Skip to main content

ကျမ မမြင်ချင်တော့သော ..... (၂)

ပြောချင်နေခဲ့တာ ကြာပါပြီ။ မနေ့က ဧရာဝတီစာမျက်နှာမှာ မမွှေးနိုင်သော ညမွှေးပန်းကလေးများ ဆိုတဲ့ သတင်းဆောင်းပါးကို ဖတ်လိုက်ရတော့......ကျမ မမြင်ချင်တော့သော...အပိုင်း(၂) အဖြစ်နဲ့ ရေးဖြစ်သွားခဲ့ပါတယ်။ ကျမအနေနဲ့  ကျမနေထိုင်သွားလာနေတဲ့ အသိုင်းအ၀ိုင်းကွက်ကွက်ကလေးပေမယ့် မြင်သလောက်လေးနဲ့တင် ရင်ထဲ မကောင်းပါဘူး။ ဧရာဝတီဆောင်းပါးရှင်လိုတော့ ကျမ ထဲထဲဝင်ဝင်မလေ့လာခဲ့ဖူးပါဘူး။ ဆရာမ မိုးမိုး (အင်းလျား)၊ ဆရာမ နုနုရည် (အင်းဝ)  တို့ကို အားကျပေမယ့် ရင်ထဲ တင်းကျပ်လာတာကို ဖြေလျော့ချင်ရုံ သက်သက်ကိုပဲ မနေနိုင်လွန်းလို့ စာရေးဖြစ်နေတာပါ။

ကျမအရင်ကတော့ သူတို့လေးတွေကို သတိမထားမိခဲ့ဘူး။ နောက်ပိုင်း ည ရ-နာရီ ၈-နာရီလောက်ဆိုရင် လမ်းဘေးမှာ ၂-ယောက် သုံးယောက် ရပ်နေတာ တွေ့တွေ့မိတော့ ညဖက်ကြီး ဒီလို အ၀တ်အစားမျိုးတွေဝတ်ပြီး ထွက်တယ်ဆိုတော့ နဲနဲ ထူးဆန်းတာပေါ့။ ကာရာအိုကေဆိုင် ဘီယာဆိုင်တွေ ခေတ်စားလာတော့ သီချင်းဆိုကောင်းတဲ့ မိန်းကလေးတွေ၊ အဆိုမကောင်းလည်း လှလှပပ ၀တ်စားပြီး အကလေးနဲ့ တွဲတော့ ကြည့်လို့တော့ အကောင်းသား။ နောက်တော့ အဲဒီလို ပုံစံမျိုးနဲ့ အမျိုးသမီးငယ်တွေ လမ်းဘေးမှာ ကားစောင့်နေတတ်တယ်။ အမျိုးသားက အဲဒါ အဲဒီလိုဆိုမှ ကျမလည်း သဘောပေါက်သွားပြီး သူတို့ကို ကရုတစိုက် သတိထားဖြစ်ပါတယ်။ အဲဒီတုန်းက ရှိနေတတ်ပေမယ့် တနေရာ၊ နှစ်နေရာလောက်မှာပဲ....မှောင်ရိပ်ခိုလို့ပေါ့။

နာဂစ်ပြီးတော့ ရုံးနားမှာ ကျမတို့ ရုံးပြန်ချိန် ၆နာရီလောက်ဆို အဲဒီအမျိုးသမီးကြီးရောက်နေပါပြီ။ ပလက်ဖောင်းပေါ်မှာ မတ်တပ်ရပ်ပြီး ဖြတ်သွားသမျှ ကားမောင်းတဲ့ သူတွေကို ပြုံးစေ့စေ့ မျက်နှာပေးနဲ့ လှမ်းလှမ်းကြည့်လို့။ အသက် လေးဆယ်ကျော်၊ ငါးဆယ်နီးပါး အရွယ် ပုခုံးလောက်ရှိတဲ့ ဆံပင်ကောက်ကောက်ပွပွနဲ့ သတိထားမိချင်စရာ အကျီင်္ အနီရဲရဲကို ဒူးခေါင်းကျော်ရုံ အနက်ရောင် စကတ်တိုတိုနဲ့။ တစ်ရက်မဟုတ်၊ ၂-ရက်၊ ၃-၄ ရက်ကြာတော့ ကျမ အမျိုးသားကို ပြောမိတယ်။ အမြဲတမ်း အဲဒီယူနီဖောင်းနဲ့ပဲ အမြဲတွေ့နေရတာကိုး။ ကျမပြောတော့ ကျမအမျိုးသားက ကားဖြတ်ကျော်သွားတဲ့ အချိန်မှာ စောင်းငဲ့ကြည့်လိုက်တော့။ ကျမ အသဲယားသွားတယ်။ မကြည့်နဲ့လေ။ ကြောက်စရာကြီး။ ဟုတ်တယ်။ ကျမကတော့ ကြောက်တယ်။ မိုးရွာတဲ့ ညနေခင်းတွေမှာလည်း ထီးဆောင်းပြီး အဲဒီပလက်ဖောင်းပေါ်မှာ မတ်တပ်ရပ်ရင်းစောင့်နေတာပဲ။ တခါတလေ ကျမတို့ ညနေရုံးအပြန် ၅နာရီခွဲလောက်မှာ မြင်ခဲ့ရတဲ့သူမ၊ ကျမတို့ ဟိုဟိုသည်သည်လျှောက်သွားပြီး အိမ်အပြန် ည-၉နာရီလောက်အထိ သူမ ရပ်နေဆဲလည်း ဖြစ်နေတတ်ပါတယ်။ အဲဒီအခါမျိုးဆို ဟယ် အဖေရယ် ခုထိရှိနေတုန်းပဲတော့ ဆိုပြီး ကျမတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သက်ပြင်းချခဲ့ဖူးပါတယ်။ အမျိုးသားကတော့ ဒီအရွယ်နဲ့ဆို သူကိုယ်တိုင်အလုပ်လုပ်တာတော့ မဟုတ်လောက်ဘူးလို့ သူ့အထင်ကို ပြောပါတယ်။ နောက်သိပ်မကြာခင်မှာပဲ သူမနဲ့ မလှမ်းမကမ်းမှာ ၂-ယောက်တွဲ၊ ၃-ယောက်တွဲ အမျိုးသမီးငယ်လေးတွေ နှစ်စု၊ သုံးစုလောက် တွေ့လိုက်ရပါတယ်။ တခါတလေ ကောင်လေးတွေ တစ်စုကလည်း ရစ်သီ ရစ်သီနဲ့ပေါ့။ နာဂစ်အလွန် ၃ပတ်ကျော်လောက်မှာတော့ သူတို့လေးတွေ တခဏမျှ မျက်စိအောက်က ပျောက်သွားပါတယ်။ အဲဒီတလောက လုံခြုံရေးတွေ ချထားလို့များ သူတို့လေးတွေကို ဆွဲသွားလို့လား။ အဲလိုဆို သူတို့ ဘယ်မှာ ဈေးဖွင့်နေကြမှာလဲ။  အဆင်ပြေသွားကြတာလား ဘာသာ အတွေးပိုနေခဲ့ရပါတယ်။ ကျမလည်း အဝေးကနေပဲ ဟိုတွေး သည်တွေးပေါ့။ သူတို့တွေရဲ့ ၀န်ဆောင်ခက ဘယ်လောက်လောက် ယူသလဲဆိုတာလည်း ကျမက သိချင်သေးတယ်။ အမျိုးသားက အဲလိုဆို ခင်ဗျားခေါင်းငုံ့နေလိုက်၊ ကျုပ်မေးကြည့်ပေးမယ်ဆိုတော့လည်း ဟယ် မဟုတ်တာ။ မလုပ်ပါနဲ့။ ကျမ လန့်တာလည်းပါတယ်။ သူတို့တွေကို မိန်းမချင်း အားနာတာလည်း ပါတယ်လေ။ အမျိုးသားကတော့ ငါလည်း သေသေချာချာမသိဘူးတဲ့။ အင်းလေ...။ သူက ဈေးသိနေရင် ကျမနဲ့ ကွိုင်မှာပေါ့နော့။ ကျမသိချင်တာက ဘယ်လောက်ရလို့ ဒီအလုပ်ကို သူတို့လုပ်နေရတာလဲ။ တခြားအလုပ်မရှိကြတော့တာလား။ ဘယ်အရာတွေကများက သူတို့ကို ဒီအလုပ်လုပ်ဖြစ်အောင် တွန်းပို့ခဲ့ရတာလဲ။ ငွေရှာရတာ သိပ်ခက်ခဲပင်ပန်းနေကြလို့များလား။ ခက်ခဲတာတော့ အမှန်ပါပဲ၊ ဈေးနှုန်းတွေ အဆမတန်ခုန်တက်သွားတယ်။ တလတလ အသုံးစရိတ်တွေကြည့်ပြီးတိုင်း၊ တခါတခါ စားသောက်ပြီးလို့ ဘီလ်ကြည့်ရတိုင်း၊ ၀ယ်နေကျ ပစ္စည်းတွေကို ၀ယ်ပြီး cashier မှာ ငွေရှင်းရတိုင်း၊ မညည်းဘူး၊ မညည်းဘူးလို့ ကိုယ့်ကိုကိုယ် အားပေးနေပေမယ့် အသွားဖောင်းဖောင်း အပြန် လျော့ရဲရဲဖြစ်နေတတ်တဲ့ ပိုက်ဆံအိတ်လိုပဲ ကိုယ်လည်းပဲ လျော့ရဲရဲတော့ ဖြစ်မိပါရဲ.။

ဒါမျိုးတွေ ခုမှ ရှိနေတာမဟုတ်ပါဘူး ဆိုတာ ကျမသိပါတယ်လေ။ ဘုရားခေတ်ကထဲက ဇာတ်လမ်းတွေမှာ၊ ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား မိသိန်းကြည် အစရှိတဲ့ ရုပ်ရှင်တွေ၊ ခေတ်အဆက်ဆက် ရေးလာခဲ့ကြတဲ့ စာတွေမှာ တွေ့ခဲ့ရဖူးပါတယ်။ ဒါပေမယ့် ညဥ့်ငှက်လေးတွေ နေ့ခင်းကြောင်တောင်ကြီးတောင် အထွက်များလာရတာ ကောင်းတဲ့ လက္ခဏာ မဟုတ်တာတော့ အသေအချာပါပဲ။ စားဝတ်နေရေး မပြေလည်ကြလို့လား၊ ပိုက်ဆံအရလွယ်လို့လား၊ ရင်းနှီးစရာ ကုန်ပစ္စည်း ဒီတစ်ခုပဲ ကျန်တော့လို့လား၊ ကိုယ့်ဝမ်းကိုယ်ရှာစားနေရတာပဲလား၊ မှီခိုနေတဲ့သူတွေ နပ်မှန်ဖို့အတွက်ပဲလား၊ မိအိုဖအိုတွေအတွက် ကြီးမားလှတဲ့ နေ၊နာစရိတ်အတွက် သူတို့လေးတွေကိုပဲ အားပြုနေရလို့ပဲလား၊ ပေါ့ပေါ့ပါးပါးပြုံး လှလှပပ ခေတ်မီတဲ့ စတိုင်အသစ်နဲ့ အ၀တ်အစားလေးတွေ ၀တ်ပြီး ရပ်လာတဲ့ ကားဘေးနားမှာ ဈေးစကားတွေ ပြောနေကြတာ..... သူတို့ရင်ထဲ ဘယ်လိုရှိမယ် လှမ်းတော့ကြည့်ချင်မိရဲ.လေ။

ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား၊ ကုန်ဈေးနုန်းတွေကြောင့်လား၊ မရှောင်လွှဲနိုင်တဲ့ ကံကြမ္မာတွေကြောင့်ပဲလား။ အဲဒါတွေက ဘာအတွက် နိမိတ် သင်္ကေတ တွေလဲ။ ဒါတွေရဲ. နောက်ဆက်တွဲ ပြဿနာ တွေ ဘာတွေ ရှိနေသေးသလဲ။ ကျမတို့တွေ တိုးတက်နေတာလား၊ ဆုတ်ယုတ်နေတာလား၊ တိုးတက်ခြင်းနဲ့ ဒွန်တွဲနေတဲ့ ဆုတ်ယုတ်ခြင်း ပုံနိမိတ်တွေပဲလား။ ဘာကြောင့်ပဲ ဖြစ်ဖြစ်လေ အဲဒီမြင်ကွင်းမျိုးတွေကိုတော့ဖြင့် ကျမ မမြင်ချင်တော့ပါဘူး။  မျက်စိကို မှိတ်၊ ခေါင်းကို လွှဲရုံပဲ ကျမ တတ်နိုင်မှာလား.....။


Comments

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...