ဒီနေ့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို မန္တလေးအက်ဖ်အမ် နားထောင်နေရင်း သတင်းမှာ ကြားလိုက်ရပါတယ်။ နိုဝင်ဘာလ ၇-ရက်နေ့၊ တနင်္ဂနွေနေ့..တဲ့။ အဲ..၂၀၁၀ ထဲမှာပေါ့။သူများတွေတော့ မသိပါဘူး...။ ကျမကတော့ နိုင်ငံရေးဆိုတာနဲ့တော်တော်ဝေးပါတယ်။ ဘယ်အချိန် မီးလာမလဲ၊ ဘယ်အချိန် ရေတင်ရင် ကောင်းမလဲ၊ ကိုယ့်အရေးနဲ့ ကိုယ် လုံးလည်ချာရင်း တိုင်းပြည်မှာ ဘာတွေဖြစ်လို့ ဖြစ်နေတယ်ဆိုတာကို စိတ်မဝင်စားဖြစ်ပါဘူး။ အဲ... ကြိုးတန်းလျှောက်နေတဲ့ ခရုငယ်လို ပြုတ်ကျလိုက် ပြန်လျှောက်လိုက်နဲ့ သွားနေတဲ့ အင်တာနက်ကွန်နက်ရှင်ကို စိတ်ရှည်လက်ရှည် ရံဖန်ရံခါ သုံးမိနေလို့သာ...ကြားလိုက်ရတယ် ဆိုရုံလောက်ပါပဲ...။ သေသေချာချာတော့ လာမရှင်းပြပါနဲ့လေ...ဖြစ်စေချင်တာကတော့ ကျမတို့ တိုင်းပြည်လေး အေးချမ်းသာယာဖို့နဲ့ လူတွေဒီထက် ပိုပြီး ပင်ပန်းဆင်းရဲခြင်းတွေကနေ နည်းနည်းလောက်ဖြစ်ဖြစ် သက်သာရာရစေချင်တာပါပဲ။လူဆိုတာ ခက်သားကလားနော်... တခုခုဆို အတိတ်ကိုပဲ ပြန်သတိရတတ်ကြတာလေ... အခုလည်းကြည့်.... ပါတီတွေ အသံကြားတော့ ဘာမှမဖြစ်သလိုနဲ့ ...ဟော.. ရွေးကောက်ပွဲလည်း ဆိုရော.... တကယ်ပါ။ တသက်မှာ တခါပဲ မဲပေးဖူးခဲ့တာကိုး။ အဲဒီတခါကလည်း တကယ့်ကို မှတ်မှတ်ရရ နဲ့ မျှော်လင့်ချက်တွေ များစွာ.. များစွာ.....။ကြာခဲ့ပါပြီ... လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်...... ကျမရဲ့ မွေးနေ့ကျော်ပြီး နှစ်ရက်မှာလေ...။ ကိုယ်တွေကလည်း တခါဖူးမှ အသက်မပြည့်သေးလို့ မဲပေးတယ်ဆိုတာနဲ့ မကြုံဖူးဘူးလေ။ ငယ်ငယ်က မျက်စေ့အောက်မှာ မြင်တွေ့ခဲ့ဖူးတဲ့ မဲရုံကို တာဝန်အရ မဲသွားပေးကြတဲ့ လူတွေနဲ့ ကွဲပြားစွာ အားတက်သရော အင်တိုက်အားတိုက် မဲရုံကို သွားခဲ့ကြတာ။ ကျမတို့ရဲ့ မဲရုံက အိမ်နဲ့ မျက်စောင်းထိုးမှာ ဆိုတော့ သေချာ မကြည့်လည်း မြင်နေရတာပေါ့။ အသက်အရွယ်ကြီးရင့်နေတဲ့ အမယ်ကြီးတေ တချို့ကတောင် လူတွေတွဲပြီး သူတို့ ချစ်တဲ့ " ကောင်မလေး" ကို လာမဲပေးတာဆိုပဲ။ ကျမတို့ မိသားစုဝင်အချင်းချင်းကတော့ ဘယ်သူ့ကို မဲပေးသလဲဆိုတာ မေးနေစရာ မလိုအောင် ဧည့်ခန်းမှာ ချိတ်ထားတာက ခမောက်....။ညဖက်ရောက်တော့ ရေဒီယိုဖွင့်ပြီး မဲဆန္ဒနယ်မြေအလိုက် မဲစာရင်းတွေ ကြေငြာတာကို ပျော်ပျော်ပါးပါး နားထောင်၊ ဟေး ကနဲ လိုက်အော်ကြရင်း အနိုင်ရတဲ့ နယ်မြေတွေကို လိုက်မှတ်၊ နောက်တနေ့ စာရင်းတွေကို ကွန်ပျူတာကနေ ပရင့်အောက်ထုတ်ပြီး စုခဲ့ဖူးပါရဲ့။ ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒမဲတွေ တချိန်တခါက....ပြောင်းလဲမှု တစုံတခုကို ငတ်မွတ်တောင့်တ မျှော်လင့်ချက်များစွာနဲ့.......။ ဟုတ်ပါတယ်... ပြည်သူတွေက နိုင်ငံရေးဆိုတာ နားလည်ချင်မှ နားလည်မှာပါ။ ဒါပေမယ့် သူတို့ လိုချင်တာတော့ သူတို့ သိကြပါတယ်လေ.... ပေါက်မယ့် ဆုမဲထဲမှာ သူတို့လိုချင်တာ ပါ မပါတော့ မသိဘူးပေါ့။ဘာရယ်မဟုတ်ပါဘူး... အမှတ်ရသွားလို့ပါ....။
ဒီနေ့ ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ် လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ.. : P အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။
Comments
"အဲဒီတုန်းက မျှော်လင့်ချက်တွေ များစွာနဲ့..."
အဲဒီအချိန်တွေ အဲဒီမြင်ကွင်းတွေကို ပြန်သတိရသွားတယ်...း((
ကြက်ခြေနီဝတ်စုံနဲ့ မဲရုံတွေမှာ အကူလုပ်တာပေါ့၊ မြင်ကွင်းတွေက မူံရည်ေ၀၀ါးနေခဲ့ပြီ။
ဟုတ်ပါတယ်..
အဓိက လိုချင်တာ အဲဒါလောက်လေးပါပဲဗျာ...
အမတို့အဲ့အချိန်မဲပေးတုန်းကလည်း ကျနော်တို့မိသားစုလဲ အဲဒီဖက်ပါပဲ။ ကျနော်လဲ မဲပေးချင်လိုက်တာလို့ ခဏခဏပြောခဲ့မိတယ်။ အသက်ကမပြည့်တော့ မပေးလိုက်ရဘူး အဲ့တုန်းက..မဲအများဆုံးရသူကိုကြေငြာတော့ လူတိုင်းနီးပါးပျော်ကြတာ မှတ်မိနေပါရဲ့.. အခုတော့..ကျနော်ထင်တယ် အချိန်ကစကားပြောသွားပီဆိုတော့ ဘယ်သူမဲများများ ..ပြည်သူတွေကတော့ စိတ်မ၀င်စားတော့ဘူးလို့ထင်တယ်။