၁၃၇၁-ခုနှစ် ၀ါခေါင်လကွယ်၊ ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၉-ရက်နေ့ ဥပုသ်နေ့ အတွက် သဘောကျနှစ်သက်မိတဲ့ ဓမ္မဆောင်းပါးလေးကို ကူးယူ ဖော်ပြလိုက်ပါတယ်။
ကံရုပ်သေး
(ရေးသူ- သစ္စာနီ)
(၁)
ဗုဒ္ဓဘာသာဝင် အတော်များများပင် ဘ၀၌ အကောင်းအဆိုးနှင့် ကြုံကြလေတိုင်း၊ “ ကံစီမံရာ ခံရတာပဲ” ဟု ပြောဆိုလေ့ ရှိကြပါသည်။ ထို့ကြောင့် ဘာသာခြားများသာမက ဗုဒ္ဓဘာသာဝင်ဆိုသူ တချို့ကိုယ်တိုင်ပင် ဗုဒ္ဓ၀ါဒကို ကမ္မ၀ါဒဟု လွဲမှားစွာ ထင်မြင်ယူဆနေကြကြောင်း ထင်ရှားပါသည်။ ထိုအယူအဆမှာ တက်တက်စင်အောင် လွဲမှားနေပါသည်။ ဗုဒ္ဓ၀ါဒကား အရာရာကို စီစစ် ဝေဖန် ပိုင်းခြား လက်ခံသော ဉာဏ်ကို ဦးထိပ်ထားသည့် ၀ိဘဇ္ဖ၀ါဒသာ ဖြစ်ပေသည်။
ကံစီမံရာ ခံနေသရွေ့ ကျွန်တော်တို့သည် သုံးဆယ့်တစ်ဘုံမှ လွတ်မြောက်နိုင်စရာလမ်း မမြင်ပါ။ ဉာဏ်စီမံမှသာ၊ ဤသုံးဆယ့်တစ်ဘုံမှ လွတ်မြောက်နိုင်ပါမည်။ ထိုဉာဏ်ကား မဂ်ဉာဏ် ဖိုလ်ဉာဏ် ဖြစ်ပါသည်။ လောကတွင် လူတို့ ကြီးပွားချမ်းသာခြင်း၊ နိမ့်ကျနွမ်းပါးခြင်းဆိုသော အကျိုးစီးပွားဟူသမျှမှာ ကံနှင့် စပ်ဆိုင်သော ကိစ္စများ ဖြစ်လေသည်။ လောကတွင် ကံကောင်းသောကြောင့် ဗြဟ္မာမင်းစည်းစိမ်၊ စကြ၀တေးမင်းစည်းစိမ်ကို ရနိုင်သည် မှန်သော်လည်း ကံကောင်းသောကြောင့် တစ်မဂ် တစ်ဖိုလ်ရခဲ့သည်ဟူသည် လူမူ မရှိနိုင်ပါချေ။ မဂ်ဖိုလ်ကိစ္စကား္ပဉာဏ်နဲ့သာ လုံးဝစပ်ဆိုင်သော ကိစ္စဖြစ်လေသည်။
(၂)
လောကတွင် “ ငါးပါးမှောက်သည်” ဆိုသော စကားရှိ၏။ ငါးပါးမှောက်သည် ဆိုခြင်းမှာ “ ငါးပေါက်မှား” ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဟူသော ဒွါရ ငါးပေါက်မှ ထိတွေ့သမျှ အာရုံ (မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယား နာ ကောင်းစိတ်) များကို သတိဖြင့် မဆင်ခြင်ဘဲ အာရုံနောက်ကို ကောက်ကောက်ပါအောင် လိုက်စားမိမှားပါက သံသရာဝဋ်ဆင်းရဲမှ လွတ်လမ်းမြင်ဖွယ်ရာ မရှိပါချေ၊ မိုးကုတ်ဆရာတော် ဘုရားကြီးက သတိဖြင့် စောင့်ကြည့်အပ်သော အပြင်ဧည့်သည် ငါးယောက်ဟု ညွှန်ပြတော်မူခဲ့ပါသည်။
တချို့က “ ကျုပ်တို့ ၀ိပဿနာတရား အားထုတ်ဖို့ ပါရမီ မပါဘူးဗျာ” ဟု ဆိုကြပါသည်။ ထိုတရားကို အားထုတ်ရန် မည်သည့် ပါမစ်မှ တစ်စုံတစ်ရာ မလိုပါ။ ပါရမီဆိုသည်မှာ ဘုရားရှင် ပစ္စေကဗုဒ္ဓါ၊ လက်ဝဲရံ၊ လကျာင်္ရံ အဂ္ဂသာဝကတို့အတွက်သာ လိုသော အရာ ဖြစ်ပါ၏။ တစ်မဂ် တစ်ဖိုလ် ရဖို့ရာ ပါရမီ မလိုပါ။ အားထုတ်ချင်စိတ် ရှိဖို့သာ လိုပါသည်။ တချို့က ရိပ်သာတွေသွားဖို့ အချိန်မရှိသေးပါဘူးဟု ဆင်ခြေပေးကြပါသည်။ ရှုတတ်လျှင် အာရုံတိုင်းသည် ၀ိပဿနာဖြစ်၍ နေရာတိုင်းသည်လည်း ကမ္မဋ္ဌာန်း (ရိပ်သာ) ပင်ဖြစ်ပါသည်။
(၃)
ကျမ်းဂန်များတွင် ကမ္မဋ္ဌာန်းလေးဆယ်ဟု ပြဆိုထားသော်လည်း ယေဘုယျအားဖြင့် ခွဲခြားလျှင် -
(၁) ဘူတရုပ်ကို ရှုခြင်း (အဇ္ဈတ္တကို ရှုသောနည်း) နှင့်
(၂) ဥပါဒါန်ကို ရှုခြင်း ( ဗဟိဒ္ဓိကို ရှုသောနည်း) ဟူ၍ နှစ်မျိုးသာ ရှိပါသည်။
ပထမနည်းမှာ မြန်မာနိုင်ငံတွင် ၀ိပဿနာမျိုးစေ့ကို ဦးစွာ ချတော်မူတော်မူခဲ့သော လယ်တီဆရာတော်ဘုရားကြီး၏ နည်း ဖြစ်ပါသည်။ အနာဂါမ်ဆရာသက်ကြီးမှ တစ်ဆင့် ဟံသာဝတီ ကမ္မဋ္ဌာန်းတိုက်၊ ဆရာကြီး ဦးဘခင်နှင့် မစ္စတာဂိုအင်ကာတို့အထိ ဆက်လက်ပြန့်ပွားနေသော နည်းဖြစ်ပါသည်။ ဘူတရုပ်ဟုခေါ်သော ဓာတ်လေးပါးကို ရှုရပါသည်။
ဒုတိယနည်းမှာ မူလမင်းကွန်းဆရာတော်ဘုရားကြီး၏ နည်း ဖြစ်ပါသည်။ ယခုပြန့်ပွားတွင်ကျယ်နေသော မဟာစည်ဆရာတော်ဘုရားကြီး၏ နည်းလည်း ဖြစ်ပါသည်။ ဥပါဒါန်ရုပ်ဆိုသော အာရုံခြောက်ပါး ဗဟိဒ္ဓိသဏ္ဍန်ကို ရှုရပါသည်။
နောက်တစ်နည်း ခွဲခြမ်း စိတ်ဖြာရလျှင် -(၁) ရုပ်ကို ရှုသော ရုပ်ကမ္မဋ္ဌာန်း(၂) နာမ်ကို ရှုသော နာမ်ကမ္မဋ္ဌာန်း နှင့်(၃) ရုပ် နာမ်နှစ်ခုစလုံးကို တွဲရှုသော မိဿ ကမ္မဋ္ဌာန်း ဟူ၍ သုံးမျိုး ဖြစ်ပါသည်။
ရုပ်ကမ္မဋ္ဌာန်းကား အာနာပါန အပါအ၀င်၊ ကာယနုပဿနာလုပ်ငန်း လေးမျိုးကို ဆိုလိုပါသည်။ အရှုရ အလွယ်ဆုံးဟု ဆိုနိုင်ပါသည်။ နာမ်ကမ္မဋ္ဌာန်းကား စိတ္တာနုပဿနာ နှင့် ဝေဒနာနုပဿနာ လုပ်ငန်းနှစ်မျိုးဖြစ်ကာ ရှုရန် အတန်ငယ် ခက်ခဲပါသည်။ ရုပ်၊ နာမ် ကမ္မဋ္ဌာန်းကား ဓမ္မာနုပဿနာ လုပ်ငန်းဖြစ်ပါသည်။ အခက်ခဲဆုံးဖြစ်သဖြင့် ယခုအခါ အားထုတ်သူ နည်းလွန်းကာ ပျောက်ကွယ်လုမတတ် ဖြစ်နေပါသည်။
ဝိပဿနာအားထုတ်နည်းများ မည်မျှပင် ကွဲပြားသော်လည်း သတိပဋ္ဌာန် တရားလေးပါးမှ လွတ်ကင်းသော နည်းဟူ၍ မရှိပါ။ သဒ္ဓါလွန်လျှင် လွန့်သည်၊ ပညာလွန်လျှင် ဆွံ့သည်။ ၀ီရိယလွန်လျှင် ပျံ့သည်။ သမာဓိလွန်လျှင် တွန့်သည်ဟု ဆိုရိုးစကား ရှိပါသည်။ သတိဟူသည်ကား လွန်သည် ဟူ၍ မရှိပါ။
(သန္တရသလွင်ပြင်နှင့် ဗုဒ္ဓ၀င်မှတ်တမ်း စာအုပ်မှ )
Comments
အားထုတ်ချင်စိတ် ရှိဖို့သာ လိုပါသည်။
မမသီတာပြောသွားသလိုအားထုတ်ချင်စိတ်က အရေးကြီးပါတယ်
ကျွန်တော်တော့ ကိုယ်တိုင်လုပ်မှ ရမယ် ဆိုတာကိုသဘောကျတယ်
ဆရာတော်ဦးသုမင်္ဂလ တရားတွေမှာလဲ အဲလိုမျိုးဟောတယ်
ခင်မင်စွာဖြင့်
သီဟသစ်
အားထုတ်ချင်စိတ်ကအရေးကြီးပါတယ်။