်ရက်တွေ ရွေး၊ SSC မှာ ဘွတ်ကင်လုပ်ထား။ ဒုတိယအကြိမ်ဆိုတော့ ပထမတကြိမ်ထက်တော့ တော်တော် လည်လည်ဝယ်ဝယ်ဖြစ်နေပြီ။ ကံကောင်းထောက်မစွာပဲ ခြောက်ထပ်မှာ အခန်းရပါတယ်။ အရင် သားဦးတုန်းကတော့ အရပ်ကူပါ လူဝိုင်းပါ ဖြစ်ခဲ့ရသလောက် ခုချိန်မှာတော့ လူများရင် အလုပ်သာရှုပ်ပြီး ပွဲမစည်တာကို သင်ခန်းစာ ယူပြီး သကာလ... ကိုယ်တွေ အဆင်ပြေမယ့် ဆေးခန်းကိုပဲ ရွေးဖြစ်သွားတာပါ။

ခွဲစိတ်မယ့် ညဖက်မှာကတည်းက သူ့ဆေးရုံစည်းကမ်းအတိုင်း လိုက်နာထားတော့ နောက်တစ်နေ့ မွေးမယ့်အချိန်မှာ အားလုံး အဆင်ပြေပြေ ချောချောမောမောပါပဲ။ ကိုကိုမိုးဟန်မွေးတုန်းက  အဆင်မပြေခဲ့တာတွေကိုပါ သင်ခန်းစာယူပြီးတော့ပေါ့။

ဒါပေမယ့် မွေးခန်းထဲ ရောက်တော့ ပေးတဲ့ ထုံဆေးကလည်း နည်းနေလို့လား မသိ၊ နာတာ အောင့်တာတွေကို သိနေခဲ့တယ်။ ကလေးလေးကို ဖိပြီး ညှစ်ချတာ.. ဆွဲထုတ်သွားတာ.. အဲဒါတွေကို ခံစားလို့ ရနေခဲ့တယ်။ မြန်မြန်ပြီးပါစေတော့လို့ အသက်အောင့်ပြီး ဆုတောင်းနေမိခဲ့တယ်။ အဲယားကွန်းကလည်း အေးလိုက်တာ.. လူကို ချမ်းစိမ့်မေးခိုက်နေပြီ။ အိုဂျီအန်တီက တစ်ခါတည်း  sterilization လုပ်မလား မေးရင်း ရီတယ်။ အဲဒါ နောက်ထပ် ဘေဘီလေး မယူတော့ဘူးလားလို့ ပြောတာလေ။ နောက်...သူ့ဘာသာ ပြန်ပြောတယ်။ နောက်တစ်ယောက် ထပ်ယူဦးတဲ့.... အခု သားလေး.... ဆိုပဲ...။ ဘာပဲဖြစ်ဖြစ် မေမေ ပျော်သွားပါတယ်။  အော်.. သားလေးကို မွေးပေးတဲ့ ဒေါက်တာတွေထဲမှာ တီတီမိုးစံရဲ့ မမ အန်တီမိုးဖြူလည်း ပါသေးတယ်။

သိပ်ချစ်စရာကောင်းတဲ့ သားလေး။ ရဲရဲတွတ်အသားလေးတွေနဲ့ နီတာရဲလေးကို ကိုကိုမိုးဟန်က ရဲရဲတောက်ကလေး လို့ အရင် စခေါ်ခဲ့တာကွယ့်။ ကိုကိုမိုးဟန်လည်း သူ့ ညီလေးမွေးလာတော့ ဖိုးဖိုးဖွားဖွားတွေ ရှိတဲ့ အိမ်တောင် မပြန်တော့ဘဲ ဆေးရုံမှာပဲ ဖေဖေနဲ့ အတူ အိပ်နေခဲ့တာ...။ 

သားငယ်က အခုလို ဒေါသ မကြီးသေးဘူး။ ဘေဘီသေးသေးလေးတွေ တွေ့တယ် မဟုတ်လား။ တချိန်လုံးအိပ်နေတာလေ။ ငိုတာ ဂျီတာလည်း နည်းပါတယ်။ အိပ်နေရင်းနဲ့ ခစ်ခစ် ခစ်ခစ် နဲ့ ရယ်နေတတ်လို့ ဆရာမလေးတွေတောင် သဘောကောင်းတဲ့ ကလေးလေးလို့ ပြောနေကြသေးတယ်။

မျက်နှာကလည်း ကြည့်လိုက်ကတည်းက ရှင်းရှင်းကြီး။ ဖေဖေ အခုချိန်ထိ သားငယ်ကို ပြောပြောနေတယ် မဟုတ်လား။ ဘောလုံးမှာ မျက်လုံး နှစ်လုံး၊ နှာခေါင်း ပါးစပ်ပေါက်တွေ တပ်ထားသလိုပဲ ဆိုတာလေ..။ 
သားကို မေမေက သိပ်ချစ်တာပါ... တခါတလေ အစွဲအလမ်းတွေ ဘာတွေလည်း ရှိလို့နဲ့ တူပါရဲ့။ မေမေကလည်း အလတ်လေ...။ သမီးတစ်ယောက်ထဲပေမယ့် မေမေ က လပ် နေသလိုပဲ ထင်မြင်ခံစားခဲ့တဲ့ ငယ်ဘ၀ကြောင့် သားငယ်လေး ကို မေမေ ပိုအလေးထား ကရုစိုက်နေမိတယ်...။ 

ဘာဖြစ်လို့လဲဆိုတော့ သားငယ် တစ်နှစ်နဲ့ နှစ်လ အရွယ်မှာပဲ  ကိုကိုလေး ဖြစ်ခဲ့ရတာကိုး။ ညီမလေး ပေါက်စန နဲ့ ချိုချို ဝေမျှ စို့ခဲ့ရတယ်။ ဘယ်လိုလုပ်လုပ် ချို မပြတ်ခဲ့လို့ သုံးနှစ်နီးပါးအထိ သနားပြီး ချိုချိုတိုက်ခဲ့ရတာလေ။ နောက်တော့မှ.. သားငယ်က ဒီလိုဆက်စို့နေဦးမယ်ဆိုရင် ညီမလေးလည်း မ၀တော့ဘူး၊ မေမေလည်း နေမကောင်းဖြစ်တော့မှာပဲ ဆိုတော့မှ.. တိခနဲ ဖြတ်လိုက်တဲ့ မေမေ့သားလေး။ ဒီတော့လည်း မေမေက သနားပြန်ရော။ ညီမလေး လုတတ် စားတတ်လာတဲ့ အချိန်ကျတော့ သူ့ညီမလေးကို အလျှော့ပေး တတ်ခဲ့တယ်။  အငယ်ကို ဦးစားပေးခဲ့ရုံမက.. အကို့ကိုလည်း မျက်နှာထားကြည့် အဆင်ပြေအောင်နေခဲ့ရတဲ့ မေမေ့သား အလယ်လူလေး။ 
အဲဒီသားငယ်ဟာ... ဘယ်နေရာမဆို သွက်သွက်လက်လက်နဲ့ ဘာမှကို ကြောက်စိတ်မရှိခဲ့တော့ ကျောင်းထားတဲ့အချိန်မှာ တွေးပူမနေခဲ့မိပါဘူး။ အဲဒီလို မပူမိတဲ့ သားငယ်က... တကယ်တမ်းကျောင်းထားတော့မှ ....တာတေလန်အောင်ကို.. ငိုလိုက်တဲ့ သားငယ်...။ ပထမဆုံး ဆရာစံလမ်းထဲက AIT pre-school မှာ စထားတော့ ငိုလိုက်တာများ... ဇွဲကောင်းချက်... အဲဒီကျောင်းမှာ သုံးလ ထားခဲ့တာ နှစ်လ တိတိ ငိုနေတာ...။ လိုက်ပို့တဲ့ အဖေလည်း မျက်နှာမကောင်း ဆရာမတွေလည်း စိတ်ညစ်ပဲ။ ဆရာမတွေကလည်း စိတ်လည်း ညစ်ညစ် သူ့ကိုတော့ ချစ်ကြပါတယ်။ ဘယ်လောက်ငိုနေနေ..သူ့ကို မေးသမျှတော့ ဖြေတာပဲတဲ့။  နောက်တော့ ILBC မှာ နှစ်လ လားမသိထားပါသေးတယ်။ အဲဒီမှာလည်း တစ်လလောက်ကတော့ ကျောင်းမသွားချင်ဘူးဆိုပြီး ကျောင်းရောက်ရင် ငိုပြီ။ ဆရာမတွေ အမြဲတန်း ချီချရပါတယ်။ အခုကျောင်းမှာကျပြန်တော့ အဆင်ပြေလို့ ....တစ်ချက်မှကို မငိုတာ...။

( တကယ်ဆို သားကြီးက လူကြောက်တတ်ပါတယ်။ လူကြောက်ပေမယ့် ကျောင်းစစ နေချင်း ငိုမနေခဲ့ပါဘူး။ သူ နောက်မှ ပြန်ပြောတော့ သူက ကြောက်လို့ မငိုတာတဲ့။ ရဲရဲတောက်ကတော့ ဘယ်သူ့မှ မကြောက်လို့ ငိုရဲတာ နေမှာပေါ့ ဆိုပဲ။ တစ်ခါတစ်ခါ သူတို့ဘက်က အတွေးလေးတွေကလည်း စဉ်းစားချင်စရာပါပဲ။ )

သားငယ်က တအားဆော့တာ.. အငြိမ်ကို မနေနိုင်ဘူး။ ပြေးမယ်။ တွယ်တက်မယ်။ အားရင် ဖားခုန်ခုန်နေမယ်။ ခြေတပေါင်ကျိုး ခုန်ဆွ ခုန်ဆွလုပ်နေမယ်။

ချစ်စရာကောင်းတာက သားငယ်က ရိုးရှင်းတယ်။ စကားပြောရင်လည်း တဲ့တိုးပဲ နားလည် ပြန်ပြောတတ်တယ်။ အဲဒီတော့ လည်ပတ်တဲ့ ကိုကိုမိုးဟန် နဲ့ ကိုကိုမိုးဟန်ထက်ကို နှစ်ဆလောက်ပိုလည်တဲ့ ညီမငယ်ကြား သားငယ်ချည်း ခံနေရတတ်တာပါပဲမဟုတ်လား။  တစ်ခါတစ်ခါ ဝေစုခွဲပေးတဲ့ အခါ မကြိုက်တာဆိုရင် တခြားသူတွေလို ငါ့ဝေစုပဲရယ်လို့ လက်ဝါးကြီး အုပ်မထားတတ်ပါဘူး။ ရဲတောက် မကြိုက်ဘူး မယူဘူးဆိုပြီး ထားပစ်ခဲ့တာလည်း သားငယ်လေးပါပဲ။

အစကတော့ သားငယ်နံမယ် ရဲရဲတောက်ကို အိမ်က ခေါ်ရင်း ကျောင်းနံမယ် ဖြစ်သွားရပါတယ်။ သူများတွေကတော့ အဲဒီနံမယ် ကလေးကို မှည့်တာ မကောင်းဘူး ပြောကြပါတယ်။ နင်တို့က အံ့ရော.. ကလေးကို ဒီနံမယ်ကြီး ပေးရသလားပေါ့။ အဲဒီနံမယ်ကို သားငယ်ကိုယ်တိုင်ကလည်း သဘောကျတယ်။ ပုံစံကလည်း ပျော့စိစိလေး မဟုတ်လေတော့ လိုက်ဖက်မယ်လို့ မေမေတို့က ထင်လို့ပါ။

အကြိုက်ဆုံးကတော့ ရဲရဲတောက်နဲ့ အတူ တို့ ဗမာတွေ ဆိုတာကို  အမြဲသတိပေးနေပြီးသားဖြစ်နေမယ့် နံမယ်လေးဖြစ်နေလို့ပါ။

သားငယ်လေး... ရဲရဲတောက် ...တို့ဗမာတွေ... သတ္တိခဲတွေနော်... ဘယ်တော့မှ မမေ့ပါနဲ့။

ခြောက်နှစ်မှသည် .... နှစ်ပေါင်းများစွာတိုင် ကိုယ်တိုင်ပျော်ရွှင်အောင်မြင်မှုများစွာနဲ့.အတူ... သူများတကာတွေကိုပါ ဝေမျှနိုင်တဲ့ ...လောကအလင်းကို ထွန်းညှိသယ်ဆောင်ပေးနိုင်တဲ့ သားကောင်းရတနာဖြစ်စေဖို့ ဖေဖေ မေမေတို့ မျှော်လင့်နေတယ် သားငယ်ရေ.....။

Comments

ThuHninSee said…
အဲ..သားနှစ်ယောက်ပိုင်ရှင်ပါလား။ ချီးကျူးပါ၏။
အလတ်ဆိုတာ လပ်နေတယ်လို့သူ့တို့ကိုယ်သူတို့
ယူဆလေ့ရှိတယ်နော်။ မောင်ဝမ်းကွဲလေး
တစ်ယောက်ကျတစ်မျိုး
ဘယ်အရာမဆို အကြီးနဲ့အငယ်ထက်သာရမယ်။
တော်ရမယ်ဆို.. ကြိတ်ကြိုးစားတာ။
သူသာလျှင် အသိအတတ်လုပ်ချင်တာ။
မွန်၈နှစ်မှာ မေမေကိုယ်ဝန်ထပ်ရတော့
လူတွေက စတယ်။အလတ်လေးဖြစ်တော့မယ်၊
မေမေက အရင်လိုချစ်မှာ မဟုတ်တော့ဘူးနဲ့။
မောင်လေးမွေးရင် သူ့ကိုပဲချစ်တော့မှာတဲ့။
သူတို့က စတာပဲ။ ဒါပေမယ့် နုနယ်တဲ့ စိတ်ထဲမှာ
စွဲသွားမယ်ဆို မကောင်းဘူးပေါ့။ နောက်
အဲဒီကိုယ်ဝန်က ၃လနဲ့ ပျက်သွားတယ်။
နောက်တမျိုးပြောပြန်ရော.. အဲဒါ
နင်လိုချင်လို့ ပျက်သွားတာ။ နင်စိတ်ပုပ်တာ
ကလေးလေးက သိလို့ပြန်သွားတာဆိုပြီး
အဲတော့ ၀မ်းနည်းရပြန်ရော။ တခါတလေ
ငါတို့ မြန်မာတွေက တမျိုးပဲလို့တွေးမိတယ်။
Anonymous said…
မမရေ...သားငယ်ကိုပြောလိုက်ပါနော်...
ကောင်းသောမွေးနေ့ဖြစ်ပါစေလို့
:P said…
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ..ရဲရဲတောက် ကလေးးးးး
Sonata Cantata said…
Happy Birthday to You

ထူးခြားတဲ့ နာမည်လေးနဲ့ လိုက်ဖက်စွာ
ထူးခြားတဲ့ အောင်မြင်ပျော်ရွှင်မှုတွေကြား
ရဲရဲတောက် ပေါ်လွင်ထင်ရှားပါစေ လို့
မွေးနေ့ ဆုမွန်ကောင်းလေးတောင်းပေးလိုက်တယ်နော်...

ဦးဦး+ အန်တီတာ မိသားစု
Taungoo said…
ကျွန်တော်ကတော့ “ရဲရဲတောက်” ဆိုတဲ့နာမည်ကြိုက်တယ် အမရေ
ခေါ်လိုက်တဲ့သူရော အခေါ်ခံရတဲ့သူအတွက်ပါ စိတ်ဓါတ်တွေ နိုးကြားတက်ကြွလာတယ်။
ကြောက်လို့မငိုတဲ့ အကိုနဲ့
မကြောက်လို့ ငိုရဲတဲ့ ညီနဲ့ သူတို့အတွေးနဲ့ သူတို့ မှန်နေတာပဲဗျ

ရဲရဲတောက်လေး ၆နှစ်ပြည့်မှသည် ရှေ့ဆက်ခရီးမှာ အေးချမ်းပျော်ရွှင်ပါစေ
MANORHARY said…
ရဲရဲတောက်ဆိုတဲ့နာမည်လေးက အားရှိလိုက်တာ
မွေးနေ့များစွာတိုင်ပါစေ...
အောင်မြင်မှုတွေကိုရဲရဲတောက် ဆွတ်ခူးနိုင်ပါစေ..
PAUK said…
သားလေး ရဲရဲတောက် မွေးနေ့မှာ ပျော်ရွှင်ပါစေ...
Unknown said…
သားသား ရဲရဲတောက် ရဲ့ မွေးနေ့ မှာ ပျော်ရွှင်ပါစေ။
tg.nwai said…
> ဟုတ်တယ်နော် မွန်..လူကြီးတချို့ရဲ့ မဆင်မခြင်စကားတွေ အပြုအမူတွေက ကလေးငယ်တွေရဲ. နူးညံ.တဲ.စိတ်ကို အမာရွတ်ဖြစ်စေတယ် ထင်ပါတယ်။ သားဦးစနေ မီးလိုမွှေ ဆိုတဲ. အယူမျိုးကတော့ တကယ့်ကို ပြင်းထန်လွန်းပါတယ်။ တကယ်တမ်းကျတော့ ငိုလွန်းတဲ့ ကလေး နို.ပိုစို.ရတယ် ဆိုသလိုပဲ မိဘတွေကလည်း အေးအေးနေတဲ.ကလေးထက် demand များတဲ့ ကလေးကိုဆို ပိုသတိထားနေတတ်သလိုပဲ။ တို.က ငယ်ငယ်က အေးအေးနေတော့ နို.ပိုမစို.ခဲ.ရသလို မုန်.လည်း ပိုမစားရတာကိုစိတ်ထဲ စွဲနေတာ ထင်တယ်.. ဟဲဟဲ


အန်တီ ရှင်မင်းညို၊ အန်တီ sin dar lar, ဦးဦးနဲ. အန်တီတာတို.မိသားစု၊ ဦးဦးတောင်ငူ၊ အန်တီမနော်၊ အန်တီပေါက် နဲ. အန်တီကျော့တို့ကို သားငယ် ရဲရဲတောက် ကိုယ်စား ကျေးဇူးတင်ရှိကြောင်းပါ။ :)
computer နားမကပ်နိုင်တာရက်အတော်ကြာလို့ ရဲရဲတောက် မွေးနေ့လေးတောင် လွုတ်သွားပြီ.. အဲဒီနံမည်လေးကိုကြိုက်လို့မေးမလို့လုပ်နေတာအတော်ပဲ.. တွေးတတ်တဲ့ဖေဖေ နဲ့ မေမေကိုချီးကြူးပါတယ်.. တော်လိုက်တဲ့ငါတို့သူငယ်ချင်းတွေနော်.. ဟဲဟဲ..
သက်ဝေ said…
သိင်္ဂီရေ...
သိပ်အားရှိစရာကောင်းတဲ့ သားလေးနာမည်အတွက် မိဘတွေကို အရင်ချီးကျူးပါရစေ...။
သားလေး မွေးနေ့ မှာ ပျော်ရွှင်ပါစေ...
မိဘတွေအတွက် ထူးချွန် ထက်မြက်တဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ပါစေ လို့  ဆုတောင်းပေးပါတယ်...။
tg.nwai said…
သင်းကြည်နဲ. သက်ဝေရေ.. ကျေးဇူးပါ..

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ