Skip to main content

ကျမတွေးမိသော သေခြင်းတရား။

ကျမ သေခြင်းတရားကို မကြာခဏတွေးကြည့်ဖူးပါတယ်။ တစ်ခါတစ်လေ နေထိုင်မကောင်းဖြစ်လို့ အနေရအထိုင်ရ ခက်နေတဲ့အခါမျိုးမှာလည်း ငါသာ သေခါနီး ဒီလိုမျိုးဖြစ်နေရင် တော်တော် အနေကျပ်မှာပဲ။ အသေဖြောင့်မှာ မဟုတ်ဘူး လို့လည်း တွေးကြည့်မိဖူးပါတယ်။ သီလ သမာဓိနဲ့ ပြည့်စုံလှတဲ့ ပုဂ္ဂိုလ်တွေများရဲ့အကြောင်းကြားရရင်တော့ အားတက်ရပါတယ်။ ငါ့ရဲ့ နောက်ဆုံးအချိန်လေးလည်း ဒီလိုသာပြီးဆုံးနိုင်မယ်ဆို သွားရာလမ်းကောင်းမှာပဲလို့ အားကျခဲ့ဖူးပါတယ်။

ကျမ လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်ကို အရင်က တစ်ခါမှ မကြုံဖူးပါဘူး။ ကျမက ကြောင်တွေ ခွေးတွေ ချစ်တတ်တော့ ကျမရဲ့ ငယ်စဉ်အချိန်တော်တော်များများဟာ သူတို့နဲ့ပဲ အချိန်ကုန်ဆုံးခဲ့ပါတယ်။ သံယောဇဉ်တွယ်တတ်တဲ့အပြင် တဦးတည်းသော မိန်းကလေးဖြစ်တဲ့အတွက် ကျမရဲ.အဖော်ဟာ သူတို့တွေပဲ ဖြစ်ခဲ့ရပါတယ်။ သူတို့လေးတွေ ကလေးမွေးခါနီး ဗိုက်နာလာပြီဆိုရင် ကျမနား ပွတ်သီးပွတ်သပ်လာလုပ်တတ်ပါတယ်။ ဆရာဝန်မဖြစ်ခဲ့ရတဲ့ ကျမ ကြောင်ဝမ်းဆွဲတော့ ဖြစ်ခဲ့ပါတယ်။ မွေးတဲ့အခါမှာတင် ကျမ သူတို့အနား ရှိနေခဲ့တာမဟုတ်ပါဘူး။ သူတို့ရဲ့နောက်ဆုံးအချိန်မှာလည်း ကျမ ဘုရားစာရွတ်ရင်း ကျောလေးသပ်ပေးရင်း သူတို့ရဲ့နောက်ဆုံးထွက်သက်ထိ ကျမဘေးနားမှာ ရှိနေခဲ့တတ်ပါတယ်။ အဲဒီတော့ သူတို့ အသက်ငင်နေတဲ့အချိန်တွေကို တွေ့မြင်ခဲ့ရပါတယ်။ တချို့ကျလည်း ညင်ညင်သာသာ၊ တချို.ကျတော့လည်း ခက်ခက်ခဲခဲ၊ တချို.ကျတော့လည်း လူးလွန့်ရုန်းကန်ရင်းနဲ့ပေါ့။ သူတို့ရဲ့စရိုက်နဲ့အလိုက် ကွာခြားတာကို သတိပြုမိပါတယ်။ အရင်ကထဲက ညင်သာယဉ်ကျေးတဲ့ ကြောင်လေးတွေကျတော့ ညင်ညင်သာသာ အသက်ထွက်တာများပါတယ်။ ဒေါသကြီးတဲ့ စွာတတ် ရန်လိုလေ့ရှိတဲ့ ကောင်တွေကတော့ အသက်ထွက်တော့လည်း ကြမ်းတမ်းစွာနဲ့ပါပဲ။ ဒါကတော့ သူတို့ခံစားရတဲ့ ဝေဒနာနဲ့လည်း ဆိုင်ကောင်းဆိုင်ပါလိမ့်မယ်။ ကျမ သတိထားမိတာကို ပြောပြတာပါ။

ကျမ အဖိုးနဲ့ အဖွားကျတော့ အသိမဲ့စွာ အိပ်ယာထဲ လနဲ့ချီကြာပြီး နောက်ဆုံးအချိန်ထိ သတိပြန်မရခဲ့ပါဘူး။ဲ ဖိုးဖိုးက ခြောက်လ၊ ဖွားဖွားက တစ်လကျော် နှစ်လနီးပါး။ အဲဒီလိုကြီးတော့လည်း အသိမရှိတော့ပဲနဲ့ လူ့ဘ၀ကြီးထဲမှာ ဆက်မနေချင်ပါဘူး။ မားမားလို့ ကျမတို့ခေါ်တဲ့ မေမေ့ဖက်က အဖွားကတော့ အသိရှိစွာနဲ့ပဲ မေမေတို့လက်ထဲမှာပဲ စွန့်ခွာသွားခဲ့တယ်ဆိုပါတယ်။ အဲဒီအချိန်မှာ ကျမကတော့ ရှိမနေလို့ မျက်မြင်ကိုယ်တွေ့ မသိခဲ့ရပါဘူး။ တချို့ကျတော့လည်း အဝေးရောက်နေတဲ့ သားသမီးဆွေမျိုးများကို မျှော်လို့၊ တချို့ကျတော့လည်း ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို စွဲလမ်းရင်းနဲ့။ တချို့ကျပြန်တော့လည်း လွယ်လိုက်တာ။ လမ်းလျှောက်နေရင်းနဲ့၊ အိပ်နေရင်းနဲ့၊ ထိုင်ရာကနေ အထလိုက်မှာ အသက်ပျောက်သွားတယ်တဲ့။ ကောင်းလိုက်တာ၊ ဘာဝေဒနာမှ မခံစားရဘူးလို. ငယ်စဉ်ကတော့ သေခြင်းကောင်းလို့ ထင်ခဲ့ဖူးတာပေါ့။ ဆိုးဝါးလှတဲ့ သေခြင်းမျိုးကိုတော့ ကိုယ်မကြုံနိုင်ဘူး ထားလိုက်ပါတော့။ ဒါကတော့ ဘာမှ ကြိုတင်ပြင်ဆင်လို့မရတဲ့ ကိစ္စမျိုးကိုး။ ဥပမာ၊ ဆရာမဒေါ်ဝင်းဝင်းလတ်လိုနှမြောစရာအဖြစ်အပျက်မျိုးပေါ့။


ပြီးခဲ့တဲ့ တပတ်လောက်က ကျမတို့ ဘကြီးတစ်ယောက် ဆေးရုံတင်ထားရတယ်ဆိုလို့ ညဖက်ကြီး ကလေးတွေကို ထားခဲ့ပြီး လိုက်သွားကြပါတယ်။ ကျမတို့ရောက်တော့ ည ကိုးနာရီခွဲနီးပါး။ ဘဘက တစ်ယောက်တည်းသမား၊ အရင်ကရွှေထီးဆောင်းခဲ့တဲ့အချိန်တွေကို ပြန်တမ်းတမနေပဲ ပစ္စုပ္ပန်တည့်တည့်မှာ ဘယ်သူ့မှ ဒုက္ခမပေး၊ အပူမပေးပဲ အေးအေးဆေးဆေး ရှိတာလေးနဲ့ ရောင့်ရဲ တင်းတိမ် နေတတ်ခဲ့သူ။ လွန်ခဲ့တဲ့ သုံးပတ်လောက်ကတင် ကျမတို့ ဘဘကို သတိရပြီး မုန့်တွေ စားစရာသောက်စရာတွေနဲ့ သွားကန်တော့ခဲ့ပါသေးတယ်။ ဆေးရုံရောက်တော့ အောက်ဆီဂျင်ပေးထားရပါတယ်။ ဆေးပိုက်လည်း ချိတ်ထားသေးတယ်။ ရောက်နှင့်နေသူတွေ ပြောတော့ နှလုံး တဲ့။ အောက်ဆီဂျင်နဲ့ရောပြီး ဗန်တိုလင်ပါ ရှူနေရတဲ့ ဘဘ။ ကျမတို့ရောက်လာတော့ သူ့တူတော်မောင်ကို ပြုံးပြနှုတ်ဆက်ပါသေးတယ်။ မျက်လုံးကလည်း ကြည်လင်နေပါတယ်။ နောက်ပြီး လက်ပြပြီး ပြန်ခိုင်းနေပါသေးတယ်။ ကျမလည်း အိတ်ထဲထည့်လာတဲ့ ပရိတ်စာအုပ်လေးကို ကိုင်လိုက် ဖတ်ပြရကောင်းနိုးနိုး၊ ဟိုဟာလုပ်ရကောင်းနိုးနိုးနဲ့။ ဘာလုပ်ရမှန်းမသိဖြစ်နေပါတယ်။ ဘဘလည်း သူ့ကိုပေးတဲ့ အောက်ဆီဂျင်ရှူမကောင်းဘူးလို့ ဆရာမကို ပြောပါတယ်။ တော်တော်မောနေပါတယ်။ ကျမအမျိုးသားကတော့ ဘဘကို သတိပေးနေခဲ့ပါတယ်။ ဘဘ သိနေလိုက်နော်။ ဘဘ သိတယ်မဟုတ်လားမေးတော့ ခေါင်းညိတ်ပြီး ဖြေရှာပါတယ်။ နောက်တော့ တော်တော်ကျပ်ပြီး မောလာဟန်ရှိပေမယ့် သတိလေး ကပ်နေဟန်ရှိပါတယ်။ ဆယ်မိနစ်လောက်လည်းကြာရော၊ အသံတချက်ထွက်လာပါတယ်။ တချက်လောက်တော့ လှုပ်ရှားသွားပါသေးတယ်။ နောက် တာဝန်ကျ ဆရာဝန်မလေးလည်းရောက်လာပါတယ်။ ပရက်ရှာလည်း တအားကျသွားပါတယ်။ တာဝန်ကျ အမ်အိုနဲ့ ဘဘရဲ့ တူတော်မောင်ကြီး ဆရာဝန်တို့ တီးတိုးပြောပြီး ဘာမှမလုပ်နဲ့တော့၊ သွားပါစေ လို့ဆိုတော့မှ နောက်ဆုံးအချိန်ပါလားလို့ ကျမတို့ သိရပါတယ်။ သွားပြီဆိုလည်း သွားပါစေတော့လား။ အချိန်အတိအကျက အရေးကြီးပါသလား။ ကျမတို့က ဘဘ အသက်ရှိနေဆဲပဲလို့ ယူဆနေတဲ့ အချိန်လေးမှာပဲ မျက်စိဖြဲကြည့်လိုက်၊ မီးနဲ့ထိုးကြည့်လိုက်နဲ့ သေတာကို အတည်ပြုနေပါတယ်။ အင်းလေ... ဆေးပညာသဘောအရပဲ သူတို့သိမှာပေါ့လေ။ သူတို့လည်း မသေဖူးသေးတော့ သေခါနီးလူရဲ့ ဝေဒနာကို ကိုယ်ချင်းစာပြီးမှသာ သိနိုင်ပေမှာကိုး။ သေလုမျောပါးဖြစ်နေတဲ့အချိန် ကိုယ့်ကို ဟိုစမ်းသည်စမ်း၊ ဟိုကိုင်သည်ကိုင် ... အင်း... အနေရတော့ ခက်မှာပဲနော်။ ကျမနဲ့ အမျိုးသားလည်း ကိုယ့်အလှည့်ကျရင် ဘယ်လိုများကြုံမှာပါလိမ့်လို့တွေးရင်း မျက်နှာငယ်လေးတွေနဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် ဘဘလို သွားတာမျိုးဆို တော်သေးတယ်။ နောက်ဆုံးအချိန်ထိ သတိလေးကပ်သွားနိုင်ခဲ့ဟန် ရှိပါတယ်။ ဘေးနားမှာလည်း သတိပေးနိုင်တဲ့ သူတစ်ဦး ရှိနေခဲ့တာဟာလည်း နောက်ဆုံးအချိန်မှာဘဘအတွက်ကောင်းပါတယ်။

ကျမနောက်ဆုံးအချိန်မှာလည်း အခံရသိပ်မခက်တဲ့ ဝေဒနာမျိုးနဲ့သာ ကြုံချင်ပါတယ်။ ဆိုးဝါးခဲ့ရင်တောင် အဲဒီအချိန်မှာ ဉာဏ်တင်နိုင်လောက်တဲ့ သမာဓိလေးရှိနေချင်တယ်။ ကျမဘေးမှာ ငိုကြွေးနေမယ့် သူတွေ တစ်ယောက်မှ မနေပါစေနဲ့။ သတိပေးနိုင်တဲ့ ကျမအမျိုးသားကိုတော့ ရှိနေစေချင်တယ်။ အသက်ငင်နေရင် အသက်ကယ်ဆေးတွေ ဘာတွေထိုးပေးပြီး အသိမဲ့စွာ ဆက်ရှိနေအောင်လည်း မလုပ်စေချင်ဘူး။ ထုံးစံတွေအတိုင်းမဟုတ်ပဲ ကျန်ခဲ့သူတွေ သိပ်မပင်ပန်းဘူးဆိုရင်တော့ နေ့ချင်းပြီး သဂြိုလ်ပေးဖို့ ပြောထားရပါဦးမယ်။ ရက်လည်ကိုလည်း သုံးရက်လောက်နဲ့ပဲ လုပ်ပေးပါ။ စောစောပြီးတော့ စောစောနားရတာပေါ့လေ။ ကျမကြောင့်နဲ့ ကျန်ရစ်သူတွေ မပင်ပန်းစေချင်ပါဘူး။


သေခြင်းတရားဆိုတာ ဘယ်သူ့မှ မရင်းနှီးချင်ပေမယ့် ဘယ်သူ့မှ ရှောင်လွှဲလို့ မရနိုင်တဲ့ အရာ။ မသေချာတဲ့ ခရီး မရေရာတဲ့လမ်းမို့ မလျှောက်ချင်ပေမယ့်လည်း မလွှဲမသွေ လျှောက်လှမ်းဖြတ်ကျော်သွားရမယ့်နေရာ မှတ်တိုင်တစ်ခု။ ရှင်နေတုန်း ကိုယ်ချစ်တဲ့သူတွေနဲ့ ဝေးဝေးမနေချင်တဲ့ ဆန္ဒတွေ၊ ကိုယ်ပိုင်ဆိုင်မက်မောခဲ့တဲ့ ပစ္စည်းတွေ တကယ်တမ်းကျတော့ ဘယ်သူမှ ဘယ်အရာမှ ကိုယ်နဲ့အတူ ပါမလာသွားနိုင်ပါဘူး။ ယုတ်စွအဆုံး ကိုယ့်ဟာလို့ ထင်တဲ့ ကိုယ့်ခန္ဓာကိုယ်ကြီးတောင်ထားခဲ့ရဦးမှာပါ။

သေခြင်းနဲ့ ရှင်သန်ခြင်းရဲ့ကြားမှာ အဓိပ္ပာယ် ဘယ်လိုဖွင့်ကြမလဲဆိုတာတော့ နေထိုင်ရှင်သန်နေဆဲ လူတွေပေါ်မှာပဲ မူတည်မယ်လို့ ထင်ပါတယ်။ ရှင်သန်လှုပ်ရှားနေခြင်းဟာ အရေးကြီးသလို သေဖို့အတွက်လည်း ကျမတို့ ပြင်ဆင်ကြရပါဦးမယ်။ ဒီလိုပါပဲ။ ချော်လဲလိုက်၊ ရောထိုင်လိုက်၊ ပြန်ထ လိုက်၊ ဆက်လျှောက်လိုက်နဲ့ပဲ သံသရာနွံကြီးထဲ အောက်ခြေအဆုံးထိ နစ်မသွားအောင်တော့ ရသလောက်တော့ လှုပ်ရှားနေကြရဦးမှာပါပဲ။ ဘယ်ကလာမှန်းလဲ မသိ၊ ဘယ်ကို သွားရမယ်မှန်းလဲ မသိ၊ မသိဘူးလားဆိုတော့ သိနေပါတယ်။ သိသလားဆိုတော့လည်း မသိပြန်ဘူး တဲ့။ အဲဒါ ကျမတို့ လူသားတွေ ပါပဲ။

Comments

Sonata Cantata said…
ယုတ်စွအဆုံး ကိုယ့်ဟာလို့ ထင်တဲ့ ကိုယ့်ခန္ဓာကိုယ်ကြီးတောင်ထားခဲ့ရဦးမှာပါ။
အခြားတစ်နေရာမှာ ဖတ်ဖူးတာလေးနဲ့ ဆက်စပ်လိုက်ပါတယ်။
အဆုံးစွန်ဆုံးလူတိုင်းဟာသေခါနီးအချိန်မှာ မိသားစုနဲ့ ခွဲခွာနိုင်ဖို့၊ ကိုယ့်ကိုယ်ကို စွန့်လွှတ်နိုင်ဖို့ ကြိုးစားကြရတယ်။http://o-way.blogspot.com/2008/03/blog-post_05.html
tg.nwai said…
အချိန်ပေးဖတ်သွားတဲ့အတွက် ကျေးဇူးပါ သီတာရေ။ ပေးခဲ့တဲ့ link ကိုလည်း သွားဖတ်ဖြစ်ပါတယ်။

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...