Sunday, December 9, 2007

Kyaik Htee Yoo Diary (2)

ကျမတို.ကားတောင်ပေါ်အတက်မှာ စခန်းတွေမှာ အစစ်ဆေးခံရင်း အပေါ်ကကားတွေအဆင်းကို စောင့်ရပါသေးတယ်။ ကားခ တွေကတော့ အနောက်ခန်းအတွက် လူကြီး ၂၅၀၀-ကျပ်နဲ. ကလေးတစ်ယောက် တစ်ထောင်ကျပ် နှုန်းပါ။ အရှေ့ခန်းတွက်ဆို တစ်ယောက် -၄၀၀၀-ကျပ်ပါ။ ၅-နှစ်အောက်ကို ကလေးလို.သတ်မှတ်ပြီး ပေါင်ပေါ်တင်စီးစေပါတယ်။ အောက်မှာ ချထိုင်ခိုင်းရင်တော့ လူကြီးနှုန်း ပေးရပါမယ်။ ဒီတော့ ၄-နှစ်အရွယ် သမီးငယ်ကို ကျမပေါင်ပေါ် ထိုင်ခိုင်းရပါတယ်။


ဒီအကြိမ်နဲ့ပါဆို တတိယအကြိမ်မြောက် တောင်ပေါ်ကားနဲ.တက်တာ ဖြစ်ပေမယ့် ကြောက်နေဆဲပါပဲ။ ဟိုးအရင် ကျမတို. ကိုးနှစ်၊ ဆယ်နှစ်အရွယ်တုံးက ချင်းပြည်နယ် ဟားခါးမြို.ကို ဖေဖေ့တာဝန်ကျလို.လိုက်နေခဲ့ဖူးပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၁၂၈-ပေအမြင့်ရှိတဲ့ ချင်းတောင်တန်းတွေကို ကျော်ဖြတ်ပြီးသွားစဉ်က ကျမတို.မှာ ကြောက်ရကောင်းမှန်းလည်းမသိခဲ့ပါဘူး။ ခရီးသွားနေရတာကိုပဲ ပျော်နေခဲ့တာပါ။ မေမေ ကြောက်နေတာကို ရယ်စရာတောင်လုပ်ခဲ့မိပါသေးတယ်။ အခုတော့ အသက်ပဲကြီးလာလို.လား၊ အန္တရာယ်ကို သိတတ်လာတာလား၊ ဒါမှမဟုတ် အတွယ်အတာတွေများပြီး ဘ၀ကို ပို ခင်မင်လာလို.လားတော့မပြောတတ်။ ပိုကြောက်တတ်လာပါတယ်။ ရှေ့လည်းမကြည့်ရဲ၊ ဘေးလည်းမကြည့်ရဲတော့ မျက်စိစုံမှိတ်ပြီး ဘုရားဂုဏ်တော်ကိုပဲ မနားတမ်းအာရုံပြုနေမိပါတယ်။ သမီးလေးကိုလဲ လက်တစ်ဖက်နဲ.ပွေ. နောက်လက်တစ်ဖက်က သားကြီးဘေးက ကားဘေးတန်းကိုကိုင်ရင်းပေါ့။ သမီးကလည်း ပျော့ခွေခွေလေးဖြစ်နေတော့ လန့်သွားရ သေးတယ်။ နောက်မှ. သူက အိပ်ငိုက်နေရှာတာကိုး။ ကျမနောက်နားက ကလေးက သူ.ဗိုက်နာလို.ဆိုပြီး ငိုပါတယ်။ နောက်မှ ကလေးအမေက သူ.ကိုအတင်းဖက်ပြီးညှစ်ထားတော့ ခမျာ နာရှာတာပေါ့။ ကျမလည်း ငါလိုလူစားအများကြီးပါလားဆိုပြီး အားတက်သွားရတယ်။ နောက်ဆုံးတော့ ရသေ့တောင် စခန်းရောက်ပါတယ်။ ကျမတို.ကားက တောင်ပေါ်ထိတက်မယ်ဆိုပေမယ့် ကားအသွားအလာ ရှောင်ဖို. ၁၀-မိနစ် ၁၅-မိနစ်လောက် ရသေ့တောင် စခန်းမှာ ၀င်နားရပါသေးတယ်။ နေပူကျဲကျဲအောက်မှာ ကလေးတွေကလည်း မနေချင်တော့လို. ဂျီကျဖို. တာစူနေကြပါပြီ။ ကျမလည်း ကလေးသုံးယောက်နဲ. သွားလာနေကျဆိုတော့ သူတို.လေးတွေ ပါးစပ်ပိတ်ပြီး အာရုံပြောင်းအောင် ထည့်လာခဲ့တဲ့ မုန်.တွေ ထုတ်ကျွေးရပါတယ်။ ကျမတို.ကားပေါ်မှာလည်း ကလေး နောက်ထပ် ၃- ၄-ယောက်လောက်ပါသေးတော့ ။ ကလေးတွေရဲ. ရိုးသားတဲ့ သဘာဝအတိုင်း သူများမုန်.စားတာတွေ.တော့ သူတို.လည်း မျှော်နေကြပါတယ်။ မိဘတွေကတော့ သူများစားတာ မျှော်ရကောင်းလားရယ်လို. ရှက်ချင်ရှက်မှာပေါ့လေ။ ကျမလည်း ကျန်တဲ့ကလေးတွေကိုပါ မုန်.တွေ ဝေပေးလိုက်ပါတယ်။ ကြုံခဲ့ဖူးတာကိုး။ ကျမသားကြီးနဲ. တစ်ခေါက် ကျိုက်ထီးရိုးသွားတုံးက၊ ဒီလိုကားပေါ်မှာပဲ သူများစားတာ မျှော်ရင်း မိဘတွေကို ဂျီကျပြီးသောင်းကျန်းတာခံခဲ့ရဖူးတယ်လေ။ ကျမတို.ကလည်း မိဘပါး မ၀ သေးတော့ ကလေးတွေအတွက် ဘက်စုံမစဉ်းစားတတ်သေးဘူးလေ။ ကလေးတွေ ငြိမ်တော့ မိဘတွေလည်း နားအေးတာပေါ့။


နောက်ဆုံးတော့ ကျမတို.ရဲ. ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားခြေတော်ရင်းကို နေ.လည် တစ်နာရီလောက်မှာ ရောက်ပါပြီ။ ကျမတို.တည်းခိုဖို. ကြိုတင် စာရင်းသွင်းထားတဲ့ `Mountain Top´ ဟိုတယ်က ဘုရားရင်ပြင်တော်မရောက်ခင် ကျိုက်ထို ဟိုတယ်အနားမှာပါပဲ။ အမျိုးသားက ဘုရားအရင်ဖူးပြီးမှ ဟိုတယ်မှာ check-in ၀င်ချင်ပါတယ်။ ကျမကတော့ ညကအိပ်ပျက်ထားတာကြောင့် ခဏတဖြုတ် ဟိုတယ်မှာ နားချင်ပါသေးတယ်။ နောက်တော့ ပစ္စည်းတွေကို နေရာချတာပိုအဆင်ပြေမယ်ဆိုပြီး ဟိုတယ်ကို အထမ်းသမား ငှားရပါတယ်။ ကျမ အံ့သြတာတစ်ခုက သူတို.တွေ တော်တော် အလေးအပင်သယ်နိုင်တာကိုပါပဲ။ ဟိုတယ်က ကျမတို.လာရာလမ်းရဲ. ညာဖက်ခြမ်းမှာပါ။ ဘုရားခြေတော်ရင်း ကားတွေ ဆိုက်နားတဲ့နေရာကနေ နောက်ပြန် ရ-မိနစ်လောက် ပြန်လျှောက်ရပါတယ်။


check-in ၀င်ပြီးသွားတော့ ကျမတို.ရတဲ့ အခန်းကိုသွားတော့ dinning room ကနေ အောက်ဘက်ကို လှေကားနဲ. နှစ်ဆင့် ထပ်ဆင်းရပါသေးတယ်။ S-1 ဆိုတဲ့ ကျမတို.အခန်းက သီးသန့်လေးပါ။ ဘာအခန်းနဲ.မှ ကပ်မနေပါဘူး။ ကလေးတွေပါလို.များ နားအေးပါးအေး (နှစ်ဦးနှစ်ဖက်အဆင်ပြေ) ဖြစ်အောင် ဒီအခန်းကို စီစဉ်ပေးတာများလားရယ်လို.တွေးမိပါတယ်။ ကမ်းပါးစောင်းမှာ တည်ရှိနေတဲ့ ကျမတို.အခန်းကို တောင်ပေါ်လေတွေက ဆီးကြို နှုတ်ဆက်နေကြလေရဲ.။ သဘာဝတောင်ပေါ်လေ၊ ရာသီဥတုနဲ. ပတ်ဝန်းကျင် ရှုခင်းတွေကို ခံစားရင်းသဘောကျနေကြတဲ့ ကျမတို.နှစ်ယောက်ရယ်၊ ရောက်တဲ့ နေရာတိုင်း ရေမြှုပ်မွေ.ယာတွေပေါ်မှာ ခုန်ပေါက်ရင်း ပျော်ရွှင်မြူးတူးနေတတ်ကြတဲ့ ကလေး သုံးယောက်ရယ် ...။ တဒင်္ဂမှာတော့ ကျမတို.မိသားစုလေး ငြိမ်းချမ်းရေးရဲ. အရသာကို ကိုယ့်အတွေးနဲ.ကိုယ် ခံစားနေကြတယ် ဆိုပါတော့။


ကျမ တမှေး မှေးနေတဲ့အချိန်မှာ ကလေးတွေနဲ. သူ.အဖေက ပါတာတဲ့ စားစရာတွေ၊ သောက်စရာတွေ ထုတ်ပြီး စားသောက်ကြပါတယ်။ နေ.လည် ၃-နာရီလောက်ကျတော့ ကလေးတွေ ကိစ္စ ၀ိစ္စပြီးအောင် နှိုးဆော်ရပါတယ်။ သူတို.အတွက် အိမ်သာပြဿနာက မသေးပါဘူး။ ငယ်ငယ်ကထဲကအိမ်မှာ flush toilet ပဲသုံးလာခဲ့တော့ squat type မှာ သူတို.ထိုင်ရတာ အဆင်မပြေပါဘူး။ မသုံးတတ်တော့ သူတို.နဲ.သွားလာတဲ့အခါ ဘိုထိုင်လို.ခေါ်တဲ့ flush toilet ရှိတဲ့နေရာကိုပဲ ရွေးရပါတယ်။ ဒါကြောင့် ဘုရားပေါ်မှာ မသေချာလို. ဟိုတယ်မှာပဲ ကိစ္စပြီးအောင် လုပ်ခိုင်းရပါတယ်။ လိုရမယ်ရ သူတို.ငယ်ငယ်ကသုံးတဲ့ လက်ကျန် diaper တွေလည်း ထည့်လာခဲ့ရပါတယ်။ ပြီး ကိုယ့် ကျောပိုးအိတ်မှာ ကိုယ့်အနွေးထည်ရယ် ကိုယ့်ရိက္ခာ တွေရယ်ကို ကိုယ့်ဘာသာ တာဝန်ယူစေရပြီး ဘုရား ရင်ပြင်ပေါ် ချီတက်ခဲ့ကြပါတယ်။



ရင်ပြင်ပေါ်ကို အမျိုးသမီးများ ဘောင်းဘီတို၊ ဘောင်းဘီရှည်၊ စကတ်တို၊ စကတ်အကွဲများကို ၀တ်ဆင်ပြီး ရင်ပြင်ပေါ် တက်ရောက်ခွင့် မပြုပါဘူး။ အ၀တ်လဲခန်းကို ရင်ပြင်အတက် မှာထားပေးပါတယ်။ ရင်ပြင်ပေါ်ရောက်လို. ကျိုက်ထီးရိုးဘုရား ကိုလည်း လှမ်းမြင်ရရော ...၊ ကျမသမီးလေးက ၀မ်းသာအားရ ထအော်လိုက်တဲ့ အသံကြောင့် ကျမတို. ရီလိုက်ရပါသေးတယ်။ `ကျိုက်ထီး အိုး ကြီး ၊ မီးမီး တွေ.ရပြီ´ တဲ့။ သူ ကျမဗိုက်ထဲ ၇-လ ကိုယ်ဝန်ကြီးနဲ. ကျိုက်ထီးရိုးဘုရားမှာ ရိုက်ထားတဲ့မိသားစုပုံမှာ သူ.တစ်ယောက်ထဲ မပါတာကို မကျေနပ်ခဲ့လေသမျှ ကို ခုမှ ဘုရားကြီးကို မျက်ဝါးထင်ထင် တွေ.လိုက်ရတော့ တော်တော် ပျော်သွားတယ်ထင်ပါရဲ.။ ရင်ပြင်ပေါ်မှာလည်း လူတွေ စည်ကားလိုက်ကြတာမှ အများကြီးပါပဲ။ ကျမတို. အုပ်စုလည်း ဘုရားဝတ်ပြုဖို. နေရာရှာပြီး ဘုရားဝတ်ပြုကြပါတယ်။ အမျိုးသားနဲ. သား နှစ်ယောက်ကတော့ ဘုရားမှာ ကိုယ်တိုင်ရွှေချဖို. ရွှေဆိုင်းသွားဝယ်ကြပါတယ်။ အဲဒီလိုအခါမျိုးမှာတော့ ယောကျာင်္းသားတွေနဲ.တန်းတူ အခွင့်အရေးမရနိုင်တဲ့ မိန်းမသားဘ၀ကို ပိုသတိထားမိပါတယ်။ ကျမနဲ.သမီးကတော့ ဘုရားဝတ်ပြုရင်း သမီးက အလှုခံပုံးတွေထဲ ပိုက်ဆံတွေ လိုက်ထည့်ပါတယ်။ တောင်ပေါ်လေအေးအေးလေးတွေကြားမှာ ဘုရားကြီးရဲ. အံ့ဖွယ်ဂုဏ်တော်တွေကို ကျမ စဉ်းစားဆင်ခြင်ရင်း ကျမရဲ. တည်ငြိမ်အေးချမ်းနေတဲ့ စိတ်အစဉ်လေးရဲ. ငြိမ်သက်မှုလေးကို သဘောကျနေမိပါတယ်။ ကျမတို.ရဲ. အချိန်တော်တော်များများဟာ လောဘ၊ ဒေါသ၊ မောဟ နဲ.မာနတွေရဲ. ပူလောင်မှုကြားမှာ ကျင်လည်ခဲ့ကြရတော့ ဒီအေးချမ်းတဲ့ အရသာလေးဟာ သိသိသာသာလေးကို ထင်ရှားနေပါတယ်။ ဒီအရသာလေးကို ကျမတမ်းမက်ခဲ့ရလို.လည်း အခွင့်သင့်တိုင်း ကျိုက်ထီးရိုးဘုရားဖူးဖို.ကြိုးစားခဲ့ရတာပါ်။


ဘုရားဝတ်ပြုပြီး၊ ဘုရားမှာ ရွှေကပ်ပြီးတဲ့အချိန်မှာတော့ နေ.လည်စာ ကောင်းကောင်း မစားရသေးတဲ့အတွက် တော်တော် ၀မ်းဟာနေကြပြီလေ။ အဲဒါနဲ. စားသောက်တန်း ဆိုင်တန်းတွေဘက် ဆင်းခဲ့ပါတယ်။ ကလေးတွေကတော့ ကျမတို. ငယ်ငယ်ကလိုပါပဲ။ အရုပ်ဆိုင်တန်းကို စိတ်ဝင်စားနေကြပါတယ်။ ကလေးတွေအဖေကတော့ အကြော်နဲ. ကောက်ညှင်းပေါင်း၊ ဆီထမင်းကို မျက်စေ့ကျနေလေရဲ.။ ရင်ပြင်ပေါ်ပြန်တက်ရင် ၀ယ်သွားဖို. ကြံစည်နေပါတယ်။ ကျမကတော့ တစ်ထည်တည်းပဲပါလာတဲ့ လုံချည်နဲ. ဘယ်လိုများ စခန်းသွားရပါ့မလဲလို.တွေးရင်း အ၀တ်ဆိုင်တွေကို လှမ်းကြည့်ပြီး စနည်းနာနေရပါတယ်။ ကျမတွေ.သလောက်က အနွေးထည်တွေ၊ အမှတ်တရ အင်္ကျီတွေပဲရှိပါတယ်။ ကျမလည်း ကလေးတွေအတွက်ပဲ စိတ်စောနေတော့ ကိုယ့်အတွက် သေသေချာချာ မစီစဉ်မိဘဲ တွေ.ရာကောက်ထည့်လာတာနဲ.။ ရင်ပြင်ပေါ် ဘောင်းဘီရှည် ၀တ်မတက်ရတာနဲ. တိုးနေတော့ ဒုက္ခကိုရောက်ရော။ ဒါပေမယ့်…. ဒါမျိုးတွေကလည်း…. အင်း…. ရိုးနေပါပြီဆိုပါတော့။


ဘယ်ဆိုင်ဝင်စားမလဲ တယောက်ကို တယောက်မေးငေါ့လိုက်၊ ဆက်လျှောက်လိုက်နဲ. နောက်ဆုံး ဆိုင်တန်းကုန်ခါနီးမှ တွေ.ရာဆိုင်ပဲ ၀င်ထိုင်ဖြစ်ပါတယ်။ မြန်မာထမင်းဟင်းက တစ်ယောက်ကို ၁၅၀၀ ကျပ်လို. ဆိုပါတယ်။ အမျိုးသားတော့ ကလေးတွေပါလို. ပူပူနွေးနွေး တရုတ်ဟင်းလျာပဲ မှာဖို.စိတ်ကူးပါတယ်။ ကြက်တောက်တောက်ကြော်တစ်ပွဲ၊ ဆေးဘဲဥသုတ်တစ်ပွဲ၊ မြင်းခွာရွက်သုတ်တစ်ပွဲရယ် အရင်မှာလိုက်ကြပါတယ်။ ပထမဆုံးချလာတဲ့ ဆေးဘဲဥသုတ်ကို ကလေးတွေကလည်း အားပေးတော့ နောက်တပွဲထပ်မှာရပြန်ပါတယ်။ ကျမတို. ထမင်းစားနေတုန်း ဆူဆူညံညံအော်ဟစ်ခေါ်သံတွေ ကြားလိုက်လို. ရုတ်တရက် လန်.သွားရပါတယ်။ နောက်မှ ဧည်.တွေဆင်းလာလို. ဆိုင်တွေက အလုအယက်အော်ခေါ်နေတဲ့အသံတွေပါ။ ဧည့်တွေကို အရင်ကလို အနားကပ်ပြီး အတင်းဆွဲမတတ် ခေါ်လို.မရတော့ပါဘူး။ `ညောင်ပင်တစ္ဆေ´ ကစားနေသလိုပါပဲ။ ကိုယ့်ဆိုင်နိမိတ် အတွင်း ဆွဲထားတဲ့စည်းကို မကျော်စေရပါဘူး။ ဆိုင်အပြင် ထွက်လို.လည်း မရပါဘူး။ အဲဒီဧည့်သည်တွေ ဆိုင်တစ်ခုခုထဲမ၀င်မချင်း စားသောက်ဆိုင်တန်းတခုလုံး ကျီးကန်းတွေ ၀ိုင်းအာနေကြသလိုပဲ။ ဆူညံနေပါတယ်။ ကျမတို.လည်း ဆေးဘဲဥသုပ်ကလွဲလို. ကျန်တဲ့ဟင်းတွေက အဆင်မပြေလို. နောက်တစ်ခါ ဒီဆိုင်လာမစားနဲ.လို. တီးတိုးအတင်းပွားပြီး မုဆိုးတောင်ပေါ်တက်လာခဲ့ကြပါတယ်။


လှေကားထစ်တွေကနေ တက်လိုက်၊ တွေ.သမျှ လမ်းက ဘုရားတွေ ၀င်ဖူးလိုက်နဲ. မုဆိုးတောင်ပေါ်ရောက်လာပါတယ်။ မုဆိုးတောင်ဘုရားဝင်ဖူးပြီးတော့ ကျီးကန်းပါးစပ်သို. လမ်းညွှန်ပြတဲ့နေရာရောက်တော့ မှောင်စပျိုးလာပါပြီ။ နောက်နေ.မှပဲ ကျီးကန်းပါးစပ် ဆက်သွားဖို.ဆုံးဖြတ်လိုက်ပြီးပြန်ဆင်းလာကြပါတယ်။ ဘုရားရင်ပြင်ပေါ် ပြန်အတက်မှာ ကလေးတွေအတွက် အရုပ်တွေဝယ်ပေးရပါသေးတယ်။ ကျမတို. ငယ်စဉ်က ရှိခဲ့တဲ့ ရိုးရာ ၀ါးရုပ်လေးတွေ၊ ၀ါးပုတီးလေးတွေ နေရာမှာ တရုတ်ပြည်ဖြစ် ကလေးကစားစရာအရုပ်တွေ မြန်မာပြည် နေရာအနှံ.မှာ နေရာယူလာတာတွေ.တော့ ရင်ထဲမှာ တစ်စုံတစ်ခု လိုနေသလိုလိုပဲ ခံစားရတယ်။ ကမ္ဘာမှာ တရုတ်ပြည်ဖြစ် ပစ္စည်းတွေ အရည်အသွေးမမှီလို. သူများနိုင်ငံက ပယ်လိုက်တဲ့ ကလေးကစားစရာတွေ ဘယ်နေရာကို လှိမ့်ပြီးစီးဝင်နေကြပြီလဲ။ ကလေးတွေကလည်း သူတို.ရင်းနှီးနေကျ အရုပ်တွေကိုပဲ ထပ်ပူဆာပြီးလိုချင်ပြန်ပါတယ်။ ဈေးမတန်မှန်းသိပေမယ့်၊ ခဏပဲခံမှာကိုလည်း သိပေမယ့် သူတို.ကို စိတ်ကျေနပ်မှု အမှတ်တရ ဖြစ်စေချင်တော့ ကျမတို.မိဘတွေလည်း ခေတ်ရေစီးကို မလွန်ဆန်နိုင်ပါဘူး။ ကျမတို.ပြည်တွင်းဖြစ်အရုပ်တွေကပဲ ကလေးတွေ မက်လောက်အောင် မဆွဲဆောင်နိုင်တော့တာလား။ အရုပ်လုပ်တဲ့သူတွေကပဲ ဖန်တီးနိုင်မှုစွမ်းရည်တွေလျော့နေပြီလား။ ဒါလည်းပဲ ကျမ ဉာဏ်မမီတဲ့ ကိစ္စပါပဲ။


ကျမတို.ဘုရားရင်ပြင်ပေါ်အတက်မှာ လူတွေအရမ်းများပါတယ်။ အခုမှ တောင်ပေါ်ရောက်လာတဲ့ သူတွေရော၊ ပစ္စည်းတွေ နေရာချထားပြီး ရေမိုးချိုးသန်.စင်ပြီး လှတ ပတ ရှိုးတွေ မိုးတွေနဲ.ထွက်လာကြတဲ့ ကာလ သားပျို၊ သမီးပျိုလေးတွေရော၊ ဘုရား အေးအေးဆေးဆေး ဖူးမျှော်ဖို. စိတ်ကူးတွေနဲ. စောင်သဘက်ကြီးတွေပတ်၊ သိုးမွှေးဦးထုပ်တွေဆောင်း ကိုယ့်ရိက္ခာအပြည့်အစုံနဲ. ချီလာကြတဲ့ အန်တီကြီးတွေရော လူစုံပါပဲ။ ကိုယ့်ကလေးတွေက သေးသေးလေးတွေမို. လူမပိအောင်၊ အသက်ရှုမကြပ်အောင် ချီသွားရပါတယ်။ အနောက်ဘက်မှာ ငေးမောရင်းလိုက်လာတဲ့ သားကြီးကိုလည်း မျက်ချည်မပြတ်ဖို. သတိပေးနေရပါတယ်။ အရင်ကဆိုရင်တော့ ကျမတို. လူများတဲ့နေရာတွေ၊ အခါကြီး ရက်ကြီးတွေ ရှောင်လေ့ရှိပါတယ်။ ဘုရားပေါ်ရောက်တော့ ကျမတို.ဟိုကြည့်သည်ကြည့်နဲ. ဘုရားအာရုံပြုဖို. နေရာရှာကြပါတယ်။ နောက် ဘုရားကို အောက်ဖက်ကဖူးမျှော်နိုင်မယ့် အောက်ဖက်ပတ်လမ်းကို ဆင်းပြီးဖူးမျှော်ကြပါတယ်။ အတော်အသင့် လေကွယ်တဲ့အတွက် အချမ်းသက်သာပါတယ်။ ဘုရားကို အောက်ဖက်ကနေ အနီးကပ်ဖူးမျှော်နိုင်တဲ့အတွက်လည်း ပိုပြီး စိတ်ကြည်နူးစရာကောင်းလှပါတယ်။ ကျမနဲ. အမျိုးသားက ဘုရားအာရုံပြုနေစဉ် ကလေးတွေက အပေါ်ကလွင့်လာတဲ့ ရွှေဆိုင်းအစအနတွေကို လိုက်ဖမ်းနေကြပါတယ်။


တစ်နာရီလောက် အေးအေးဆေးဆေးထိုင်နေကြပြီးနောက် အပေါ်တက်ပြီး ဖယောင်းတိုင်မီးနဲ. အမွှေးတိုင်တွေ ထွန်းညှိပြီး ပူဇော်ကြပါတယ်။ အပေါ်ဘက်ရင်ပြင်မှာ ည-ရနာရီခန်.မှာ မသိုးသင်္ကန်းရက် ပြိုင်ပွဲရှိလို. လူတွေစည်ကားနေကြပါတယ်။ ကျမတို.မိသားစုလည်း ရက်ကန်းပွဲလည်း ၀င်ကြည့်ရင်း၊ အချမ်းသက်သာအောင် လူတောထဲတိုးဝင်ပြီး ၀ိုင်းဖွဲ.ထိုင်ရင်း စားကြသောက်ကြနဲ.။ တော်တော်ပျော်စရာကောင်းပါတယ်။ ရက်ကန်းပြိုင်ပွဲ အပြိုင်အဆိုင်ဖြစ်လာတာတော့ လူတွေကလည်း ရုပ် ရုပ်ဖြစ်လာပြန်တယ်။ ဒီတော့ ကျမတို.လည်း နေရာပြောင်းရပြန်ပါတယ်။ လူစုတဲ့နေရာမှာ နေလို.မဖြစ်တော့ လူနည်းတဲ့နေရာ သွားထိုင်ပြန်တော့လည်း ။ အမလေး… တိုက်လိုက်တဲ့လေ….စိမ့်အေးနေတော့ ကလေးတွေကလည်း အော်ကြပါတယ်။ ရေနွေးကြမ်းပူပူလေးသောက်၊ အကြော်ပူပူနဲ. ကောက်ညှင်းပေါင်း နွေးနွေးတို.ကလည်း မကူနိုင်ပါဘူး။ နောက်ဆုံးတော့ ကျမတို.တပ်ကြီးလည်း ည -၉-နာရီလောက်မှ အောင်မြင်စွာနဲ. နားခိုရာ ` တောင်ထိပ်´ဆီသို.ဆုတ်ခွာခဲ့ရပါတော့တယ်။

ဟိုတယ်ရောက်တော့ ရေနွေးဓာတ်ဗူး ၂-ဘူးတောင်း၊ တဘူးကို ပါလာတဲ့ လ္ဘက်ခြောက်ခပ်၊ နောက်တစ်ဘူးကိုတော့ ကော်ဖီတို. မိုင်လိုတို.ဖျော်သောက်ပေါ့။ ရေချိုးခန်းမှာ ရေနွေးနဲ. ကလေးတွေကို ခြေလက်သန့်စင်၊ အ၀တ်အစားလဲလှယ်ပြီး အိပ်ဖို.ပြင်ဆင်ကြပါတယ်။ ကျမနဲ. သမီးက extra bed ထိုးထားတဲ့ တစ်ယောက်အိပ်ကုတင်မှာ၊ ချမ်းချမ်းအေးအေးနဲ.ကွေးနေကြပါပြီ။ သားများနဲ့အဖေကတော့ နှစ်ယောက်အိပ် ကုတင်ပေါ်မှာ စောင်လုရင်း ဆွဲရင်း အော်ရင်းဟစ်ရင်းနဲ. တဖြေးဖြေး…. ငြိမ်သက်လာကြပါပြီ။ အပြင်ဘက်မှာတော့ လေသံတွေ တ၀ုန်းဝုန်းက ပြတင်းပေါက်တံခါးတွေကို လာရောက် တိုက်ခတ်နေဆဲ။ ပြည်.ဖို.တစ်ရက်လျော့နေတဲ့ လကလေးကိုတော့ တိမ်လွှာပါးပါးက လွှမ်းခြုံထားလို. မထင်သာ၊ မမြင်သာ……မြူမှုံတွေကြားမှာ.....။

No comments: