Skip to main content

မီတာနှင့် အပြိုင် ချာချာလည်နေမိသော အတွေးများ.....


အရင်လ (အောက်တိုဘာ) ကုန်ခါနီးတုန်းက မီတာခတွေ တိုးကောက်မယ် ဆိုတဲ့ ကြေငြာချက် ထွက်လာခဲ့တယ်။ ကုန်ဈေးနှုန်းတွေ တသမတ်တည်း တက်နေတဲ့ ခေတ်ကြီး ဆိုတော့ ပြည်သူတွေကတော့ သူတို့ ဘက်က တိုးပေးရမှာကို မကြိုက်ကြဘူးပေါ့။ အခွန်အခ တိုးပေးရတယ်ဆိုတာက သူတို့ဆီက ကုန်ပေါက်တွေ ထပ် တိုးလာမှာကိုး။ ဒါကလည်း သဘာဝကျပါတယ်လေ။ လျှပ်စစ်မီးကြောင့် ဆင်းရဲခဲ့ရတဲ့ ဒုက္ခကို နာတာရှည်ရောဂါသည်လို ခံစားခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ ခဲမှန်ဖူးတဲ့ စာသူငယ်လို မဲမဲမြင် ကြောက်နေတော့မှာပါပဲ။

အဲဒီ ဒုက္ခကို မခံစားခဲ့ဖူးတဲ့သူတွေကတော့ ဘယ်လိုမှ စာနာနားလည်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း အဲဒီဒုက္ခကို မခံစားခဲ့ရခင်တုန်းကတော့ သူများတွေ စိတ်ဆင်းရဲတုန်းက ပင်ပန်းမှာပဲလို့ ကိုယ်ချင်းစာပြီး တွေးမိရုံလောက်ပဲလေ။ ကိုယ်တိုင် အဲဒီ လျှပ်စစ်မီး အလှည့်ကျ ဒုက္ခသည်ထဲ ပါလာတော့မှ ခံစားရတဲ့ ပင်ပန်းဆင်းရဲက  စိတ်ဒဏ်ရာ ရလောက်အောင်ကိုပါပဲ။ ဘယ်အချိန် မီးလာမလဲ။ ဘယ်အချိန် မီးပျက်မလဲ။ ဒီရေ အတက်အကျကတော့ လပြည့် လကွယ်နဲ့ ဆိုင်သလို ကိုယ့်စိတ်အတက်အကျကလည်း မီးလာ မီးပျက်နဲ့ တိုက်ရိုက် အချိုးကျ နေခဲ့ကြရတယ်။

မီးမှောင်မှောင်ထဲမှာ မနေနိုင်တော့ ဘက်ထရီအိုးဖိုး၊ အင်ဗာတာဘိုး၊ မီးစက်ဖိုး၊ ဆီဖိုးတွေက မီတာခတွေထဲ ထပ်ဆောင်းခဲ့ကြပေါ့။ သူများတွေ မသုံးတတ်တဲ့ အင်ဗာတာတို့ မီးအားမြှင့်စက်တို့တွေကို ကလေးတွေတောင် နားရည်ဝပြီး အကြားအမြင်များခဲ့ကြတာ တစ်ခုတော့ဖြင့် သူများတွေထက် သာတယ်လို့ ကြံဖန်ဂုဏ်ယူရမလားပဲ။ လေယာဉ်ပေါ်မှာ မီးတွေပိတ်ထားရင်းက မီးဖွင့်လိုက်လို့ လင်းသွားတဲ့အခါ  ((( ဟေး))) လို့ ထအော်ခဲ့တဲ့ မြန်မာပြည်က ကလေးတွေရဲ့ အတွင်းနက်နက်မှာ စွဲနေတဲ့ အကျင့်  (အမာရွတ်လို့ ပြောရင် ရမလား) တစ်ခုကို စိတ်မကောင်းကြီးစွာ သတိထားမိခဲ့တယ်။ 

အချိန်နဲ့ လာတဲ့မီးမို့ လာတဲ့ အချိန်မှာ ထွန်းလိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်ကလေးတွေ လူတွေစိတ်ထဲ စွဲနေခဲ့သလား။ မီးလာလာ မလာလာ မှောင်မှောင် လင်းလင်း မီးထွန်းထားတတ်တဲ့သူတွေ ရှိတယ်။ ကိုယ့်အိမ်က မီး၊ မီတာခ ဆောင်ရင် ပြီးရော၊ မှောင်မှောင် လင်းလင်း ကိုယ်တတ်နိုင်လို့ ဖွင့်ထားမယ်လို့ စိတ်ထားလို့ ရပါ့မလား။ မီးတယူနစ်သုံးရင် တိုင်းပြည်က ဘယ်လောက် ဆုံးရှုံးခံနေရတယ်ပြောလို့ရော သူတို့တွေ နားဝင်ပါ့မလား။ တိုင်းပြည်က ဘယ်လောက် ဆုံးရှုံး နစ်နာနေတယ်ပြောလည်း ဘယ်သူတွေ ချမ်းသာကောင်းစား နေတာက ဆိုတာ ပြည်သူတွေ မသိ မမြင်ရအောင် မျက်ကွယ်မှာ တိတ်တိတ်လေး ငြိမ်ငြိမ်နေ နေကြတာမှ မဟုတ်တာပဲ။ 

ဟိုတနေ့က မြို့စွန်ဘက်က ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်း စားဖြစ်ခဲ့ ကြတယ်။ လက်ဆေးတဲ့ ဘေစင်မှာ ရေကို ဖွင့်ထားလိုက်တာ တဝေါဝေါနဲ့ပဲ။ ရေတစက် တစက် ကျရင်တောင် မနေတတ်တဲ့သူမို့ ရေတွေပွင့်နေတယ်လို့ ပြောလိုက်တော့ ဆိုင်က တယောက်က သွားပိတ်တယ်။ ခဏနေ ဘုရားပန်း လဲနေရင်းနဲ့ ရေတွေကို တောက်လျှောက် ဖွင့်ထားရင်း  ဝင်လိုက် ထွက်လိုက်၊ ကိုယ်တွေ ထမင်း စားသောက်ပြီးလို့  ပြန်တဲ့ အချိန်ထိ ရေတွေ ပွင့်နေတုန်းပဲ။ သူတို့ကြည့်ရတာ ရေတွေကို ဒီအတိုင်း ဖွင့်နေတတ်တာ ပုံမှန် အလေ့အကျင့် ပုံစံမျိုး ။ စည်ပင်ရေပဲ သုံးသုံး၊ ကိုယ်ပိုင် အဝိစိတွင်းရေပဲ သုံးသုံး၊ ရေတွေ ပေါနေလို့ပဲ သုံးသုံး .. အလဟဿဖြစ်သွားတဲ့ ကမ္ဘာမြေကြီးရဲ့ အရင်းအမြစ်တွေ အတွက်တော့ နှမြောမိတယ်။ လမ်းဘေးမှာ ရေပိုက်တွေ ပေါက်ပြီး ရေတွေ ဒလဟော ထွက်ကျနေတာတွေလည်း မကြာခဏ ဆိုသလို တွေ့နေရတယ်။

ဒီလိုပဲ။ ဒီဂျစ်တယ်မီတာတွေ အသစ်တွေ လဲရတော့ တအားလည်တယ်လို့ အသံတွေ ကြားရတယ်။ တရုတ်မီတာအသစ်တွေက သိပ်လည်လွန်းတော့ သုံးစွဲတဲ့သူတွေကလည်း စိတ်ညစ်ပြီး အကြံတောင်းကြတယ်ပေါ့။ ဒါမျိုးတွေက သက်ဆိုင်ရာဝန်ထမ်းတွေ မပါပဲ လုပ်လို့ ဖြစ်တာမှ မဟုတ်တာ။ မီတာ လျှောက်ရတာခက်တယ်။ ရပြန်တော့လည်း ဈေးက ရှိသေး။ အဲဒီတော့ ပေါပေါလောလော အလကား သုံးလို့ရတဲ့ နည်းတွေ ရှိသား။ သူများတွေလည်း အဲဒီလိုပဲ သုံးနေကြတာ။ အန္တရာယ် မကြောက် ဘာမှမကြောက် ပစ္စုပ္ပန်တည့်တည့်မှာပဲ နေတဲ့ သူတွေ။ စံစားရတဲ့သူတွေက အပေါ်ပိုင်းက၊ ခံစားရတဲ့ သူတွေက စားသုံးသူ ပြည်သူတွေ၊ အလုပ်ဖြစ်အောင် ပေါင်းစားရတဲ့သူတွေက ပြည်သူ့ ဝန်ထမ်းတွေ။ နစ်နာတာကတော့ တိုင်းပြည်ပါပဲ။ တကယ့်ကို ရေရှည်အတွက် စဉ်းစားပြီး အဖြေရှာဖို့ အရေးတကြီး လိုအပ်နေပါတယ်။ လက်ပူတိုက် တစ်ခါသုံး ဆေးမြီးတိုတွေနဲ့ဆို တိုင်းပြည်လည်း ဒီထက် ပိုပျက်ပြီး တိုင်းပြည်ထဲမှာ နေနေကြတဲ့ သူတွေအားလုံးလည်း (အစိုးရ၊ ဝန်ထမ်း၊ ပြည်သူ အားလုံး) ဒီအကျင့်စာရိတ္တ ပျက်ပြားတဲ့ နွံထဲမှာ တစ်ယောက်ကို တစ်ယောက် ဆွဲနှစ်ရင်းနဲ့ အကုန်လုံး စုန်းစုန်းမြုပ်ကုန်တော့မှာပါ။

ပြည်သူတွေကို ပညာပေးဖို့ (ပညာပေးဖို့ဆိုတာ နားလည်သဘောပေါက် လက်ခံအောင်၊ အမှန်အတိုင်းသိအောင် ရှင်းလင်းစည်းရုံးဖို့ကို ဆိုလိုတာပါ။ ခေါင်းမထောင်နိုင်အောင် မလှုပ်နိုင်အောင် ပညာပေးဖို့ ပြောချင်တာ မဟုတ်) ပညာရှိတဲ့ တာဝန်တွေ ယူထားတဲ့ လူကြီးမင်းများမှာ တာဝန်ရှိကို ရှိပါတယ်။ ကိုယ်တိုင်တွေက ပညာရှိ ဆန်ဆန် တွေးခေါ်ပြောဆို ဆက်ဆံတတ်မှ ဖြစ်မှာပါ။ ဒီလို ကြေငြာချက် မထုတ်ခင်ကတည်းက ဖြစ်ပေါ်လာမယ့် အကျိုးဆက် ဂယက်တွေကို ကြိုတင် သိမြင်ပြီး ပြင်ဆင် ထားရမှာပါ။ မသိမမြင်တာလည်း မဟုတ်ပဲ စိတ်ဆင်းရဲမှာစိုးလို့ ကြိုမပြောတာပါ ဆိုတာကလည်း ပရောဖက်ရှင်နယ် မဆန်လွန်းလိုက်ပုံများ။  ကြားရတဲ့ သူတွေတောင် ပြောသူကို အားနာမိရဲ့။ မီးစင်ကြည့် က တဲ့ အကျင့်က ကျမတို့ လူမျိုးတွေရဲ့ ကိုယ်ပိုင် အမှတ်အသားတခုလို ဖြစ်နေတာကိုက ကျမတို့ တိုင်းပြည်ကို အောက်ထဲ ဆွဲချနေတဲ့ အထဲက အချက်တစ်ချက် အနေနဲ့ ပါမယ် ထင်မိတယ်။ တယောက်တပေါက် ရှင်းလင်းနေကြတာထက် တာဝန်ယူပြီး ဖြေရှင်းနိုင်တဲ့သူ တစ်ယောက်ယောက်ကို တာဝန် ပေးထားတာကမှ ပိုပြီး သင့်တော်ပါလိမ့်မယ်။

ဘာဖြစ်လို့ ဝေ့လည်ကြောင်ပတ်အဖြေမျိုးတွေကို ပြောနေရသလဲဆိုတာထက် အဲဒီလို လူစား မျိုးတွေကို တိုင်းပြည်ရဲ့ အဲဒီလိုနေရာတွေမှာ ရှိနေစေခဲ့တာ အမှားပဲ လို့ ပြည်သူတွေက မြင်သွားတာကို စိတ်မကောင်းပါဘူး။ အထူးသဖြင့် အခုလို ပွင့်လင်းတဲ့ ခေတ်ကြီးထဲမှာ အပြင်က လူတွေမြင်သွားရင် မြန်မာပြည်ကို ဦးဆောင်နေတဲ့ သူတွေက အဲဒီလို အဆင့်အတန်းမျိုးလို့  အမြင်ဟောင်းတွေနဲ့ ထပ်ပြီး ရှေ့ဆက် မသွားစေချင်တာပါ။ တယောက်ပြီး တယောက် ထွက်ဖြေရှင်း၊ ရှင်းသမျှကလည်း တလွဲချည်း ပဲဖြစ်နေတော့ ပြည်သူတွေ အယုံအကြည်မဲ့လာရင် တိုင်းပြည်ရဲ့ တည်ငြိမ်မှု ထိခိုက် ပျက်ပြားလာဖို့ပဲ ရှိမှာပေါ့။ 

အဲဒီတော့ ပြည်သူတွေကိုလည်း ခေါင်းအေးအေး ထားစေချင်ပါတယ် ။ သူတို့ ပြောသမျှကို ငြင်းပယ်မယ် ငြင်းဆန်မယ် ဆိုတဲ့ စိတ်ထားမျိုး မဟုတ်ပဲ ကျိုးကြောင်းသင့် ဆင်ခြင်နိုင်စွမ်းရှိတဲ့သူတွေ၊  ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ အတွေးအခေါ်ရှိသူတွေ၊ သူများမြှောက်တိုင်း လိုက် လုပ်တတ်တဲ့ သူတွေမဟုတ်ဘူး ဆိုတာကို သက်သေပြကြရမှာပါ။ အစိုးရဘက်က တာဝန်ရှိသူတွေကလည်း ကိုယ့်ဘက်ကတော့ သာစေ၊ နာချင်းနာ တိုင်းပြည်နဲ့ ပြည်သူတွေလို့ပဲ နာကြလို့ စိတ်ထဲ မထားကြစေချင်ပါဘူး။ ပြည်သူတွေ မယုံတာကို အပြစ်ပြောဖို့ထက် ယုံကြည်အောင် အရင် အလုပ်လုပ်ပြဖို့ လိုပါလိမ့်မယ်။ (ပွင့်လင်းမြင်သာတဲ့ နားလည်လွယ်မယ့် ရှင်းလင်း ပညာပေးမှုတွေလည်း လိုအပ်ပါလိမ့်မယ်။) အဲဒီအတွက် တရားမျှတမှုနဲ့ ဘက်မလိုက်တဲ့ မှန်ကန်မျှတတဲ့ လုပ်ရပ်တွေနဲ့ သက်သေပြရမှာပါ။ (အပြောကတော့ ရွှေမန်း၊ အက ကျတော့ ချိုမိုင်မိုင် လုပ်နေလို့ လူတွေ ရယ်စရာဖြစ်ရင်တော့လည်း အဆိုးမဆိုနဲ့ပေါ့လေ) တိုင်းပြည်မှာနေတဲ့ လူတွေ အကုန်လုံးက တိုင်းပြည်အတွက်ဆိုတဲ့ ကမ္ဘာ့အလယ်မှာ သိက္ခာရှိရှိရပ်တည်နိုင်မယ့် တိုင်းပြည်မျက်နှာကိုပဲ ကြည့်လိုက်ရင် ဘက်ချင်းတူသွားပြီး ညှိညှိနှိုင်းနှိုင်း ဆွေးနွေးတိုင်ပင်ပြီး အတူတူ ပူးပေါင်း  လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်လေ။ တကယ်တမ်းကျ ဟိုလူတွေ ဖယ်ထား၊ ဒီလူတွေပဲ ကျန်ခဲ့ဆိုပြီး မြန်မာပြည်ကြီးကို ဦးပိုင်စီးထား (အဲလေ) မောင်ပိုင်စီးထားလို့ ဖြစ်ပါ့မလား။

Comments

မျှတမှုတွေကို ငတ်မွတ်ခေါင်းပါးခြင်းမှ ကင်းဝေးရစေလို့  ဆုတောင်းမိတယ် မ ရေ
tg.nwai said…
တန်ခူးရေ...လာလည်လို့ ကျေးဇူး...:)

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ