မောင်လူအေး လိုမျိုး ကိုယ့် ဇာတ်လိုက်ကို နံမယ်ပေးဖို့ စဉ်းစားနေတယ်။
ချစ်သူဘဝက ခေါ်တဲ့ နာမ်စားကို သုံးမလား။ မေလေး ဆိုတာက သိပ်နုနေသလိုပဲ။ ကိုယ်နဲ့ လိုက်ဖက်တယ် လို့ ဘယ်တုန်းကမှ မထင်မိ။
ချစ်သူဘဝတုန်းက အနုအရွမလုပ်တတ်တဲ့ သူက မနည်းစဉ်းစားပြီးု သုံးထားသည့် နာမ်စားမို့ အားနာနာနဲ့ လက်ခံထားရတာ။ တော်ကြာ ခေါင်းနောက်ပြီး နင်နဲ့ ငါနဲ့ဲပဲ အေးပါတယ်ဆို ရန်ဖြစ်စိတ်ကောက်ချိန်များတဲ့ သူတို့ချစ်သူဘဝ ရင်ခုန်စရာ အနုအရွ နာမ်စားလေးပါ မရှိပဲ ဖြစ်နေမစိုးလို့….။
ဒါဆို…မေလေးကို မကြိုက်ပြန်တော့ ပြောင်းပြန် လေးမေ ဆိုရင်ရော… စာရေးဆရာ ဦးသုမောင်က သူ့ချစ်ဇနီးကို လေးဘုံခေါ်သလား လေးမေခေါ်သလား…ဆရာမင်းလူရဲ့ မဟေသီနာမ်စားတခုလေးလား ရောထွေးသွားပြန်သည်။
နောက်တမျိုး စဉ်းစားစမ်းပါလေ…. ကိုယ့်ဘာသာ ဘလော့ဂါယောင်ယောင် စာရေးဖူးသူယောင်ယောင် လု နံမယ်ရှာရတာတော့ တော်တော်တော့ ခက်သားကလား။
နံမယ်ပေးကောင်းပုံတွေကတော့ ပြောမနေချင်တော့ပါဘူးလေ...
ကိုယ့်သားသမီးတွေ နံမယ်တွေပဲ ကြည့်ဦး။ ပထမဦးဆုံး သားကြီးကျတော့ ကြာသပတေးသားမို့ " မိုး" သူ့ကို သွေးလှူပေးတဲ့ ဆရာဝန်ကြီးရဲ့ နံမယ် "ဟန်"၊ သူ့အဖေနံမယ် " ကျော်" ကို ယူပြီး မိုးဟန်ကျော်လို့ ငယ်ငယ်က ခေါ်တော့ သူ့အဖေက သူ့နံမယ်ဖျက်လေမယ့် သားရယ်လို့ တွေးလေသလား မသိ၊ ကျော် ပါတာ မကောင်းပါဘူးဆိုပြီး မိုးဟန် ဆိုပြီး သူများတကာ နံမယ်လေးလုံး ငါးလုံး ခေတ်မှာ နံမယ်နှစ်လုံးထဲနဲ့ ရိုးရိုးလေး မိုးဟန်... ဆယ်တန်းအောင်တော့လည်း ရှင်းရှင်းလင်းလင်း ဂုဏ်ထူး တခုလေးနဲ့တောင် အရှုပ်မခံခဲ့တဲ့ သားကြီး။
အလတ် သားငယ်ကျပြန်တော့လည်း သမီးမွေးရင် စုအောင်ဆန်း၊ သားမွေးရင် ရဲရဲတောက်လို့ ပေးမယ်လို့ ြကြို ရွေး..... ရဲရဲတောက်တို့ဗမာတွေ ဆိုတဲ့ သီချင်းစာသားထဲက ရဲရဲတောက် ပေါ့။ သူ့ကျ နံမယ်က သုံးလုံး။
သမီးငယ်ကျပြန်တော့ တနလာၤသမီး၊ ငယ်ငယ်ကထဲက ဂျစ်ကျကျလေးမို့ ကြည်ကြည်လင်လင် ဖြစ်စေချင်တာနဲ့ ကြည်လင်ထက်မြက်လို့ နံမယ်လေးလုံးနဲ့ လူစွာလေးဖြစ်သွားပြန်ရော….
တကယ်တမ်းကျ ကလေးတွေ နံမယ်ပေးတိုင်း စံဇာဏီဘို သွားမေး သေချာတွက်ချက်ပြီးမှ သူ ပေးထားတဲ့ နံမယ်တွေထဲက မရွေး.... ကိုယ်ပေးချင်တာတွေ ကိုယ့်စိတ်ကြိုက်ပေးခဲ့တာချည်းပဲ။
....
ဆိုတော့ သားသမီးသုံးယောက်ရဲ့ နံမယ်တွေက တယောက်နဲ့ တယောက် အဆက်အစပ်မရှိ၊ အဲဒီတော့လည်း မောင်နှမတွေ တယောက်မကောင်း နောက်တယောက်က မျက်နှာပျက်စရာ မလိုတော့ဘူးပေါ့လို့ ကိုယ့်ဘာသာ ဖြေတွေးတွေး။
ဒါတွေ ထားပါဦးလေ။ ကိုယ့်နံမယ် ဘယ်လိုပေးရင် ကောင်းမတုန်း။
ငယ်ငယ် ၁တန်း ၂ တန်းတုန်းက ဆရာမဒေါ်သန်းအေးကို သွားသတိရတယ်။
ဆရာမက ဆံပင်ကောက်ကောက်လေးနဲ့ ကိုယ့်ကို သိပ်ချစ်တယ်။ အားရင် ကာလီမွှေးလေး လာခဲ့ဦးဆို သူ့နားသွားရတယ်။ သူက ကိုယ့်ကို ဖက်ပြီး စကားစမြည်ပြော ဟိုမေး ဒီမေးပေါ့။ ကိုယ်ကတော့ ဆရာမ ကုပ်နေတဲ့ ဆံပင်ကောက်ကောက်ထဲက သန်းတွေကို ကြည့်ပြီး အသဲယားပေါ့။ ဆရာမကလည်း ကိုယ့်ကို ဆံပင်ကောက်တာချင်း တူလို့ ချစ်ခင်တာ ထင်ပါရဲ့
ကဲ… ကိုယ့်ဇာတ်ကောင်နံမယ်ပေးပြီနော်… ကာလီမွှေးလို့…..
ကိုယ့်ဆံပင်ကောက်ကောက်နဲ့လည်း လိုက်ဖက်တယ်။ မွှေးဆိုတာကလည်း ကာလီနဲ့ပေါင်းတော့ ပျော့မသွားဘူး။ နောက်ပြီး ကိုယ့်အမေ မယ်မွှေးရဲ့ နံမယ်လိုလိုလည်း ရောချလို့ရတာပေါ့လေ။...
ကာလီမွှေးတော့ လာချေပြီ.... :) မကောင်းလည်း ထပ်ပြောင်းသေးတာပေါ့ကွယ်....
Comments