မဇ္ဈိမ စာမျက်နှာကနေ ဖိုးဖိုး ၁၁၁ နှစ်ပြည့် အထိမ်းအမှတ် ဆောင်းပါးလေးကို တွေ့လို့ ကျမ မှတ်စုစာအုပ်လေးထဲမှာ စုစည်းရင်း အမှတ်တရအဖြစ် ပြန်တင်ထားလိုက်တာပါ...။
မူရင်းက http://mizzimaburmese.com/edop/songpa/5608-2010-06-29-08-44-20.html..
ခေတ်စမ်းနှင်းဆီတပွင့်၏ ဘဝနှင့် စာပေ
မင်းဟန် | အင်္ဂါနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၀၈ မိနစ်
(ဆရာသိပ္ပံမောင်ဝ၏ ၁၁၁ နှစ်ပြည့် အထိမ်းအမှတ်)
“မြန်မာစာပေတိုးတက်ရေးသည်၊ ကျွနု်ပ်တို့၏ တာဝန်ဖြစ်သည်၊ ကျွနု်ပ်တို့ ပြုမှ နုမည့် မြန်မာစာ ဖြစ်သည်။ ကြိုးစားကြပါစို့”
သိပ္ပံမောင်ဝ
၁၉၃၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်။
(၁)
ဆရာသိပ္ပံမောင်ဝ (ဦးစိန်တင်) သည် ၁၈၉၉ ခုနှစ်၊ ဇွန်လတွင် မွေးဖွားခဲ့ပြီး၊ ၁၉၄၂ ခုနှစ် ဇွန်လတွင်ပင် ကွယ်လွန်ခဲ့၏။ ယနေ့ဆိုလျှင် ဆရာသိပ္ပံမောင်ဝ၏ သက်တမ်းသည် နှစ်ပေါင်း ၁၁၁ နှစ်ရှိလေပြီ။ ဆရာသိပ္ပံမောင်ဝ ရှင်သန်ဖြတ်သန်းခဲ့ရသည့် ခေတ်သမိုင်းက၊ ကိုလိုနီခေတ်ဦးကာလဟု ဆိုရမည်။
ဆရာမွေးဖွားကြီးပြင်းခဲ့ရသည့် အောက်မြန်မာပြည် အရပ်ဒေသသည် သီပေါဘုရင် နန်းမကျမီကတည်းက ဗြိတိသျှကိုလိုနီတို့၏ လက်အောက်တွင် ကျရောက်၍နေခဲ့ပြီ။ ဤအတွက် ဆရာသည် ကျွန်ဘဝတွင် မွေးဖွား၍ ကိုလိုနီခေတ်ကြီးအတွင်း ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ ဆရာက မော်လမြိုင်သား၊ မုပွန်၊ နတ်ကျွန်းရပ်တွင် မွေးဖွား၏။ မိဘများက ဦးအုန်းရွှေနှင့် ဒေါ်သစ်ဖြစ်သည်။ ဆရာ၏နာမည်အား အချို့က မောင်စိန်တင်ဟု ခေါ်ပြီး၊ အချို့က မောင်စိန်တင့်ဟု ခေါ်ကြ၏။
ဆရာ၏ မိခင်က ဆရာငယ်စဉ်မှာပင် ကွယ်လွန်ခဲ့သည်ဖြစ်၍ ဆရာသည် ဘွားအေကြီး၏ လက်တွင် ကြီးပြင်းခဲ့ရ၏။
မြန်မာ့ကျမ်းဂန်၊ ပါဠိဘာသာ၊ ပျို့၊ လင်္ကာများနှင့် ပတ်သက်၍ ဆရာ၏ လက်ဦးဆရာများက ဆရာ၏ အဘိုးလေးဖြစ်သူ ဦးလူကလေးနှင့် ဆရာ၏ ဘကြီးတော်၊ တောင်ဝိုင်းရွှေကျင် ကျောင်းတိုက် ဆရာတော် ဦးပညာဇောတတို့ ဖြစ်ကြ၏။
အဘိုးလေး ဦးလူကလေး၊ ဆရာတော် ဦးပညာဇောတနှင့် ဘွားဒွေးကြီးတို့ကြောင့်ပင် ဆရာသည် မြန်မာမှု၊ မြန်မာ့စာပေနှင့် ယဉ်ကျေးမှု နယ်ပယ်အတွင်း၌ နစ်ဝင်မြတ်နိုးခဲ့ပြီး ကျွန်ဓလေ့၊ ကျွန်အငွေ့ ကင်းစင်ခဲ့ခြင်းဖြစ်မည်။
(၂)
၁၉ဝ၅ ခုနှစ်တွင် ဆရာသည် အတန်းကျောင်းအား စတင်၍နေသည်။ မုပွန်အရပ်ရှိ ဆရာတော် ဦးချစ်လှ၏ ကျောင်းတွင် ဖြစ်သည်။ ထိုမှတဖန် မောင်ငံရပ်ရှိ St. Augustine’s Society for the Propagation of the Gospel သာသနာပြုကျောင်းသို့ပြောင်း၍ သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။ သာသနာပြုကျောင်းက အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာသင်သည့် ကျောင်းဖြစ်သည်။ အဋ္ဌမတန်းတွင်မူ ‘မဟာဗုဒ္ဓဃောသ’ ကျောင်းသို့ပြောင်း၍ ပညာဆက်သင်၏။
ဆရာသည် အတန်းပညာအား သင်ယူရင်း တဖက်တွင်လည်း အပြင်စာများအား ဖတ်မှတ်လေ့လာသည်။ မဟာဇနကဇာတ်တော်ဝတ္ထု၊ သန်းသန်းဝတ္ထု၊ ခင်မြင့်ကြီးဝတ္ထု၊ ဘီအေမောင်ဘလွင် ဝတ္ထုကြီးများအား စွဲစွဲလန်းလန်း၊ စုံစုံမက်မက်နှင့် တခုတ်တရ ဖတ်၏၊ လေ့လာ၏။
ထိုခေတ်၊ ထိုကာလတွင် မြန်မာစာ၊ မြန်မာမှု မြန်မာ့အနုပညာယဉ်ကျေးမှု ဟူသည်တို့ကား လွတ်လပ်ရေးနှင့်အတူ ဆုံးရှုံးတိမ်မြုပ်နေသည့် အချိန်ဖြစ်သည်။
အစည်းအဝေးများတွင် အင်္ဂလိပ်လိုပင် ဆွေးနွေး၏။ ရုံးသုံးစာအား အင်္ဂလိပ် ဘာသာနှင့်ပင် ရေး၏။ နေရာတကာတွင် အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကားက နေရာ ယူထား၏။
မြန်မာစာ၊ မြန်မာစကားဟူသည်က အိမ်ဦးခန်းမှ မီးဖိုချောင်သို့ လျောကျ၍ ရောက်ရှိနေရသည့်ဘဝ။
(၃)
၁၈၃၅ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် ပညာရေးကော်မတီဥက္ကဋ္ဌ လော့ဒ်မက္ကောလေး၏ ပညာရေးမှတ်တမ်းအား အခြေခံ၍ ပညာရေးစနစ်တရပ်အား မြန်မာပြည်တွင် ချ၏။ ကျွန်သက်ရှည်မည့် ပညာရေးမူဝါဒ ဖြစ်သည်။
မက္ကောလေး၏ ကျွန်ပညာရေးအခြေခံမူ ၃ ရပ်က
၁) အရှေ့တိုင်းပညာလေ့လာမှုအစား အင်္ဂလိပ်ဘာသာစာပေတို့ကို လေ့လာဖို့အားပေးရန်၊
၂) အင်္ဂလိပ်ဘာသာကို သင်ကြားမှုမဏ္ဍိုင်အဖြစ် အသုံးပြုရန်
၃) အသားရောင်အားဖြင့် ညိုသော်လည်း အင်္ဂလိပ်ဘာသာတတ်ကျွမ်း၍ အင်္ဂလိပ်လိုတွေးခေါ်ကာ အင်္ဂလိပ်စိတ် ပေါက်နေသော လူတန်းစာတရပ်ကို မွေးထုတ်ပြီး ယင်းတို့ကို တိုင်းရင်းသားလူမျိုးများနှင့် အုပ်ချုပ်သူကြားတွင် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်စေရန် ဟူ၍ ဖြစ်သည်။
အကျိုးဆက်က မြန်မာနိုင်ငံတွင် ‘ဘိလပ်ပြန်မောင်သောင်းဖေ’ ကဲ့သို့သော၊ လူတန်းစားတရပ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။ ဤသို့သော ပညာရေးရပ်ဝန်းအတွင်း၌ ဆရာသည် ‘မောင်သောင်းဖေ’ ဖြစ်မသွားခဲ့။
(၄)
၁၉၂ဝ ခုနှစ် ပထမကျောင်းသားသပိတ်ကြီးတွင် ‘ရန်ကုန်ကောလိပ် သိပ္ပံ’ ကျောင်းသားတဦးအနေဖြင့် ဆရာပါဝင်ခဲ့၏။ သပိတ်မှောက်ကျောင်းသား ဆရာသည် ရန်ကုန်မြို့ အမျိုးသား အထက်တန်းကျောင်းတွင် အခမဲ့ကျောင်းဆရာအဖြစ်နှင့် အမျိုးသားရေးတာဝန်အား ထမ်းရွက်၏။ အမျိုးသားကျောင်းများနှင့် ကိုလိုနီအစိုးရ၊ ပညာရေးဌာနတို့အကြား သဘောတူညီမှုရပြီး၊ ပူးပေါင်း၍လုပ်ဆောင်ခဲ့သည့် နောက်ပိုင်းတွင်မူ ဆရာသည် မြို့မအမျိုးသား ကျောင်းဆရာအဖြစ်မှ နုတ်ထွက်၍၊ ရန်ကုန်တက္ကသိုလ်တွင် ဥပစာဝိဇ္ဇာအောင်တန်း (I.A ဂျူနီယာ) သို့ ပြန်၍တက်ရောက်ခဲ့သည်။
၁၉၂၄ ခုနှစ်တွင် ဆရာကြီးဦးဖေမောင်တင်သည် ရန်ကုန်တက္ကသိုလ်အရှေ့တိုင်း ဘာသာရပ်ဌာနမှူး ဖြစ်လာသည်။ ဆရာကြီးဦးဖေမောင်တင်၏ ကြိုးစားမှုကြောင့် ၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပစာတန်း၌ မြန်မာစာအား မသင်မနေရ ဘာသာတခုအဖြစ် ထည့်သွင်းသင်ကြားလာရပြီး၊ ထိုနှစ်တွင်ပင် ရန်ကုန်တက္ကသိုလ်၌ မြန်မာစာ ဝိဇ္ဇာဂုဏ်ထူးတန်းအား ဖွင့်လှစ်သင်ကြားခဲ့သည်။
ပထမဦးစွာဖွင့်လှစ်သည့် ရန်ကုန်တက္ကသိုလ် မြန်မာစာဂုဏ်ထူးတန်း ကျောင်းသားက ဆရာသိပ္ပံမောင်ဝ ဖြစ်လာမည့် တက္ကသိုလ်ကျောင်းသား ကိုစိန်တင်ဖြစ်သည်။ ထိုစဉ်ကာလက မြန်မာ့ပညာရပ်ဝန်းနှင့် နိုင်ငံရေး အသင်းအပင်းများအတွင်းတွင် မြန်မာစာပေနှင့် ပတ်သက်၍ ထားရှိကြသည့် သဘောထား အခြေအနေအား ဆရာသိပ္ပံမောင်ဝက …
“မြန်မာစာပေကို မည်သူမျှ အရေးမလုပ်၊ မြန်မာစာပေကို လေ့လာ သင်ကြားရမည်ကို လည်းကောင်း၊ လူပုံအလယ်တွင် မြန်မာစကားပြောကြားရမည်ကိုလည်းကောင်း ရှက်ကြ၏။ အထက်တန်းကျောင်း၊ ကောလိပ်ကျောင်းများတွင် အင်္ဂလိပ်စာတော်သူများသာ ဂုဏ်ရှိကြ၏။ မြန်မာစာတော်သူတို့က ချောင်ကုပ်၍သာ နေကြရလေသည်။ မိတ်ဆွေအချင်းချင်း စကားပြောသောအခါ အင်္ဂလိပ်လို ပြောကြကုန်၏။ မြန်မာစာ မြန်မာစကားမှာ မျက်နှာငယ်လှပေသည်။ စတုတ္ထမြောက်၊ ပဉ္စမမြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိုင်အမ်ဘီအေ အစည်းအဝေးကြီးများမှာပင် အင်္ဂလိပ်စကားဖြင့် အဆိုသွင်းကြ၊ ထောက်ခံကြ၊ ဆွေးနွေးကြလေသည်။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား မတတ်သူများမှာ အနားပင် မသီနိုင်ဖြစ်ကြလေသည်”
ထိုအခြေအနေတွင် ဆရာသည် တက္ကသိုလ်၌ မြန်မာစာဂုဏ်ထူးတန်းအား သင်ယူခဲ့ခြင်း ဖြစ်၏။ ထိုသို့ မြန်မာစာဂုဏ်ထူးတန်းယူသည်နှင့် ပတ်သက်၍ ဆရာ့မိတ်ဆွေအချို့က ဆရာ့အား ဝေဖန်ကြ၏။ ဆရာက …
“ဤသို့ မြန်မာဘာသာဂုဏ်ထူးယူသည်ကို ရင်းနှီးသော မိတ်ဆွေတို့က များစွာမနှစ်သက်၊ မြန်မာစာဂုဏ်ထူးကြီးနှင့် အောင်ပြီးနောက် မည့်သည့် အလုပ်မျိုးကို လုပ်မည်နည်းဟု စိတ်ပျက်အောင် ပြောလေ့ရှိကြသည်။ ဝါသနာပါ၍ယူသည်။ အလုပ် ကိစ္စမရှိဟူ၍ ပြန်ပြောရ၏။ ထိုအခါက မြန်မာစာဂုဏ်ထူးမှာ အညံ့စားဂုဏ်ထူးပဲဟု အယူရှိကြလေသည်။ များစွာ မခံချင်သောကြောင့် ‘မင်းတို့နဲ့ တနေ့နေ့ တွေ့ဦးမယ်’ ဟု စိတ်တွင် ကြိမ်းဝါးမိခဲ့ပေ၏။ အချို့က မြန်မာစာဂုဏ်ထူးယူခြင်းသည် အမျိုးသားအတွက် ဂုဏ်ယူစရာ၊ တိုင်းပြည်အတွက် ဂုဏ်ယူစရာဟူ၍ ချီးမွမ်းကြ၏။ သို့ရာတွင် ဝမ်းထဲကမူကား များစွာ စိတ်မပါလှ။ မည့်သည့်အရပ်သို့ပင် သွားစေကာမူ မြန်မာစာဂုဏ်ထူးနှင့် အောင်လျှင် မည်သည့်အလုပ် လုပ်မည်နည်းဟူ၍ မေးကြသည်နှင့်သာ ကြုံတွေ့ရလေသည်”
ထိုစဉ်က ‘ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ’ ဟူသည့် တို့ဗမာကြွေးကြော်သံသည်ပင် မပေါ်သေး။
(၅)
ရန်ကုန်တက္ကသိုလ်မှ မြန်မာစာဂုဏ်ထူးတန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင်ပင် ဆရာသည် နည်းပြဆရာအဖြစ် အလုပ်ဝင်၏။ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်နေရင်း နိုင်ငံ့ဝန်ထမ်း ပညာတော်သင်အဖြစ် အရွေးချယ်ခံရပြီး၊ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် ခရိုက်ချပ်ချ်ကောလိပ်တွင် အိန္ဒိယပဋ္ဋိဉာဉ်ခံဝန်ထမ်းပညာအား ၂ နှစ် သွားရောက်၍ သင်ယူသည်။
အင်္ဂလန်မှပြန်လာပြီး I.C.S တဦးအဖြစ်နှင့် မြို့ပိုင်၊ နယ်ပိုင်ဝန်ထောက်၊ အရေးပိုင်၊ ဒုတိယအတွင်းဝန် စသည့် တာဝန်များအား အရပ်ရပ်အနယ်နယ်လှည့်၍ ထမ်းဆောင်ခဲ့၏။ ဆရာ့၏ ဘဝရုပ်ပုံလွှာများက ပထမသပိတ်မှောက် ကျောင်းသား၊ မြို့မအမျိုးသားကျောင်းဆရာ၊ ရန်ကုန်တက္ကသိုလ်နည်းပြ၊ မြို့ပိုင်၊ နယ်ပိုင်ဝန်ထောက်၊ အရေးပိုင်နှင့် ဒုတိယအတွင်းဝန် စသည့်ဖြင့် ဖြတ်ကနဲ၊ ဖြတ်ကနဲ ပြောင်းလဲနေ၏။
သို့သော် မပြောင်းလဲသည်က၊ ဆရာ၏ စာပေရုပ်ပုံလွှာပင်ဖြစ်သည်။ ခေတ်စမ်း၏ နှင်းဆီတပွင့်အဖြစ် တည်မြဲ၍နေသည်။ ရှင်သန်၍နေသည်။ လန်းဆန်း၍နေသည်။ ခေတ်မီ၍နေ၏။ သစ်ဆန်း၍နေ၏။
ကျနော်တို့ကား I.C.S ဦးစိန်တင်အားမသိ၊ သိပ္ပံမောင်ဝအား သိ၏။ ပြီးလျှင် မောင်လူအေး သိ၏။ မောင်လူမွှေးအား သိ၏။ ဘွားဒွေးကြီးအား သိ၏။ ‘ရွာကျက်သရေ’ မှ ဆရာစောနှင့် ရင်းနှီးရ၏။ ဆရာသိပ္ပံမောင်ဝကြောင့် မြစ်ဝကျွန်းပေါ်ရှိ ချောင်းရိုးအနှံ့ ဝင်ထွက်ခွင့်ရ၏။ လေလံပွဲများသို့ ရောက်ခဲ့ရလေ၏။
(၆)
ဆရာသိပ္ပံမောင်ဝက ကလောင်ခွဲပေါင်း ၅၇ မျိုးဖြင့် စာမျိုးစုံအား ရေးသားခဲ့သည်။ သိပ္ပံမောင်ဝ မဖြစ်မီကတည်းက ‘ဝဇီရာတင့်’ အမည်နှင့် သတင်းစာများတွင် ဆောင်းပါးများ ရေးသည်။ ၁၉၂၅ ခုနှစ်တွင် ‘ယူနီဗာစီတီ ကောလိပ်မဂ္ဂဇင်း’ အတွဲ ၁၆ အမှတ် ၁ တွင် ‘မောင်ဝ’ အမည်နှင့် ‘သိကြားမင်းထံလျှောက်လွှာ’ အား ရေး၏။
ထိုစဉ်က ဆရာသည် တကောင်းကျောင်းဆောင်တွင်နေ၍ ယူနီဗာစီတီ သိပ္ပံကောလိပ်၌ I.A အထက်တန်း အောင်မြင်ပြီး မြန်မာစာဂုဏ်ထူးတန်းအား တက်နေသည့် အချိန်ဖြစ်သည်။
စာကား ‘မေတ္တာစာ’ ဖြစ်သည်။ ဝေဿန္တရာဇာတ်တော်များမှ ကာရန်၊ အချိတ်အဆက်နှင့် ရေးသားသည့် ရေးဟန်မျိုး ဖြစ်သည်။ ဆရာ့၏ လင်္ကာအရေးအသားမှာ စလေဦးပုည၏ မေတ္တာစာများကဲ့သို့ သွက်၏။ သော့၏။ လှ၏။ ရေးဟန်က သိပ္ပံမောင်ဝဟန် မဟုတ်သေး။
“လူ့ပြည်လူ့ရွာ လူခန်းဝါတွင် ရတနာရိပ်မြုံ၊ သာမျိုးစုံသည် ရန်ကုန်ပြည်သာ၊ မြောက်မျက်နှာဝယ်၊ ကမာရွက်ခေါ်၊ ထင်ပေါ်ဂါမာ၊ သညာမည်သီး၊ ရွာအနီး၌ အံ့ချီးဘွယ်တည်ထား၊ ယူနီဘာစီတီ ကျောင်းသားများ၏ ပျော်ပါးမွေ့လျော်ရာဖြစ်သော၊ ကျောင်းတော်ကြီးအတွင်းမှာ၊ အဌာရသ၊ သိပ္ပံအမျိုးမျိုးကို အားကြိုးမာန်တက်၊ ကျက်မှတ်လေ့လာနေရပါသော ကျနော်မျိုး မောင်ဝက၊ ဟတ္ထပဒုံ၊ လက်ကြာမုံဖြင့်၊ ခြေတော်အစုံကို ဦးခိုက်လျက်၊ တိုက်ရိုက်လျှောက်ကြား၊ အသနားတော်မြတ် ခံလိုသည်မှာ”
(၇)
အထက်တန်း စကားပြေတွင် ဆရာသိပ္ပံမောင်ဝ၏ စာများအား သင်ရ၏။ မောင်လူအေး ဇာတ်ဆောင်အဖြစ် ပါဝင်သည့် ဝတ္ထုဆောင်းပါးများ ဖြစ်သည်။ ‘ရွာကျက်သရေ’ မှ ဆရာစောနှင့် ဆရာစော၏ ကျောင်းလေးအား တွေ့ရ၏။ ပြီးလျှင် ဆရာသိပ္ပံမောင်ဝသည် သမိုင်းခေတ်များ၏ အပြောင်းအလဲနှင့် တိုင်းပြည်၏ အနာဂတ်အရေးအား တွေးဆဟန်နှင့် …
“မောင်လူအေးမှာ နောင်နှစ်ပေါင်း ၄ဝ၊ ၅ဝ ခန့်ကြာလျှင် ဤရွာကျောင်းမှပင် မြန်မာပြည်သမ္မတ ထွက်ချင် ထွက်နေမည်ကိုလည်း စဉ်းစားမိပုံမပေါ်” ဟူ၍ ‘ရွာကျက်သရေ’ အား အဆုံးသတ်ထား၏။
ဆရာသိပ္ပံမောင်ဝ၏ မောင်လူအေး ဝတ္ထုဆောင်းပါးများမှ ‘သူပုန်အငွေ့’ နှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိ၏။ သိပ္ပံမောင်ဝသည် I.C.S ဖြစ်၏။ နယ်ပိုင်၊ အရေးပိုင် တာဝန်များအား ထမ်းဆောင်နေသည့် ဗြိတိသျှအုပ်ချုပ်ရေး ဝန်ထမ်းဖြစ်၍ ကိုလိုနီအုပ်ချုပ်ရေး ယန္တရားဘက်မှ ရပ်သည်။ အမျိုးသား လွတ်မြောက်ရေး လယ်သမား တော်လှန်ရေးကြီးဘက်မှ မရပ် စသဖြင့် ဝေဖန်ကြ၏။
“သက္ကရာဇ် ၁၂၉၂ ခုနှစ်တုန်းက မြန်မာပြည်တွင် ခပ်ပြင်းပြင်းကလေး သူပုန်ထလိုက်၏။ ဆရာစံက ဥက္ကဋ္ဌကြီး ဖြစ်လေသည်။ ဂဠုန် (က) ၊ ဂဠုန် (ခ) တွေနှင့် နိုင်ငံဆူပူအောင် လုပ်လိုက်ပေ၏။ ဆရာစံကား ရှင်ဘုရင် ဖြစ်ချင်သူတည်း။ အလံတောင်တွင် နန်းတော်တွေကိုဆောက်၊ စည်တော်တွေကိုယွန်း၊ ဘိသိတ်တွေကို သွန်းလျက် နေလေသည်။ နောက်လိုက်ငယ်သားတို့အား ပြီးဆေးတွေကို ထိုးပေး၏။ ဂဠုန်ဆေးတွေကို ဆောင်စေ၏။ ထုံးမန်းတွေကို မျိုစေ၏။ ခမျာတောသူ တောင်သားတို့မှာ သူ့စကားကို အကောင်းထင်မှတ်ပြီးလျှင် သူပုန်ထကြလေသည်။ အစိုးရမင်းလည်း ငြိမ်ငြိမ်မနေနိုင်တော့ပြီ။ လှုပ်ရှားရ၏။ စစ်တပ်တွေနှင့် နှိမ်နင်းရ၏။ ထိုဂဠုန်ဆေးဆရာတွေ၊ လက်ဖွဲ့ဆရာတွေ၊ ထုံးမန်းဆရာတွေမှာ စက်အမြောက်တွေ၏ ရှေ့တွင် ကားခနဲကားခနဲ နေကြလေတော့သည်။ ဆရာစံ၏ ပယောဂပင်ဖြစ်လေသည်”
‘သူပုန်အငွေ့’ အား ဖတ်ပြီး ရင်တွင်း၌ ဘဝင်မကျ။ မချင့်မရဲဖြစ်မိ၏။ မကျေမချမ်း ခံစားရ၏။ လယ်သမား ခေါင်းဆောင်ကြီး တဦးအား ရေးထားသည့် သိပ္ပံမောင်ဝ၏ အရေးအသားအား သဘောမကျ။
‘သူပုန်အငွေ့’ ၏ အဆုံးသတ်စာပိုဒ်အား ထပ်ခါ၊ ထပ်ခါ ဖတ်ကြည့်မိသည့် အခါတွင်မူ ဆရာစံနှင့် ပတ်သက်၍ ဆရာသိပ္ပံမောင်ဝ၏ သဘောထားအား တွေ့မြင်မိ၏။
“များမကြာမီတွင် ဆရာစံသည် စက်တိုင်ထက်တွင် အသက်ကုန်ရရှာ၏။ အချို့က ဆရာစံ နတ်ပြည်ရောက်သည်ဟု အယူရှိကြ၏။ အချို့ကမူ ဆရာစံ အဝီစိရောက်သည်ဟူ၍ ဆိုကြလေသည်။ နတ်ပြည်သို့ ဆရာစံရောက်လျှင် နတ်သားတွေ သူပုန်ထရန် ခေါင်းဆောင်မည် ဖြစ်သောကြောင့် သိကြားမင်း အလုပ်များတော့မည်။ အဝီစိသို့ ရောက်မည်ဆိုလျှင်လည်း ငရဲသားတို့ သူပုန်ထရန် ခေါင်းဆောင်မည် ဖြစ်သောကြောင့် ယမမင်း အလုပ်ရှုပ်တော့မည်။ ရောက်သည့်နေရာတွင် သူပုန်ထမည့် ဆရာစံတည်း”
“ရောက်သည့်နေရာတွင် သူပုန်ထမည့် ဆရာစံတည်း”
မတရားမှုများ၊ ဖိနှိပ်မှုများရှိနေလျှင် မည်သည့်အရပ်၌မဆို ဆရာစံက ပုန်ကန်မည့်သူ၊ တွန်းလှန်မည့်သူ သူပုန်ထဝံ့သည့်သူဟု ဝိဂြိုဟ်ပြုရာရောက်၏။
(၈)
ဆရာရေးသားခဲ့သည့် စာပေပုံသဏ္ဍာန်များက များပြားလွန်းလှသည်။ ဝတ္ထု၊ ဝတ္ထုဆောင်းပါး၊ ပြဇာတ်၊ အတ္ထုပတ္တိ၊ ခရီးသွားစာပေ၊ နေ့စဉ်မှတ်တမ်း၊ စာပေဝေဖန်ရေး စသည်ဖြင့် စသည်ဖြင့် အမျိုးမျိုး အထွေထွေ ရေးခဲ့၏။ သိပ္ပံမောင်ဝ အမည်နှင့် ဝတ္ထုများအား ရေးပြီး သိပ္ပံကျောင်းသား မောင်မြသွင် အမည်နှင့် စာပေဝေဖန်ရေးများအား ရေး၏။ ESSAYIST များကို တင်မောင်မြင့်အမည်နှင့် ရေး၏။ ပြဇာတ်၊ ပေးစာများကိုမူ တင်တင့်၊ မောင်သံချောင်း ကလောင်အမည်များနှင့် ရေး၏။ လုံးချင်းစာအုပ်ပေါင်း ၁၄ အုပ် အပါအဝင် စာပေမျိုးစုံပုဒ်ရေပေါင်း ၄ဝဝ ကျော်မျှ ရေးသားခဲ့၏။ ဆရာက ကွယ်လွန်သည့်အချိန်အထိ စာရေးသားခဲ့သော စာရေးဆရာဖြစ်သည်။ စစ်ကြီးအတွင်း၌ စစ်ပြေးရင်းနှင့် စစ်အတွင်း နေ့စဉ်မှတ်တမ်းအား ရေး၏။ မကွယ်လွန်မီ နာရီပိုင်းမျှအတွင်း ရေးခဲ့သည့် စာဖြစ်သည်။
“လွန်ခဲ့သည့် ၈ နှစ်ခန့်အခါက ဗေဒင်ကျွမ်းကျင်သော မိတ်ဆွေတဦးက ယခုနှစ်မွေးနေ့ မတိုင်မီအတွင်း သေလောက်သော ဘေးနှင့် တွေ့ပေလိမ့်မည်ဟု ဟောဖူး၏။ ထိုအခါက ထိုမိတ်ဆွေ ဟောပြောချက်ကို မယုံကြည်ခဲ့ပေ။ နောင်တွင်လည်း အမှုမထားခဲ့ပေ။ ယခုနှစ်အတွင်း ဘေးဒုက္ခအပေါင်းတို့နှင့် တွေ့ကြုံသော အခါကျမှ ထိုမိတ်ဆွေ ဟောပြောချက်များကို ပြန်လည်သတိရမိပေ၏။ ဗေဒင်က မှန်သောကြောင့်ပေလော မပြောတတ်။ ဤနှစ်အတွင်း ဒုက္ခအမျိုးမျိုးတို့နှင့် တွေ့ကြုံခဲ့ရသည်ကား မှန်ပေ၏။ ယနေ့ကား မွေးနေ့ဖြစ်၏။ သန်းခေါင်ကျော်လျှင် မွေးနေ့လွန်တော့မည်။ မိတ်ဆွေဗေဒင်ဆရာ ဟောပြောချက်အရဆိုလျှင် ဘေးအပေါင်းတို့မှ လွတ်ကင်းတော့မည်။ ဤအကြောင်းများကို တွေးမိသောကြောင့် ဝမ်းမြောက်မိတော့သတည်း။” ( ၅၊ ၆၊ ၄၂)
ကိုးကား
- သိပ္ပံမောင်ဝ ရာပြည့်စာတမ်းများ
- လူထုဦးလှ၏ သူ့စာများက ပြောခဲ့တဲ့ သိပ္ပံမောင်ဝအကြောင်း
- သိန်းဖေမြင့်၏ တိုက်ပွဲဝင်စာများ
- မောင်မြင့်ကြိုင်၏ သိပ္ပံမောင်ဝ စာစုစာရင်း
- တက္ကသိုလ်နှစ် ၅ဝ ရွှေရတု မဂ္ဂဇင်း
- သိပ္ပံမောင်ဝ၏ စစ်အတွင်း နေ့စဉ်မှတ်တမ်း
Comments