ဒီဘဝမှာ အချစ်ဆိုတာ ဘာလဲလို့ သိရှိခံစားခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ် မောင်.....။ လူတယောက်ကို ချစ်ဖို့ဆိုတာ ကိုယ့်အတ္တ မာနတွေ ယုံကြည်ချက်တွေနဲ့ပါ လဲလှယ်ရအောင် ထိုက်တန်လို့လားလို့ မမေးပါနဲ့ မောင်ရယ်...
သူများတွေအတွက် တလောကလုံးဟာ လှပဆန်းကြယ် လင်းလက်တောက်ပတဲ့ အချိန်မှာ အချစ်ကို စ တွေ့တတ်ကြတာလို့ ကြားဖူးပေမယ့်.... အဲဒီနေ့က မိုးမရွာသလို တိမ်ပြာ နေသာတယ်လို့ မှတ်မိချင်စရာကောင်းနေတဲ့ နေ့တနေ့မဟုတ်ခဲ့ပါဘူး....
ကျူရှင်မှာ ဆရာမလာခင် သူငယ်ချင်းတွေ စကားပြောကြရင်း ဘာမဆိုင် ညာမဆိုင်နဲ့ အသေးအဖွဲ အကြောင်းအရာတခုကြောင့် ကျမ စိတ်ကောက်သွားခဲ့မိတယ်.... ထူးဆန်းတာက သူနဲ့ ကျမက စိတ်ကောက်ရလောက်အောင် ရင်းရင်းနှီးနှီး အကျွမ်းအဝင်ရှိတဲ့ သူငယ်ချင်းတွေ မဟုတ်ခဲ့တာ.... ပိုပြီး ထူးဆန်းတာက သူငယ်ချင်းတွေ အများကြီးကြားမှာ ဖြစ်သွားခဲ့ပေမယ့် သူနဲ့ ကျမနဲ့ နှစ်ယောက်ထဲပဲ သိလိုက်ကြတာ။ အဆောင်ပြန်ရောက်လို့ အခန်းထဲမှာ တယောက်တည်း ကိုယ့်ဘာသာကိုယ်တောင် ဘာဖြစ်သွားပါလိမ့်လို့ မင်သက်အံ့သြရင်း နားမလည်နိုင်ဖြစ်နေခဲ့တဲ့ ကျမကို သူက အဆောင်ထိ တယောက်တည်း လာပြီး တောင်းပန်တာကလည်း တော်တော် ရယ်စရာကောင်းတဲ့ တလွဲတချော်အဖြစ်ပါ...... ဒါပေမယ့် အဲဒီအချိန်က စပြီး ကျမအတွက် ရယ်မောခြင်းတွေ ရှားပါးသွားခဲ့ရတယ်.....အဲဒီညမှာ နေ့စဉ် ရေးနေကျမဟုတ်တဲ့ ဒိုင်ယာရီထဲမှာ ချ ရေးဖြစ်ခဲ့တာက... ခိုင်ထူးရဲ့ ဆိုင်သူကိုယ်စီ......သီချင်းစာသားတွေ။
ကိုယ့်ကိုကိုယ် ပိုထင်ထားမိခဲ့တာပဲလား... အချစ်ဆိုတာကို စိတ်လှုပ်ရှားမိတာသက်သက်ပါပဲလို့ လျော့ပေါ့ တွက်မိသလားတော့ မပြောတတ်ပါဘူး..... ကျမရဲ့ ကန့်သတ်ချက်နဲ့ ဘယ်လိုမှ မကိုက်ညီတဲ့ ဒီအခြေအနေကို ကျမ ရှောင်ထွက်နိုင်မယ်လို့ ထင်ခဲ့မိတယ်....ကျမရဲ့ မာနနဲ့ အတ္တကို ဘေးဖယ်ထားပြီး လူတယောက်ကို အဲဒီလောက် ချစ်မိသွားလိမ့်မယ်လို့ ကျမ တခါမှ တွေးတောင် မတွေးကြည့်မိခဲ့ဘူးလေ...။
ကိုယ်တယောက်တည်းဆိုရင် ဒီကိစ္စက လွယ်လွယ်ကူကူနဲ့ အဆုံးသတ်သွားနိုင်ပေမယ့် ...တညမှာ မောင် အဆောင်မှာ လာဆိုသွားခဲ့တဲ့... ရင်မှာ ကိုယ်စီရယ်...ချစ်စိတ်ရှိခဲ့မှန်းလည်း နှစ်ဦးသား လုံး၀ သတိမထားမိတယ်.... ဆိုတဲ့ ဆရာစိုင်းခမ်းလိပ်ရဲ့ သိပ် သိပ်ချစ်ရတဲ့ နွဲ့တင်ရယ် သီချင်းကတော့ ကျမကို ပိုပြီး ရူးသွပ်ဖို့ လောင်စာဖြည့်ပေးသလိုပါပဲ.....။ တကျောင်းတည်းတက် တလမ်းတည်းသွားသူတွေ အချင်းချင်းမို့ တခါတရံ မျက်နှာချင်းဆိုင် ဆုံမိတော့မယ်ဆိုရင် တခြား တလမ်းဘက် ကွေ့ပတ်ရှောင်ထွက်သွားတတ်သူက တခါတလေတော့လည်း BUILDING 1 ရဲ့ သုံးထပ် ဝရန်တာကနေ ကျမအတန်းတက်တဲ့ အခန်းတွေဆီကို ကျမ မသိအောင် ငေးမော လှမ်းမျှော်ကြည့်နေတတ်သေးရဲ့။
သူငယ်ချင်းတွေ ဆုံဖြစ်ကြတဲ့ အဆောင်ညနေခင်းတွေမှာ ခပ်လှမ်းလှမ်းမှာ ထိုင်ပြီး စကားလက်ဆုံ ပြောနေကြတဲ့အခါတိုင်း ဆေးလိပ်မီးခိုးငွေ့တွေကို အကာအကွယ်ယူရင်း ခိုးကြည့်တတ်တဲ့ ရီဝေေ၀ မောင့်အကြည့်တွေကို မသိမသာ လိုက်ဖမ်းနေခဲ့ရင်း သက်ပြင်းမောတွေ ချခဲ့ရတဲ့ ညနေခင်းတွေလည်း မနည်းမနောပါပဲ။
ကျောင်းဖွင့်ရက်တွေမှာ သူစိမ်းဆန်မှုများစွာ ထိန်းချုပ်မှုများစွာတွေနဲ့ ပင်ပန်းလွန်းခဲ့ပေမယ့် ကျောင်းပိတ်ရက်တွေ မှာကျတော့ ဖုန်းတွေ စာတွေထဲမှာ သူမဟုတ်တဲ့အတိုင်း ရင်းနှီးနေတတ် ပြန်တာကရော ယောကျာၤးတွေရဲ့ မာယာတွေထဲက တခုပဲလား။
အကြိမ်ကြိမ်ရုန်းထွက်ရင်း အကြိမ်ကြိမ် လဲကျရင်းနဲ့ပဲ ဒိုင်ယာရီတွေလည်း တအုပ်ပြီး တအုပ် ကုန်သွားလိုက်တာ....သုံးအုပ်မြောက် ဒိုင်ယာရီ အဆုံးသတ်ပြီးချိန်မှာတော့ မောင်က ကျမကို တိတ်ခွေလေး တခွေ လက်ဆောင် ပေးပါတယ်.... ဝီလျှံရဲ့ ဝေးလုခါ ဝေးနေချိန်အပါအဝင် သူကြိုက်တဲ့ သီချင်းလေးတွေပါတဲ့ .....အဲဒီသီချင်းတွေထဲက ခင်မောင်တိုးရဲ့...သံယောဇဉ်ပြာစများ သီချင်းကို နားထောင်ရင်း ကျမ တယောက်တည်း တိတ်တိတ်လေး ဝမ်းနည်းကြေကွဲ.... ကျမကို နေရစ်တော့ မင်း...ချစ်သူနဲ့ လို့ ပြောရလောက်အောင်.... မောင် ရက်စက်လွန်းတယ် မထင်ဘူးလားဟင်။
နောက်ဆုံးနေ့မတိုင်မီ တရက် မောင်နဲ့ ၄၆ လမ်းက woody house မှာ ဆုံဖြစ်ခဲ့တယ်.... စတော်ဘယ်ရီ မစ်ခ်ရှိတ်သောက်ကြတယ်...အားလူးကြော်စားတယ်... စကားတွေ ပြောကြတယ်... သူကြိုက်တဲ့ ကိုယ်ကြိုက်တဲ့ သီချင်းတွေက တဆင့် စကားတွေ အများကြီး ပြောကြတယ်....ဒါ နောက်ဆုံးပဲလို့ သူပြောတယ်....ဘာကို နောက်ဆုံးပြောတာလဲ ကျမ မမေးလိုက်ဘူး... အပြန်မှာ ခရစ်လမ်းကို သူနဲ့ အတူ လမ်းလျှောက်ပြီး ပြန်လာတော့ မျက်ရည်ကျတာ ပျော့ညံ့တယ်လို့ ယူဆခဲ့တဲ့ ကျမ.... ယောကျာၤးတယောက်ကိုဘေးမှာ ထားရင်း မျက်ရည်တွေတွေ ကျလို့..... မောင်နဲ့ ပတ်သက်ရင် ကျမ မဖြစ်ချင်တာတွေ ကျမ မလုပ်ချင်တာတွေပဲ လုပ်နေ ဖြစ်နေခဲ့ရပါလား..... သူက သက်ပြင်းချရင်း မျက်မှန်အနက်အောက်ကနေ ကျမကို အပေါ်စီးက ကြည့်ရင်း ပြောတယ်... စိတ်ထိန်းလိုက်စမ်းပါကွာ...တဲ့။ ဒါပဲလေ...ကျမ ချစ်သောမောင်က ဘယ်တော့မှ နူးနူးည့ံ့ညံ့နဲ့ ဂရုတစိုက်ရှိတတ်သူမှ မဟုတ်ခဲ့တာ....
အဲဒီနေ့... မောင်ပြန်သွားတဲ့ နောက်ဆုံးနေ့မှာ မောင် ဘူတာကနေ လှမ်းဖုန်းဆက်တယ်.... ကျမ ကျန်ရစ်ခဲ့တဲ့ ခံစားမှုမျိုး မလိုချင်လို့ ဘူတာကို လိုက်မပို့ဖြစ်ခဲ့ဘူး.....ဒါ နောက်ဆုံးပဲ ဆိုတဲ့ အသိက ကျမ နှုတ်ဆွံ့နေမှုကို တွန်းအားပေးခဲ့တယ် ထင်ရဲ့......" နောက်ဆုံး စကားတခွန်းတော့ ပြောခဲ့ပါလား..." လို့ အရဲစွန့် ပြောလိုက်မိတယ်။.. မောင့် ဘက်က ခဏတော့ နှုတ်ဆိတ်သွားရဲ့.... " သိနေကြတာပဲမဟုတ်လား. .. .ပြောစရာလိုသေးလို့လား."" လို့ သူ ညည်းပြော ပြောတော့.... ပြောခဲ့ပေးပါ လို့... ကျမ အရူးတယောက်လို တောင်းဆိုမိရင်း ကိုယ့်ကိုကိုယ် အကြီးအကျယ် မုန်းတီးနေမိခဲ့တယ်......
" မျက်လုံးတစ်ကြည့်၊ အပြုံးတစ်ချက်နဲ့ ရင်ထဲ ရှိတာကို တစ်ယောက်က ပြောတယ်။ ဒီစကားကို တစ်ယောက်ကလည်း နားလည်တယ်။ နားလည်လို့ မျက်လုံးတစ်ကြည့် အပြုံးတစ်ချက်နဲ့ပဲ ပြန်ပြောတယ်။ နားလည်လိုက်ကြပြီပဲ မဟုတ်လား။ နှုတ်က ဖွင့်ဟတဲ့ စကားဆိုတာ လိုသေးရဲ့လား အမွန်ရယ်"
(ဆရာငြိမ်းကျော်ရဲ့ ပဉ္စမမြောက် ဆောင်းရက်များမှ)
ပဉ္စမမြောက် ဆောင်းရက်များကို ကြိုက်နှစ်သက်ခဲ့တဲ့ မောင့်အတွက် နှုတ်က ဖွင့်ပြောတဲ့ စကားဆိုတာ အနှောင်အဖွဲ့တခုလို့ သဘောထားနေသလား မသိပေမယ့်.... ကြားခွင့်မရခဲ့လိုက်တဲ့...ပြောခွင့်မရခဲ့လိုက်တဲ့ ချစ်ခြင်းတွေက တချိန်ချိန်မှာ လွင့်ပါး ပျောက်ကွယ်သွားကောင်း ပျောက်ကွယ်သွားရင် နောင်တ ဆိုတာ ကျမတို့နှစ်ယောက်ကြားမှာ ဘယ်တော့မှ ရှိမနေစေဖို့ ဆုတောင်းပါတယ်လေ...။
( သူငယ်ချင်း သက်ဝေ တက်ဂ်သော အချစ်အကြောင်းပြောဖို့အတွက် အေးခဲနေသော အချစ်များကို မိုင်ခရိုဝေ့ဖ် မီးဖိုထဲတွင် ထည့်နွှေးပြီး ကြိုးစားပမ်းစားရေးပါသည်။ း))
Comments
သိနေကြတာပဲ မဟုတ်လား... ပြောစရာလိုသေးလို့လား ဆိုတော့လဲ...း((
ဒီပိုစ့်လေးကို သိပ်ကြိုက်တယ်...
ဖတ်ခွင့်ရတာ ကျေးဇူးအများကြီးတင်တယ် သူငယ်ချင်း...
အခု နောက်တပိုစ့် တက်ဂ်ထားပါတယ်... အချိန်ရရင် ပျော်ပျော်ပါးပါး ရေးပေးပါအုံးနော်...း))
http://thet-wai-blog.blogspot.com/2011/04/daily-likes.html
ဒီကလဲ..ဖွင့်ဟမပြောပဲ..နားလည်ပါတယ်လေ..မမဂီရယ်
:D
မိုက်ခရိုဝေ့ဖ်ကြီးကို ကျေးဇူးတင်လိုက်တာ။
ကြိုက်တယ်
များများရေးစေချင်တယ်