Skip to main content

အခုအချိန်မှာ အမှတ်တရ....အဲဒီတုန်းကတော့ အူလည်လည်....။

ကျမကို  ကိုဖိုးဂျယ်လေးက Tag ပါတယ်တဲ့... နောက်တိုးထဲမှာ ပါလာတော့ ကိုယ့်ကို သတိတရ ဒီကစားနည်းထဲ ဖိတ်ခေါ်လို့ ကျေးဇူးတင်ရပါသေးတယ်..။ တကယ်တမ်း ရန်ကုန်က မီးအခြေအနေနဲ့ ကျမမိသားစု အခြေအနေတွေကြောင့် ရေးဖို့ နှောင့်နှေးခဲ့ပါတယ်။ တတ်နိုင်သလောက် ဒီ ဂိမ်းထဲ ၀င်ကစားကြည့်တာပါ...။  :)

အခုချိန် ခေါင်းထဲရောက်လာတဲ့ အကြောင်းအရာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အဖြစ်အပျက်လေး တစ်ခုပါ..။

အဲဒီတုန်းက ကျမ မရည်ရွယ်ထားပဲနဲ့ ထိုင်းနိုင်ငံ ရရောင်းက စက်ရုံတစ်ရုံမှာ အလုပ်လုပ်ဖြစ်ခဲ့ပါတယ်။ လာဖို့ ရည်ရွယ်ချက် ရှိထားတာမဟုတ်လေတော့ စာရော..ထိုင်းစကားရော..ဘာမှ မသင်လာခဲ့ပါဘူး။ 

ဘန်ကောက်ကနေ ရရောင်းကို ဒွန်မွန်းလေဆိပ်ကနေ တန်းရောက်လာခဲ့တာဆိုတော့ တနေ့တနေ့ စက်ရုံမှာ အလုပ်လုပ်လိုက်..  စက်ရုံဝင်းထဲက အခန်းမှာ အတူလာခဲ့တဲ့ သူတွေနဲ့ စားလိုက်  သောက်လိုက် စကားပြောလိုက်နဲ့...။ စက်ရုံဝင်းထဲက နေထိုင်တဲ့ သူတွေနဲ့ ယဉ်ကျေးမှုချင်း ဘာသာစကားချင်း သွေးတိုးစမ်းရင်း ဖလှယ်နေတဲ့ အချိန်လေးပေါ့...။ သူတို့တွေက စနေညဆို  ပိုင်ထိရို ဆိုပြီး လျှောက်လည်ကြပြီ... ကျမတို့ အတူလာ ရွှေမြန်မာလေးယောက် ကတော့ မျက်စိသူငယ် နားသူငယ်နဲ့ သူငယ်ချင်း အပေါ်င်းအသင်းတွေနဲ့လည်း အဆက်အစပ် မရှိသေး။

ဒီလို ရက်သတ္တ လေးပတ်လောက်လည်း နေလာတော့ လူလည်း တော်တော် နေမထိ ထိုင်မသာနဲ့ တော်တော် ပျင်းလာပြီ။ ဘန်ကောက်မှာလည်း ကိုယ့် ၀မ်းကွဲ မောင်နှမများ ရှိလေတော့ သူတို့ဆီ စိတ်ဦးက လှည့်ချင်ချင်။ ဒါနဲ့ပဲ သူတို့ဆီကို စက်ရုံက ဖုန်းနဲ့ လှမ်းချိတ်...။ နောက်တော့ ကျမက စနေနေ့ ညနေ ရုံးဆင်းချိန် ဘန်ကောက်တက်လာမယ်..။ သူတို့က ကျမတို့ဘက်ကလာတဲ့ကားတွေ ဆိုက်တဲ့ Ekamai ကားဂိတ်မှာ စောင့်နေမယ်ပေါ့။

အဲလိုနဲ့ တညအိပ်သွားမယ့် သည်ခရီးကို စီစဉ်ထားတဲ့အတိုင်း စနေနေ့ ရုံးဆင်းချိန် ဘန်ကောက်ကို သွားမယ့် ဘတ်စ်ကားကို စက်ရုံနားက မှတ်တိုင်ကနေ တားစီးပါတယ်။ ကျမနဲ့  ရန်ကုန်ကနေ အတူတူလာတဲ့ မိတ်ဆွေသစ်  သုံးယောက်က လိုက်ပို့ရင်း စိတ်မချလို့  တတွတ်တွတ် မှာပါတယ်...။  အဲဒီတုန်းကတော့ ဘန်ကောက်-ရရောင်း ဆိုတဲ့ ကားတက်စီးလိုက်ရင် ရောက်ရော..ပဲလို့ ထင်ခဲ့တာပေါ့။
ကားလာပါပြီ... ရေးထားတာကလည်း ဘန်ကောက်-  ရရောင်း ကို ထိုင်းဘာသာနဲ့။  (ကိုယ်တွေကလည်း စာမတတ်ပေမယ့် ပုံတွေမှတ်သလို  သေချာမှတ်ထားတာလေ...) သေချာပြီဆိုပြီး ကျောပိုးအိတ်တလုံးနဲ့ ကျမ.... ထိုင်းကျေးလက် သီချင်းသံ တညံညံနဲ့ ကားအနီကြီးပေါ် တက်။ ကျမ အဲဒီမတိုင်ခင် တခါမှ တယောက်ထဲ ခရီးမထွက်ဖူးခဲ့ပါဘူး။ ကားပေါ်ရောက်တော့ လက်မှတ်လာဖြတ်ပါတယ်... ဘယ်သွားမှာလဲဆိုတော့ ပိုင်ခရူမ်ထေ့... (ဘန်ကောက်ကိုပေါ့) ။ ဒီလောက်ကတော့  တစ်လနီးပါး  ထိုင်းရောက်ဧည့်သည် ပြောတတ်နေပြီပဲ...။ သူလည်း ကျမကို ကြည့်ရင်း စကားတွေ ပြောတော့တာပဲ... ဘာတွေ ပြောနေမှန်းမသိ။ စိတ်ထဲ သိပ်တော့ အဆင်မပြေလှဘူး။ ဘယ်လိုပါလိမ့်ပေါ့။ သူလည်း ကွက်ကြည့် ကွက်ကြည့်နဲ့ ကျမ အနားက ထွက်သွားပါတယ်။ သူပြောသမျှ နားလည်လိုက်တာကတော့ ချောင်ဘူရီ ဆိုတဲ့ မြို့နံမယ်ပါပဲ...။

စိတ်ထဲ ထင့်နေတဲ့ အတိုင်းပါပဲ...။ ချောင်ဘူရီရောက်တော့ ကားက ဆက်မထွက်တော့ဘူး..တဲ့။ ဘန်ကောက်ကို သွားချင်ရင် ကားပြောင်းစီးရမယ် ပြောပါတယ်။ ဒါကလည်း သူဆိုလိုချင်တာကို အင်တာနယ်ရှင်နယ် ဘာသာစကားနဲ့ နားလည်လိုက်မိတာပါပဲ..။ ညနေစောင်း... မှောင်စ ပျိုးတော့မယ့် အချိန်မှာ...  ကျမ မရောက်ဖူးတဲ့ နေရာမှာ.. ကျမ သိတဲ့သူ တစ်ယောက်မှ မရှိတဲ့ နေရာ... ကျမ  စကား မပေါက်တဲ့ နေရာ...ဆိုတာ မတွေးမိအောင် နေပေမယ့် ... ဘာဆက်လုပ်ရမှန်း မသိလေတော့ ဒီအတိုင်း  ဆက်ထိုင်နေခဲ့ပါတယ်.. အဲဒီကားပေါ်မှာ.. နောက်တော့ အဲဒီ စပယ်ယာ ဦးလေးကပဲ ကျမကို ပြောင်းစီးရမယ့် ကားပေါ် တင်ပေးရင်း နောက်ကားပေါ်က စပယ်ယာကို ကျမ ဘန်ကောက်ထိ  သွားမယ့် အကြောင်း ပြောပေးနေတယ်လို့ နားလည်ခဲ့ပါတယ်...။

နောက်ကားပေါ်ရောက်တော့ ညနေတော်တော်စောင်းနေပါပြီ...။ များသောအားဖြင့် စနေနေ့ညနေ အလုပ်ခွင်သိမ်းပြီး အိမ်ပြန်တဲ့  သူတွေ...။ တချို့ကလည်း မူးလို့....။ ကျမလည်း အဆင်သင့်တဲ့ ကားပြတင်းပေါက်ဘေး ၀င်ထိုင်ရင်း အပြင်ဘက် ငေးရင်း မောနေမိပါတယ်....။ သည်လမ်းတွေကို ကျမ မသိဘူး...။ ကျမတို့ ဘန်ကောက်ကနေ လာခဲ့တဲ့  လမ်းတော့ မဟုတ်ဘူး....။ ဘယ်ရောက်နေမှန်း  သိဖို့  ဖတ်ရမယ့် ဆိုင်းဘုတ်တွေကလည်း .... ကျမ မဖတ်တတ်တဲ့ စာတွေနဲ့....။ 

ကားကလည်း တွေ့တဲ့ မြို့တိုင်းမှာ ရပ်... တခါတခါကျလည်း ခပ်ကြာကြာ ရပ်နေတတ်ပြန်ရော...။ အဲဒီတုန်းက အခုလို လက်ကိုင်ဖုန်းတွေ လွယ်လွယ်ကူကူ မသုံးနိုင်သေး...။ လမ်းဘေး ဖုန်းတွေကို  တွေ့ရင် ကိုယ့်ဖုန်းစာအုပ်လေးကို ကျစ်ကျစ်ပါအောင်  ဆုပ်ရင်း။ ညက ပိုပိုမှောင်လာသလို... ကားပေါ်က လူတွေကလည်း တက်လိုက် ဆင်းလိုက်နဲ့.. ကိုယ့်လို ကျောက်ချထိုင်နေတဲ့သူ ရယ်လို့ မရှိသလောက်..။  တခါတလေ ကိုယ့်ဘေး ၀င်ထိုင်တဲ့ လူဆီက အရက်နံ့ရရင် သတိအနေအထားနဲ့ အသက်တောင် ၀၀ မရှူနိုင်...။ 

ကားကလည်း လမ်မှာ တမြို့ဝင် တမြို့ထွက်နဲ့ အိပဲ့ အိပဲ့ သွားနေလိုက်တာ...။ ကျမလည်း ရသမျှ ဘုရားစာတွေ ရွတ်တာ ကုန်ပေါ့... တော်ကြာ ဘန်ကောက်မဟုတ်ဘဲ  တခြား  တမြို့ရောက်သွားမှ... ။ လမ်းမှားသွားတာလား.. ငါ ကားများ မှားစီးမိသလား.... ကိုယ့်ဘာသာ အတွေးတွေ နဲ့ မူးနောက်နေတာပါပဲ...။ သူများတွေ ဆင်းတဲ့ နေရာရောက်ရင် ကိုယ်ပဲ  လိုက်ဆင်းရကောင်းနိုးနိုး။  အပြင်က အလင်းရောင်က တဖြေးဖြေး ပျောက်ကွယ်သွားသလို.. ကျမ ရင်ထဲက  စိုးရိမ်ကြောင့်ကျမှုတွေကလည်း ပို တိုးတိုးလာလေလေ...။ ဘယ်ရောက်လို့ ဘယ်ကို ပေါက်နေမှန်း မသိ...။  သုံးနာရီလောက်ပဲ ကြာရမယ့် ဒီခရီးဟာ.. တခုခု မှားနေလို့သာ ခရီးကမဆုံးနိုင်သေးတာ...။ လူကလည်း  စိတ်ပူပန်လာလို့လား မသိ.. ၀မ်းကလည်း ဟာ... ရေကလည်း ဆာ...။ ခေါင်းတွေလည်း နောက်...။

ကျမရဲ့ အားနည်းချက်တစ်ခုက နှုတ်လေးတာ.. ။ သူများကို မေးမြန်းလိုက်ဖို့ထက် ကိုယ်ထင်ရာ ကိုယ်လုပ်ပစ်လိုက်တတ်တာ....။ ကိုယ်က မေးမြန်းဖို့ရာကလည်း သူတို့ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်ရုံတင် မဟုတ်ဘူး.. သူတို့ပြောတာကိုလည်း နားမလည်ပါဘူး။ ထိုင်းလူမျိုးတွေကလည်း နယ်မြို့လေးမပြောနဲ့... ဘန်ကောက်လို မြို့ကြီးတွေတောင်မှ တော်တန်ရုံက အင်္ဂလိပ်လို ပြောရင် ရှောင်ချင်တဲ့ လူမျိုး။ ဒီလိုနဲ့ပဲ.. ကိုယ့်အတွေးနဲ့ကိုယ် လုံးချာလည် လိုက်လို့ပေါ့။

ည ဆယ့်တစ်နာရီကျော်တော့  မီးရောင်တွေ လင်းထိန်နေတဲ့  မြို့ တစ်မြို့ကို ရောက်ပြန်ပါတယ်.. သည်တစ်ခါတော့ လူတွေ ကားတွေ ရှုပ်ထွေးနေလို့ မြို့ကြီးဖြစ်မယ်ထင်ရဲ့..  လူတွေ ပိုရှုပ်လာသလို.... ကားတွေကလည်း များပြားလှပါလား... ဒါ ဘန်ကောက်လားမသိ....။ မျှော်လင့်ချက်လေးနဲ့ ကိုယ်လည်း ဖင်တကြွကြွ ပေါ့....။ ကားပေါ်က  လူတွေကလည်း လှုပ်လှုပ်ရှားရှားနဲ့ ဆင်းတဲ့  သူတွေချည်းပဲ.. အတက်ကို မရှိတော့ပါဘူး....။ ဒီလိုနဲ့ ကျမလည်း  တခုတည်းသော ကျောပိုးအိတ်ကလေးကို တပြင်ပြင်နဲ့.. လက်ထဲ  ကိုင်ထားတဲ့ ဖုန်းနံပါတ်တွေ မှတ်ထားတဲ့ စာအုပ်သေးသေးလေးကို ထုတ်ကြည့်လိုက် ..ဘောင်းဘီ အိတ်ကပ်ထဲ ပြန်ထည့်လိုက်နဲ့ပေါ့....။ 
သူတကာတွေ ဆင်းတိုင်း လိုက်မဆင်းမိစေဖို့ ..ကိုယ့်ဘာသာ  သတိပေးရင်း။ လမ်းဆုံးရင်တော့  ဂိတ်ရောက်မှာပါလို့ ဘာသာ  အားပေးရင်း... နောက်ဆုံးတော့ ကားဝင်းကြီးထဲ ချိုးကွေ့ဝင်တော့မှပဲ Ekamai Eastern Bus  Terminal ဆိုတာ တွေ့မှ... တလျှောက်လုံး တင်းထားတဲ့ သက်ပြင်းကို ဖြေးဖြေးချင်း လျှော့ချလိုက်နိုင်ပါတော့တယ်...။

ကားဂိတ်မှာတော့ ကျမကို စိတ်ပူပန်စွာ  စောင့်မျှော်နေတဲ့  မောင်နှမ နှစ်ယောက်...။  ကျမတို့ဘက်က ကားတွေ တစီးပြီး  တစီး ၀င်လာပေမယ့် ကျမကို မတွေ့လို့ စိတ်ပူနေကြလေရဲ့။ နဲနဲနောနော နောက်ကျတာမှ မဟုတ်.. ၂-နာရီကျော် သုံးနာရီ  နီးပါးကိုး...။ မလည်မ၀ယ်နဲ့ အဖော်လည်း မပါ.. တခါမှလည်း မရောက်ဖူး... စကားလည်း မပေါက်တဲ့ အဲဒီ တိုင်းပြည်မှာ...။

နောက်တော့မှ ကျမ သိရတာက... တကယ်တမ်း စီးရမယ့် ကားက Air-con Express ကားအပြာကြီး။ အဲဒီမှာ ဘန်ကောက်- ရရောင်းလို့  နိုင်ငံခြားသားတွေဖတ်လို့ရအောင်  အင်္ဂလိပ်လို  ရေးသားထားပါတယ်။ အဲဒီကားက လမ်းသစ်ကနေ သွားပြီး ကြားမှာ ရပ်နားလေ့ မရှိပါဘူး။ ကားပေါ်ရောက်တာနဲ့  အိပ်ပြီး  လိုက်သွားရုံပဲကိုး။(စီးရမှာ ဒီကား)
ကျမ  စီးမိသွားတာကတော့ လမ်းဟောင်း လမ်းရှည်က သွားတဲ့ ....မြို့တကာမှာ ရပ်တဲ့ ဘတ်စ်ကား အနီကြီးလေ။ ဒီတော့ ကိုယ်မသွားဖူးတဲ့လမ်းတွေဖြတ်.. ကိုယ်မသိတဲ့ မြို့တွေကို  ဖြတ်ရင်း အဲဒီ ဘာမှန်းမသိတဲ့ ဒုက္ခကြီးကို ခံလိုက်ရတာ..။  (အောက်က ကားလို ပုံစံတူပါ..)
အခုချိန်မှာတော့ အမှတ်တရလေး... အဲဒီတုန်းကတော့ ကသိကအောင့်ဖြစ်ခဲ့ရတဲ့ ဒုက္ခတစ်ခုပေါ့...။
(ပုံတွေကို google က ရှာပြီး တင်ထားတာပါ)။
ကဲ... ကိုယ့်အလှည့် ပြီးပြီနော် ကိုဖိုးဂျယ်ရေ...။
အခု ကိုယ် tag ချင်တာကတော့ အားမနာ ပါးမနာ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်ကြတဲ့ 
sonata-cantata က မသီတာရယ်၊ 
သင်းနွယ်ဇင်က သူငယ်ချင်းရယ်။
နောက် ပေါက် ရယ်။

နောက်ထပ် အားတဲ့ အခါကျရင် ... စိတ်အနှောင့်အယှက် မဖြစ်ရင် ရေးပေးပါလို့ အားနာပါးနာ  တောင်းဆိုချင်တာကတော့... (အဆင်မပြေရင်လည်း ကိစ္စမရှိဘူးနော်..)
မနော်...
လေနုအေး (တန်ခူး)။ တို့ပါ...။ 

ကျေးဇူးတင်ပါတယ်။

Comments

MANORHARY said…
ဘုရားဘုရား..မသိဂီ င်္အစားရင်တွေတုန်လိုက်တာ
အဲလိုတုန်ရင်းကပဲ ကိုယ့်အတွက်လည်းကိုယ်တုန်
လာတယ် .. ဘာများရေးရပါ့လို့...း)
ကြိုးစားပြီးစဉ်းစားလိုက်ပါဦးမယ် ...
အဲလိုပြောလို့ သိပ်ကြီးချောမွေ့စွာဖြတ်သန်းခဲ့ပြီး
ဒုက္ခမရှိဘူးလို့မထင်လိုက်နဲ့ဦးနော်
စိတ်ပညာအရ တချို့ဒုက္ခတွေဟာကြီးမားလွန်းလို့
အလိုအလျောက်ပျက်ပြယ်သွားတယ်ဆိုတာမျိုး ထဲ
ပါသွားလို့ပါ...ရှိတော့ရှိဦးမှာပါ..း)
PAUK said…
မသီဂီ င်္ရေ...
နိုင်ငံရပ်ခြား စကားမပေါက်တဲ့နေရာမှာ တစ်ယောက်တည်း ခရီသွားရတာ လန့်စရာနော်..
ကျနော့်အမှတ်တယကို ဘယ်လိုတွေးယူရမှာပါလိမ့်...
စဉ်းစားလိုက်အုန်းမယ်နော့..
သက်ဝေ said…
အဲဒါ ယိုးဒယားပဲ သီဂီ င်္ရေ...
တော်တော် သတ္တိကောင်းတဲ့ ဒေါ်သီဂီ င်္ပဲလို့ လေးစားမိပါရဲ့...
ကိုယ်လဲ အမျိုးသား ကျောင်းတက် အလုပ်လုပ်စဉ် ၃ နှစ်ကျော်လောက် ဘန်ကောက်မှာ နေခဲ့ဖူးပါတယ်
ကားတွေ ခဏခဏမှားစီးပြီး ည ကြီးအချိန်မတော်မှာ ချောင်ဘူရီတို့ ကချနားဘူရီတို့ကို ရောက် ရောက်သွားဖူးတယ် ကိုယ်တို့ကတော့ နှစ်ယောက်ဆိုတော့ နဲနဲတော်သေးတာပေါ့လေ...
ရောက်ရာပေါက်ရာ... လမ်းဆုံးရင်ရွာရောက်မှာပဲဆိုပြီး Bus Terminal တွေ တွေ့တဲ့အထိ မျက်စေ့မှိတ်ပြီး စီးသွားခဲ့တာ...
သီဂီ င်္ပြောတော့မှ အီကမိုင်တို့ Lotus တို့ Big C တို့ကို လွမ်းလိုက်တာ...
Tag ထားတာကို ရေးပေးမယ်နော်... ခဏတော့ စဉ်းစားပါရစေအုံးလေ...
Sonata Cantata said…
မနော်ပြောသလို...
စိတ်ပညာအရ တချို့ဒုက္ခတွေဟာကြီးမားလွန်းလို့
အလိုအလျောက်ပျက်ပြယ်သွားတယ်ဆိုတာမျိုး ထဲ
ပါသွားလို့ပါ...နဲ့..ရောကြိတ်လိုက်ရင် ကောင်းမလား...
ရေးမှာပါ.. ဒီက ရေးချင်လျက်လက်တို့...
အန်တီ Tg ရေ ShiFt, A d S F နဲ့ j k L : ခလုတ်တွေ နှိပ်မရလို့ ညစ်နေတယ်။
KLNG said…
ဘန်ကောက်အကြောင်းကြားရင်လေ
..................................
ဘာဖြစ်လဲသိတယ်မို့လားမမ
ဇနိ said…
ဟုတ်တယ် အမရေ..
ကျနော်လည်း ခရီးဝေးတခုသွားရင် အဲသလိုမှားမှာ အလွန်ကြောက်တာပါ... ဆင်းရမယ့်နေရာ ကိုယ်မသိလိုက်လို့ ကားပေါ်ဆက်ပါသွားမှာ ကြောက်လွန်းလို့ သတိနဲ့ မှတ်တိုင်တွေကို တကြည့်ကြည့်လုပ်နေရတာလည်း အမောပါပဲ။ - တခါက ကိုယ်နေတဲ့ နေရာမှတ်တိုင်မှာ မရပ်တဲ့ကားကိုတောင် မှားစီးလို့ ခပ်ဝေးဝေးလမ်းလျှောက်ပြန်ခဲ့ရဘူးတယ်။ ကျနော်က အမှတ်အသားမှာ အားနည်းတယ်..
း)
မ ရေ… တကယ့်သဲထိတ်ရင်ဖိုပဲနော်… ကျွန်မဆိုရင် တတ်ရာနဲ့ လျှောက်မေးမိမလား မသိဘူး… ကိုယ်က ကြောက်တတ်တယ်ဆိုတော့လေ… မ ရေ… နောက်တခါ တက်ဂ်ရင် အားမနာပါနဲ့ နော်… ညီမအရင်းလို သဘောထားပါ… ရေးပေးမယ် မ ရေ… ဘာရေးရမှန်းတော့ မသိသေးဘူး… အူလည်လည်တွေက အများသား….
Anonymous said…
(ဟူး... တော်သေးရဲ့ ငါမပါဘူး..:D သားသားက ထမင်းမစား၊ ကွမ်းမစားနော်)
အန်တီtg အစား ရင်တမမနဲ့..။
မလွယ်ကြောပါလား.. သားလိုနဂိုက လန့်တတ်တာနဲ့ အန်တီ့လိုနှုတ်မရဲတာနဲ့ဆို ဒိုင်းညောင့်ပဲဗျို့..။
ကံကောင်းလို့  ဘေးမသီရန်မခ ရောက်သွားတာနော် ဖတ်ရင်းနဲ့  စိတ်ပူလိုက်တာ
အမယ်လေးလေး စိတ်ပူလိုက်တာ တကယ်များမှားသွားရင်ဒုက်္ခ..။ အဲတုံးက ကျော်ငယ်ဘယ်ရောက်နေတုံး..။

Tag ရေးပေးမယ်နော် လာမယ်နဲနဲကြာမယ် ကိစ်္စလေးနဲနဲရှုတ်နေလို့။

Popular posts from this blog

Let It Be!!

ခုလို အခြေအနေကြီးထဲ ဘယ်သူ့ဘယ်သူမှ မကူမကယ်နိုင်အောင် ကိုယ်စီ ကိုယ်ငှ အပူတွေနဲ့ရယ်.... ပြောရမယ်ဆို.... ကိုယ်ဟာ သိပ်တွယ်တတ်တဲ့ ကောင်… သိပ်ပြီး ပူပန်တတ်ခဲ့တဲ့ ကောင်…. ခုတော့လည်း.... အရာရာကို ဖြေလျော့လို့ သူ့သဘောသူဆောင်လို့ သဘောထားတတ်လိုက်ချိန်မှာ အတော် သက်သာရာ ရသွားခဲ့ပြီ... အရင်က အိမ်က လူတွေ အပြန်နောက်ကျရင် ပူရဲ့... ပူတာမှ ရှာကြံပြီးကို တွေး တွေးရင်း အကြီးကြီးဖြစ်လာတဲ့အထိ ပူပန်တတ်တာမျိုး.... ကိုယ့် တာဝန်ဝတ္တရားရယ်ပဲဆိုပြီး မနိုင်ရင်ကာတွေ ထမ်းပြီး သေလုအောင် ပင်ပန်းလည်း ကြိတ်မှိတ်ပြီး လုပ်တတ်တာမျိုး... ခုတော့.... ကိုယ် ပူပင်စိတ်ဝင်လာပြီဆိုတာနဲ့ သတိလေးက အချက်ပေးပြီ.... ဆက်ပြီး အကြီးမခံတော့ဘူး.... ကိုယ် ဘာတတ်နိုင်လဲ စဉ်းစားတယ်... အဆုံးစွန်ဆုံး ကိုယ်မရှိတော့ရင်ရော ဘယ်လိုဖြစ်မလဲထိ စဉ်းစားလိုက်ရင် အရာရာဟာ အေးဆေးဖြစ်သွားတာပဲ... အရင်ကတော့ လူကြီးမိဘတွေကိုလည်း ပူတယ်... သားသမီးတွေကိုလည်း ပူတယ်...  အခုကတော့.... ပူတာကို ဘယ်လိုရှင်းလို့ရမလဲလို့ပဲ problem solve လုပ်ဖို့ကို စဉ်းစားတယ်... ဘာလုပ်နိုင်မလဲ...မလုပ်နိုင်တော့တဲ့...ကိုယ်မရှင်းနိုင်တဲ့ ကိစ္စဆိုရင် let it be… ပဲ … တတ်နိုင်သလောက် နည်းလမ်းမျိုးစုံ စဉ

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်