ပုံပြင်လေးတပုဒ်ပေါ့...
ဟိုးရှေးရှေးတုန်းက သားသမီးသုံးယောက် မိခင် မုဆိုးမ တစ်ယောက် ရှိခဲ့ပါတယ်။ အသက် နှစ်ဆယ်ကျော်. သုံးဆယ်လောက်မှာ မုဆိုးမ ဖြစ်သွားတဲ့ သူမ နောက်ထပ် တစ်ပင်ထူပြီး အားကိုးရှာခဲ့ပါတယ်။ ဘယ်သူ ဘယ်သူအပြစ်မပြောပေမယ့် သူဟာ အချစ်မပါတဲ့ နောက် အိမ်ထောင်ရေးမှာ မပျော်မွေ့ခဲ့လို့လား၊ သည်းမခံနိုင်လောက်အောင် ဘာအကြောင်းတွေ ရှိခဲ့လဲတော့မသိပါဘူး။ နောက်အိမ်ထောင်နဲ့ရတဲ့ သမီး သုံးယောက်ကို ဖခင်နဲ့ထားခဲ့ပြီး နေရာသစ်ရှာခဲ့တယ်။
အရင်ကလေးတွေကလည်း ဟိုကွဲသည်ကွဲ.. နောက်တော့ အိမ်ထောင်ရက်သားတွေ ကျကုန်ပါတယ်။ အကြီး သုံးယောက်အတွက်က သူတို့ရဲ့ မိခင်ကို နားလည်ပေမယ့် အငယ်သုံးယောက်ကတော့ မိခင်ရဲ့ တာဝန်မကျေမှုကို မကျေနပ်ခဲ့ကြပါဘူး။ အကြီးသုံးယောက်ကလည်း မိခင်ကြောင့် မျက်နှာပျက်ခဲ့ကြရပေမယ့် အမေဟာ အမေပဲလို့ ဖြေတွေး တွေးပြီး နားလည်ပေးခဲ့ကြပါတယ်။ သူတို့ဘက်က တာဝန် မပျက်ကွက်ခဲ့ကြပါဘူး။
ဒါကတော့ မိခင်ဘက်က မိဘ ၀တ္တရား မကျေပွန်ခဲ့တာလို့ ပြောလို့ရပေမယ့် အဲဒါဟာ သူမရဲ့ ကိစ္စပါပဲ။
မိခင်ကတော့ စိတ်သွားတိုင်း ကိုယ်ပါ.. လုပ်ချင်တာတွေ လုပ်.. ပျော်သလိုသာ နေခဲ့ပေမယ့် အသက်အရွယ်ရလာတော့ သူ့တာဝန်မကျေခဲ့တာတွေကို ပြန်သုံးသပ်လာမိခဲ့တယ်။ လူတိုင်း တာဝန်ဆိုတာ သိတယ်.. မလုပ်သင့်တာ လုပ်ခဲ့မိရင် ပျော်ရွှင်နိုင်ပါ့မလား..နောင်တ ဆိုတဲ့ စကား လူတွေဘာလို့ ခဏ ခဏ သုံးနေရတာပါလိမ့်။
နောက်တော့ အဲဒီမိခင်ကို အကြီး သုံးယောက်က ကြည်ဖြူပေမယ့် အငယ် သုံးယောက်ကတော့ သိပ် မကြည်ဖြူဘူး။ သူနဲ့ အတူနေ သမီးလတ်က အဆိုးဆုံးပါပဲ။ နဂိုထဲကိုက အသိုင်းအ၀ိုင်းနဲ့ မအပ်မစပ်အောင်ကို မွေးရာပါ စရိုက်ကြမ်းခဲ့တော့ မပြောဆိုသင့်တဲ့ စကားတွေပါ ပြောခဲ့မိ ဆိုခဲ့မိတယ်..။ အရာရာ အဆင်ပြေနေလေတော့ မိခင်ကို ကရုမစိုက် မထီမဲ့မြင်ပြု..။ မနောကံက စခဲ့တာ ၀စီကံမှာပဲ အဆုံးသတ်ခဲ့ရင် တော်သေးတယ် ပြောရပေမယ့် ...နောက်ဆုံး မိခင်နဲ့ စကားများတာကနေ အိမ်ပေါ်က ဆင်းသွားဖို့ ပြောခဲ့လိုက်တာကတော့....။
"၀ဋ်မှာ အမြဲ ငရဲမှ အပ" တဲ့။ မိခင်ကြီးကလည်း သူ မကျေပွန်ခဲ့တဲ့ တာဝန်တွေ ၀တ္တရားတွေ အတွက် ပေးဆပ်လိုက်ရပါတယ်။ တခြား သားသမီးတွေကခေါ်ပေမယ့် သူ့မှာ မနေနိုင်ရှာပါဘူး။ တခုလပ် ကလေးတစ်ယောက်အမေ အားနည်းရှာသူမို့ အဲဒီမှာပဲ သွားနေခဲ့ပါတယ်။ သူ့တာဝန် သူ့အပြစ်ပေးဆပ်ရမယ်လို့ စိတ်ဆင်းရဲရဲနဲ့ပဲ ခေါင်းချသွားခဲ့ရတာပါ။ ကျန်တဲ့ သားသမီးတွေက မကြည့်ရက်ပေမယ့် သူကိုယ်တိုင်က ရွေးချယ်လေတော့ မာန်ကြီးလှတဲ့ မိခင်ကို စိတ်တိုင်းကျ ထားခဲ့ရပါတယ်။ အမေ့ကိုတွေ့ချင် အဲဒီညီမအိမ်သွား၊ အစ်မတွေပြန်သွားရင် အမေ့ကိုရန်ထောင်နဲ့..။ လောကကြီးမှာ မမြဲခြင်းတရားကို နှလုံးမသွင်းနိုင်ပဲ ငါတကော ကော မာန်ထောင်နေတဲ့ သမီးလတ်..။
အမေရဲ့အရိပ်ကြောင့် သူ့အိမ်မှာ လူစည်စည်ကားကားနဲ့ အသိုင်းအ၀ိုင်းဆိုတာ ရှိခဲ့တယ်။ အမေဆုံးသွားတဲ့နောက်.. ခက်ထန်မောက်မာ စိတ်ထားမမှန်တဲ့ သူ့အိမ်ကို အ၀င်အထွက်တွေ ကျဲသွားလိုက်တာ..။ နောက်ဆုံးတော့ သားတစ်ယောက်နဲ့ သူနဲ့ပဲ ကျန်ခဲ့တော့တာပါပဲ။ သူကလည်း ဘယ်သူ့မှ မလာလည်း ငါ့မှာ သည်းခြေကြိုက်ပေါပါတယ်ဆိုပြီး အမွေတွေ ထိုင်သုံး။ သည်လို မိခင်က မွေးလာခဲ့တဲ့သား ဘယ်သူကသွန်သင် ဆုံးမ ပေးပါ့မလဲ။ သူကိုယ်တိုင်က ဘယ်လိုသွန်သင်တတ်ပါ့မလဲ။ ဘာဖြစ်ဖြစ် ငွေနဲ့လိုက်..ငွေနဲ့ပေါက်...နောက်ဆုံးပိတ်ကျတော့ အသုံးအဖြုန်းကြီးတဲ့ သားနဲ့ အမေ..နှစ်ယောက်ထဲ...။
ဆက်လိုက်လာတဲ့ ၀ဋ်တွေ..... သား ရောင်းလို့ အိမ်တွေလည်း ကုန်၊ ကားတွေလည်း ကုန်။ နေရာတွေလည်း ဟိုရွှေ. သည်ရွှေ.နဲ့။ အစ်မက မကြည့်ရက်လို့ ၀ယ်ပေးထားတဲ့ အခန်းကိုတောင် သားက အမေမသိအောင် ရောင်းစား.. လူသူ အမျိုးတွေနဲ့ ဝေးရာကို ခေါ်သွား။ အမေ့ကို တံခါးပိတ် သော့ခတ်ထားပြီး သူကတော့ လျှောက်လည်နေတတ်တဲ့သား။ အမေ့ကို စိတ်မနှံ့သူလို ဆက်ဆံနေတဲ့သား၊ နေကောင်းအောင်ဆိုပြီး ဘာဆေးတွေမှန်း မသိ အတင်းတိုက်တတ်တဲ့သား။ ဆွေမျိုးအသိုင်းအ၀ိုင်းတွေကလည်း ဖဲကျဉ်ခဲ့လို့ တစ်ယောက်တည်း ဖြစ်သွားခဲ့တာ....။ နောက်ဆက်တွဲ..တွေကတော့ စိတ်ညစ်ညူးစရာတွေချည်းပဲမို့ ပုံပြင်လေးကို သည်မှာပဲ ရပ်လိုက်ပါတယ်။
လောကကြီးမှာ ဖြစ်ပျက်တာတွေဟာ တစ်ခုနဲ့တစ်ခု အကျိုးအကြောင်း ဆက်စပ်လို့ရယ်...။
ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်စေဖို့.. ကိုယ့်တာဝန်ပျက်ရင် ကိုယ်ပြုသမျှ ကိုယ်ပေးဆပ်ရမှာပါပဲ...။ အထူးသဖြင့် မိဘဆိုတဲ့ အနန္တော အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင်တွေကို ပြစ်မှားမိလို့ကတော့...သံသရာနဲ့ ချီပြီးသာ ဆပ်ဖို့သာပြင်ဆင်ထားဖို့သာ ရှိပေတော့တယ်လို့ သံဝေဂ ရယူရင်း ဒီပို့စ်လေးကို ရေးဖြစ်လိုက်ပါတယ်ရှင်။
(ပို့စ်လေး တစ်ပုဒ်..ပုံပြင်လေးတစ်ခုက generation သုံးခုကို ဖြတ်သွားပါတယ်..မျက်စေ့အောက်မှာတင် မြင်ခဲ့ရတဲ့ တကယ့် အဖြစ်အပျက်ကလေးပါပဲ။)
Comments
သင်ခန်းစာ ရပါတယ်..
တကယ့်အဖြစ်အပျက်မှန်း သိသာပါတယ်..
အမေများနေ့က မေလ မှာမဟုတ်လား..
အမလဲ မနှစ်က သိံဂီ အမေများနေ့ post ကိုဖတ်လို့သိပြီး ဆရာကြီးဝင်လုပ်ကြည့်တာ... ဟဲဟဲ
ဆောတီး..ဆောတီး..
မြန်မာမှာမနေတာကြာလို့..
မေ့သွားတာ ဆောတီးပါ..
အခုက မြန်မာလို ဘယ်လလဲမသိနော်
ထမနှဲမထိုးသေးတော့..ဘာလဖြစ်မလဲ..
တန်ခူး..ကဆုန်..နယုန်.၀ါဆို..၀ါခေါင်
.တော်သလင်း..သီတင်းကျွတ်..တန်ဆောင်မုန်း
တန်ဆောင်တိုင်..နတ်တော်..ပြာသို..
အဲ့..ဘာကျန်ခဲ့တာလဲ..မသိဂီ င်္နဲ့ မမသင်းဇင်နွယ်
သိရင် ပြင်ပေးပါ..
ကျေးဇူး
အန်တီtgရေ.. ဖတ်ပီးစိတ်မကောင်းလည်းဖြစ် သံဝေဂလည်းရစရာကြီး..
ဟုတ်တယ်.. ၀ဋ်ဆိုတာကကြောက်စရာ။ သားမေမေလည်းအမြဲပြောတယ် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့တဲ့။ စိတ်ကောင်းရင် ကံကောင်းတယ်တဲ့။
ဟိုကောင်လေး.. အခုတလော မမွန်အဆင်မပြေတာ စိတ်ပုပ်လို့ပေါ့နော်။ သိပ်ဝမ်းနည်းသွားပြီ။
Missed her so much.