Skip to main content

အသွင်တူ၏၊ မတူ၏ (Tag)

(သူငယ်ချင်း သက်ဝေက ချစ်လို့ တက်ဂ်တဲ့ ပို့စ်ကို ချစ်သောအားဖြင့် ရေးပါသည်။ အမှတ်တရ တက်ဂ်လို့ ကျေးဇူးပါ..သူငယ်ချင်းရေ.)


အသွင်တူ၏ မတူ၏ တဲ့။

အသွင်မတူ အိမ်သူ မဖြစ်ဆိုတဲ့ စကားကို နားလည်တာကတော့ လိုက်ဘက်ညီတဲ့ အိမ်ထောင်ဘက်တွေကို ပြောချင်တယ်လို့ ထင်တာပါပဲ။ ဆိုပါတော့....တယောက်က ဂီတာတီးရင် တယောက်က သီချင်းဆို...(ချိုသင်းတို့လို)၊ တယောက်က ဘလော့ဂ်ရေးရင် နောက်တယောက်က အားလည်းပေး ၊ ကိုယ်တိုင်လည်းရေး...( ဒါက ကိုဧရာ+မသီတာ စုံတွဲ)၊ နောက် အစ်မမေငြိမ်းတို့လို တယောက်က စားပင် ပန်းပင်တွေစိုက်.. တယောက်က အဲဒါတွေနဲ့ ပန်းအိုးထိုးအလှဆင်.... အဲ... သူငယ်ချင်း သက်ဝေကရော... တယောက်က အနုပညာစွမ်းအားအပြည့်နဲ့ ဖန်တီးလက်စွမ်းပြတဲ့ အခါ တယောက်က မော်ဒယ်လုပ်ပေး..... (ဒါက သက်ဝေပို့စ်ထဲမှာ မပါဘူး..)နောက်ပြီး နံပါတ်နဲ့ ဂဏန်းတွေကို မမှတ်မိတတ်တဲ့ သူနဲ့ နောက်တယောက်က အကုန်လုံးမှတ်မိနေတတ်တဲ့ မခင်မင်းဇော်တို့ စုံတွဲ... ကဲ..ဘယ်လောက်တောင် လိုက်ဖက်ညီတဲ့ စုံတွဲတွေပါလိမ့်နော်....။

နေဦး.... သူများရေးထားတဲ့ ပို့စ်တွေ ဖတ်ပြီး အားကျနေရုံနဲ့ မပြီးသေးဘူးလေ..ကိုယ်ပေါင် ကိုယ်လှန်ထောင်း.. အဲ.. ကိုယ့်အကြောင်း ကိုယ်ရေးရမှာတဲ့...။

စပြောရရင်တော့ ချစ်သူသာဖြစ်ခဲ့ကြတယ်...ကျမတို့နှစ်ယောက်က အသွင်တူတဲ့ သူတွေ မဟုတ်ခဲ့ပါဘူး။ သူက အရပ်မြင့်မြင့် ဆံပင်ရှည်ရှည် မိန်းကလေးပီပီသသ ကောင်မလေးတွေကို သဘောကျသတဲ့.... ကျမ စိတ်ကူးထဲမှာ ရှိရမယ့် အမျိုးသားကတော့ဖြင့် တည်တည်တံ့တံ့ အေးချမ်းတည်ငြိမ်ပြီး လူကြီးဆန်တဲ့ ပုံစံမျိုး..(အဲဒီတုန်းက ပြောပါတယ်)။ သူ့ဘေးနားမှာ အရပ်ခပ်ပြတ်ပြတ် ဆံပင်ကောက်ကောက်ပွပွနဲ့ နုူးနူးညံ့ညံ့ မိန်းကလေးပုံစံ မပေါက်တဲ့ ကျမ ရောက်နေခဲ့ရတဲ့ အဖြစ်ရယ်.... နောက်နောက်ပြောင်ပြောင်နေတတ်ပြီး ကျယ်လောင်စွာ ရယ်မောရင်း ပေါ့ပါးလွတ်လပ်စွာ နေတတ်တဲ့ သူ့ကိုမှ ကျမဘဝရဲ့ မရှိမဖြစ် အလိုအပ်ဆုံးအရာ ဖြစ်နေခဲ့ရတဲ့ အဖြစ်ဟာ....ထူးဆန်းလွန်းတဲ့ တစုံတရာရဲ့ လှည့်ကွက်ပေါ့လေ...။

အစွန်းနှစ်ဖက်က လူနှစ်ယောက်လိုပါပဲ... အသွင်မတူတာတွေထက် ဆန့်ကျင်ဖက်အရာတွေ များခဲ့တယ်။

ကျမက အလေးအနက်ထားလွန်းတဲ့ အရာတွေက သူ့အတွက် ဘာမှ သိပ်မဟုတ်ခဲ့ဘူး။

ကျမက လူတွေနဲ့ မရင်းနှီးလွယ်သလောက် သူကတော့ တွေ့တဲ့ သူတွေကြား ပျော်ဝင်သွားတာပါပဲ။ အရင်ကဆို လက်ဖက်ရည်ဆိုင်ထိုင်ရင် ကိုယ့်ထားခဲ့ပြီး သူငယ်ချင်းတွေဝိုင်းမှာ သွားထိုင် လေဖေါရင်း ကျမကို မေ့ထားလေ့ရှိတဲ့သူ....။

တစုံတခုကို တယောက်ယောက်အတွက် ရည်ရွယ်ထားပြီဆိုရင် အဲဒီသူဆီအရောက်ပေးပြီး အဲဒီသူကိုသာ သုံးစေချင်တဲ့ အစွန်းရောက်စိတ် ရှိတဲ့ ကျမနဲ့  သူ့အတွက်ကျတော့  အစွဲသိပ်မထားပဲ လူတိုင်းအတွက် ရည်ရွယ်သည်လို့ အားလုံးကို စေတနာရှိတတ်တဲ့ သူရဲ့ စိတ်စေတနာ....(သိပ်တော့နားမလည်ဘူး၊ သေချာတာကတော့ ကျမလို  သူ့မှာ bias မရှိတာ...)

ကျမက နဲနဲ စိတ်ကူးယဉ်ဆန်ချင်သား... သူ့ဆီက romantic ဆန်ဆန် လက်ဆောင်ပစ္စည်းတွေ ဘာတွေများရမလားလို့. စိတ်ကူးနေတဲ့ အချိန် သူကတော့ တကယ်အသုံးလိုမယ့် ပစ္စည်းမျိုးပဲ ပေးတတ်ပြန်ရော.. ကျမတို့ အထိမ်းအမှတ်နေ့တွေဆို ထုံးစံလိုကိုဖြစ်နေတာက.. ဘုရားဖူး၊ အလှူ အတန်းလေးလုပ်၊ ပြီး ညကျ မိသားစုတွေ ဆုံပြီး အစားအသောက်တွေ စားကြမယ်..နောက်ဆုံးတော့ ကလေးတွေ ပျော်ရအောင် ကိတ်မုန့်ကို ဖယောင်းတိုင်ထွန်းပြီး မီးမှုတ်ကြမယ်...ဒါပဲ....တခါတော့ သူ့ကို ရှင့်ဆီက ပန်းစည်းလေး ဘာလေးများ တခါမှ မရဖူးဘူးလို့ နောက်လိုက်မိတာ...နောက်ပိုင်း ပန်းစည်းတွေချည်းပဲ လက်ဆောင်ရတော့တာပါပဲ။ ဒါနဲ့ ကမန်းကတန်း ပြန်တားထားရပြန်ရော.....။

ကျမက အွန်လိုင်းမှာ သူငယ်ချင်းတွေနဲ့ ဂျီတော့ခ်ကနေ ချက်တင်ပြောတာ ပေါ့ပါးလွတ်လပ်သလောက် ဖုန်းကိုတော့ ဆက်ခဲပါတယ်။ ကျမဖုန်းက စကားပြောတဲ့ function ထက်.. သီချင်းနားထောင်...ဓာတ်ပုံရိုက်၊ to do list တွေမှတ်တဲ့ ကိစ္စတွေမှာ ပိုအလုပ်ဖြစ်ပါတယ်။ သူကတော့ ... ဖုန်းရင်လည်း ဘက်ထရီအားကုန်မှ၊ သူဆက်ရမယ့် လူစာရင်းလည်း ကုန်ပါမှ၊ ဖုန်းရင်လည်း ဧရိယာပြင်ပ ရောက်နေပါမှ၊ အဲ... သူလည်း အိပ်ပျော်ပါမှ...။ ဖုန်းလာရင် ချက်ချင်းကောက်ကိုင်တတ်တဲ့သူက ဂျီတော့ခ်က တုံ ဆိုပြီး တက်လာရင် ဂရုတစိုက် ဖြေချင်မှ ဖြေတတ်တာ... စကားပြောဆက်သွယ်ရတာမျိုးကို ပိုသဘောကျတာထင်တယ်...။ 

အစားအသောက်ဆိုရင်... သူက အကောင်းကြိုက် အစုံစား။ မုန့်ဟင်းခါးဆို ရှိသမျှ အကုန်ထည့် ရသပေါင်းစုံနဲ့ စားတတ်တာ ကျမဖြင့် အံ့သြရော....။ ကိုယ်ကကျ ပဲကြော်နဲ့ တပွဲ က ဆိုင်သာပြောင်းသွားမယ်.. မုန့်ဟင်းခါး စားတဲ့ format က ဘယ်တော့မှ မပြောင်း။ ပဲကြော်မရှိရင် အလွတ်ပဲ ပေးဆိုတဲ့ သူမျိုးကို။ 

ကျမက ကိုယ်တပ်ထားတဲ့ မျက်မှန်နဲ့သာ လောကကြီးကို ကြည့်တတ် မြင်တတ်ပေမယ့် သူ လူတွေရဲ့ မတူညီမှုတွေကို နားလည်လက်ခံပေးနိုင်တာကို ကျမ အားကျမိပြန်ရော.... ဒေါသစိတ်လွန်ကဲပြီး ပေါက်ကွဲလွယ်တဲ့ ကျမအဖို့ သူနဲ့ အသွင်တူမယ်ဆိုရင်တော့ တော်တော်ကို နေတတ်ပြီး ငြိမ်းချမ်းမှု ရနေမှာပါ။

ခုတော့လည်း ကျမတို့ နှစ်ယောက် အရင်ကလောက် အသွင်မတူတာတွေ မရှိတော့ပဲ အစွန်းနှစ်ဖက်ကနေ အလယ်မှာ လာဆုံနေမိကြပြီလို့ ထင်ပါတယ်။ ဒါကလည်း အသွင်တူလာတာမျိုး မဟုတ်ရင်တောင် တယောက်နဲ့ တယောက် အနှောင့်အယှက် မဖြစ်စေချင်တဲ့ စိတ်စေတနာတွေကြောင့် ပြောင်းလဲလာခဲ့ကြတာ .. ဒီလိုမှ မဟုတ်လည်း လက်ခံပေးလိုက်တာဖြစ်မှာပါ။ 


နောက်ဆုံး ကောက်ချက်ချရရင်တော့ အသွင်တူတာ မတူတာထက် တယောက်နဲ့ တယောက် အပြန်အလှန် လေးစားနားလည်နိုင်မှုရယ် ... မေတ္တာကဲတဲ့ ချစ်ခြင်းတရားရယ်နဲ့ဆို တူညီတဲ့ တန်ဖိုးထားမှုတစ်ခုကြောင့် အသွင်မတူလည်း အိမ်သူ ဖြစ်ကောင်းပါရဲ့လေ....။

Comments

သက်ဝေ said…
အင်း... သိင်္ဂီ အခုလိုရေးမှပဲ သူ့အကြောင်း သိလာတယ်... အရင်က သူ့ကို သိသာ သိတာ မရင်းနှီး ခဲ့ဖူးလေ...း))

သိင်္ဂီပြောခဲ့သလိုပဲ ကိုယ်တို့ အသက်အရွယ်တွေမှာတော့ တူတာ မတူတာတွေ မရှိတော့ပဲ အစွန်းနှစ်ဖက်က အလယ်မှာ လာဆုံနေကြရမယ့် အခြေအနေတွေ...
တယောက်နဲ့ တယောက် အနှောင့်အယှက် မဖြစ်စေချင်တဲ့ စိတ်စေတနာတွေ နဲ့ ဘဝကို ဆက်လျှောက်ကြရမှာလေ... နော်...။

ဒီပိုစ့်ကို ညမအိပ်ပဲ ရေးထားတာထင်တယ်... ကျေးဇူးတင်တယ် သူငယ်ချင်း... အိပ်ရေးလဲ ဝအောင် အိပ်ပါအုံး...း))

အဟိ..
သိင်္ဂီ ကိုယ့်ကို ပြောတာကို ဖတ်မိတဲ့သူတွေကတော့ ကိုယ့်ကို မော်ဒယ်လုပ်နေတယ်လို့ ထင်ကြတော့မှာပဲ...
pandora said…

ဟဲ.. သဘောကျတယ်.. typical စရိုက်တွေပါပဲ..
ထာဝရ ပျော်ရွှင်ကြပါစေ။း)
This comment has been removed by the author.
မ ရေ... အတန်းထဲက ခပ်ချောချောအကိုကြီးက ချစ်စရာကောင်းတဲ့သူရဲ့ချစ်သူလေးက လွဲရင် ကျန်တာတွေ ဖွဲစကွဲလို့ ဆိုလို့ ရအောင် မ ပေါ်ထားတဲ့ သစ္စာတရားတွေက သူများတွေတောင် အားကျလောက်ပါရဲ့... သူများအကြောင်း ထဲထဲဝင်ဝင်စိတ်မ၀င်စားတတ်တဲ့ အိမ်ကလူကတောင် အဲဒီအကိုကြီးက အဲဒီအမကြီးကို သိပ်ချစ်တာလို့ မှတ်ချက်ပေးရတဲ့အထိပဲ...ပန်းစည်းတွေ လက်ဆောင်အဆက်မပြတ်ပေးတယ်တဲ့လား... အိမ်ကလူကတော့ အဲလိုပေါ်တင်ပြောလဲ ၀ယ်ဖို့ စိတ်မ၀င်စားပါဘူး မ ရယ်... မ ပြောသလို အပြန်အလှန် လေးစားနားလည်နိုင်မှုရယ် ... မေတ္တာကဲတဲ့ ချစ်ခြင်းတရားရယ်နဲ့ဆို တူညီတဲ့ တန်ဖိုးထားမှုတွေက တကယ့်ကို အိမ်ထောင်တခုရဲ့အသက်ပါပဲနော်...
kay said…
မသိဂီ င်္.. အသွင်မတူ တဲ့ ၂ ယောက် ကနေ.. အသွင်မျှ တဲ့..လူလေး ၃ ယောက်တောင် ရှိနေပြီဆိုတော့..အသွင် တွေ.. ပေါင်းကုန်ပြီပေါ့..း)
Sonata Cantata said…
သိင်္ဂီရေ... ကေ ပြောသလိုပဲ
ငါလည်း တွေးမိနေတာ ကြာပြီ

နင်က ဘလော့ဂ် ပို့စ်လေးတွေ ရေးတာတောင် နိဒါန်း စာကိုယ် နိဂုံးနဲ့ ပြည့်စုံ ကောင်းမွန်တယ် ...
ဒါလည်း အဆင်ပြေတာပဲ
ဒါမျိုးပေါ့ ..း)))
အမြဲထာဝရ အဆင်ပြေ သာယာ ပျော်ရွှင်ပါစေ အစ်မရေ ..း))

ချစ်ခင်စွာဖြင့်
tg.nwai said…
mm: :) ဖတ်ပြီးပြီ။ ကိုငယ်ကနောက်တတ်တယ်လား။
tg.nwai said…
1 hour ago

ကိုကြီးကျောက်: မယ်သိဂီ င်္..ခုတလော စာတွေတော်တော်ရေးလာပါလား
စာတွေပြန်ရေနေလို့အရမ်းဝမ်းသာတယ်။ နင်ရေးမှပဲ ငါကမအားဖူးဖြစ်နေပြန်ရော။

အကြောင်းသိသူငယ်ချင်းတွေမို့ အသွင်မတူဖူးဆိုတာတော့သိပါတယ်။ နောက်ဆုးံကောက်ချက်လေးကြောင့် ပိုပြီးဝမ်းသာမိပါတယ်။ KNကြီးကတော့ ပိုပိုပြီးချစ်နေတော့မှာပါ။း)))
Moe Cho Thinn said…
မမသိင်္ဂီ ပျော်စရာ ကြည်နူးစရာပါပဲလား။ ပန်းစည်းအရင်က မပေးတာက ကြိုက်မှန်း မသိလို့ နေမှာ..။ သိတော့ ပေးလွန်းလို့ တားယူရတယ် မဟုတ်လား။ နောက်တခါ လိုချင်တာ ရှိရင် ပြောသာ ပြော မမရေ..
PhyoPhyo said…
မသိင်္ဂီ ရေးထားတာ ချစ်စရာလေး ...
ကလေး လေး ၃ ယောက်တောင် ရနေပြီ ?
ကောင်းလိုက်တာ ပြည့်စုံတဲ့မိသားစုဘ၀လေးဖြစ်နေပြီပဲ
မတို့ လို အိမ်ထောင်သက်များများရှိမှ ရေးရတာပိုပြီးကောင်းမယ် :)
မသက်ဝေရဲ့ Tag Post လေးတွေ ရေးသမျှ လိုက်ဖတ်ကြည့်တော့ ကိုယ်တွေဘက်က အသွင်တွေက
တခု မဟုတ်တခု သွားတူနေပြီး သူတို့တွေကလည်း အသွင်တွေ သိပ်မကွာ ကြတာကို အံ့သြစရာ ကောင်းလောက်အောင် တွေ့ရတယ်ကော..။ ကြည့်လိုက်တော့ ကျမတို့တွေ ကံကောင်းကြတာပဲဗျ.. နော..။
PAUK said…
ပို့စ်တင်တဲ့အထိမ်းအမှတ်အနေနဲ့
ပန်းစီးလာပေးတာပါ..။
ပန်းစည်းပေးတယ်ဆိုတဲ့ ယဉ်ကျေးမှုနဲ့ မရင်းနှီးလို့ ဖြစ်မယ်ထင်တာပဲ မအယ် အမျိုးသားလည်း ပေးလေ့မရှိဘူး။

ပန်းစည်းထက် အရေးကြီးတဲ့ အချစ်စည်းကြီးရရင် ပြီးတာပဲနော့။

မအယ်
Unknown said…
သယ်ရင်းရေ..မနိုင် tag တဲ့ ဒီပို့စ် လေး ကောင်းတယ်နော်..ငါလဲတော်တော်များများဖတ်ပြီးပြီ..အားလုံး..ဆရာမ မေငြိမ်းပြောသလိုကံကောင်းကြတယ်နော်..ဟီးဟီးး..အားကျရုံမှတပါးး..Joke
ခုမှ ဘလော့လည်ဖြစ်တယ်။ ဒီပို့စ်ကိုနောက်ကျမန့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် အချစ်ရှိနေသမျှ လောကကြီးလှနေဦးမှာပါနော်။
အသွင်မတူလဲ အိမ်သူဖြစ်နေဆဲပါကွယ်။

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...