Skip to main content

တိမ်ပြာပြာနေ့တနေ့...

မောင်ရေ....

ဒီနှစ် မိုးနှောင်း ကောင်းလိုက်တာ မောင်ရယ်.. ရွာလိုက်တာမှ သည်းသည်းမဲမဲ... သမီးကြီးရဲ့ မင်္ဂလာဧည့်ခံပွဲအတွက်တောင် အဆင်ပြေပါ့မလား စိုးရိမ်နေရတာ...ကံကောင်းထောက်မစွာနဲ့ပဲ မိုးနတ်မင်းကြီးက အားငယ်နေရှာတဲ့ သမီးကြီးရဲ့ မင်္ဂလာဦးကို ကောင်းချီးပေးလိုက်တယ် ထင်ပါရဲ့။ မိုးတိမ်ကင်းစင်တဲ့ တနင်္ဂနွေ ဒီနေ့မှာ သမီးကြီးကတော့ သူ့ချစ်သူ အမျိုးကောင်းသားလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ လက်တွဲခွင့်ရလိုက်ပါတယ်။


ဒါပေမယ့် မောင်ရယ်... တချက်တချက် ညှိုးရော်သွားတဲ့ သမီးကြီးကို မြင်ရတာ စိတ်ထဲ မကောင်းလှဘူး.... နှစ်ဖက်မိဘကို ကန်တော့တဲ့ အချိန်မှာတော့ အဆိုးဆုံးပါပဲ။ ဟိုဘက်မိဘနဲ့ အတူတူ တဦးတည်း ကန်တော့ခံနေရတဲ့ မိခင်ကို မျက်ရည်တွေ ဝေ့၀ဲနေတဲ့ မျက်လုံးအစုံကနေ ရင်နဲ့ လွယ်မွေးခဲ့ရတဲ့ ကိုယ့်သမီးရဲ့ နာကျင် ခံစားနေရတာကို မေ ဘယ်လို မမြင်ချင်ယောင်ဆောင်နေရပါ့မလဲ...။


သမီးကြီး ဘွဲ့ယူတုန်းကလည်း မိသားစုစုံလင်စွာ ပျော်ရွှင်နေကြတဲ့ သူတွေကိုကြည့်ပြီး ကိုယ်စီ ကြေကွဲနေတဲ့ မိသားစု ဓာတ်ပုံထဲမှာလည်း မောင့်ပုံ မပါခဲ့ဘူး... ထားပါတော့လေ... ဒါပေမယ့် ဒီတစ်ခါ သမီးကြီးဘ၀ရဲ့ အရေးကြီးတဲ့ အမှတ်တရ မင်္ဂလာယူနေတဲ့ အချိန်မှာ သတို့သမီးရဲ့ ဖခင်နေရာမှာ မောင်ရှိနေသင့်တာပေါ့။


သမီးကြီးခမျာ သူ့မင်္ဂလာပွဲ ဖခင် တက်ရောက်ပေးပါဖို့အရေး မောင်ရှိမယ့် နေရာအနှံ့ လိုက်ရှာလိုက်ရတာ ဖတ်ဖတ်ကို မောလို့ ။ မတွေ့ချင်လို့ ရှောင်ပြေးပုန်းသွားတဲ့ သူကို ဘယ်လိုလုပ် ရှာတွေ့မှာလဲ မောင်။ သမီးကြီးရယ်.. စိတ်လျှော့လိုက်ပါတော့လို့ ဖျောင်းဖျရင်း ဒီမင်္ဂလာပွဲကို သက်ရှိထင်ရှား ဖခင် မပါနိုင်ပဲ ကျင်းပလိုက်ရတာပါ..။


မောင့်ရဲ့ သတင်းကို ကြားသိပြီးသား မေတို့ ဘက်က အသိုင်းအ၀ိုင်းကတော့ဖြင့် မောင့်အကြောင်း မမေးဖြစ်အောင် တမင်ထိန်းသိမ်းပေးခဲ့ပါတယ်။ ဒါပေမယ့် သတို့သားဘက်က ဧည့်သည်တွေရဲ့ သတို့သမီး အဖေရော ဆိုတဲ့ မေးခွန်းတွေကို မကြားချင်ယောင်ဆောင်နေရတာ ပင်ပန်းလှပါတယ်။ မောင် သမီးကြီးကို ငဲ့ညှာခဲ့လို့ ဒီပွဲကို မလာခဲ့တာလား.. မောင့်ကိုယ် မောင်သနားလို့ ဒီပွဲမျိုးကို မတက်ဝံ့ခဲ့တာလား မောင်ရယ်။


မောင့်ဆရာရင်းဖြစ်ခဲ့တဲ့ အစ်ကိုကြီးတို့ ဇနီးမောင်နှံက တကူးတက သမီးကြီးကို လာပြီး ချီးမြှင့်ပေးခဲ့တော့ မေ ဟန်မဆောင်နိုင်အောင်ပဲ... မောင့်ကို တမ်းတ မိပါတယ်လေ... မောင့်ကို မင်္ဂလာပွဲမှာ လိုက်ရှာနေတဲ့ အစ်ကိုကြီးကို သူ့ကို ရှာလို့ မတွေ့ဘူး လို့ အသံတိမ်တိမ်နဲ့ အသိပေးတော့ သက်ပြင်းကို မသိမသာချရင်း အားနာပါးနာဖြစ်သွားတဲ့ ဆရာ့ဇနီး မမဝေကို မေ ပြောလိုက်မိပါတယ် မောင်။ အစ်ကိုကြီးတို့ မမတို့လို အရွယ်အထိ အတူတူ တွဲမြင်ရတာ ကျမဖြင့် သိပ်စိတ်ချမ်းသာတာပဲ..ကျမလည်း အဲဒီလိုပဲ ဖြစ်မယ်လို့ မျှော်လင့််ထားခဲ့တာ....။ မမဝေက တစ်ချက်တော့ ပြုံးတယ်.. မမ ဘာဖြစ်လို့ ပြုံးရသလဲဆိုတာ မေ နားလည်ပါတယ်လေ။ အစ်ကိုကြီးဟာလည်း မောင့်လိုပဲ ပျော်စရာအသစ်တွေနဲ့ ပျော်မွေ့တတ်ခဲ့သူကိုး။ ဒါပေမယ့် မောင့်လိုတော့ မိသားစုကို ပစ်ခွာမသွားခဲ့ဘူး မောင်။ သူ့သားသမီးတွေကို ချစ်ခင်ကြင်နာ စောင့်ရှောက်ခဲ့ပါတယ်။ မမဝေကိုတော့ စိတ်ထဲကပဲ စကားဆိုနေမိတယ်... မမရယ်.. အစ်ကိုကြီးရဲ့ ဒဏ်တွေကို အရင်က မမ ခံခဲ့ရလို့ ရင်ထဲမှာ ဒဏ်ရာတွေ ရခဲ့ကောင်း ရခဲ့ပေမယ့် အခုချိန်ထိ မမက ဒီအရိပ်အောက်မှာ ရှိနေတုန်းပဲလေ။ မေ့မှာတော့ဖြင့်....။


မောင်ရေ... သံယောဇဉ်ကုန်သွားလို့၊ ရေစက်ကုန်သွားလို့ တစ်ယောက်ကို တစ်ယောက် မချစ်ခင်တော့ရင်တောင်မှ ရန်သူတွေအဖြစ်ကို မရောက်စေချင်ပါဘူး။ ငယ်ဘ၀ကနေ ဒီဘ၀တစ်ခုကို ဒိုးတူဘောင်ဘက် အတူတူ လက်တွဲ ရင်ဆိုင် ရုန်းကန်ခဲ့ပြီးမှ.... မချစ်လို့ မကြင်နာတော့လို့ မေ့မှာ မောင်ထားပစ်ချင်စရာ အပြစ်တွေ ရှိနေခဲ့လို့ဆို ခံသာပါသေးတယ်။ မောင်တထမ်းဆို မေက တရွက် ... မေ့ဘက်က ဘာများ ပျက်ကွက်တာ ရှိခဲ့ပါသလဲ မေးတော့ မျက်ရည်တွေတွေကျလို့ ခေါင်းငိုက်စိုက်ကျပြီး စကားပြန်မဖြေတဲ့ မောင့်ကို .. မေ ရင်နာနာနဲ့ သည်အတိုင်းပဲ ထားခဲ့ရတော့တာပေါ့။ ကျန်စစ်သားက စောလူးမင်းကို သွားကယ်တဲ့ အခန်းကို တိုက်တိုက်ဆိုင်ဆိုင် သွားအမှတ်ရတယ် မောင်ရယ်။ ရန်သူ့လက်ထဲ ခွေးသေ ၀က်သေ သေရစ်ပေတော့ရယ်လို့.....။


ကုသိုလ်ကြမ္မာညှိုးချိန်မို့ ဘယ်သူ့ကိုမှဖြင့် ယိုးမယ် မဖွဲ့ချင်တော့ပါ မောင်ရယ်။ အရာရာအားလုံးကို မေ လက်ခံ ရင်ဆိုင်နေနိုင်ခဲ့ပါပြီ။ အခုဆို သမီးကြီးလည်း ပညာလည်းစုံ၊ ကြင်ယာလည်း စုံခဲ့ပြီ။ သူ့အမျိုးသားနောက် ယောင်နောက် ဆံထုံးပါရတော့မယ်။ သားကြီးလည်း နောက်ဆုံးနှစ်ရောက်နေခဲ့တဲ့ ဆရာဝန်လောင်း၊ သားငယ်က ပထမနှစ်။ ဒီလို လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ အတွက် မောင့်ကို ကျေးဇူးတင်ပါတယ်။ ဒီဘ၀မှာ မောင့်ကြောင့် အနက်ရှိုင်းဆုံးစိတ်ဒဏ်ရာတွေ ရခဲ့ပေမယ့် ဒီသံယောဇဉ်ကြိုးလေးတွေကြောင့် မေ့ အဆုံးစွန်ထိ ချောက်ထဲ ပြုတ်ကျတဲ့အထိ မဖြစ်ခဲ့ရတာလေ။ ဘယ်အချိန်မှ အနာကျက်သွားမလဲ မသိပေမယ့် .. တပါးသူ ရင်ခွင်မှာ ပျော်ရွှင်နေမယ့် မောင့်ကို နာကျင်စွာ ဘယ်အချိန်ထိအောင် တမ်းတမိနေမယ်မှန်း မသိပေမယ့်......။


ဘာပဲဖြစ်ဖြစ်ပေါ့ မောင်ရယ်.. ကိုယ်ဖောက်တဲ့ လမ်း အဆုံးတိုင် ကိုယ်ပဲ လျှောက်ရတော့မှာပေါ့။ အခုတောင် ကိုယ့်လိပ်ပြာ ကိုယ်မလုံလို့ သမီးကြီးရဲ့ မင်္ဂလာပွဲကို မိဘတစ်ယောက်အနေနဲ့ မောင်မျက်နှာမပြ၀ံ့ ဖြစ်ခဲ့ရပြီ။ သာယာပျော်ရွှင်ခဲ့တဲ့ မေတို့ရဲ့ အတိတ်က သီရိဂေဟာလေးကို မောင် ပြန်လည်တမ်းတ မလွမ်းပါနဲ့မောင်။ မဖြစ်သင့်တော့ပါဘူး။ ကျကွဲသွားတဲ့ ဖန်ခွက်တလုံးလို အစစ အရာရာ ပျက်စီးကြေမွခဲ့ပြီလေ... ပြန်ဆက်လို့ မရနိုင်တော့ပြီပဲ။

တဒင်္ဂ သာယာမှုလေးကြောင့် မောင်နဲ့ မေ တန်ဖိုးထား တည်ဆောက်ခဲ့တဲ့ ဘ၀လေး ပြိုကွဲခံခဲ့ရအောင် မောင့်အတွက်.... တန်ပါရဲ့လားဟင်၊ လွပ်လပ်ပေါ့ပါးစွာ ပျော်နိုင်ပါရဲ့လားကွယ်။ စိတ်ရဲ့ အလိုနောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့တဲ့ မောင်.... အချစ်သစ်ရဲ့ ရင်ခွင်မှာ ပျော်ရွှင်ချမ်းမြေ့စွာ ဘ၀သစ်တခု တည်ဆောက်နိုင်ပါစေလေ... ။ မောင့် အလုပ်နဲ့ ရာထူးဂုဏ်သိန်တွေ ဆုံးရှုံးမှေးမှိန်သွားခဲ့ရတာ.. မောင် ချစ်တဲ့ သားသမီးတွေနဲ့ မိသားစုတွေကို မောင် ဖယ်ခွာခဲ့ရတာ ... မောင့်ပတ်ဝန်းကျင်ကြားမှာ မောင်မျက်နှာ မပြရဲတော့တာတွေအတွက်...မောင့်ကို အရယူမယ်လို့ ကြိမ်းဝါးပြီး နှလုံးသားတွေကို တက်နင်းခြေမွသွားခဲ့ရက်တဲ့ မောင့် ဇနီးသစ်လေးကို အပြစ်မတင်စေချင်ပါဘူး။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါဆိုပေမယ့်လည်း ကံကြမ္မာရဲ့ အလှည့်အပြောင်းကိုသာ (ထုံးစံအတိုင်း) လက်ညှိးထိုးရင်း စိတ်ချမ်းသာအောင် နေသွားနိုင်မှသာ မောင့် ကျန်ရှိနေတဲ့ အချိန်တွေအတွက် သာယာလှပနိုင်ပါလိမ့်မယ်လေ။


ကျမကတော့..... မောင် မပါလည်း ဆက်လျှောက်နေရဦးမှာပေါ့.. လမ်းခုလတ်မှာ အချက်မပြပဲ လက်တွဲဖြုတ်ပြီး ချန်ရစ်ခဲ့လို့ စိတ်မကောင်းဖြစ်မိပေမယ့် သံသရာလုံး အတွက်တွေးရင်တော့ဖြင့် ကျမ ၀မ်းမနည်းတော့ပါဘူးလေ။ သံသရာဝဋ်ကြွေး ပါလာခဲ့သမျှ နှစ်ယောက်စလုံးကို ဒီဘ၀မှာပဲ အကြေဆပ်လိုက်ပါရစေ မောင်။


ချစ်ခြင်းမုန်းခြင်း အပြစ်တွေ ကင်းစင်စွာနဲ့ပဲ ကျမ ဘ၀ ရှင်သန်ပါရစေတော့လေ.....။

(မင်္ဂလာဖိတ်စာလေး တစောင်ကြောင့် အငှားခံစား ရေးဖွဲ့ခြင်းပါ..)

Comments

MANORHARY said…
မသိဂီ င်္
လောကရဲ့ဖြစ်ပျက်မှုတွေထဲက မဖြစ်သင့်တဲ့အရာတစ်ခု
ပဲပေါ့ ... တွေးမိတာက ကိုယ်သာဆို တမ်းတ နေမိပါ့မလား ရယ်လို့ ...း)
ThuHninSee said…
အစ်မရယ်.ပထမတစ်ပိုဒ်နဲ့တင် ရင်ထဲမှာ နာကျဉ်လာလို့ ဆက် မဖတ်ပါရစေနဲ့။
Sonata Cantata said…
မေ မှန်တယ်
tgရေ, ငါ့မင်္ဂလာဖိတ်စာတော့ နင်မမြင်ဖူးဘူး ထင်ပါတယ်
:P said…
ကလေးတွေရော ၊ကလေးတွေအမေရော သနားပါတယ်နော်.. မတီဂျီရယ်...

"ရအောင်ယူမယ်/ရအောင်ယူပြမယ်" ဆိုတဲ့ စကား တခါတလေ ကြားဖူးတယ်.. သိပ်မုန်းတာပဲ..အဲဒီစကားလုံးကို
Anonymous said…
တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်
မင်္ဂလာဆောင်ပွဲလေး ကျင်းပနေပါတယ်..

(ဆက်မဆိုချင်ဘူး.. ပျော်ရွှင်စရာမှ မကောင်းဘဲလေ..)

ဆို့နင့်ကြေကွဲစွာနဲ့ ဖတ်သွားပါတယ်..
ညီမလေး မင်္ဂလာဆောင်မှာ အဲ့ဒီလိုမဖြစ်ပါစေနဲ့
ကလေးတွေသနားပါတယ်နော်..
kay said…
ဝတ္တုတွေ အားလုံးက.. ဘ၀ ထဲကပဲ လာတယ် ဆိုတော့..
တကယ့်ဘ၀ တွေ ထက် ဆန်းကျယ်တဲ့..ဇာတ်အိမ် တွေကို ရှာလို့ကို မရပါဘူး နော်..
း(
စိတ်မကောင်းလိုက်တာ
ဒီလိုအဖြစ်မျိုးတွေအတွက် ခံစားရသူတွေက အပြစ်မရှိတဲ့သူတွေ
ဒီလိုအဖြစ်တွေ ကင်းဝေးကြပါစေ
ပထမတော့ မိုးမင်းကြီးဆိုလို့ ..ပြုံးပြုံးကြီးဖတ်နေတာ..
နောက်တော့...

အမရယ်.. ကြေကွဲစရာကောင်းတယ်
ဘယ်မိသားစုမှ အဲလို မဖြစ်စေချင်ဘူး အမရယ်..။
စိတ်ကူးယဉ် ဝတ္ထုလေးပဲဖြစ်ပါစေ။ ဆက်မတွေးရဲလို့ပါ။
အင်းလေ.. တကယ့်အဖြစ်အပျက်ဆိုတာ ၀တ္တုဇာတ်လမ်းတွေထက်တောင် ဆန်းကျယ်သေးတာပဲနော်။ စိတ်မကောင်းလိုက်တာ...
တို့အမျိုးထဲမှာ ရှိဖူးတယ်။ ဘွဲ့ယူတော့လေ အဖေကို သမီးတွေက သွားခေါ်ခဲ့တယ်၊ ဓါတ်ပုံထဲမှာတော့ မိဘအစုံအလင်နဲ့လိုပါပဲ။ တကယ်တမ်းမှာတော့ ဘ၀တွေက တခြားစီ တလမ်းစီ...
Moe Cho Thinn said…
ဘ၀တွေရဲ့ လှည့်စားမှုက ရင်နာစရာ..။
tg.nwai said…
Amy: ဒါမျိုးတွေကမြန်မာအမျိုးသမီးအများစုခံစားနေကြရတဲ့မကြေညာကြတဲ့ ဝေဒနာတွေလို့ ထင်တာဘဲ။
မြန်မာအမျိုးသားအများစုကသူတို့ ဒီလိုကွယ်ရာမှာမဟုတ်တာလုပ်နိုင်မှ ယောက်ကျားပီသတယ်ထင်ကြတာ
အချင်းချင်းလဲမြှောက်ပေးကြတယ်လေ
ကိုယ့်ဇတ်ကိုယ်မနိုင်လို့ ဒီလိုမိသားစုဘဝဆုံးရုံးလိုက်ရတဲ့ သူတွေမနည်းပါဘူး။
ဒါကစနစ်တခုလိုဖြစ်နေပြီဆိုရင်ဒီစနစ်ကိုမြေလှန်ဖို့ ကမြန်မာအမျိုးသမီးတွေမှာဘဲတာဝန်ရှိတယ်လို့ ဒို့ တော့ ဒီနိုင်ငံမှာဆိုရင် အမျိုးသမီးတွေကဒါမျိုးကိစတွေကို သိရင်သည်းခံခွင့်လွတ်ကြတာမဟုတ်တော့ အစကထဲကတန်းတူအခွင့်
့အရေးလဲရတယ်။ ကိုယ်နဲ့ ပေါင်းနေရင်းသူနောက်တယောက်ဆိုရင် ကိုယ်လဲနောက်တယောက်ရွေးချယ်ခွင့်လဲရှိတယ်။
အဲဒီလိုအခွင့်အရေးရအောင်လဲသူတို့
ကအမြဲလှပသပ်ရပ်နေတော့ တကယ်မိသားစုဘဝတန်ဖိုးထားတဲ့ယောက်ကျားတွေ ဟာသူတို့ ဇနီးကိုဘုရင်မတစ်ပါးလိုအိမ်မှာထ
ထားကြတာ အိမ်မှာတစ်ပတ ၃ရက်မိန်းမကဟင်းချက်ရင် ယောက်ကျားက၃
ရက်ချက်ရတာ ကျန်တဲ့ တစ်ရက် အပတ်တိုင်းအပြင်ထွက်စားတယ်လေ။ မိန်းမကို အသေးသုံးပိုက်ဆံနဲ့ ကဒ်လဲလုပ်ပေးရသေးတယ်နော။
အဲဒီလို မိသားစုဘဝတန်ဖိုးမထားတဲ့သူနဲ့ တွေ့ လို့ ကတော့သူတို့ က လုံးဝသည်းခံမပေါင်းတော့ ကာ အိမ်ထောင်ဆက်များကြတဲ့ သူတွေတော့ ရှိလာပေမဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်းဆင်းရဲတော့ ကင်းကြတယ်။
့မြန်မာအမျိုးသမီးတွေက ကိုယ့်ယောက်ကျားရှုပ်နေတာကို ထိန်းထားနိုင်တယ်ဆိုတာ ။
အဲဒီအတွက်တစ်သက်လုံး ပေးဆပ်လိုက်ရတဲ့ စိတ်ဆင်းရဲခြင်းကို ခြံခုန်ဖူးတဲ့နွားကြီးကိုမြင်တိုင်းခံစားနေကြရတာ ကိုယ့်ကိုယ်ကို ဂရုစိုက်တည်ဆောက်ထားတာ အကောင်းဆုံးပါဘဲလို့ ဆွေးနွေးပါရစေ။

စိတ်ချမ်းသာပျော်ရွင်တဲ့ မိသားစုဘဝလေး တည်မြဲပါစေလို့ ဆုတောင်းပေးပါတယ်သိန်ဂီရေ

comment မှာဝင်ရေးတာမရလို့ ဒီမှာဘဲရေးလိုက်ရတယ်။ စိတ်အနှောက်အယှက်ဖြစ်သွားရင် Sorryနော် ကြားနေရတာတွေများလာလို့ မခံချင်လို့ ဝင်ရေးမိတာ။
မ ရေ… ခုနောက်ပိုင်း ဒီဇာတ်လမ်းမျိုးတွေ အပြင်မှာ ပိုပိုကြားလာရသလိုပဲ…
ရုပ်ရှင်တွေ ဗွီဒီယိုတွေထဲမှာတောင် အိမ်ထောင်ရေး ဖောက်ပြန်မှုကို ပညာမပေးပဲ အမှန်ကြီးလိုလို ရိုက်ပြလာတာ တွေ့ ရတယ်… အိမ်ပြန်သွားရင် အမေက ဟိုလူကတော့ နောက်တယောက်နဲ့  ဒီလူကတော့ နောက်တယောက်နဲ့ ဆိုတဲ့ သတင်းတွေ ပြောရင် ပိုက်ဆံချမ်းသာမှု နဲ့  ရာထူးကြီးမှုတွေက မိန်းမအရေအတွက်နဲ့ များ တိုက်ရိုက်အချိုးကျသလား ထင်မိတယ်… တခါတလေကျပြန်တော့ ပိုက်ဆံချို့ တဲ့သူတွေတောင် ဒါကိုအဟုတ်ကြီးထင်ပြီး လိုက်အတုခိုးကြလို့  ဒုက္ခရောက်ကြတာတွေ့ ရတယ်… တလင်တမယားစနစ်ကို ဂုဏ်မယူတတ်ကြတော့ဘူးလား… အရှက်သိက္ခာတွေက ပါးလျလာတာလား… ယူကျုံးမရဖြစ်မိတယ် မ ရယ်…
Anonymous said…
မေတ္တာဆိုတာ သိပ်ကို နက်နဲ သိမ်မွေ့ပါတယ် အမနော်၊ သာယာမူနဲ့မေတ္တာကို မခွဲခြားနိုင်တဲ့သူတွေကြောင့် ဒီလိုဇာတ်လမ်းတွေရှိတာပေါ့၊ ခံရတာက ကလေးတွေပါ၊ self confidence တွေ လျော့ကျစေတာလေ။

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...