Monday, March 29, 2010

သနပ်ခါး တမ်းချင်း....

ဒီနှစ်နွေ ရန်ကုန်မှာ တော်တော် ပူပါတယ်။

ကမ္ဘာကြီး ပိုပူနွေးလာတာလား... ကျမတို့ကပဲ အသက်တွေကြီးလာလို့ အပူဒဏ်ကို ပိုမခံနိုင်တော့တာလား။ နွေရာသီက ကျမ နှစ်သက်တဲ့ ရာသီတခုတော့ မဟုတ်ပါဘူး... ငယ်ငယ်တုန်းကတော့ ရာသီဥတုပူတာထက် ကျောင်းမတက်ပဲ အိမ်မှာနေရင်း စားလိုက် သောက်လိုက် ကစားလိုက်နေရတာကို သဘောကျခဲ့တာပေါ့။ နောက်ပြီးတော့ စာအုပ်အသစ်တွေရော အရင့် အရင် သိမ်းထားတဲ့ မဂ္ဂဇင်း စာအုပ်သေတ္တာတွေကိုပါ နွေရာသီဆို စိတ်ကြိုက်မွှေနှောက်ဖတ်လို့ ရသေးတယ်... ဒါ့အပြင် စာအုပ်ဆိုင်က စာအုပ်တွေ တလှေကြီး သွားငှား... မောင်နှမတွေ တယောက်တလှည့် လဲဖတ်ကြနဲ့ဆိုတော့ ပူတာလောက်ကတော့ မှုလောက်စရာ မဟုတ်ဘူးလေ... ။


ငယ်ငယ်တုန်းက နွေရာသီဆို ကျမတို့ နေတဲ့ နယ်မြို့လေးတွေကို မားမား ရောက်လာတတ်ပါတယ်.. (မားမားဆိုတာ မေမေ့ရဲ့ အမေ)... ဖေဖေကတော့ တာဝန်နဲ့ တောထွက်ရတဲ့ အချိန် ခပ်များများထင်ရဲ့... မာမားလာရင် ကျမတို့ စည်းနဲ့ ကမ်းနဲ့ နေရ ထိုင်ရ သွားရ လာရ စားရ သောက်ရ...ပြီး မကြာခဏ အဆူခံနေရတတ်တော့ ကလေးပီပီ သိပ်တော့ သဘောမတွေ့လှပါဘူး။ သူများ အဖွားတွေလို မြေးတွေကို အလိုလိုက်လှတယ် မရှိပါဘူး... အဲ... မားမားမရှိခင်တုန်းက အိမ်အပြင်ဘက်မှာ ညစ်ပတ်ပေပွနေအောင် အကစားမက်နေတဲ့ ကျမတို့တတွေ အဖွားရှိတဲ့ အချိန်ဆို ရေမိုးချိုး၊ ပြီး သူကိုယ်တိုင် သွေးလိမ်းပေးတဲ့ သနပ်ခါးတွေ အဖွေးသားနဲ့ မွှေးကြိုင်နေခဲ့ပါတယ်။ 

မားမားက သနပ်ခါးကို တော်တော့်ကို ကြိုက်တာပါ။ အမြဲတမ်း ခြေဆုံး ခေါင်းဆုံး ညီနေ မှုံနေအောင် ကို လိမ်းထားတတ်ပါတယ်။ သနပ်ခါးကို မက်မောနှစ်ခြိုက်လှပေမယ့် ပါးကွက်ကြားကိုတော့ သဘောကျဟန် မရှိပြန်ပါဘူး။ မားမားသနပ်ခါးလိမ်းပေးရင် သနပ်ခါးအောက်က cream တခုခု ခံလိမ်းပေးပြီးမှ သနပ်ခါးကို ညီညာနေအောင် လူးပေးတာပါ။ ပြီး မှ ပေါင်ဒါတွေ တို့ထားတဲ့ တို့ဖတ်ပ၀ါနဲ့ တဖတ်ဖတ်ရိုက်ပေးပြီးရင်တော့ သန့်ပြန့်သွားတဲ့ မြေးတစ်ယောက်... ပြီး နောက် တယောက်ပြီး တယောက်ပေါ့။ ဒါပေမယ့် တခါမှ ပါးကွက်မကွက်ပေးဖူးသလို သူကိုယ်တိုင် သနပ်ခါးကို ကွက်ကြားလိမ်းထားတာ မတွေ့ဖူးပါဘူး။

မေမေကျတော့ သနပ်ခါးကို မားမားလို စိတ်ရှည်လက်ရှည်လိမ်းပေးလေ့မရှိပါဘူး.. ဒါပေမယ့် ပါးကွက်လေးတွေ မျိုးစုံ ကွက်ပေးတတ်ပါတယ်။ ပြီး ဘီးလေးနဲ့ ခြစ်ပြီး အကွက်လေးတွေ ဖော်၊ သစ်ရွက်လေးတွေကပ်ပြီး သစ်ရွက်ပုံလေးတွေ ပုလင်းအဖုံးလေးတွေနဲ့ ကပ်ပြီး ယုန်ပုံလေးတွေ ဖော်လို့...  ရွှေဘိုမှာ မွေးခဲ့တဲ့ မေမေက ကျိုက်လတ်သူ မားမားလောက်တော့ သနပ်ခါးကို ခြေဆုံးခေါင်းဆုံး မက်မက်မောမော လိမ်းလေ့မရှိပါဘူး...

အဲ... မေမေ့သမီး ကျမကတော့ ပိုဆိုးပါလေရော... ကျောင်းတွေတက်နေတုန်းအထိတော့ သနပ်ခါးကို ပုံမှန်လိမ်းလေ့ရှိပါတယ်။ သနပ်ခါးနံ့လေးသင်းသင်းလေးက စိတ်ကို ကြည်လင်လန်းဆန်းစေပြီး မိန်းကလေးတွေအတွက်လည်း အလှပြင်ခြင်းကိစ္စ ပြီးတာကိုး။ အဆင်သင့်သုံး သနပ်ခါးအခဲတွေ အနှစ်တွေထက် ကျောက်ပြင်မှာ အတုံးလိုက်သွေးပြီး ချက်ချင်းလိမ်းရတဲ့ လတ်လတ်ဆတ်ဆတ် သဘာဝ သနပ်ခါးလေးကိုမှ စိတ်တိုင်းကျခဲ့တာ။ အဆောင်နေတုန်းကလည်း ညနေခင်း ရေမိုးချိုးပြီး သနပ်ခါး အဖွေးသား ပါးကွက်ကျားနဲ့ သမိုင်းဝင်းထဲမှာ၊ သဇင်ဆောင်ရှေ့မှာ ၊ ဂျီဟောရှေ့မှာ လမ်းသလားခဲ့ဖူးတာပါပဲ။ 

နောက်.. ကျောင်းပြီးလို့ ဘ၀ထဲ ၀င်ရချိန်မှာတော့ နေပူကျဲကျဲထဲ သနပ်ခါးတွေလည်း ချွေးတွေနဲ့ ကွက်တိကွက်ကျား ဖြစ်သွားချိန်မှာတော့ .... သနပ်ခါးနဲ့ ခပ်ခွာခွာဖြစ်သွားလိုက်တာ.... စိတ်ကူးပေါက်မှ ထသွေးလိမ်းတဲ့ အခြေအနေကို ရောက်သွားတာပါပဲ။ အရင်က သနပ်ခါးကို အပူဒဏ် နေဒဏ် ခံအောင် လိမ်းပေမယ့် နောက်တော့ ဈေးကွက်ထဲ မြင်လာတဲ့ sun screen တွေ lotion တွေ skin care တွေ လိမ်းဖြစ်လာပါတယ်။ အဲ.. ဒါပေမယ့်... ဒါလည်း ပုံမှန် မဟုတ်ပါဘူးလေ... အသက်လေး ရလာတော့ သနပ်ခါးက အသားခြောက်စေတယ်ဆိုတဲ့ ဆင်ခြေကို သုံးပြီး ကိုယ် သနပ်ခါးသွေးရမှာ ပျင်းတာကို ဖုံးကွယ်၊ ခရင်မ်လေးလိမ်း ပေါင်ဒါလေးရိုက်လိုက်နဲ့ ဖြစ်သလို နေနေပေမယ့် အဲဒီမျက်နှာပြောင်ကို ကြည့်မိတိုင်း သနပ်ခါးလေးကိုတော့ အလွမ်းသားရယ်....။

အခုတလော အပူကဲ လာတော့ ငယ်ငယ်က နွေရာသီတွေကိုလည်း သတိရ၊ ဆုံးသွားပြီဖြစ်တဲ့ မားမားကိုလည်း သတိရ၊ ပြီး သနပ်ခါးမွှေးမွှေး အေးအေးလေးကိုလည်း အရမ်း တမ်းတ...။ အပြင်မှာလည်း အမျိုးသမီးလေးတွေ သနပ်ခါးရေကျဲလေးတွေ လိမ်းလာတာ ပိုတွေ့လာရသလို သူတို့ကိုကြည့်ပြီး သနပ်ခါးရနံ့ သင်းသင်းအေးအေးလေးကို ခံစားလာမိရဲ့။ ဒါနဲ့ပဲ ချောင်ထိုးထားတဲ့ ကျောက်ပြင်ကို ရှာဖွေ ဆေးကြော၊ တနှစ်နေမှ တတုံးမကုန်လို့ ၀ယ်ထားတာ ဆယ်စုနှစ်စွန်းနေပြီဖြစ်တဲ့ သနပ်ခါးတုံးတွေထဲက အသစ်တတုံးကို ထုတ် ရေစိမ်ဆေးကြော။ ဒီလောက်ပူတဲ့ နွေနေကိုတော့ မီးမလာလို့ သုံးမရတဲ့ လေအေးပေးစက်တို့ ပန်ကာတို့ အစား ဒီသနပ်ခါးတတုံးကုန်အောင် သွေးလိမ်းရင်း အံတုမဟဲ့လို့ အားခဲထားပါကြောင်း...။   ။

14 comments:

ရွှေရတုမှတ်တမ်း said...

ငါ့နှမ မယ်သင်္ဂီ တို့ နေပူတာနဲ့ ပျောက်ချက်သားကောင်းနေလိုက်တာ..ခုမှပေါ်လာတော့တယ်.. ခနခနလာချောင်းရတာ သူ့ ဘဲကြီးကရိုက်မလွှတ်ယုံတမယ်ပဲ..

မိုးခါး said...

ညီမလည်း ခုတလော သနပ်ခါး လိမ်းဖြစ်နေတယ် .. :D

သက်ဝေ said...

သူငယ်ချင်းရေ...
တို့လဲ ကိုကြီးကျောက်လိုပါပဲ...
ခဏ ခဏ လာရှာပါတယ်...
တို့ကိုတော့ ရိုက်မလွှတ်လောက်ပါဘူးနော်...း))

ဟုတ်တယ်... တို့လဲ ည ည ဆို သနပ်ခါးလိမ်းဖြစ်နေတယ်... မေမေရှိနေတော့ သနပ်ခါးတုံးနဲ့ ကျောက်ပျဉ် အလွယ်ရှိနေတာလဲ ပါတာပေါ့... ည ည ဆို သနပ်ခါး ပါးကွက် ထူထူ ကြားကြား နဲ့ သူရဲချော ချော နေတဲ့ သက်ဝေကို လူတွေမြင်ရင် လန့်ကုန်မှာ အသေအချာ...

စာတွေပြန်ရေးလာတာ ဝမ်းသာတယ်...
မဟုတ်လို့ သူငယ်ချင်းတွေ ရော့ရော့ကုန်ရင် အားငယ်တယ်...း((

SHWE ZIN U said...

ညီမရေ

အရေးကောင်းလို့ ငယ်ငယ်က သနပ်ခါးနံ့လေးပြန်ရလာတယ်..

ခင်တဲ့
ရွှေစင်ဦး

Kay said...

မသိဂီ င်္ ပျောက်နေတာ..ဟုတ်ပါ့..
ကျမလည်း သနပ်ခါး တော့ မပြစ်ပယ်နိုင်ဘူး..ဒါပေမဲ့..ကျမ က အဆန်းလေ..သနပ်ခါးတုံးကို မွှေးတဲ့ ၀ါတဲ အကာကို မကြိုက်ဘူး.. သူများ မသုံးတော့တဲ့..အကာကုန် ..အနှစ်တုံးမှ ကြိုက်တာ..း)
ပြီးရော..တသက်လုံး လိမ်းပေတော့..

ဒီမှာတော့..သနပ်ခါးကို ချစ်လျက်နဲ့ ဝေးနေရတယ်..ကျောက်ပြင်လဲ ရှိ အကုန်ရှိရက်နဲ့..ဘာလို့ဆို.. ဒီမှာ..စိုထိုင်းဆ လုံးဝ မရှိသလောက်မို့.. အဆီများသာ စွတ်လိမ်းနေရတယ်လေ..ဒါမဲ့..စလုံးတို့..ရန်ကုန်တို့ ရောက်ရင်တော့..အဲ အဆီ တွေ..နိုးဝေးပဲ.. သနပ်ခါး နဲ့ပဲ ကိုက်တယ်..။

စာတွေ ရေးပါအုံး..း)

MANORHARY said...

မသိဂီ င်္ပို့စ် မတင်တာကြာပြီလို့ အော်တော့မလို့ စိတ်ကူးနေတာ .. ခု သနပ်ခါးနံ့မွှေးမွှေးလေးရလို့ မရမရဝင်လာခဲ့ပါတယ်........
သနပ်ခါးတုံးကိုလည်း လှမ်းမျက်စပစ်ထားလိုက်တယ်း))
ငယ်ငယ်တည်းက မိန်းမ မသီသစွာ တစ်ခါမှ သနပ်ခါး မလိမ်းခဲ့ဘူး။ ဘာမှကို မလိမ်းတာပါ။ ကျောင်းက ဆရာမတွေက နောက်နေ့ ဘာမှမလိမ်းထားတဲ့ မျက်နှာနဲ့ ကျောင်းမလာနဲ့ လို့ ပြောယူရတဲ့ထိ။ ခုတော့ သနပ်ခါးကို သွေးပေးတဲ့သူရှိရင် လိမ်းဖြစ်ပါတယ်။ ပူလည်းပူတာကိုး .. သေချာတာက သနပ်ခါးကို ချစ်ပါလျက်နဲ့ ပျင်းတာရော အသားက နဂိုကကို ခြောက်နေတာရောကြောင့် မလိမ်းဖြစ်တာပါ ( ဆင်ခြေ )း))

အပြုံးပန်း said...

သနပ်ခါးလေးနဲ့ ပြန်ရောက်လာပြီပေါ့၊
သနပ်ခါးနဲ့ ဝေးတာကြာနေပြီ၊
သိပ်ကြိုက်တာ။

သင်းနွယ်ဇင် said...

အိမ်မှာလည်း လိမ်းဖြစ်တာ မဖြစ်တာ အပထားလို့ သနပ်ခါးတုံးတွေအမျာကြီးပဲသိမ်းထားတယ်။

အားသွားပြီလား၊ စာတွေပြန်ရေးတော့မယ်ပေါ့း))

sansantin said...

အနောက်တိုင်းရောက်နေပေမယ်. သနပ်ခါးတော. လိမ်းပါတယ် ခရင်းမ်ခံပြီးပေါ.
သွေးတော. မသွေးနိုင်ပါ
တောင်ုကီးမောက်မယ် အားကိုးနဲ.ပါ

your trip to bank is over and smearing tanaka; sweet!

PAUK said...

အထက်တန်းကျောင်းပြီးကတည်းကမလိမ်းဖြစ်တော့တာ..
အခုတော့ပြန်လိမ်းချင်လာပြီ..
အမေလဲမနက်ဆိုသနပ်ခါးနဲ့..ပန်းနဲ့..
အမေကယုဇနပန်းပန်ရတာပိုကြိုက်တယ်..
(ထင်တယ်)

tg.nwai said...

>>ကိုကြီးကျောက်ရေ...လာလာ လည်တဲ့ အတွက် ကျေးဇူးတင် အားနာ...:))

>> မိုးခါးလေးရေ... အဲဒီမှာရော ပူနေတယ်ဆို..

>> သက်ဝေ ရဲ့ သနပ်ခါးအဖွေးသားနဲ့ ပုံလေးကို မြင်ယောင်ရင်း သဘောကျနေ.. စာတွေပြန်ရေးဖို့ ကြိုးစားနေပါတယ် သူငယ်ချင်းရေ... ဒီရပ်ဝန်းက မိတ်ဆွေတွေကို သတိရနေတာ...

>> မရွှေစင်ဦးရေ.. လာလည်တာ ကျေးဇူးပါ.. အစ်မဆီလည်း ရောက်ခဲ့ပါတယ်.. :))

>> ကေ က အမြစ်တုံးမှ ကြိုက်တာကိုး... ဟုတ်တယ်.. ဒါလည်း ထူးဆန်းတာပဲ.. :)

>> မနော်ရေ.. တကူးတက ခက်ခက်ခဲခဲ ရောက်လာတာကိုး...တို့က ခုမှ မျက်နှာပြောင်နေတာ.. မနော်က အရင်ကတည်းက ဘာမှ မလိမ်းတာကိုး...ဟဲဟဲ... သနပ်ခါးပါးကွက်လေးနဲ့ ရင်ထဲ အေးသွားစေတဲ့ ပုံလေးမြင်ရတာ တကယ် ချစ်ဖို့ကောင်းတာပဲ... :)))

>> အပြုံးပန်းရေ...ရောက်အောင် ပြန်လာဖို့ ကြိုးစားနေပါတယ်...

>>> သင်းနွယ်ဇင်.. ဆိုတဲ့ တယောက်ကိုတော့ ဒီသနပ်ခါးအကြောင်းရေးကတည်းက နားရွက် သနပ်ခါးလူးတာ ကောင်းတယ် မကောင်းဘူးဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အမှတ်ရနေတာဟေ့... ကလေးတွေ ကျောင်းပိတ်နေတော့ ညနက်အောင် နေလို့ ရနေသေးလို့...:))

>> ဟုတ်ပ အစ်မရယ်.. သနပ်ခါးမသွေးနိုင်တာချင်းတော့ တူပါရဲ့...

>> ပေါက် ကိုတော့ သနပ်ခါး ကြိုက်လိမ့်မယ်လို့ မထင်မိဘူး...ပေါက်အမေကတော့ သနပ်ခါးနဲ့ ပန်းနဲ့ဆိုလို့ မြင်ယောင်မိတယ်..ဟုတ်တယ်နော်..သနပ်ခါးလေးနဲ့ ပန်းလေးနဲ့ တကယ် ကျက်သရေရှိတာ..မြန်မာအမျိုးသမီးတွေလေ.. ယုဇနပန်းလေးကလည်း သေးသေးလေးနဲ့ မွှေးနေတာကိုး...

sansantin said...

သနပ်ခါး မပြယ်သေးထင်ပါ.

တန်ခူး said...

သနပ်ခါးလေးနဲ့  ချစ်စရာကောင်းနေမယ့် မ ကို မြင်ယောင်မိတယ်…“ပါးပြင်မှာ သနပ်ခါးလေးနဲ့  ချစ်စရာကောင်းလိုက်တာကွယ်”… ဆိုတဲ့ သီချင်းလေး သွားသတိရတယ် မ ရေ… မ နဲ့ စိတ်ချင်းတိုက်ဆိုင်တယ်ထင်တယ်… တန်ခူးလဲ သနပ်ခါးအကြောင်းရေးမယ် ရေးမယ်နဲ့  စိတ်ထဲပဲ ချချရေးမိနေတာ… တန်ခူးကတော့ စိတ်အစွဲကြောင့်လား မသိပါဘူး မ ရယ်… သနပ်ခါးမလိမ်းရင် ခေါင်းပဲ အုံသလိုလို… နေမကောင်းသလိုလိုနဲ့ … ဒါကြောင့်သနပ်ခါးကို နေ့ တိုင်းမလိမ်းရမနေနိုင်ဘူး မ ရေ… မားမားလိမ်းသလိုပဲ အောက်ခံမွက်ချာရိုက်စာလေး လိမ်းပြီးမှ သနပ်ခါးလိမ်းဖြစ်တာပါ… ပါးကွက်တော့ မကွက်ဖြစ်ဖူး…

သိင်္ဂါကျော် said...

မရေးတာကြာပြီနော်.. ခုမှပဲ အသစ်တွေ့တော့တယ်..
သနပ်ခါးကတော့ မြန်မာပြည် ရာသီဥတုနဲ့ အကောင်းဆုံးပါပဲ..