Sunday, May 3, 2009

ဒုတိယအကြိမ် ပုံနှိပ်ခြင်း..(နာဂစ်တနှစ်ပြည့် ၀မ်းနည်းသတိရခြင်း )

ကိုဖိုးဂျယ် တက်ဂ်ထားတဲ့ ဒုတိယအကြိမ်ပုံနှိပ်ခြင်းပို့စ်လေးအတွက် ကျမ ပြန်မရေး (အဲလေ) ပြန်မရွေးနိုင်သေးလို့ အကြွေးတင်နေခဲ့ပါတယ်...... အခု နာဂစ်တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ခေါင်းစဉ်မတပ်ပဲ တင်ထားခဲ့တဲ့...(အဲဒီတုန်းက ကမန်းကတန်းတင်ထားခဲ့ရတဲ့) ပို့စ်လေးကိုပဲ နာဂစ်အမှတ်တရအဖြစ်နဲ့ရော.. ကိုဖိုးဂျယ်ရဲ့ တက်ဂ်ပို့စ်အဖြစ်နဲ့ ပြန်တင်ထားလိုက်ပါတယ်...။ အဲ.. နဲနဲတော့ ဖြတ်တောက်ထားပါတယ်..။ :)
############
နာဂစ်လာတဲ့အချိန် ကျမတို့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ။ မနက်မိုးလင်းတနေကုန်ထွက် ညမိုးချုပ်မှ ဟိုတယ် ပြန်အိပ်ရုံသာ နေခဲ့။ အဲဒီနေ့ည (မေလ-၂-ရက်နေ့)မှာ မနက်ဖြန်ပြန်မှာမို့လို့ ကလေးတွေကို သူတို့ သိပ်ကြည့်ချင်နေတဲ့ IRON MAN ကို EMPORIUM က ဈေးဝယ်အပြီး အပေါ်ထပ်မှာပဲ တက်ကြည့်ဖြစ်ပါတယ်။ ကာတွန်းကို အသက်ပြန်သွင်းထားတဲ့ ရုပ်ရှင်ဖြစ်လို့ ယုတ္တိမတန်ပေမယ့် အက်ရှင်တွေများလို့ hero ကို သဘောကျတဲ့ ကလေးတွေကတော့ sound effect နဲ့ပြည့်ပြည့်၀၀ ကြီးကို သဘောတွေ့နေကြလေရဲ့။

မနက် မိုးလင်း ပစ္စည်းတွေ သိမ်းဆည်းအပြီးမှာ သူငယ်ချင်းတယောက်ဆီက ဖုန်းဝင်လာပါတယ်။ မနက်ပိုင်း ရန်ကုန်-ဘန်ကောက် လေကြောင်း ခရီးစဉ်တွေ ဖျက်သိမ်းလို့ ကျမတို့ကို ပြန်ဖြစ်ရဲ့လားလို့ လှမ်းမေးတာပါ။ ကျမတို့လည်း အင်တာနက်နဲ့ ဝေးနေ... ဘာသတင်းမှကို သတိမထားမိဖြစ်ခဲ့လေတော့ ရန်ကုန်ကို မုန်တိုင်းလာမှာလည်း မသိခဲ့ပါဘူး။ 


ဒါနဲ့ လေယာဉ်ရုံးကို ဖုန်းဆက်မေးတော့မှ ညနေပိုင်းလည်း cancel လို့ ပြောတာနဲ့ ကျမတို့လည်း လေဆိပ်မဆင်းဖြစ်ခဲ့ပါဘူး။ ရန်ကုန်ကို ဖုန်းခေါ်ကြည့်တော့လည်း ခေါ်လို့သာ မရတယ်။ ဖုန်းကတ်တွေ တကဒ်ပြီး တကဒ် စားကုန်ပါတယ်။ ဒါနဲ့ ကျမတို့လည်း ဟိုဟိုသည်သည်လျှောက်သွားပြီး အင်တာနက်ဆိုင်တစ်ဆိုင်မှာ ၀င်ကြည့်ဖြစ်တော့မှ မုန်တိုင်းဝင်သွားမှန်း သိရပါတယ်။ ကြာလေကြာလေ အခြေအနေတွေ ပိုဆိုးနေမှန်း သိရလေ။ အိမ်ကို စိတ်ပူလေ။ အိမ်နဲ့ အဆက်မသွယ်မရလို့ ပူရတာတမျိုး၊ ကျမတို့ အပြန်ခရီး မသေချာလို့ စိတ်ထင့်ရတာတမျိုးနဲ့။ 

လူကြီးတွေက စိတ်တွေ ပူပင်နေသလောက် ကလေးတွေကတော့ ရောက်တဲ့အရပ်မှာ ပျော်နေကြတာပါပဲ။ တကယ်တမ်း ကျမတို့ကမှ အပြင်မှာ စောင့်နေရလို့ တော်သေး။ တချို့က check-in ၀င်ပြီးတာကြောင့် အထဲမှာ ငုတ်တုတ်ထိုင်စောင့်နေခဲ့ရပါတယ်။ ကျမတို့ကိုလည်း လေဆိပ်မှာ stand-by လာစောင့်နေဖို့ပြောပေမယ့် ကလေး ၃-ယောက်နဲ. ပစ္စည်းတွေနဲ့ သွားလိုက် လာလိုက်ဆို ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်လို့  စောင့်ရင်း စောင့်ရင်း။

မေလ ၅-ရက်နေ့မှာတော့ လေယာဉ်ခရီးစဉ်တွေ ပြန် resume လုပ်လို့ နေ့လည်လောက်မှာ လေဆိပ်ဆင်းဖြစ်ပါတယ်။ ညနေပိုင်း ခရီးစဉ်ကို stand-by စောင့်ပြီးမှ မရရင် မေလ-၇-ရက်နေ့ မနက်ပိုင်းခရီးစဉ်အတွက်တော့ confirm ရပါတယ်။ ဒါနဲ့ နေ့လည်စာ လေဆိပ်က food-centre မှာပဲ စားသောက်၊  Observation space မှာ စောင့်ပြီး ၄-နာရီလောက်မှာ stand-by မှာ check-in ၀င်ဖို. သွားစောင့်နေပါတယ်။ 


ကျမတို့ တန်းစီနေတဲ့ နေရာက staff တွေက ၅ နာရီမှာ ချိန်းထားခဲ့လို့ ၅-နာရီမထိုးမချင်း ကျမတို့ကို ငုတ်တုတ်စောင့်ခိုင်းပြီး တခြားလူတွေကိုတော့ လက်ခံနေပါတယ်။ နောက် ကျမလည်း Luggage လှည်းကြီးနဲ့ အမြင်ကတ်လောက်အောင် ဟိုတွန်းသည်တွန်းလုပ်နေတော့မှ သူတို့တွေထဲက senior ဖြစ်ဟန်တူတဲ့ အမျိုးသမီးတစ်ယောက်က ကျမကို လာမေးပါတယ်။ ဘယ်သွားမှာလဲဆိုတော့ မြန်မာပြည်ပြန်ဖို့ စောင့်နေတာလို့ ပြောတော့ လက်မှတ်ကိုတောင်းကြည့်ပြီး အဲဒီ staff တွေကို တခုခု ပြောလိုက်တော့မှ ကျမတို့ကို လက်ခံပြီး check-in ပေးလုပ်ပါတယ်။ အဲဒီတော့မှ ၅နာရီ ၄၀မှာ boarding closed လုပ်မယ့် E1A ကို ပြေးရပါတယ်။ ဒီကြားထဲ အပြေးအလွှား VAT claimed လုပ်ရပါသေးတယ်။ လေယာဉ်ပေါ်ရောက်မှပဲ ဟင်း ချနိုင်ပါတော့တယ်။ အပြင်မှာ ရာသီဥတု ဆိုးဝါးနေလည်း စိတ်ထဲမှာတော့ ထုံထုံထိုင်းထိုင်း ဖြစ်နေပါတယ်။

ရန်ကုန်လေဆိပ်ရောက်တော့ မီးကကွက်ကွက်လေးပဲ လင်းနေပါတယ်။ ထုံးစံအတိုင်း ပစ္စည်းတွေ ဘာတွေရွေးပြီး ရုံးကလာကြိုတဲ့ ကားလေးနဲ့ အိမ်ပြန်လာခဲ့ပါတယ်။ မှောင်မှောင်မဲမဲကြားမှာ သစ်ပင်တွေ အတုံးအလုံး ပြိုလဲ....။ ထွက်လာတဲ့ ကာလ ၂-ပတ်အတွင်းမှာ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ.....။ billboard တွေလဲ ပြိုကျလို့။ ကျမ စိတ်ထဲ မကောင်းလိုက်တာ။ လမ်းတွေမှာ သစ်ပင်ကြီးတွေက ပိတ်နေတော့ လူတွေက မှောင်မှောင်မဲမဲထဲမှာ လမ်းတွေပေါ်တက်လျှောက်ကြ။

အိမ်ရောက်တော့ ကျမတို့လမ်းထိပ်က စုပေါင်းနေထိုင်ကြတဲ့ တဲစုလေးတွေ ပြားပြားဝပ်လို့။ ကောင်းကင်ကြီးကို ကြည့်လိုက်ရင်လည်း ရှင်းလင်းလို့ နေလေရဲ့။ ဘယ်လိုမှန်းမသိတဲ့ ဟာတာတာ ခံစားမှုတွေ....။

အိမ်ထဲရောက်လို့ ဖိနပ်ချွတ်ပြီး ခြေအချ...။ ကော်ဇောရဲ့ မွမွအိအိ အထိအတွေ့အစား စွပ်ကနဲ စိုစိစိ ခံစားလိုက်ရတယ်။ အနံ့အသက် ခပ်ဆိုးဆိုးကလည်း နှာခေါင်းဝ ကို နှုတ်ဆက်နေလေရဲ့။ ဖယောင်းတိုင်မီးထွန်းပြီး အပေါ်ထပ်တက်တော့ ခရီးမသွားခင် ပလတ်စတစ်အိတ်အမဲအကြီးတွေနဲ့ ပစ္စည်းတွေ ထည့်သိမ်းထားခဲ့လို့ ဘာမှတော့ သိပ်ပျက်စီးဟန် မတူပါဘူး။ တံခါးနှစ်ချပ်ကတော့ ဗလာအကျင်းနဲ့ လေပြေသွေးနေလေတယ်။ ဖေဖေတို့အိမ်သွားတော့ သူတို့တွေရဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြကြတယ်။

ကျမတို့ကလည်း တခုခုဖြစ်ပြီဆို အနီးအနားမှာ ရှိမနေတတ်ပါဘူး။ ၂၀၀၄ ခုနှစ် ဆူနာမီဖြစ်တုန်းကလည်း ကျမတို့က မေမြို့ရောက်နေခဲ့ပြီး ဘာမှကို မသိလိုက်ရပါဘူး။

မနက်မိုးလင်းတာနဲ့ အနံ့အသက်ဆိုးဝါးနေတဲ့ အောက်ထပ်ကြမ်းခင်းထားတဲ့ ကော်ဇောတွေကို ခွာရပါတယ်။ မီးမရှိလို့ ရေတင်လို့မရပေမယ့် နောက်ဆုံးမီးလာတဲ့အချိန်အထိ ရေတင်ထားတတ်တဲ့ မေမေ့ကြောင့် ရေတွေကတော့ အပြည့်ရှိနေခဲ့လို့ ချွေတာသုံးစွဲနေကြရပါတယ်။ အဲဒီတရက်တော့ ရုံးသွားပြီး ဟိုသည်လျှောက်ကြည့်။ ပြီး မမှောင်ခင်ပြန်လာ အိပ်ကြနဲ့ ပြီးသွားပါတယ်။ ပူတတ်အိုက်တတ်တဲ့ သမီးလေးကတော့ အဲကွန်း မဖွင့်လို့ ဂျီကျပါတယ်။ သူ့ကို အအေးဆုံးနေရာမှာထားပြီး ချော့သိပ်ရပါတယ်။

နောက်ပိုင်းရက်တွေမှာ သတင်းတွေက ပိုစုံလာပြီး ဧရာဝတီတိုင်းရဲ့ ပျက်စီးဆုံးရှုံးမှုတွေ ပိုပြီးကြားလာရပါတယ်။ တချို့နေရာတွေမှာ ဖုန်းလိုင်းတွေရပြီး အင်တာနက်တွေ သုံးနိုင်နေပါပြီ။ ကျမတို့လည်း ရန်ကုန်မြို့တွင်း ပျက်စီးမှုအခြေအနေတွေကိုကြည့်ပြီး ကျမတို့နေရာတွေမှာ မီးနဲ့ ဖုန်းလိုင်းတွေ ရဖို့ မလွယ်သေးတာကို သဘောပေါက်တာနဲ့ မီးစက်ဝယ်ဖို့ စဉ်းစားရပါတော့တယ်။ ညဘက် မီးလင်းပြီး ရေပါတင်လို့ရမဲ့ အိမ်သုံးမီးစက်တလုံးတော့ လိုနေပါတယ်။ ဘုရင့်နောင် မင်္ဂလာသန်းမြင့်ဆိုင်ရောက်တော့ ဈေးတွေက ၃ဆလောက် တက်နေပါတယ်။ 


ဒီလိုအချိန်မျိုးမှာ စီးပွားရေးအမြတ်ထုတ်တဲ့ လူမျိုးတွေ ရှိနေတာကိုပဲ အံ့သြမိပါတယ်။ မီးစက်တွေကလည်း ရောင်းမလောက်အောင် အ၀ယ်လိုက်ကြပါရဲ့။ မီးစက်ဆိုင်တွေရှေ့မှာ ကားကြီး ကားငယ်အသွယ်သွယ် ရပ်လိုက်၊ ပစ္စည်းသယ်လိုက်၊ ထွက်သွားလိုက်နဲ့ အလုပ်ရှုပ်နေကြတာကို လိုင်းကားပေါ်က အပြည့်အသိပ်ဖြစ်နေတဲ့ ခရီးသည်တွေက ငေးမောကြည့်နေကြလေရဲ့။ အော်..... ရန်ကုန်မြို့ကြီးပေါ်မှာတော့ ပိုက်ဆံရှိနေသေးရင် အဆင်ပြေအောင် နေလို့ရသေးပေမယ့်....။

ကြားရတာ တို့တွေရဲ့သားချင်း ဒုက္ခသည်တွေကို ကူညီဖို့ လူသားချင်းစာနာတဲ့ သူတွေက အကူအညီတွေ အထောက်အပံ့တွေ ပို့တဲ့သူတွေကပို့လို့။ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေက သူတို့တတ်အားသလောက် ကာယအား ပညာအားတွေ လှူဒါန်းဖို့ ကမ်းလှမ်းသူတွေက ကမ်းလှမ်းလို့။ သနားလိုက်ကြတဲ့ ကျမတို့ မြန်မာပြည်သူ ပြည်သား တွေကို။ 


ရင်နာလိုက်တာကွယ်....။ တို့ပြည်သူတွေ ဘယ်လို ၀ဋ်ကြွေးတွေကြောင့်ပါလိမ့်။ ကိုယ်ရှိတာနဲ့ တင်းတိမ်ရောင့်ရဲစွာ အသက်တချောင်းစီကို ပင်ပန်းကြီးစွာ မွေးမြူခဲ့ရ..။ ဟော.... အခုကျတော့လည်း အသက်ပေါင်းများစွာကို ခြွေချသွားလိုက်တာများ..... လှိုင်းတပုတ်မှာ သဲ အဆုပ်လိုက် ပါသွားသလိုပါပဲ။ ကံကောင်းထောက်မစွာ အသက်ရှင်သန်ကျန်ရစ်ခဲ့ကြတဲ့သူတွေမှာ အရူးတပိုင်း... စိတ်သောက ခံစားရတာတပိုင်း၊ ကိုယ်ဒုက္ခခံစားရင်း လူ့တန်ဖိုးတွေ ပျောက်ဆုံးနေခဲ့။ ၀မ်းနည်းစရာ.....။ 

အခုပဲ ကြည့်ဦး...။ စာနာထောက်ထားသူတွေ ပေးကမ်းလှူဒါန်းတဲ့ ပစ္စည်းတွေကို လက်ခံလို့မရ..။ အတားအဆီး အပိတ်အပင် အဖြတ်အတောက်များစွာ ခံနေခဲ့ရတဲ့ဘ၀...။ ကံဆိုးလိုက်ကြတဲ့ ကျမတို. မြန်မာပြည်သူ ပြည်သားတွေ...။ အမျိုးသားစိတ်ဓာတ်နဲ. လှူဒါန်းကြပါဆိုပြီး.... လှူတဲ့ ပစ္စည်းတွေကို ရွေးချယ် ဝေစုခွဲနေကြတာကို ပတ်ဝန်းကျင်က အတိုင်းသား သိနေကြားနေကြရပါတယ်။ ဒုက္ခသည်တွေဆီက အသက်ဆက်ဖို့ ထမင်းတလုပ်၊ အ၀တ်တထည်ကို လုစားရဲတာကတော့ ငရဲမကြောက်တဲ့ လူတစ်စုပါပဲ...။ အထောက်အပံ့တွေပေးတဲ့ လေယာဉ်တွေပေါ်ကချတာ အထုပ်တွေ အများကြီး။ လက်ထဲရောက်တော့ အထုပ်သေးသေးတခုကို ၀ိုင်းဝန်းခွဲစားနေကြရတဲ့ဘ၀။ ပစ္စည်းတွေကို ကတော့(cone) ထဲထည့် အသွင်ပြောင်းလေရော့သလားမသိ။ ၀င်တုန်းကတော့ အများကြီး၊ ပြန်ထွက်လာတော့ တစ်စက်ထဲ....။ အင်း...။ အငွေ.ပျံသွားလေရော့သလားမသိ..။...

ညှာတာကြပါဦး၊ စာနာကြပါဦးရှင်...။ ကိုယ်ထမင်းတလုတ်မျိုတိုင်း စားရမဲ့သောက်ရမဲ့ အိုးအိမ်မဲ့ မိသားစုတွေ မဲ့ကုန်တဲ့ ပြည်သူတွေ အများကြီး အဲဒီ ထမင်းလုပ်ကို မမြင်ရတဲ့ မျက်လုံးတွေနဲ. ငေးနေကြတယ်။ မိုးအေးအေးနဲ့ ကွေးပြီး ဇိမ်ကျနေတဲ့အချိန်မှာ အမိုးအကာမရှိ၊ အနံ့အသက်မကောင်းတဲ့ နေရာတွေမှာ အိပ်မက်ဆိုးတွေ ခြောက်လှန့်ခံနေခဲ့ရ။ ကိုယ်မသုံးတော့တဲ့ အ၀တ်အထည်တွေ ချောင်ထိုးထားတဲ့အစား အ၀တ်တစ်ထည် ကိုယ်တစ်ခုသာ ဖြစ်နေကြတဲ့ ကိုယ့် ညီအကိုမောင်နှမတွေကို မျှလိုက်ကြပါ။

ကျမတို့ပြည်သူတွေက တမြေထဲနေ၊ တရေထဲသောက်နေကြတဲ့ လူသားတွေပါပဲ။

မိုးတွေ ညိုလာပြီ...... ပြည်သူတွေရဲ. မျက်ရည်တွေထက်တော့ မပိုနိုင်တော့ပါဘူးနော်.......။

အေးချမ်းတဲ့ တိုင်းပြည်လေးတစ်ခု.... ကိုယ်ထူကိုယ်ထ စံနစ်နဲ. ပြန်ထူထောင်ကြရအောင်နော်.....။

အကုန်လုံးပါဝင်ကြပြီး တတပ်တအားနဲ့ပေါ့.....ရေသာခို ကျန်မနေခဲ့စတမ်း...။ အခွင့်အရေး ပိုမယူ တလုံးပိုမရှုကြစတမ်းလေ...။

ရန်ကုန်တမြို့လုံး သစ်ပင်ကြီးတွေ အကုန်လုံးနီးပါး အလဲလဲ အပြိုပြို...။ အထင်ကရ သစ်ပုတ်ပင်ကြီးကတော့ မားမားမတ်မတ် ရပ်တည်နေဆဲ...။ ဟော... အကုန်လုံးနီးပါး ဇက်ကြိုး အရွက်မဲ့....တို့လို့တွဲလောင်း အပင်ပျက်တွေကြား ရန်ကုန်မြို့မှာ ရှိတဲ့ စိန်ပန်းနီတွေကတော့ ရဲရဲစွင့်စွင့် အပွင့်တွေ ပြန်ဝေဆဲ....။

10 comments:

ThuHninSee said...

မှတ်မှတ်ရရမုန်တိုင်းထဲမှာ အသဲအသန်ဖြစ်ပြီး မုန်တိုင်းစဲတဲ့မနက်မှာပဲ အဘွားဆုံးသွားတာ။ရေခဲတိုက်မှာ ထားမရပြုမရ။
သချိုင်္င်းထဲရေမြုပ်နဲ့ အတော်ပဲ ဒုက်ခရောက်သွားတယ်။

MANORHARY said...

အဲဒီမုန်တိုင်းထဲ ကိုယ်တိုင် ဒုက္ခရောက်ခဲ့တာမို့
စာတောင်ဖွဲ့မပြနိုင်တော့ပါဘူး

khin oo may said...

ဖတ်သွားတယ။် ဘန်ကောက်မှာရက်ပိုနေတဲ့ အတွင်း ပိုက်ဆံအပိုံရှိလို့တော်သေးတာပေါ့လို့စဉ်းစားမိသွားသေးတယ။်

မဆုမွန် said...

အစ်မရေ...
အစ်မက နာဂစ်မြင်ကွင်းကို ကိုယ်တိုင် မြင်ခွင့်ရလိုက်တယ် ဆိုတော့ ....စိတ်မချမ်းမြေ့စရာတွေပေါ့ အစ်မရယ် အခုထိ နလံမထူနိုင်ကြသေးဘူး..သူတို့အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ အမြဲတွေးတယ် တတ်နိုင်သလောက်လဲ ကူညီပေးနေမိတယ်။

JulyDream said...

အေးချမ်းတဲ့ တိုင်းပြည်လေးတစ်ခု.... ကိုယ်ထူကိုယ်ထ စံနစ်နဲ. ပြန်ထူထောင်ကြရအောင်နော်....

ဆိုတာကို ဖတ်မိတော့... ကိုယ်နိုင်သလောက် လုပ်ခဲ့ပေမယ့် အခက်အခဲ အတားအဆီးတွေ ကြုံခဲ့ရတာကို မေ့မရခဲ့ဘူး။ အဖြူရောင်လေးတွေ ဆိုပေမယ့် အရောင်ဆိုးချင်ခဲ့တာကို စိတ်နာမိတယ်။

Ma Ma said...

ကိုယ်ထူကိုယ်ထ တဲ့လားကွယ်.......
ကိုယ်ထူကိုယ်ထ လမ်း
ကိုယ်ထူကိုယ်ထ ကျောင်း
ကိုယ်ထူကိုယ်ထ တိုက်နယ်ဆေးရုံ
----------
----------
ဒို့ပြည်သူတွေအတွက် မရိုးနှိင်တဲ့ စကားလုံးလေးပါ။

နာဂစ်ကြောင့် မိထမဲ့သွားတဲ့ကလေးတွေ ၊ ပညာဆက်သင်ဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးတွေကို ပညာသင်ထောက်ပံ့နေတဲ့ အဖွဲ့များထဲက အဖွဲ့လေးတခု အဲဒီအဖွဲ့က ” ကုသိုလ် ” တဲ့ ။
http://www.kutho.org/
အဲဒီမှာ တို့သူငယ်ချင်းတွေရှိတယ်။

ကိုယ်ထူကိုယ်ထ ပေါ့။

သင်းနွယ်ဇင် said...

ဟုတ်တယ်နော် တစ်နှစ်သာပြည့်သွားတယ်။ ဒီအတိုင်းပဲ။

ဖိုးဂျယ် said...

တနှစ်တောင် ပြည့်သွားပီနော် တီတီရေ
သားကတော့ အဲ့ အချိန်ဒီေ၇ာက်နေတော့
မသိလိုက်ဘူးဗျာ။
ဝမ်းနည်းစရာ မှတ်တမ်းပဲနော်

မဆုမွန် said...

အစ်မရေ ဟုတ်ပါတယ် ချစ်သူတွေရဲ့လက်ဖ၀ါးကလဲ အမေတွေရဲ့ လက်ဖ၀ါးဖြစ်သွားကြတာပဲနော်..
အစ်မတို့မိသားစု အစ်မရဲ့ မိခင့်မေတ္တာနဲ့ အေးချမ်းကြပါစေနော်..

Me Me said...

တနှစ်ပြည့်ပေမဲ့ တိုးတက်မှုကနှေးနေတာ ဒါတို့တိုင်းပြည်ရဲ့ ထုံးစံထင်တယ်နော်။ ဘာများလုပ်ပေးနိုင်မှာလဲဟယ်.....
တွေးပြီးရင်ဝမ်းနဲမိပါတယ်။