(၂)
သံသာရေ သံသရန္တာနံ
သဗ္ဗဒုက္ခ ၀ိနာသနေ
နံနက် အုန်းမောင်းခေါက်သံ ကြားရပြီဆိုလျှင် အိပ်ရာမှ ထကြသည်။ တစ်ယောက်တစ်ခန်းစီ အိပ်ကြသဖြင့် ဦးအောင် နိုးသူက တစ်ဖက်ခန်းကို လှမ်းအော်၍ နှိုးသည်။ ပြီးတော့… ဘုရားစင်ဘက် မျက်နှာပြု လက်အုပ်ချီပြီး ပြိုင်တူ ရွတ်ဆိုကြတော့သည်။
အသက်တွေက ကိုးဆယ်နား ချဉ်းကပ်နေပြီ ဖြစ်သဖြင့် ရွတ်ဆိုနေရင်း လေဆက် ပြတ်ပြတ်သွားတတ်သည်။ ထိုအခါ တစ်ယောက်က စောင့်နေတတ်၏။ တစ်ခါတစ်ခါတော့ တစ်ယောက်ယောက် အသံရပ်သွားလျှင်…
အဘိုးကြီး… ဘာဖြစ်လို့ ရပ်သွားပြန်တာတုန်း….
ကျုပ် မေ့သွားလို့ ဗျ…
သံဝတ္တန္တိ အဘိညာထ လေ…
အေး.. အေး…. ဟုတ်ပြီဟေ့… ရပြီ… ကိုင်း…
**********************
နှစ်ဦးစလုံး အသက်ကိုးဆယ်နီးပြီ ဖြစ်သော်လည်း ကျန်းမာရေး ကောင်းကြတုန်း။ ဦးပြားသည် ခုထိ သူ့ဘာသာ ရေဆွဲ၍ ချိုးနိုင်တုန်း ဖြစ်၏။ ဒေါ်သူသည်လည်း ထမင်းနှစ်ပန်းကန်လောက်ကုန်အောင် စားနိုင်တုန်းပင်။
ဆံပင်တွေ အားလုံး ဖြူဖွေးနေကြသော်လည်း သွားတွေက ခိုင်ကြဆဲရှိ၏။ တစ်ခါတစ်ခါ သတိမေ့တတ်တာတော့ ရှိ၏။
ဦးပြားသည် ဘုရားရှိခိုးပြီးသည်နှင့် ခြံဝန်းထဲမှ တံမြက်စည်းလှည်းသည်။ ဒေါ်သူက ပန်းပင်တွေ ရေလောင်းသည်။ ထမင်းစားပြီးလျှင် ဦးပြားက အပြင်ထွက် လမ်းလျှောက်တတ်သည်။
ဒေါ်သူကတော့ ခြံဝန်းထဲမှာပင် ပုတီးစိပ်ရင်း လျှောက်တတ်၏။ ဒေါ်သူသည် ခုထိ ရေချိုးပြီးတိုင်း နံ့သာဖြူကို ခြေဆုံးခေါင်းဆုံး လိမ်းလေ့ရှိတုန်းပင် ဖြစ်၏။ နေ့လည် တမှေးမှေးပြီး နိုးလျှင် လက်ဖက်တစ်ပန်းကန်၊ ရေနွေးကြမ်း တစ်အိုးနှင့် စားသောက်ကြရင်း တရားစာအုပ်တစ်အုပ်ကို တစ်ယောက်တစ်လှည့်စီ ဖတ်ပြကြသည်။
ဒေါ်သူသည် အရင်က စာမတတ်ခဲ့ချေ။ အသက်ငါးဆယ်ကျော်သော အခါတွင်မှ တရားစာအုပ်များ ဖတ်ချင်သောကြောင့် သမီးမနှင်းလှိုင်ထံမှ စာသင်ယူခဲ့ခြင်းဖြစ်၏။ စာသင်ရာတွင် က ခ မှ စ၍ စနစ်တကျ သင်ခြင်းမဟုတ်။ ဘုရားစာအုပ်ထဲမှ စာသားများကို မနှင်းလှိုင်က နှုတ်တိုက်ချပေးရသည်။ ဒေါ်သူက လိုက်ဆိုရင်း စာလုံးများကို မှတ်ခြင်း ဖြစ်၏။
“အရမ်းကာရော… ဤကိုယ်သည်…”
“အရမ်းကာရော… ဤကိုယ်သည်…”
သို့ဖြင့် ဒေါ်သူ စာတတ်ခဲ့သည်။ နောက်ပိုင်းတွင် သူကတောင် မနှင်းလှိုင်ကို ပြန်ရှင်းပြနိုင်လာခဲ့သည်။
ဦးပြားနှင့် ဒေါ်သူတို့သည် ဥပုသ်ဇရပ်ကလေးတစ်ဆောင် ဆောက်လုပ်လှူဒါန်းထားသည်။ ဥပုသ်နေ့တိုင်း သူတို့လည်း မြေးနှစ်ယောက်ကို လက်ဆွဲပြီး သွားလေ့ရှိ၏။ ဥပုသ်သည်များကို နံနက်စာ ကျွေးသည်။ နေ့လယ်တွင် ဖျော်ရည်တိုက်သည်။ သူတို့လည်း ဥပုသ်သီတင်း ဆောက်တည်သည်။
ကလေးတွေက သူတို့နှင့် ဥပုသ်ဇရပ်လိုက်ရတာကို ပျော်သည်။ ဥပုသ်သည်ကို ကျွေးမွေးသော အချိုပွဲများ၊ ဖျော်ရည်များ စားသောက်ရသောကြောင့် ဖြစ်၏။ ခွေးညိုက ယောကျာင်္းကလေးဖြစ်သဖြင့် အားကစားမက်သည်။ စားသောက်ပြီးလျှင် ပြန်ပြေးလေတော့သည်။
အငယ်မ ချင်းညိုကတော့ ဇရပ်မှာ တစ်နေ့လုံး နေသည်။ လူကြီးတွေ တစ်ရေးတမော အိပ်သည့်အခါ သူလည်း လိုက်အိပ်သည်။ နောက်ပိုင်းကျတော့ သူပါ ဥပုသ်စောင့်ချင်သည် ဆိုသဖြင့် ယောဂီရောင် ထဘီကလေး ချုပ်ပေးရသည်။ တဘက်ကလေးလက်ကတော့ထိုးပြီး ငြိမ်ငြိမ်ကလေးထိုင်၍ ပုတီးစိပ်တတ်သည်။ ဒေါ်သူက သိပ်သဘောကျ၏။
ခွေးညိုကလည်း အားကျမခံ တစ်ခါတစ်ရံ ဥပုသ်လိုက်စောင့်သည်။ ညနေစောင်း၍ ထမင်းဆာလာပြီဆိုလျှင်တော့….
အင်း … ဥပုသ်တစ်ဝက်တောင် ရပြီပဲ… တော်လောက်ပါပြီ အဖေကြီးရာ…
ဆိုပြီး ဥပုသ်ထွက်လေတော့သည်။
ဦးပြားသည် မနက် လမ်းလျှောက်ထွက်မှ ပြန်လာလျှင် ဘိန်းမုန့်များ ၀ယ်လာတတ်သည်။ ချင်းညိုကို တစ်ခု ပေးလိုက်ပြီးနောက် ကျန်ဘိန်းမုန့်များကို ခွေးညိုနှင့်အတူ ခြံထဲက ခုံတန်းလျားလေးမှာ ထိုင်စားသည်။ ထိုအခါ အကြောင်းသိနေကြပြီ ဖြစ်သော ခွေးများနှင့် ကျီးကန်းများ ရောက်ရှိလာတော့သည်။
ကဲ….. ခွေးညိုရေ…. ငါတို့ အလှူ စ ကြစို့ဟေ့…..
ဟု ဦးပြားက အချက်ပေးလိုက်လျှင် ခွေးညို က ဘိန်းမုန့်တစ်ဖဲ့ကို သူ့ပါးစပ်ထဲ ထည့်၍
ခွေးညို တစ်ဖဲ့….
ခွေးများဆီ တစ်ဖဲ့လှမ်းပစ်၍
ခွေးတွေ တစ်ဖဲ့….
ကျီးကန်းများဆီ တစ်ဖဲ့….။
ဤသည်မှာ သူတို့ မြေးအဘိုး၏ နံနက်တိုင်း ပြုနေကျ အလှူပင်တည်း။
ဦးပြားက တစ်ခန်း၊ ဒေါ်သူက တစ်ခန်း၊ ကပ်လျက်မှာ ကိုစံမင်း၊ မနှင်းလှိုင်နှင့် ကလေးများ အိပ်သောအခန်း ရှိသည်။ ညအိပ်ရာဝင်ကာနီးလျှင် ဒေါ်သူသည် တစ်ဘက်ခန်းရှိ မြေးများနှင့် အမေးအဖြေ လုပ်လေ့ရှိ၏။
ချင်းညိုလေး…
ရှင်…
လောကကြီး သုံးပါးမှာ ဘာမြင်သလဲ…
အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်ပါတယ်ရှင်….
လိမ္မာလိုက်တဲ့ ကလေး….ကဲ….. ခွေးညိုကလေး…..
ဘာတုန်း အမေကြီးရဲ့…..
လောကကြီး သုံးပါးမှာ ဘာမြင်သလဲ…
ကျွန်တော်ကတော့ ခြင်ထောင်ပဲ မြင်တယ်….. အမေကြီး..
ဟယ်…. ဒီကောင်လေး ရွှတ်တွတ်တွတ်နဲ့….
ဟုတ်တယ်လေ.. ခြင်ထောင်ထဲ ရောက်နေတဲ့ဟာ…. ဟော… ဟော… ခုဆိုရင် ဘာမှတောင် မမြင်ရတော့ဘူး… အမေကြီးရေ… အမေက မှန်အိမ်ငြိမ်းလိုက်ပြီဗျ….
ဦးပြားကမူ တစ်ဘက်ခန်းမှ တဟားဟားရယ်ရင်း…
ခွေးညိုရေ… မနက်ကျရင် တို့မြေးအဘိုး ခွေးတွေ ကျီးတွေ အလှူလုပ်ကြစို့နော်…ဟုတ်ကဲ့ အဖေကြီး
************************
အဘွားကြီး… မနိုးသေးဘူးလား….ထတော့လေ…. ဘုရားရှိခိုးရအောင်….
ဦးပြားက ခေါ်သည်။
ကျုပ်နိုးနေပြီတော့်… အုံးမောင်းတောင် မခေါက်သေးဘူး… အစောကြီး ရှိသေးတယ်….
ဘုရားရှိခိုးတာပဲဗျာ…. ဘယ်အချိန်ဖြစ်ဖြစ်ပေါ့….. စောတယ် နောက်ကျတယ် ရှိသေးလို့လား….
တော်တော်လောတဲ့ အဘိုးကြီးပဲ….ကဲ….ကဲ…. ရှိခိုးချင်လှရင်လည်း ရှိခိုးကြစို့….။
ဘုရားရှိခိုးကြရင်းက ဦးပြားရဲ့ အသံ ရပ်သွားသည်။
အဘိုးကြီး…. ဘာဖြစ်လို့ ရပ်သွားပြန်ရတုန်းတော့်…
ဦးပြားက မဖြေ။
သြော်…ဒီအဘိုးကြီး မေ့နေပြန်ပြီ ထင်တယ်…. မောဂ္ဂနဉ္ဇလေ….
ဦးပြားထံမှ ဘာသံမှ ထွက်မလာ။
ခက်တဲ့ အဘိုးကြီးပဲ… ဒီမှာတော့ အဘိုးကြီးပြန်များ အိပ်ပျော်နေသလား…
ခေါ်မရသောအခါ ဒေါ်သူက ဦးပြားအခန်းသို့ ကူး၍ ကြည့်သည်။
ဦးပြားသည် ဒူးတုပ် လက်အုပ်ချီလျှက်…. ၊ ဒေါ်သူ အနားကပ်သွားသည်။
အဘိုးကြီး….
ဦးပြား ပုခုံးကို ကိုင်လှုပ်သည်။ မနိုးတော့။ လုံးဝပြန်မနိုးတော့။
သြော်… တော်က ကျုပ်ကို မပြောဘဲ တိတ်တိတ်ကလေး ထွက်သွားတာကိုး…
ဟု ဒေါ်သူက ခပ်အေးအေး ပြောလိုက်၏။************************
ဦးပြား၏ အသုဘမှာ အလွန်စည်ကားသည်။ တစ်နယ်တစ်ကျေး ဆွေမျိုးတွေပါ စုံအောင် စောင့်သဖြင့် ငါးရက်ထားရသည်။ အနံ့အသက် လုံးဝမထွက်။ တခြားလူတွေ ငိုကြွေးကြသော်လည်း ဒေါ်သူက လုံးဝ မငိုချေ။
အဘိုးကြီးတော့ ၀ဋ်ကျွတ်သွားပြီ… ငါကသာ နောက်ကျကျန်နေခဲ့တာ….
ဟု မတုန်မလှုပ် ပြောသည်။ ပူဆွေး ၀မ်းနည်းနေသော သမီး မနှင်းလှိုင်ကိုပင်…။
ဟဲ့… ဒါ ၀မ်းနည်းစရာ မလိုဘူး…. လူဆိုတာ မွေးလာကတည်းက တစ်နေ့သေရမယ်ဆိုတာ ကြိမ်းသေနေတဲ့ကိစ္စပဲ…. မသေချင်ရင် အစကတည်းက မွေးမလာတာ အကောင်းဆုံးပဲ… မွေးလာတယ်…ပြီးတော့ သေသွားတယ်ဆိုတာ နွေရာသီပြီးတော့ မိုးရာသီလာတယ်ဆိုတဲ့ သဘောလောက်ပါကွယ်…
ဟုနှစ်သိမ့်လိုက်လေသည်။
ဦးပြားကွယ်လွန်ပြီးနောက် ဒေါ်သူတစ်ယောက်တည်း မနက် မနက် ဘုရားရှိခိုးသည်။ တစ်ခါတစ်ခါတော့လည်း…
အဘိုးကြီး ထတော့လေ… ဘုရားရှိခိုးရအောင်….
ဟု သတိမေ့ပြီး ခေါ်တတ်၏။ သမီးမနှင်းလှိုင်က သတိပေးရသည်။
အမေ… အဖေက မရှိတော့ဘူးလေ….
သြော်…. အေး… အေး…. ဟုတ်ပေသားပဲ… ငါ့နှယ်နော်…. အသက်ကကြီးတော့ မေ့တတ်လိုက်တာ လွန်ပါရော… တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ရှိနေတယ် ဆိုတာတောင် မေ့နေတတ်တယ်….
နောက် လေးငါးရက်နေသောအခါ ဒေါ်သူသည် ဦးပြားကွယ်လွန်သွားပြီ ဖြစ်ကြောင်း မေ့သွားပြန်လေသည်။
အဘိုးကြီး… ထတော့လေ…ဘုရားရှိခိုးရအောင်…
အမေကလည်း… အဖေ မရှိတော့ဘူးလေ…..
မနှင်းလှိုင်က သတိပေးရပြန်သည်။
သြော်.. …အေး….ဟုတ်ပေသားပဲ… ငါကလည်း တမေ့တည်း မေ့နေတာကိုး… အဘိုးကြီး
ရှိနေတယ်မှတ်ပြီး စိတ်အေးလက်အေး နေမိတယ်… သူကတော့ ငါ့ကို မျှော်နေတော့မှာပဲ…
နောက်တနေ့ နံနက်တွင် ဒေါ်သူသည် ဘုရားရှိခိုးနေရင်းက အသံတိတ်သွားသည်။ မနှင်းလှိုင်က ကိုစံမင်းကို နှိုးပြီး အခန်းထဲ ၀င်ကြည့်ကြသောအခါ….
ဦးပြားကဲ့သို့ပင် ဒူးတုပ်လက်အုပ်ချီရင်း အသက်ကုန်နေသော ဒေါ်သူ့ကို တွေ့လိုက်ကြရလေသည်။
ဒေါ်သူ၏ အသုဘတွင် မနှင်းလှိုင် မငိုဖြစ်တော့ချေ။
Comments