Skip to main content

ဝါသနာလေးတွေ ဆိုလို့....

ဝါသနာ.....တဲ့...။ ညီမငယ် တန်ခူး  (လေနူအေး) က သတိတရ Tag လာပါတယ်...။

ကျမ နားလည်တဲ့ ၀ါသနာဆိုတာကတော့ ကိုယ်စိတ်ဝင်တစားနဲ့ ပျော်ရွှင်ကျေနပ်စွာ ကိုယ့်ရဲ့ အချိန်တွေကို နှစ်နှစ်သက်သက် ကုန်ဆုံးစေတာမျိုးလို့ ထင်ပါတယ်..။ လူအမျိုးမျိုး ၀ါသနာ အမျိုးမျိုးပေါ့..။ အချိန်ကာလတွေ ပြောင်းလာတာနဲ့ အမျှ ၀ါသနာတွေလည်း ပြောင်းလဲသွားနိုင်သလို တချို့တလေကလည်း အခြေအနေမပေးသေးရင်တောင် တနေရာမှာ ငုပ်လျှိုးနေတတ်တာမျိုးလို့ ထင်ပါတယ်...။

ကျမကို “ဘာ ၀ါသနာပါ ပါသလဲ၊ တခုထဲ ဖြေ” လို့ ပြောလာခဲ့ရင်တော့ မဆိုင်းမတွ ဖြေမိမှာကတော့ စာဖတ်ခြင်းပါပဲ...။ စာရေးစာဖတ်ခြင်းက တွဲနေတာပေမယ့် စာဖတ်ဖြစ်တိုင်းလည်း စာမရေးဖြစ်ပါဘူး။ ဒီတော့ ကျမအတွက် စာဖတ်နေရတာကိုက စိတ်အပန်းဖြေစရာ  အနားယူ အားသစ်တွေ မွေးယူဖို့အတွက် မရှိမဖြစ် ၀ါသနာ... စာရေးတာကတော့ စိတ်ရဲ့ ထွက်ပေါက်၊ ရင်ထဲ တင်းကျပ်တာတွေ.. ကိုယ့်အတွက် သင်ခန်းစာအဖြစ် မှတ်ထားချင်တာလေးတွေ၊ အမှတ်တရ သိမ်းဆည်းထားချင်တာလေးတွေကို စာရေးဖြစ်ခဲ့ပါတယ်..။ ဘလော့ဂ်မလုပ်ခင်အထိတော့ ဝေမျှဖို့အတွက် မဟုတ်ပဲ ကိုယ်ဖတ်ဖို့အတွက်ပဲ ရေးဖြစ်ခဲ့တာပါ...။...

အားတာနဲ့ (အချိန်မရွေး၊ နေရာမရွေးပဲ) ကောက်ကိုင်ဖြစ်တာက စာအုပ်ပါပဲ... ဒီတော့ စာဖတ်ခြင်းက ကျမကို အစိုးမိုးဆုံး ၀ါသနာဖြစ်ပါလိမ့်မယ်...

နောက် တခုက ကွန်ပျူတာ....။
သူကတော့ နေရာ အချိန်ရွေးနေပါသေးတယ်...။ ဒါပေမယ့် သူကို ကလိနေရရင်  ထမင်းမေ့  ဟင်းမေ့..။ ဒါတောင် အင်တာနက် မပါသေးဘူးနော်...။ သူ့ချည်းပဲကို စွဲတာ...။ ကွန်ပျူတာတလုံးနဲ့တင် တော်တော် အလုပ်ဖြစ်တာကိုး။ အင်တာနက်ပါ ချိတ်ထားလို့ကတော့ လိုရာသုံးပဲ...။ ကလေးတွေ တခုခု အရေးပေါ်ဖြစ်လို့ကတော့ အင်တာနက်ထဲ တက်ရှာ.. အွန်လိုင်းမှာ ဒေါက်တာတွေက ရှိနေတာကိုး။ web MD တို့ ဘာတို့တွေမှာ သွားရှာ မှီငြမ်းကိုးကားပေါ့...။ 



ဖတ်စရာ စာအုပ်တွေလည်းမရှိ.. ကွန်ပျူတာလည်း မသုံးနိုင်ရင်တော့ .. ချည်ထိုးဖို့ စိတ်ကူးမိတတ်ပါတယ်..။ တချောင်းထိုးအပ်ကလေးနဲ့ ဟိုအပွင့် ဒီအပွင့်လေးတွေထိုးမယ်.. ကလေးတွေအတွက် အရုပ်သေးသေးလေးတွေ ထိုးမယ်..။ တက်တင်းလွန်းလေးနဲ့ အပွင့်လေးတွေ ဖော်မယ်..။ အင်္ကျီတွေ တဘက်တွေ စားပွဲခင်းတွေလို အထည်ကြီးတွေတော့ မထိုးဖြစ်တာ ကြာပါပြီ....။ 

အဲဒါတွေမလုပ်ဖြစ်ရင် ကလေးတွေလည်း ပါဝင်နိုင်မယ့် ကိုယ်တိုင်လည်း စိတ်ပါဝင်စားနဲ့ လုပ်ဖြစ်တာတခုက.. စက္ကူလေးတွေကို ခေါက်တဲ့ origami ပါပဲ...။ လေယာဉ်ပျံလေးတွေ၊ သဘောင်္လေးတွေ၊ ငှက်တို့ ကြယ်လေးတွေ စတဲ့ သူတို့ လုပ်နိုင်မယ့် ပုံလေးတွေကို  ကလေးတွေနဲ့ အတူ ချိုးကြပါတယ်...။
နောက်ပြီး သူတို့တွေနဲ့ အတူ ဂိမ်းကစားတာ...။ level ကလည်း တူပါတယ်.. အဟဲ...ကိုယ်ကလည်း ကလေးဂိမ်းလေးတွေပဲ ဆော့ချင်တာကိုး။ ဂိမ်းကို ၀ါသနာပါတာက tetris ကနေ စလိုက်တာ... အားရင်  အဲဒီလို အတုံးတွေ စီတာ.. puzzle တွေ ဆက်တယ်..။ ဖုန်းထဲမှာလည်း အဲလို ဂိမ်းသေးသေးလေးတွေ ထည့်ထားတတ်ပါတယ်.. ဘောလုံးဖောက်တာတို့.. sudoku လို ဂဏန်းလေးတွေ ထည့်တာမျိုးပေါ့...။


 နောက်ဆုံး ၀ါသနာတခုကတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးတာပါ....။ ငယ်ငယ်ကတည်းက ကြောင်တွေမွေးလိုက်...ခွေးတွေမွေးလိုက်... သေသွားတော့ ၀မ်းနည်းပက်လက် ငိုလိုက်နဲ့.. အခုထက်ထိ သံယောဇဉ်ဆိုတာ ပူမှန်းသိရက်နဲ့ သူတို့လေးတွေကို မြင်နေ ကြည့်နေရတာ စိတ်ချမ်းသာလို့ မွေးဖြစ်နေတုန်းပါပဲ..။ ကလေးတွေ ပေါက်စနတုန်းကတော့ ကိုယ်လည်း လှည့်မကြည့်နိုင်၊ ကလေးတွေလည်း ကျန်းမာရေးထိခိုက်မှာစိုးလို့ မမွေးခဲ့ပါဘူး။ အခုတော့ သူတို့လေးတွေကလည်း တိရိစ္ဆာန်လေးတွေ ချစ်တတ်တော့ ငါးလေးတွေ ဟမ်းစတားလေးတွေတော့ မွေးထားဖြစ်ပါတယ်..။

ဒီလောက်ပါပဲ... ကျမရဲ့ ၀ါသနာတွေကတော့...။
တန်ခူးရေ။ သတိတရ Tag လို့ ၀မ်းသာပါတယ်နော်...။ မဖြစ်ညစ်ကျယ် ၀ါသနာတွေကို မနည်းညှစ်ထုတ်ပြီး စဉ်းစားနေရလို့ အချိန်နဲနဲကြာသွားပေမယ့် ထွက်လာတော့လည်း ဒါပါပဲ...။

နောက်ထပ် ဘယ်သူတွေကို ထပ်ပုတ်ရရင် ကောင်းမလဲ မသိ.. တကယ်တမ်းကျတော့ အားနာနာရယ်နော်.. မအားမှာရယ်... ကိုယ့်ကြောင့် သူတို့ မအားတဲ့ကြားထဲက အားနာနေမှာလဲ စိုးတယ်..။ ဒါကြောင့် သတိရပေမယ့် အားနာတာနဲ့ သူများတွေ ရေးတာပဲ စောင့်ဖတ်လိုက်ဦးမယ်..။ တကယ်တမ်း Tag ချင်တဲ့ သူတွေကတော့ ကျမ ခင်တဲ့ blog roll မှာ တင်ထားတဲ့ သူ အကုန်လုံးပါပဲ... :)


(ပုံလေးတွေကို Google search ကနေ ရှာဖွေ ရယူထားပါတယ်...)

Comments

MANORHARY said…
တူတယ်
စာဖတ်တယ်
tetris လို anagram လို ဂိမ်းတွေဖုန်းထဲထည့်
ကစားတာ စိတ်ထဲမှာရှုပ်လာရင် ဖုန်းဖွင့်ပြီးဆော့နေလိုက်
တယ်။ နောက် တစ်ချောင်းထိုး နှစ်ချောင်းထိုး..မထိုး
ဖြစ်တာတော့ကြာပေါ့..နောက် အိမ်မွေးတိရစ္ဆာန်ကြောင်
လေးတွေမွေးတာ..
MANORHARY said…
oh I am the first !! ;)
ThuHninSee said…
ဂိမ်းကစားတာ ၀ါသနာပါတယ်။ ခပ်မြင့်မြင်တွေတော့ မရပါဘူး။
ဒုန်းဒိုင်းချနေတာတွေလဲ မကြိုက်ဘူး။
စာဖတ်ဝါသနာပါပေမယ့် ဗဟုသုတမရစေတာတွေ ရွေးဖတ်နေတော့
ဥာဏ်ရည်က တက်မလာဘူးအစ်မရယ်။း)
ဇနိ said…
အမရေ ကလေးတွေနဲ့ ဂိမ်းလုကစားနေတယ်လား
း)
ချစ်စရာကောင်းတဲ့ မိသားစုလေးရဲ့ မိခင်တယောက် ၀ါသနာတွေက ဖတ်လို့ ကောင်းလိုက်တာ မ ရေ… ရေးပေးတာကျေးဇူးပါနော်… မ ၀ါသနာတွေက မ ကလေးလေးတွေနဲ့  ဆက်စပ်နေတာတွေ့ ရတာ ချစ်စရာပါ… သားလေးကလဲ petမွေးချင်တယ် မ ရေ… သူ့ ဝါသနာအတွက် ငါးလေး၂ကောင်လောက် မွေးပေးဦးမှလို့  စဉ်းစားနေတာ… သိုးမွှေးနဲ့  အရုပ်လေးတွေ တခါမှ မထိုးဖူးဘူး မရေ… မ ဆီက သင်ဦးမှ…
Moe Cho Thinn said…
ချစ်စရာကောင်းလိုက်တဲ့ ၀ါသနာလေးတွေပဲ မမရေ။ ပုံလေးတွေနဲ့ စာလေးတွေနဲ့ လိုက်ဖက်လိုက်တာ။
သက်ဝေ said…
ဝါသနာလေးတွေကို စည်စည်ကားကားနဲ့ ဖွယ်ဖွယ်ရာရာ ရေးတတ်လိုက်တာ...
ပုံလေးတွေလဲ ချစ်စရာကောင်းတယ်...
ကြောင်ကလေး စာဖတ်နေတဲ့ပုံ ကူးယူသွားတယ်နော်...
သူငယ်ချင်းရဲ့ဝါသနာတွေက
ခုချိန်ထိမပြေါင်းလဲသေးပါလား !
khin oo may said…
ပြောချင်တာကတော့

http://khinoomay77.blogspot.com/2009/03/how-to-remove-ward-verification.html
tg.nwai said…
>> မနော်..၀ါသနာချင်းတူတာတွေ တွေ့လို့ ၀မ်းသာသွားတယ်၊ :)

>> မွန်ရေ..စာကို ဗဟုသုတအနေနဲ့ ဖတ်ရတာ ပျင်းစရာကြီးပါကွာ.. ကိုယ်သိချင်တဲ့အခါမှ ဖတ်တာပေါ့..ပီအက်စ်စီစာမေးပွဲ..လူရည်ချွန်စာမေးပွဲဖြေဖို့ ဖတ်တာမှ မဟုတ်တာ..။ ဂိမ်းကစားတာကလည်း ကိုယ်ပျော်နိုင်မယ့် အဆင့် ရွေးကစားတာပဲကောင်းပါတယ်.. တော်ကြာ ကိုယ်က မပျော်ရပဲ..ရင်တုန်နေရရင် ဂိမ်းက ကိုယ့်ပြန်ကစားသွားဦးမယ်..ဟဲဟဲ

ကိုနိ+နိနိ>> ကလေးတွေနဲ့ မလုပါဘူး..တယောက်တလှည့်စီပါ..ဟဲဟဲ

တန်ခူးရေ..ကိုယ်က ကလေးတွေနဲ့တွဲနေရတော့ သူတို့တွေပါမှ ဖြစ်မှာကိုး၊ အဟဲ..အရုပ်လေးတွေက လွယ်ပါတယ်..puppet လိုဟာမျိုးလေးတွေဆို သူတို့တွေ သဘောလည်းကျတယ် ..လွယ်မြန်ပျော်ပေါ့...:)

ချိုသင်းရေ..ပုံလေးတွေကို မနည်းကိုက်အောင် ရှာထားရတာ..အဟဲ..

သက်ဝေရေ..ပုံလေးသဘောကျလို့ ကျေးဇူးတင်ပါတယ်..လိုချင်တာ ယူသွားလို့ ရပါတယ်.. ဟဲဟဲ..ဂူးဂဲလ်ကနေ ကမန်းကတန်းရှာထားတော့ လင့်ခ်တွေပျောက်နေလို့။

>> သင်းကြည်ရယ်.. စိတ်မကောင်းတဲ့ လေသံနဲ့ပါလား..ဟုတ်ပါရဲ့..ငါဟာ အစွဲအလမ်းကြီးတတ်တဲ့ သူတယောက်ပါကလား..( သံဝေဂ ရသွားဟန်)

>> မမကွန်ရေ.. ဘာကိုဆိုလိုချင်တာလည်း ချက်ချင်းသဘောမပေါက်လိုက်ဘူး..မလုပ်ထားဘူးပဲ ထင်နေတာလေ.. မမများ april fool လာလုပ်တာလား မသိလို့ မယုံသကာင်္နဲ့..အဟဲ။ ကွန်မန့်ထဲမှာ word verification ၀င်နေမှန်း တကယ့်ကို သတိမထားမိခဲ့တာ..ဆောဒီး ဆောဒီး...မမ ပြောလို့ ပြင်လိုက်ပါပြီ။ လက်တို့ပြီး ပြောသွားတဲ့ မမကို ချစ်စ်စ်စ်စစ်.. :)
kay said…
မသိဂီ င်္ရေ- ၀ါသနာလေးတွေ လာစပ်စုသွားတယ်။ ဘလော့ကာ တွေထဲမတော့..စာဖတ်တာက..တော်တော်တူ ကြပါတယ်။ တက်တင်း တချောင်းထိုး လက်မူ ပညာတွေ အရင်က..စိတ်ဝင်စားပေမဲ့..အခုတော့..အနားတောင်မသီနိုင်။ အချိန်လဲ သိပ်ပေးရတယ်လေ..။အကျီ င်္ ချုပ်တာက..ပိုမြန်လို့..အဲဒါဖက်ကို ပိုစိတ်ဝင်စားတယ်။
Welcome said…
ဝါသနာပါတာလေးတွေကို
ပုံလေးတွေနဲ့ စိတ်ဝင်တစား၊ သပ်၂ရပ်၂ ဖြစ်အောင် အတွေးလှလှနဲ့ ပုံဖော်ထားလို့
စာဖတ်သူကို ကြည်နူးမှု ပေးနိုင်စွမ်းတယ်။

လေးစားလျက်

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ