Skip to main content

ဘဝကောက်ကြောင်း အပိုင်းအစများ (၁)

ကျမ ဖေဖေက မန္တလေးတိုင်း ပျော်ဘွယ် ဇာတိ... ဖေ့ဖေ့အဖေ ကျမ အဖိုးကတော့ တောင်ငူ ကျွဲပွဲက သစ်ငုတ်တန်းဆိုတဲ့ ရွာကလေးက....။ မေမေကတော့ အစိုးရဝန်ထမ်းဖြစ်တဲ့ သူ့အဖေနဲ့ လိုက်နေရတော့ (ကျမတို့လိုပဲ ဇာတိဆိုတာ လူကြီးတွေ တာဝန်ကျတုန်း ကိုယ့်ကို မွေးခဲ့တဲ့ နေရာပေါ့) ရွှေဘိုသူလို့ ဆိုတယ်။ ဖေဖေက ဇာတိချစ်သူ။ ပျော်ဘွယ်ကတော့ ဖေ့ဖေ့ အမေ့ဘက်က အမျိုးတွေ ရှိတယ်။ ကျမတို့ ငယ်ငယ်ကတည်းက ဖေဖေ့ မိဘတွေ နေခဲ့ကြတယ်။ ဖိုးဖိုး ဆုံးသွားတော့ ဖွားဖွားနဲ့ သမီးနှစ်ယောက်က ရန်ကုန်ကို လာအခြေချကြတယ်။ အခုဆို သူတို့ မောင်နှမ အများစုက ရန်ကုန်မှာပဲပေါ့။

ဖေဖေက သစ်တောပညာရှင်ပီပီ တောတွေ တောင်တွေ၊ အပင်တွေကို ချစ်တယ်ထင်ပါရဲ့။ နောက်ပြီး သူ့ မွေးရာဇာတိနဲ့ ငယ်စဉ်တောင်ကျေး ဆော့ကစားခဲ့တဲ့ ကျွဲပွဲတို့ သစ်ငုတ်တန်းတို့ဆိုတာ ခုချိန်ထိ ရင်ထဲမှာ စွဲနေတဲ့ အရာတွေ။ 

မေမေက ငယ်ငယ်လေး ကတည်းက ဖခင်ဆုံးပါးသွားတော့ မားမားက နောက်အိမ်ထောင်ထူထောင်တယ်။ ကလေးငယ် လူမမယ် သုံးယောက်နဲ့ အသက် သုံးဆယ်တောင် မပြည့်သေးတဲ့ အမျိုးသမီး မုဆိုးမတယောက်တွက် ဘာမှ မသေချာ မရေရာတဲ့ အဲဒီအချိန်ကာလဟာ ကြမ်းတမ်းခက်ခဲခဲ့မှာပဲ။ မားမားရဲ့ နောက်အိမ်ထောင်က ဖိုးဖိုးရဲ့ သူငယ်ချင်းပါပဲ။ မားမားကို သံယောဇဉ်ရှိသလား ဘာညာတော့ ကိုယ်တွေလည်း မသိဘူး။ ကြားဖူးတာတော့ သူငယ်ချင်းရဲ့ မိသားစုကို စောင့်ရှောက်ကာကွယ်ပေးခဲ့တဲ့ လူပျိုလူလွတ် လူကောင်းတယောက်ပါပဲ။ မေမေ့ရဲ့ ငယ်ဘဝတွေက ရန်ကုန်မှာ အနေများခဲ့တယ်ထင်တယ်။ ( မေမေက သူ့အကြောင်းတွေ သိပ်ပြန်ပြောလေ့ မရှိဘူး)။ လောကဓံက သက်ညှာတဲ့ သူဆိုတာ ဘယ်ရှိလိမ့်မလဲလေ။ 

မေမေနဲ့ ဖေဖေ အိမ်ထောင်ကျတော့ မေမေ့ အသက် နှစ်ဆယ်စွန်းခါစ။ သူ့အတွက်တော့ ကျယ်ပြောတဲ့ လောကကြီးထဲ ရောက်လာသလို ဖြစ်နေမလား။ မေမေကလည်း တောတွေ တောင်တွေကို ချစ်တယ်။ ခက်တာက ဖျာနဲ့ မအိပ်တတ်ဘူး၊ ဖုန်နဲ့ အလာ့ဂျီ ရှိတယ်။ ထမင်းထက် ပေါင်မုန့်ကို စွဲမက်သူ။ ငယ်ငယ်ကဆို ကျမတို့တွက် ထမင်းဟင်းတွေ ချက်ပြီးရင် မေမေက မောပြီး သူချက်ထားတာ သူ မစားနိုင်တော့ဘူး။ မေမေ စားလေ့ရှိတာ ပေါင်မုန့်နဲ့ ကြက်သားရို့စ် ....။

ကျမ ဖေဖေက အစိုးရဝန်ထမ်းမှ တောရှိတဲ့ နေရာ နေရသူဆိုတော့ နယ်တွေ ပြောင်းရတာ မကြာခဏ။ ကျမတို့တွက်တော့ အဟောင်းတွေကို ဝမ်းနည်းပက်လက် စွန့်ခွာရင်း အသစ်တွေနဲ့ နေသားကျဖို့ ကြိုးစားရင်း နေသားတောင် ကျလို့။ 

တခါတလေဆို ဝေးလံခေါင်ဖျားတဲ့ ချင်းတောင်တန်းပေါ်မှာလည်း မိသားစုနဲ့ ပျော်မွေ့လို့။ ကျမတို့တွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပေါ့။ နောက်တခေါက် ပြန်ရောက်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာပဲ။ 

ကျမတို့ ကလေးအချင်းချင်း မခံချင်အောင် စ နောက် ကြတဲ့ အခါ ချင်းကလေးတွေက မြန်မာကလေးတွေကို မြန်မာငပိလို့ ခေါ်ကြတယ်။ ကျမတို့ကတော့ သူတို့ကို ဘယ်လိုခေါ်ရမှန်း မသိတော့ တစ်ခါတစ်မျိုး မရိုးအောင် ပေါက်တတ်ကရတွေပဲ လျှောက်ပြောတာပေါ့။ အဲဒီမှာ မြန်မာမိသားစုဆိုတာ အစိုးရဝန်ထမ်းတွေပဲ ရှိတာကိုး။ တချို့ကျတော့လည်း မိသားစု ခေါ်မလာဘူး။ မိသားစု ခေါ်လာတာဆိုလို့ မှတ်မိသလောက် သာသနာဦးစီးမှူးနဲ့ ဘဏ်မန်နေဂျာတို့လောက်ပဲ ရှိတယ်။ အဲ... တချို့ ရဲဝန်ထမ်းတွေရဲ့ သားသမီးတွေ ရှိသေးတယ်။ 

ကျမနဲ့ အတန်းတူတာ စခန်းမှူးရဲ့ သမီးရယ်၊ ရဲဝန်ထမ်းရဲ့ သမီးရယ်...နှစ်ယောက် ။ ဒါပေမယ့် သူတို့က မိန်းကလေးပီပီ ဘာသိဘာသာ ထိုင်ရာက မထ နေသလောက် ကျမကတော့ အတန်းအားတာနဲ့ အပြင်ထွက် ကျောင်းပတ်တတ်တော့ တွဲဖြစ်တဲ့ သူငယ်ချင်းတွေက ချင်းမလေးတွေ။ ကျောင်းပိတ်ရက်တွေဆိုလည်း သူတို့အိမ်တွေ လိုက်သွား၊ ဇီးဖြူသီးဆားစိမ်တွေ ၊ အိုးကြီးနဲ့ နှပ်ထားတဲ့ မုန်ညင်းချဉ်တွေနဲ့ ထမင်းလိုက်စားတတ်တယ်။ (ကြီးလာမှ ဘယ်လို အားနာတတ်လာလဲ မသိ)။ အောင်လောက်ဆိုတဲ့ ပဲနဲ့ သီးရွက်စုံပြုတ်ထားတဲ့ ဆီမပါ ဆားမပါ ဟင်းရွက်စုံပြုတ်ကြီးကိုတော့ ကျမက ကလေးပီပီ မကြိုက်လှဘူး။ 

ကျမ ဟားခါးမှာ တနှစ်ခွဲလောက်ပဲ ကြာတယ်။ နယ်ပြောင်းရမယ်ဆိုတော့ ငါးတန်းနှစ်တဝက်ကြီး..... အခု ပြန်တွေးကြည့်မိတော့ ကျမ သားငယ် အရွယ်လောက်။ အဲဒီတုန်းက သူငယ်ချင်းတွေက ကျမကို FAREWELL လုပ်ပေးဖို့တဲ့ .... ရုန်းတောင်ပေါ်မှာ ချိန်းကြတယ်။ သူတို့အိမ်က သူတို့ဘာသာ ထမင်းတွေ ဟင်းတွေ ချက်ရင်း ယူလာခဲ့ကြတယ်။ ထမင်းကတော့ ကိုယ့်ဘာသာ ယူလာရင်း ပေါင်းစားကြတာ ထင်ရဲ့။ ကျမသူငယ်ချင်း ယူလာတဲ့ ကျမ စားတဲ့ ထမင်းက တူးန့ံ့လေး သင်းနေတာပဲ။ တရုတ်ကုန်စုံဆိုင်က သူငယ်ချင်းရဲ့ ဝက်အူချောင်းကြော်ကတော့ ယူလာသမျှ ဟင်းတွေထဲမှာ တန်ဖိုးအရှိဆုံးပေါ့။ ဒါပေမယ့် သူငယ်ချင်းတွေ အကုန်လုံးအတွက်တော့ တန်ဖိုးဆိုတာ အဲဒီလို ဈေးနှုန်းသတ်မှတ်ထားတဲ့ ဟင်းတွေမှ မဟုတ်တာ။ အဲဒီထဲမှာ ဗမာသူငယ်ချင်းတွေ ဘာလို့ မပါသလဲဆိုတာ ကျမ မမှတ်မိတော့ဘူး။ သူတို့ပဲ ပြောင်းသွားကြလို့လား။ 

ပါရ်ဗန်ဆိုတာ ကျမနဲ့ အချစ်ဆုံး သူငယ်ချင်း။ ကျမနဲ့ တွဲမိတဲ့ သူငယ်ချင်း ဆိုတာ တော်တော်များများကတော့ ကျမထက် လူကြီးဆန်ပြီး သည်းခံတတ်တဲ့သူတွေ များတယ်။ ပါရ်ဗန်ကလည်း ခပ်အေးအေးရယ်။ သူနဲ့ ကျမ ကျောင်းဆင်းပြီးရင် သူ့အိမ်တွက် ကျောင်းနားက ထင်းရှူးတောထဲမှာ ထင်းရှူးသီးတွေ သွားကောက်လေ့ရှိတယ်။ သူက ချင်းပလိုင်းကို ခေါင်းမှာ လွဲလေ့ရှိတယ်။ အဲဒီပလိုင်းနဲ့ ကောက်တယ်။ ကျမကတော့ ဂုံနီအိတ်နဲ့ ကောက်တယ်။ သူက အဲဒီထင်းရှူးသီးတွေကို လောင်စာတွက် အိမ်မှာ သုံးတာ။ ကျမ အိမ်ကို ယူသွားတဲ့ ထင်းရှူးသီးတွေကတော့ ကျမတို့ ကစားဖို့သက်သက်ပဲ။ မီးခိုးထွက်တဲ့ ဒီလောင်စာကို အိမ်ထဲမှာ သုံးဖို့ သိပ်အဆင်မပြေလှဘူးလေ။ နောက်တော့လည်း ကျမက သူ့တွက် ကူကောက်ပေးရုံ သက်သက်ပဲပေါ့။ နောက် သူကြောင့်ပဲ မြင်းခွာရွက်ဆိုတာရယ်၊ မြင်းခွာရွက်ကို သုတ်စား၊ တို့စား လို့ ရတယ် ဆိုတာတွေကိုပါ သိသွားတာ။ လိုက်ခူးတတ် သွားတာ။ မြင်းခွာရွက် တွေကိုတော့ မေမေ့ကို ပေးပြီး သုတ်ပေးဖို့ ပူဆာခဲ့တာပေါ့။ ကိုယ်တိုင် ခူးထားတဲ့ အလေ့ကျ ပေါက်တဲ့ မြင်းခွာရွက်သုတ်ကို မြေပဲထောင်း၊ ကြက်သွန်နီ ဆီချက်လေးဖြူး  သံပုရာရည် ညှစ်စားခဲ့တဲ့ အရသာ ခုထက်ထိ စွဲနေတုန်း။

ထုံးစံအတိုင်းပါပဲ... ကျမနဲ့ သူ စ ပြောင်းကာစကတော့ စာတွေ အပြန်အလှန် ရှိကြပါသေးတယ်။ ခက်တာက သူတို့နေရာက လမ်းပန်းဆက်သွယ်ရေးခက်ခဲလေတော့ .... ဒီလိုနဲ့ပဲ အဆက်အသွယ်တွေ ပြတ်ကုန်ကြတယ်။ 

ကျမ ချင်းတောင် ဟားခါးကို ထပ်သွားချင်သေးတယ်။ မိဘနဲ့ လူချင်းကွဲသွားပြီး လမ်းပျောက်သွားတဲ့ ကလေးမလေးတယောက်ကို ဘေးမသီ ရန်မခအောင် စောင့်ရှောက်ထားတဲ့ တောင်စောင်နတ်အကြောင်း့ ဒဏ္ဍာရီ ရှိတဲ့ ရုန်းတောင်ကိုလည်း ထပ်တက်ချင်သေးတယ်။ တောင်ပေါ်မှာ ဆောင်းတွင်းဆို ရေတွေ ခဲနေတတ်တဲ့ (ခပ်ပါးပါးပါ) ရေကန်ကြီး ရှိသေးရဲ့လားဆိုတာ သွားကြည့်ချင်သေးတယ်။ အော်... အဲဒီမှာပဲ မေမေနဲ့ စန်တော်ကီတို့ ခိုစီးခဲ့ကြတဲ့ ဧရာမ နွယ်ကြိုးတွေရော ရှိနေဦးမှာလား။

ဟုတ်တယ်။ ကျမလည်း အသက်လေး ရလာတော့ ဖေဖေတို့လိုပဲ ငယ်ငယ်က သူငယ်ချင်းတွေ အကြောင်းတွေ ပြောချင်လာပြီလား။ အဲဒီလိုတော့လည်း မဟုတ်သေးပါဘူး။ တိုက်ဆိုင်တိုင်း သတိရနေတာပါ။ ကျမရဲ့ မွေးရပ်ဇာတိမြေ မဟုတ်ပေမယ့်၊ ကျမ နေခဲ့ဖူးတဲ့ မြေ၊ ရှူခဲ့ဖူးတဲ့ မြူခိုးတွေ၊ တောင်ခိုးတွေ ရောထွေးနေတဲ့ တောတောင်ရနံ့ အပြည့်နဲ့ သန့်ရှင်း လတ်ဆတ်လှတဲ့ တောင်ပေါ်လေ၊ သောက်ခဲ့ဖူးတဲ့ အေးစက်လှတဲ့ တောင်ကျစမ်းရေတွေ၊  အောင်ချက် မကောင်းလှတဲ့ ပညာရေးပေမယ့် သင်ပေးခဲ့ဖူးတဲ့ ဆရာတွေရဲ့ မေတ္တာနဲ့ စေတနာတွေ၊ ရိုးသားပွင့်လင်းပြီ ချစ်စရာကောင်းလှတဲ့ ကျမတို့ရဲ့ တိုင်းရင်းသား သူငယ်ချင်းတွေ ......။ ဒါတွေဟာ ကျမဘဝရဲ့ တစိတ်တပိုင်း ... ကျမ ကိုယ်ထဲမှာ စီးနေတဲ့ သွေးတွေကို ဖြစ်စေခဲ့တဲ့ အကြောင်းရင်းတွေထဲက  တစိတ်တပိုင်း ....။

Comments

ဖတ်သွားပါတယ် သူငယ်ချင်း... စိတ်ဝင်စားဖို့ကောင်းတယ် ဆက်ရေးနော်။

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...