Skip to main content

ရွှေခဲ ပေးခဲ့တဲ့ သင်ခန်းစာ

ဟိုတနေ့က ရွှေခဲ လှောင်အိမ်တံခါးကို ဖွင့်ပြီး ပျံထွက်သွားပါပြီ..။

သူ့ကို ဖေဖေတို့ ခရီးထွက်ခဲ့တဲ့ နယ်မြို့ကလေးတမြို့က ခေါ်လာခဲ့တာပါ။ တောင်ပံတွေဖြတ်ထားလို့ ကောင်းကောင်း မပျံနိုင်ပါဘူး။ ရွှေခဲက လည်တယ်၊ စွာတယ်။ သူ နှုတ်သီးနဲ့ တွေ့ကရာ အကုန်လျှောက်ဆိတ်လို့ မေမေက ဆူပါတယ်။ သူ အမှိုက်တွေ လျှောက်ဖွလို့ ဖေဖေက သူ့ကို လှမ်းအော်နေသံတွေလည်း ကြားနေရတတ်ပါတယ်။ သူ့ကို လှောင်အိမ်က ထုတ်ပေးလိုက်ရင် အပ်ချုပ်စက် အောက်က အတန်းပေါ်တက်နေပါတယ်။ ပန်းသီး အူတိုင်ဆို သိပ်ကြိုက်ပါတယ်။ မေမေကလည်း ရွှေခဲ ကြိုက်တတ်တဲ့ ကီလို မာလကာသီးတွေ ဈေးက ၀ယ်လာပြီး ကျွေးရလေ့ရှိပါတယ်။ အဖိုးအဖွားတွေက မြေးတွေ လာလည်လို့ မုန့်ကျွေးဖို့ မုန့်ဗူး ဖွင့်သံကြားရင် ရောက်တဲ့ နေရာက အပြေးလာပါတယ်။ သူ့ဝေစု ပေးရပါတယ်။ ရောက်ကာစက နိုင်ငံခြားမုန့်တွေ စားရလို့ သဘောတွေ ကျနေပါတယ်။ နောက်ပိုင်း မုန့်တောင်မှ သကြားပါတဲ့မုန့် ခရင်မ်ပါတဲ့မုန့်မှ ရွေးစားပါတော့တယ်။ မုန့်ကို ခြေနဲ့ကိုင်ပြီး အဲဒီ ခရင်မ်တွေ သကြားတွေကို နှုတ်သီးနဲ့ ကော်ပြီးစားတတ်ပါတယ်။ သူ့ကို ဆူရင် တောက် ခေါက်ပါတယ်။ ကျမတို့ကလည်း အထိမခံ စွာလွန်းတဲ့သူကို မခံချင်အောင် စတတ်ပါတယ်။

ကျမ သားကြီးက အဖိုးအဖွားတွေနဲ့ အိပ်တာပါ..။ ရွှေခဲ အနဲအကျဉ်း အသံတွေ လိုက်တု တတ် လုပ်တတ်မှန်း သိပေမယ့် သူ့ကို အချိန်ပေးပြီး မသင်ပေးမိပါဘူး။ ဒါပေမယ့် မမျှော်လင့်ပဲ မိုးဟန်၊ မိုးဟန် နဲ့ သားကြီး နာမယ်တွေ ခေါ်တော့ အကုန်လုံး အံ့အားသင့်ပြီး သားကြီးကတော့ သဘောတွေကျလို့..။ အငယ် နှစ်ယောက်က ရွှေခဲ သူတို့ကို မခေါ်လို့ စိတ်မကောင်းဖြစ်ပြီး တချိန်လုံးခေါ်ခိုင်းနေပေမယ့် တခါမှ မခေါ်ခဲ့ပါဘူး။ သားကြီးကို ဘယ်လောက်တောင် အဖိုးအဖွားတွေ အမေအဖေတွေ တကြော်ကြော် အော်နေရတယ်ဆိုတာ ရွှေခဲတောင် အလွတ်ရလို့...။

နောက်တော့ ရွှေခဲရဲ့ အဖြတ်ခံထားရတဲ့ အတောင်တွေက ပြန်ရှည်လာတော့ အိမ်ထဲမှာပဲ ဟိုပျံ သည်ပျံ ပျံပါတော့တယ်..။ တောင်ပံညှပ်ဖို့ကိုလည်း ဘယ်သူမှ မလုပ်ဝံ့တော့ သူ့ကို လှောင်ချိုင့်ထဲမှာ အထည့်များလာပါတော့တယ်..။ နောက်ပိုင်း ဒီးဒီးဆိုတဲ့ ခွေးတစ်ကောင် အိမ်ထဲရောက်လာတာက စပြီး ရွှေခဲ ပိုအနေကျုံ့လာပါတော့တယ်..။ အကုန်လုံးကလည်း မိုးလင်းက မိုးချုပ် အိမ်မှာ ရှိမနေတတ်တော့ သူ့ကို ထုတ်ရ၊ ထည့်ရတာကို မေမေတစ်ယောက်တည်း မလုပ်နိုင်ပါဘူး။ သူ့ခမျာလည်း ညောင်းရှာရော့မယ်..။ ခြေထောက်ကို ဆန့် တောင်ပံကားပြီး တဖျတ်ဖျတ်နဲ့ လှောင်အိမ်တွင်းမှာပဲ လုပ်နေတတ်ရှာပါတယ်။ ကျမတို့လည်း မကြည့်ရက်တော့ လွှတ်လိုက်ဖို့ ပြောတော့လည်း ဖေဖေက အပြင်မှာ မလည်မ၀ယ်နဲ့ သေသွားမှာ စိုး..။

အခုတလော ရွှေခဲ အသံ သိပ်မထွက်တော့ပါဘူး။ အကောင်ကလည်း ကြီးလာ၊ တောင်ပံကလည်း ရှည်လာဆိုတော့ သူ့အိမ်ကလေးက သူ့အတွက် သိပ်ကျဉ်းနေပါလိမ့်မယ်။ တဖျတ်ဖျတ် အသံတွေ ခတ်ပြီး ဆန္ဒပြပေမယ့်လည်း လူတွေက နားညည်းတာကလွဲလို့ သိပ်ကရုမစိုက်ကြပါဘူး။ သိပ်ပြီး အနှောင့်အယှက်ဖြစ်အောင် လုပ်မယ်ဆိုရင်တော့ ရွှေခဲကို တုတ်ပြပြီး ဆူပူ ကြိမ်းမောင်းပါမယ်။ သူ့ လွတ်လပ်ခွင့်ကို တောင်းဆိုလို့မရတော့ပါဘူး..။ သဘောပေါက်လာတဲ့ ရွှေခဲက လှောင်ချိုင့်က တံခါးကို ဖွင့်တတ်အောင် ကြိုးစားနေတတ်ပါတယ်။ သားကြီးက ထွက်သွားမှာစိုးလို့ သေသေချာချာ တံခါးကို ကရုတစိုက်ပိတ်ပါတယ်။ တခါနဲ့မရတော့ နှစ်ခါ၊ နှစ်ခါ မရတော့ အခါခါ။ သူ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲမသိ။ အခုတော့ အောင်မြင် လွတ်မြောက်သွားခဲ့ပါပြီ။

သတ္တ၀ါတွေတောင် ကိုယ့်လွတ်မြောက်မှုကို တောင်းဆို ဆန္ဒပြရုံနဲ့ မရဘူးဆိုတာ သဘောပေါက်ပါသေးတယ်။ အိမ်ကလူတွေကတော့ ရွှေခဲတစ်ကောင် မလည်မ၀ယ်နဲ့ ဒုက္ခရောက်နေမှာ စိုးနေပါတယ်။ ကျမကတော့ ရွှေခဲကို အားပေးပါတယ်။ သွား ရွှေခဲရေ...သွားတော့နော်... ကိုယ့်လွတ်လပ်မှုကို ကိုယ်တိုင် ဖန်တီးယူသွားနိုင်တဲ့အတွက် ၀မ်းသာပါတယ်..။ ရွှေခဲလိုပဲ ကျမတို့လူသားတွေလည်း ကိုယ့်လွတ်မြောက်မှုကို ကိုယ်ဖာသာ ရှာဖွေဖန်တီးယူသင့်ပါတယ်။ နောက်ဆုံး ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အန္တိမလွတ်မြောက်တဲ့ အထိပေါ့...။

Comments

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...