ညစဉ် ၈ နာရီ သတင်းကို နားထောင်လေ့ရှိတဲ့ ဖေဖေက ခရီးသွားတော့ ထုံးစံအတိုင်း အင်တာနက်ကနေမှ သတင်းပြန်ကြားခဲ့ပါတယ်။ ၅၀၀၀- တန် ငွေစက္ကူတွေ အောက်တိုဘာ တစ်ရက်နေ့က စတင်ထုတ်ပေးတော့မယ့် အကြောင်းပါ။
အဲဒီတော့ ကျမရဲ့ ဘဝသက်တမ်း နှစ်လေးဆယ်စွန်းစွန်းမှာ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မြန်မာငွေကြေးတွေ အကြောင်းကို ပြန်ပြောင်းစဉ်းစားမိပါတယ်။
စစချင်း ပိုက်ဆံ အကြွေလေးတွေ ကိုယ်တိုင်ကိုင်သုံးခွင့်ရတာကတော့ ပထမတန်းကျောင်းသူဘဝလောက်မှာ ထင်ပါရဲ့။ ဆယ့်ငါးပြားရပါတယ်။ နောက်တော့ ပြားနှစ်ဆယ်၊ တစ်မတ် (နှစ်ဆယ့်ငါးပြား)၊ ပြားသုံးဆယ်၊ ငါးမူး(ပြားငါးဆယ်) နောက် ကြီးလာတော့ တစ်ရက်ချင်း မပေးတော့ပဲ တစ်လစာအဖြစ် ကြိုပေးထားပါတယ်။ ကိုယ်သုံးချင်တာ ချင့်ချိန်သုံးလို့ ရပြီး တခါတခါ အသုံးလွန်လို့ မုန့်ဖိုးပြတ်တာလည်း ငယ်ငယ်ကတည်းက ကြုံဖူးတာခဲ့တာပေါ့...
အပေါ်က ပုံတွေကတော့ ကျမနဲ့ ရင်းနှီးခဲ့တဲ့ မြန်မာငွေကြေး အကြွေ တချို့ပါ။ အဲဒီခေတ်တုန်းကတော့ ပြားတွေကို အကြွေတွေလို့ ခေါ်ပါတယ်။ ခု အကြွေဆိုတာတွေက ၂၀ ကျပ်၊ ၅၀ ကျပ်..အင်း ၁၀၀ကျပ်တန်တွေလောက်အထိ အကြွေလို့ သတ်မှတ်ထားကြလို့ပါ။ (ကျပ်စေ့တွေကတော့ အဲဒီတုန်းက ကျပ်စေ့ဖုန်းတွေမှာ သုံးဖို့ စုထားတတ်ပါတယ်)
ကျမတို့ တက္ကသိုလ်ကို ၁၉၈၅ ဒီဇင်ဘာမှာ ပထမနှစ် စတက်ရပါတယ်။ အဲဒီမတိုင်ခင် နိုဝင်ဘာ သုံးရက်နေ့မှာ အစိတ်တန်( ၂၅ ကျပ်တန်)တွေကို ဖျက်သိမ်းလိုက်ပါတယ်။ (wiki မှာတော့ ၅၀- ကျပ်တန်၊ ၁၀၀-ကျပ်တန် တွေ ပါ ပါပါတယ်၊ ကျမတော့ မမှတ်မိတော့ပါဘူး)။ ကန့်သတ်ပမာဏကိုပဲ အသစ်နဲ့ အဟောင်း လဲလှယ်ပေးခဲ့ပါတယ်။ လဲလှယ်ခွင့်မရတဲ့ပိုက်ဆံတွေကတော့ တန်ဖိုးမရှိတော့တဲ့ စက္ကူအဖြစ်သာ အမှတ်တရသိမ်းဆည်းထားရုံပါပဲ။ အဲဒီနှစ် နိုဝင်ဘာလ ၁၀-ရက်နေ့ မှာပဲ ၇၅ ကျပ်တန်ကို စတင်ထုတ်ေ၀ အသုံးပြုခဲ့ရပြန်ပါတယ်။ ချစ်တဲ့ ဗိုလ်ချုပ်ကို ခေါင်းပေါင်းကြီးနဲ့ ခန့်ညားစွာ မြင်ခဲ့ရပါတယ်။
နောက်ထပ် သြဂုတ်လ ၁ ရက်၊ ၁၉၈၆ မှာ ကျမတို့ ၁၅ - ကျပ်တန်နဲ့ ၃၅ ကျပ်တန်တွေကို ထပ်မံ မိတ်ဆက်ပေးခဲ့လို့ ထူးခြားစွာ သုံးစွဲခွင့် ကြုံခဲ့ရပါတယ်။ ဆယ့်ခြောက်အလီ အပြင် ၃၅ အလီကိုပါ ပိုင်နိုင်လာကြရပါတယ်။
ကျမ မှတ်မိသလောက် ကျမတို့ တက္ကသိုလ် စတက်တဲ့ အချိန် ၁၉၈၅ မှာမှ နေ့လည်စာ ကျောင်းကင်န်တင်းက နွေးအေးဆိုင်မှာ နို့သစ်ခွ တစ်ခွက်နဲ့ ဆီချက်တစ်ပွဲ စားရင် ၅-ကျပ် ကျပါတယ်။ အဆောင်သူဖြစ်တဲ့ ကျမတို့အတွက် အိမ်က ပို့ပေးတဲ့ တလစာကို လောက်ငှအောင် သုံးစွဲရတော့ ဘတ်ဂျတ် သတ်မှတ်ထားရတာကိုး။ လက်ဖက်ရည်တစ်ခွက် ငါးမူးပါ။ မုန့်ဟင်းခါး အကြော်ထည့်စားရင် ငါးမတ် (တစ်ကျပ်နဲ့ တစ်မတ်)။ အဆောင်လခ တစ်လကို တစ်ရာ့နှစ်ဆယ်၊ ကျောင်းလခ တစ်လကို သုံးဆယ်ကျပ်ပါ။ အဆောင်ရှိရာ သမိုင်းဝင်းကနေ ကျောင်းရှိတဲ့ ကြို့ကုန်းကို သွားရင် ဘတ်စ်ကားအကြီး (အဟောင်းတွေပေါ့) က ပြားသုံးဆယ်..၊ ဟိုင်းလပ်စ်တွေက ငါးမူး။ သမိုင်းဝင်းကနေ လှည်းတန်အထိလည်း အဲဒီလောက်ပဲ ထင်ပါတယ်။ များသောအားဖြင့် ဟိုင်းလပ်စ်ကားက ကျမတို့ဆီရောက်လာရင် အပြည့်အသိပ်ဖြစ်နေတတ်လို့ ဘတ်စ်ကားအကြီး (၄၅) တွေပဲ စီးဖြစ်ပါတယ်။
နောင် ၂-နှစ်ကြာပြီး ကျမတို့ ဒုတိယနှစ် စာမေးပွဲ ဖြေနေတဲ့ အချိန်မှာ အဲဒီ ၇၅- ကျပ်တန်တွေကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ကြောင်း ရုတ်ချည်း ထုတ်ပြန်တဲ့ သတင်းကြောင့် ကျမတို့တွေ စာမေးပွဲမပြီးခင် အိမ်ပြန်ကြရဖို့ ဖြစ်လာရပါတယ်။ (စာတွေလည်း မရသေးတော့ အတော်ပဲပေါ့) အဲဒီနေ့က သတင်းကြားတယ်ဆိုရင်ပဲ ကိုယ့်လက်ထဲ အဲဒီပိုက်ဆံတွေ တန်ဖိုးမဲ့ ဖြစ်မသွားအောင် အဆောင်ကင်န်တင်းက ဆိုင်တွေမှာ ပစ္စည်းတွေ တချို့က အပြေးအလွှားသွားဝယ်ကြပါတယ်။ အစပိုင်း ရောင်းပေးပေမယ့် နောက်တော့ မရတော့ပါဘူး။ တချို့ကလည်း အဲဒီပိုက်ဆံတွေကို ပြန်လဲပေးမယ်ထင်လို့ ရောင်းကြပါသေးတယ်။ အဲဒီအထဲမှာ မှတ်မှတ်ရရ အဆောင်ရှေ့က ဝက်သားတုတ်ထိုးသည်ကြီးလည်း ပါခဲ့ပါတယ်။ အဆောင်သူတွေက ပြောပြီး စားလို့ရမလားဆိုပြီး ဝယ်စားကြတာပါ။ အဲဒီ အသည်ကြီးတော့ အရင်းပြုတ်သွားတယ်နဲ့ တူပါရဲ့။
စက်တင်ဘာ ၂၂ ရက်၊ ၁၉၈၇ မှာ ၄၅ ကျပ်တန်နဲ့ ၉၀ တန်များနဲ့ ကျမတို့ကို မိတ်ဆက်ပေးခဲ့ပြန်ပါတယ်။ ဆရာစံနဲ့ သခင်ဖိုးလှကြီးတို့ပုံတွေ ခန့်ခန့်ညားညားနဲ့ပါ။
၁၉၈၈ နောက်ပိုင်း ကျောင်းတွေ ပြန်တက်ဖြစ်တော့ သုံးနှစ်အတွင်း အပြောင်းအလဲတွေ ထဲမှာ ခေတ်ရှေ့ပြေးတဲ့ ကုန်ဈေးနှုန်းတွေလည်း ပါပါတယ်။ ကျမတို့ ဖေဖေတို့ ခေတ်တုန်းက တမူးမှာ ဘယ်နှစ်ပဲ.. ဘယ်နှစ်ရွေး ပြောရင် နားမလည် မမြင်တော့ ခေါင်းနောက်ရပါတယ်။ ကျမ သားတို့ခေတ်မှာလည်း ကျပ်နဲ့ ပြားဆက်သွယ်မှုတွေ သင်နေပေမယ့် နားမလည်နိုင်ကြတော့ပါဘူး။ ငါးမူး၊ တစ်မတ်၊ မတ်တင်း သူတို့ ဘယ်လိုလုပ် သိပါ့မလဲ။ ငါးဆယ် တစ်ရာ မုန့်ဖိုးပေးရင် အငယ်လေးတွေကတောင် မယူချင်ကြတော့ပါဘူး။ ကိုင်ချင်စရာ မကောင်းလောက်အောင်လည်း ညစ်ပတ်နွမ်းဖတ်နေလို့ ပေးလို့လည်း မဖြစ်ပါဘူး။
အခု လက်ရှိသုံးနေကြတဲ့ နှစ်ရာတန် (၁၉၉၀ မတ်လ ၂၇-ရက်)၊ ငါးရာကျပ်တန် (၁၉၉၅ မေ ၁ ရက်နေ့)၊ တစ်ထောင်ကျပ်တန်တွေကို (၁၉၉၈ နိုဝင်ဘာလ)တွေမှာ အသီးသီး စတင်သုံးစွဲခဲ့ကြပါတယ်။
အခု နောက်ဆုံးပိတ် ထွက်လာတော့မယ့် ငွေကြေးအသစ်ကတော့ မင်္ဂလာ ကျက်သရေ အပေါင်းနဲ့ ပြည့်စုံလှတဲ့ ဆင်ဖြူတော်ကြီးနဲ့ ၅၀၀၀ ကျပ်တန်ပါ။ ၂၀၀၉ ခုနှစ် ၁၀ -လ ပိုင်း ၁- ရက်နေ့မှ စတင်ထိတွေ့ သုံးစွဲရပါတော့မယ်။ ဘာပဲပြောပြော ပိုက်ဆံအိတ်ကို ငါးပုံ လေးပုံတောင် အရွယ်အစားရော၊ အလေးချိန်ပါ လျော့ကျသွားစေနိုင်တဲ့ အတွက် ကျမကတော့ ဝမ်းသာပါတယ်။ ကြာကြာ အသုံးခံဖို့ကတော့ ကိုယ့်တာဝန်ပေါ့လေ...။
credit to: (http://en.wikipedia.org/wiki/Myanma_kyat; http://www.myanmars.net/myanmar-coins; http://myanmar-money.8m.com)
ပုံများနှင့် အချက်အလက်များကို အထက်ပါ လင့်ခ်များမှ ကိုးကားရယူထားပါသည်။
(ကြုံခဲ့ရတဲ့ အခြေအနေတချို့ကို မမေ့သေးခင် မှတ်ထားချင်ရုံပါပဲ။ အချက်အလက်များ မှားယွင်းဖော်ပြခဲ့မိသည်များရှိပါက ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံပါသည်။)
Comments
၅မူးပြားစေ့၊ ကျပ်စေ့၊ ၂၅ကျပ်၊ ၄၅ကျပ်၊ ၇၅ကျပ်၊ ၉၀ကျပ်တန်ကြီးတွေအထိ မှီလိုက်သေးတယ်။ မှီတယ်ဆိုတာထက် မြင်ဖူးလိုက်တာ။ ဟိုးအပေါ်က မတ်စေ့တွေတော့ မှီတော့ဘူး..
ဒါနဲ့အောက်ကပုံတွေက forbidden ဖြစ်နေတယ်.. ဘာမှမြင်ရဘူး အန်တီ..
ချိုသင်းလဲ အဲဒီ အကြွေတွေ မြင်ဖူးလိုက်သေးတယ်။ အဲဒီတုန်းက သုံးလို့ ရသေးတာကိုး။
ငွေစက္ကူအရွက်တွေကတော့ မမြင်ရဘူး သူငယ်ချင်းရေ...
ရှိနေရင် ဓါတ်ပုံရိုက်ပြီး တင်ပေးထားပါလား မှတ်တမ်းလေးတခုလို ပြည့်ပြည့်စုံစုံ သိမ်းထားနိုင်တာပေါ့...
ငါးမူးစေ့ အလေးစေ့ အပေါ့စေ့ မတ်စေ့ အလေးစေ့ အပေါ့စေ့ တွေကအစပေါ့ ဆယ်ပြာငါးပြားလည်း အလေးစေ့ အပေါ့စေ့တွေရှိခဲ့ဖူးတယ် ...
အင်းး...ငယ်ငယ်က ရတဲ့မုန့်ဖိုးတစ်မတ်ငါးမူးစေ့တွေနဲ့
ခုငါးထောင်တန် .. အကြွေစေ့တွေကိုပဲချစ်ပါတယ်ကွာ..
နောက်များဆိုရင်........
ငွေစက္ကူတွေအတွက်လဲ စိတ်လေးသွားတယ်..
မှတ်တမ်းမှတ်ရာလေးဖြစ်တာပေါ့ ကျေးဇူးနော်အမ
ပဲနွယ်ကုန်း ရိုးမက ၁၃ကျပ်။ အင်းငါတော့ပြန်လို့ရပြီ။ ၁၀ မပြည့်တဲ့ မနှိင် ငိုပါလေရော။
တနင်္ဂနွေ ရုပ်ရှင် “မုန်းရခက်ကြီး“ ကိုအဆောင်မှုးခန်းသွားကြည့်ထားတဲ့ ဟာသအရသာလေးတွေ ကြက်ပျောက်ငှက်ပျောက်ပဲ။
ပဲခူးတိုင်း က ၅၀၊ ကျန်တိုင်းနဲ့ပြည်နယ်တွေ ၁၀၀ ပေးပြီးပြန်လွှတ်လို့အိမ်ရောက်တာ။
ဒီpost လေးက အဆောင်ကိုပြန်လွမ်းတယ်။ တကယ်။