Skip to main content

K- မမ နဲ့ ကျမ ..

သဇင်အမှတ်တရတွေနဲ့ ကျမ ဘလော့ဂ်ကို လာကူညီပေးနေတဲ့ သူငယ်ချင်း K-မမ ကို ကျေးဇူးတင်နေမိတယ်။ သူ့ကို ကျမ အခုမှ အပူကပ်ခဲ့တာ မဟုတ်ပါဘူး။ ဟိုး သဇင်မှာ မနုးမနပ် မလည်မ၀ယ် အူကြောင်ကြောင် အဆောင်သူ ဘ၀ ထဲကပဲ ဆိုပါတော့။

ကျမ အာအိုင်တီ တက်ခွင့်ရတော့ အိမ်က လိုက်ပို့ကြပါတယ်။  ဖေဖေ တာဝန်ကျနေတဲ့ တောင်ငူကနေ ရန်ကုန်ကို ကားနဲ့ ဆင်းလာကြတာ...။ လမ်းမှာ..ပဲနွယ်ကုန်းအရောက် နေ့လည်စာ ၀င်စားတော့ ထမင်းဆိုင်က လူတွေနဲ့ စကားစပ်မိရင်း သူတို့ဆိုင်ရှေ့က ရဲစခန်းက ဦးတင်အောင်ရဲ့ သမီး “မမ” ဆိုတာလည်း အာအိုင်တီ ၀င်တယ်ဆိုတာ ကြားခဲ့ရ။ အဲဒါ လူချင်းမသိခင်ကတည်းက သူ့နံမယ်ကို သိခဲ့ရတာ။

အဆောင်ဝင်ပြီး အိမ်က လူကြီးတွေက နေရာချပေး.(အဲ..လူနေရာချတာ မဟုတ်၊ ပစ္စည်းတွေ နေရာချပေးပြီး) ပြန်သွားတော့ တစ်ယောက်ထဲ ယောင်တောင်တောင်ရယ်။ အခန်းထဲကနေ အပြင်  ချက်ချင်းမထွက်ရဲသေး။ ရိုးလ်ကောလ်ကို ဘယ်မှာခေါ်လို့ ဘယ်သွားရမယ်မှန်းမသိ။ ဒါနဲ့ အဆောင်မပိတ်ခင် အခန်းအပြင်ဘက် ချောင်းကြည့်ပြီး စနည်းနာဖို့ အထွက်.... မျက်နှာချင်းဆိုင်အခန်းက ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတစ်ယောက် ဓာတ်ဘူးကိုင်ပြီး သူ့အခန်းကို ဖွင့်အ၀င်..။ သူခေါ်လို့ သူ့ကုတင်မှာထိုင် စကားပြောရင်းနဲ့မှ လမ်းမှာ ကျမ ကြားခဲ့ရတဲ့ နံမယ်ပိုင်ရှင် ကိုး။ အဆောင်မှာ ကျမ ပထမဆုံး စ သိကျွမ်းခဲ့တဲ့ သူငယ်ချင်း....။

ကျမတို့ ရောက်ကာစ လမ်းကလည်း ထွက်ချင်ချင်.. မသွားတတ် မလာတတ်သေးခင် သူနဲ့ ကျမ .. တညနေမှာ သူက ၆-မိုင်ခွဲက မိန်းကလေး အပြင်ဆောင်က သူ့သူငယ်ချင်းတစ်ယောက်ဆီ သွားမယ်တဲ့။ သူရော ကျမရော မသိဘူး။ အေး.. ငါ့အစ်မ တစ်ယောက်လည်း ရှိတယ်.. လိုက်ခဲ့မယ်လို့ ကျမ ပြောလိုက်တယ်။ ကျမကလည်း အင်းလျားလမ်းက အဖွားအိမ်ကို ဘာရယ်မဟုတ် သွားချင်နေတာကို သူ့ကို လိုက်ခဲ့ပေးဖို့ ခေါ်... ကျမတို့နှစ်ယောက်လည်း အဖွားအိမ်က အပြန် ၆မိုင်ခွဲက အပြင်ဆောင် ၀င်မယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ထွက်လာကြတာပေါ့။ 

ကျမ အဖွားအိမ်ဆိုတော့ လမ်းသိသူက ကျမ... ၄၅-လိုင်းကားတွေ ရောက်တယ်ဆိုတာ သိပေမယ့် ကားကြပ်နေလို့လား၊ ဆင်းရမယ့် မှတ်တိုင်မသိလို့လား မသိ.. မစီးဖြစ်ကြပဲ.. အဆောင်ကနေ ပြည်လမ်းဘက်ထွက်...။ အင်းယားကန်ဘက်ကူး။ အင်းယားကန်ဘောင်ပေါ် တက်လျှောက်။ ကွန်ဗို့ကေးရှင်း၊ လှေလှော်အသင်း... အဲ..အင်းယားလမ်းအတိုင်းလျှောက်လာ... သူ တော်တော်မောလာပြီ.. 
ဟေ့ကောင်.. မရောက်သေးဘူးလား..
အင်း..ရောက်တော့မယ်.. ရှေ့နားဆိုရောက်ပေါ့...။

လမ်းဆက်လျှောက်လာကြ... ။ အင်းလျား... ရတနာ..အင်းလျားလမ်း မီးပွိုင့်နားရောက်တဲ့ အထိ...။

“ဟေ့ကောင်ရေ.. မောပြီကွာ.. မရောက်သေးဘူးလားဟ”
“ရောက်ပါပြီဟာ..နင်ကလည်း.. မီးပွိုင့်ကျော်ရင် ရောက်ပြီ...”

မီးပွိုင့်ကိုဖြတ်.. လမ်းကူး.. တခြံ..နှစ်ခြံ.. သုံးခြံ... မရောက်သေး..။
သူ့ဆီက အသံမထွက်တော့..။ ဟိဟိ..ဒေါကန်နေပြီ။
ကဲ..ကဲ..ရောက်ပြီ။ ဒါ ငါ့အဖွားအိမ်ပဲ။
မားမားက ဘာတွေတိုက်လို့ ဘာတွေ ကျွေးလိုက်သလဲတော့ မမှတ်မိတော့.. ရေတောင်းသောက်ခဲ့မှာတော့ အသေအချာပဲ.. ဟဲဟဲ။ အပြန်ကျတော့လည်း လာရာလမ်းအတိုင်း ဒုန်းစိုင်းပြီး ပြန်ရပြန်ပါတယ်။ အဆောင်ပိတ်ချိန် မမီမှာစိုးလို့။ ဘယ်..သူ့သူငယ်ချင်းအဆောင်လား ... ဘယ်ဝင်ဖြစ်ပါ့မလဲ..။ သူများတကာတွေ ကန်ဘောင်မှာ အေးအေးဆေးဆေး စတိုင်လေးနဲ့ လေညှင်းခံ လမ်းလျှောက်ထွက်နေတဲ့ အချိန် ကျမတို့က ချွေးသံတရွှဲရွှဲနဲ့ အပြေးတပိုင်း...။ လမ်းကလည်း မြန်မြန်လျှောက်ရလွန်းလို့ ဗိုက်တွေတောင် အောင့်ပေါ့။ သူလည်း အဲဒါကို မမေ့ပါဘူး။ ကျမ သူ့နှိပ်စက်ခဲ့တာကိုလေ...။ ဟား ဟား

နောက် ကျမနဲ့ တွဲတဲ့ သူငယ်ချင်းတွေ ရန်ကုန်သင်္ကြန်ကျဖို့ ရန်ကင်းအိမ်မှာ နွေရာသီ စုနေဖူးသေးတယ်.. ဘယ်နှစ်လဲတော့ မမှတ်မိတော့ဘူး။ ကျမတို့ ဆိုတာက တပ်ကုန်းသူ မိုးထွန်း၊ တောင်ငူသူ မသင်းကြည်၊ နတ်တလင်းက စန္ဒာ..။ အဲဒီတုန်းကလည်း K မမ ရောက်လာတာပဲ။ လမ်းထိပ်လောက်ကထဲက သိင်္ဂီ ရေ..ဆိုပြီး ငိုချင်သံကြီးနဲ့ အော်လာတာ.. ကျမတို့မှာ စိုးရိမ်တကြီး အပြေးတပိုင်း သွားကြိုရတဲ့ ရွှေဧည့်သည်ပါ.. (ဟား ဟား ဘာဖြစ်လို့ အော်လာတာလဲ မေးရင် ဘယ်လိုဖြေရပါ့)

နောက် မှတ်မှတ်ရရ တစ်ခု..။ ၁၉၉၀ ၀န်းကျင်..ကျောင်းတွေ ပိတ်ထားတဲ့ အချိန်ပေါ့။ ရန်ကုန်မှာ လ္ဘက်ရည်ဆိုင်ဖွင့်ထားတဲ့ MNK ရယ်၊ မန္တလေးကနေ ရန်ကုန်  ခဏရောက်လာတဲ့ KKNရယ်၊ ရန်ကုန်ကို ပြောင်းလာပြီ ဖြစ်တဲ့ ကျမရယ်...K-မမရယ် (သူလည်း ဘာအတွက် stay ရှောင်ရင်း ရန်ကုန် ရောက်နေခဲ့လဲ မသိ)။ ဘောက်ထော်ဘက်က စားသောက်ဆိုင် တစ်ဆိုင်မှာ လေးယောက်သား ဆုံဖြစ်ရင်း စုရင်း စားရင်း စကားတွေ ပြောဖြစ်ကြတယ်။ ဖွင့်ထားတဲ့ သီချင်းတွေက စိုးလွင်လွင်ရဲ့ သီချင်းတွေ...။ 

လျှို့ဝှက်လွန်းတဲ့ မျက်ဝန်းလဲ့ပြာရီမှာ ချစ်ခွန်းဖွဲ.သီဆို ပါမယ် မေ.. ကိုယ့်ဘက်က  .....ဆိုင်ချင်ပေမယ့် သူ့ဘက်က မပိုင်သေး.. ဝေးနေရတဲ့ အခိုက်မှာ..လွမ်းနေရမှန်း သိရဲ့လားလေ...
ခံစားချက်တွေ တိုက်ဆိုင်တဲ့ အခါ စာတွေ ကဗျာတွေ သီချင်းတွေက ပိုပီပြင်လာတတ်တာကိုး။ 

ငှက်ကလေးက ဘီယာသောက်တယ်။ သူလည်း တစ်ခွက် လိုက်သောက်တာ မှတ်မိနေတယ်။ ကျမ ကတော့ မီးခိုးငွေ့တွေ ခြုံပြီး ပုန်းနေတဲ့ KKN ဆီက စီးကရက်တွေ တစ်လိပ်ပြီး တစ်လိပ် ယူသောက်ဖြစ်ခဲ့တယ်။ ဟုတ်တယ်.. ကျမ ရင်ကွဲနေခဲ့တဲ့ အဲဒီ အချိန်မှာလည်း သူ... ရှိနေခဲ့တယ်။

ဘာမှ မမေး ...ဘာမှ  မပြောခဲ့တာတွေအတွက်..ခုချိန်ထိ ကျေးဇူးတင်တယ် မမ။

Comments

May Moe said…
ဖတ်သွားပါတယ် မီးပွိုင့်ကိုဖြတ်.. ထိပဲစာတွေကောင်းကောင်းမြင်ရတယ် မမtg :)
ThuHninSee said…
သဇင်ရဲ့ မင်းသမီးဟာ မွန်တို့ မတီဂျီထင်နေတာ။ တကယ်တမ်းတော့
မ မမ ပါလား။ ဆက်ရေးပါဗျို့။
Sonata Cantata said…
မင်းသားတွေ မင်းသမီးတွေ ပြိုင်ပြိုင်ဆိုင်ဆိုင်နဲ့ ဒီလို drama မျိုးခိုက်တယ်။ ဘီယာကတော့ စွဲမှာ သိလို့မသောက်တော့ဘူး..ဒါနဲ့မီးတစ်တို့လောက်..ဟားဟား
said…
သိင်္ဂီရေ အဲဒီအကြောင်း ငါရေးမလို့ စာစီပြီးပြီ စိတ်ထဲမှာ။ ငါအတွက် မြန်မာစာရိုက်ရတာ အတော်ကြာတယ်ဟ။ နင်နေတဲ့ အိမ်တိုင်း လာလည်တိုင်း တကျော်ကျော်အော်ခေါ်ရတာပဲလေ ။ မခေါ်ရတာဆိုလို့ အင်းစိန်က သစ်တောဝင်းပဲရှိတယ်။ စလုံးမှာတောင် ဖုံးနဲ့ တဂွမ်ဂွမ်ခေါ်ရသေးတာပဲ။

ညီမလေး သုနှင်းဆီရေ....
မမ က အရံပါကွယ်။
ဇတ်ပို့/ရံ မမ.. ခုဟာကလွမ်းခန်းလေးပေါ့.. ဇတ်ပေါင်းခန်းလေးရော ဘယ်လိုပို့လိုက်လဲဟင် မမ? မျှော်နေမည်။
PAUK said…
ဆေးလိပ် တစ်လိပ်ပြီးတစ်လိပ်
မီးညှိနေတဲ့ မသိဂီ င်္ကို
မြင်ယောင်ချင်သလို..မြင်ယောင်လိုက်ပြီ..
ဟားဟ
မ မမ ဘာလိုအော်ကြီးဟစ်ကျယ်နဲ့..လာတာလဲ..
သိချင်ပါတယ်..
ပို့မယ့်ပို့..
ဘယ်ထိရောက်အောင်ပို့ ဆိုလားပဲ..
tg.nwai said…
မေမိုးကတော့ မီးပွိုင့်မှာ မီးနီမိသွားပြီထင်ရဲ့။ ဟဲဟဲ..ကျေးဇူးနော် မေမိုး

မွန်ရေ..သဇင်ဆောင်ရဲ့ တပင်တိုင် မြနန်းပေါ်က K မမပေါ့။ သူ့မှာ ပြောစရာ အများကြီး ရှိသေးတယ်။

သီတာ..နောက်ကြောင်းပြန်ရင်း ကဲတာတွေ လူမိကုန်ပြီ။ ရော့ ... ခြစ်စရာသာ ယူသွားပါတော့..ဒါနဲ့.. ခြစ်တတ်ရဲ့လား..မီးခြစ်ပါ..(ရောကုန်ပြီ)

မမ..ဟဲဟဲ..နင်ရေးရင် ပိုပြီး အသက်ဝင် လာမှာစိုးလို့ မြန်မြန် ကိုယ့်ပေါင်ကိုယ်လှန် ထောင်းလိုက်ရတာ..

အော်.. ဇာတ်ပေါင်းခန်းတောင် မရောက်လိုက်ဘူး..မမ မူးပြီး ဒေါင်းသွားလို့.. (စတာနော်.. တစ်ခွက်လောက်နဲ့ မူးစရာလား)

ပေါက်ရေ..စီးကရက်ကို စတိုင်ပါပါနဲ့ သောက်တဲ့ မင်းသမီးပုံစံပဲ မြင်ယောင်နော်.. မမရေ..မေးနေပြီ..ပြောလိုက်ရမှာလား...
Anonymous said…
ပြောပါ..ပြောပါ.. သိဂျင်ပါဒယ်ဂျို့...။
said…
ဒါက ထွေလာ ဇတ်ပေါင်းခန်းကို ပိတ်ကားပေါ်မှာ မျှော်။
ကဲမင်းသမီး မသိဂီ င်္ တန်းလန်းမထားကောင်းဘူး ကွဲ့ ။ ငရဲကြီးတတ်တယ်။
ဇတ်သိမ်းခန်းကတော့ မသိရှင်ပါဘူးကွယ် အားလုံးသိတဲ့ လက်ငါးချောင်းမှာ ရှိတဲ့ ကလေး ၃ ယောက် ။
ဇတ်ဝင်ခန်းတွေလောက်ပဲ သိချင်တာ။

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ