Thursday, August 14, 2008

အမေတစ်ယောက်ရဲ တပိုင်းတစ သံစဉ်...

လွန်ခဲ့တဲ့ ၁၁-နှစ် နံနက် ၅နာရီ ၁၀ မိနစ် တိတိမှာ ကျမ မိခင်ဘ၀ကို စတင်ခဲ့ရပါတယ်။ ပထမဦးဆုံးသားကြီးကို ဗဟန်းမြို့နယ်က UHC မှာ မွေးဖွားခဲ့ပါတယ်။ သားဦးလည်း ဖြစ်၊ အရင်ကတည်းက ကလေးတွေနဲ့ ပတ်သက်တဲ့ အကြားအမြင်ဗဟုသုတလည်း မရှိခဲ့သူမို့ မိဘများရှိတဲ့ ရန်ကုန်ပြန်ပြီး မီးဖွားဖို့ စီစဉ်ခဲ့ရပါတယ်။ ကျမ ကိုယ်ဝန် ၇-လ လောက်မှာ ခွင့်နဲ့ ပြန်လာပါတယ်။ ပထမဦးဆုံးကလေးဆိုတော့ ဗိုက်ထဲက ထွက်သွားရင် ပြီးပြီလို့ ထင်ထားခဲ့တာလေ။ စောင့်နေရတာကြာလို့ မြန်မြန်မွေးစေချင်ပြီလို့ ပြောတော့ အိုဂျီမမ က ရီတယ်။ ခုချိန်နားထားရမှာ။ မွေးပြီးပြီဆိုတာနဲ့ နားရတော့မှာ မဟုတ်ဘူးတဲ့။ အဲဒီတုန်းကတော့ ဘယ်နားလည်မလဲ...။ ဟုတ်ပါ့နော်..။ ခုချိန်ထိကို မနားရသေးတာ။

မွေးခါနီးတော့ အမျိုးသား ပြန်လာတယ်။ ကျမတို့လည်း ဆရာဝန်ချိန်းတဲ့အတိုင်း ညနေ ဆေးခန်းပြသလိုမျိုးပဲ သွားတာ။ ဟိုလည်း ရောက်ရော တခါတည်း တက်ရမယ်ဆိုတော့ ဘာမှ ပါမလာ။ ကျမတို့က နေရစ်ခဲ့ပြီး အိမ်ကလူတွေက ပစ္စည်းတွေ ပြန်သွားသယ်ကြပါတယ်။ သူတို့ကိုစောင့်ရင်း ညနေက တော်တော်စောင်းလာတော့ မဖြစ်သေးဘူးဆိုပြီး ညနေစာ စားဖို့ အပြင်ထွက်လာတာပေါ့လေ... လမ်းထိပ်က restaurant မှာ သွားစားမယ်စိတ်ကူးနဲ့။ နှစ်ယောက်သား အေးအေးဆေးဆေး သဘောတွေကျလို့..။ ရောက်ခါနီးကျမှ အိမ်ကကားနဲ့ တွေ.တာနဲ့ ပြန်လိုက်လာရတယ်။ သူတို့တွေ ယူလာတဲ့ ထမင်းစားပြီးတဲ့ အချိန်က တော်တော်နောက်ကျနေပြီ။ ဟင်းကလည်း မစားရတာကြာနေပြီဖြစ်တဲ့ ကျမအကြိုက် ၀က်သားတုတ်ထိုးနဲ့ ပဲကြီးနှပ်လေ။ ကျမတို့က ဘွတ်ကင်မလုပ်ထားတော့ ညဘက်မှာ အပေါ်ဆုံးထပ်က ခန်းမကျယ်ကြီးထဲမှာ ကျမတို့ နှစ်ယောက်တည်း။ စကားလေးပြောနေရင်းနဲ့ အိပ်ပျော်သွားခါနီးမှာ ကျမ ကုတင်နောက်က အသံကြားလို့ လှည့်ကြည့်လိုက်တော့... အမလေး.. ခွေးကြီး... အယ်လ်ဇေးရှင်းတို့ အင်းခွေးတို့လို ခွေး အကြီးကြီး။ သူက နောက်ကျောခိုင်းအိပ်နေတဲ့ ကျမကို တရှုံ့ရှုံ့နဲ့ အနံ့ခံနေလေရဲ့။ ခွေးမကြောက်တတ်ပေမယ့် ကိုယ်ဝန်ကြီးနဲ့ဆိုတော့ လန့်တာပေါ့။ ကိုယ့်ဘေးမှာ အိပ်ပျော်နေတဲ့ အမျိုးသားကို နှိုးလိုက်တော့ သူက ထကြည့်တယ်။ သူက တခါ တာဝန်ကျဆရာမတွေကို လှမ်းအော်ပါတယ်။ ဆရာမတွေက တခြား ဘက်ကနေ ပေါ်လာတော့ ခွေးက လှမ်းဟောင်တဲ့ အသံကြီးကြောင့် သူတို့ပါ ကြောက်လို့။ ကျမကတော့ လှည့်မကြည့်ရဲဘူးလေ။ ဗိုက်ကို လှမ်းဟပ်လိုက်မှာစိုးလို့။ နောက်တော့ သူ့ဖာသာ မာန်ဖီပြီး ပြန်ထွက်သွားလေရဲ့။ ဆရာမတွေကလည်း ပြောကြတယ်။ အဲလိုမျိုး တခါမှ မဖြစ်ဖူးဘူးတဲ့။ ဒီခွေးကိုလည်း မမြင်ဖူးဘူး။ ဘယ်နှယ်လုပ် ညကြီးသန်းခေါင်မှ အပေါ်ဆုံးခြောက်ထပ်ကို...။ ကျမတို့ကတော့... ပြန်ပြောမိပါတယ်။ ငါ့သားကြီးကတော့ ခွေးတို့ရဲ့ ဆရာကြီး ဖြစ်မှာပဲလို့။ ဟဲဟဲ။

နောက်တနေ့ ခွဲခန်းထဲက အထွက်မှာ မနေ့ညက စားထားခဲ့တာတွေက အစွမ်းပြပါတော့တယ်။ အန်လိုက်တာ... အန်လိုက်တာ။ အိုဂျီကလည်း စိတ်ပူလို့။ ကျမလည်း ခေါင်းတွေကမူး။ နောက် အိပ်ပျော်ပြီးတော့ သက်သာသွားပါတယ်။ ကျမ အိပ်ယာကနိုးတော့ ကျမလက်ကို ကိုင်ပြီး ပရိတ်ရွတ်နေတဲ့ ကျမချစ်ခင်ပွန်း။ အသစ်စက်စက် ဖခင်ပေါ့။ သူ့ကြည့်ရတာ စိတ်ပူနေသလိုပဲ။ ကျမလည်း အကြာကြီး အိပ်ရာပေါ်မှာ မနေဖူးတော့ စိတ်ညစ်၊ ပိုဆိုးတာက ခေါင်းအုံးမပါပဲ အိပ်ရတာ။ ခေါင်းအုံးအုံးချင်တယ်လို့ ယောကျာင်္းကို ဂျီတွေကျ။ သူက ကျမကို ပြန်ချော့ပေါ့။ ဘယ်နှယ့်။ ကျမ အရင်တုန်းက အမျိုးသား တခါတလေ ခေါင်းအုံး မအုံးပဲ အိပ်ရင် သူ့ကို အံ့သြတယ်။ (အဲဒီကစပြီး ကျမလည်း ခေါင်းအုံးမပါလည်း အိပ်လို့ ဖြစ်သွားခဲ့ရတယ်။)
ကျမ ဘယ်လောက်တုံးသလဲ ဆိုရင် ကျမဗိုက်ကို ဘယ်လိုခွဲသလဲ မသိဘူး။ အရင် မေမေ ကိုကို့ကို မွေးတုန်းက ခွဲသလို ဒေါင်လိုက်ခွဲမယ်ထင်ပြီး ကျမမှာ နာလိုက်တာ..။ ကိုင်လည်း မကိုင်ရဲ။ ကိုယ့်အထင်နဲ့ကို နာနေတာလေ။ တကယ်တမ်း ဆရာမ ဆေးလာထည့်တော့မှ ကိုယ့်ကို ခွဲတာ bikini ၀တ်ရင်လည်း ခွဲကြောင်းမပေါ်အောင် ခွဲထားတယ် ဆိုမှ.... အော်... ငါ့နှယ် တလွဲ နာနေတာကိုးလို့ ရယ်ချင်မိသေး။ သိပ်တော့ဖြင့်မရီရဲ.... ဗိုက်ခွဲထားတဲ့ နေရာက အသက်ရှုရင်တောင် နာချင်ချင်ရယ်။

ကျမမှာလည်း နာလို့ကောင်းတုန်းပဲ ရှိသေး။ သားကြီးက ပြဿနာ စပါပြီ။ မွေးကင်းစ အသားဝါ (Neonatal jaundice) ပါ။ နောက် photo therapy ပေးပါတယ်။ ဒါလည်း မရပါဘူး။ ၄-ရက်မြောက်တဲ့နေ့မှာလည်း မသက်သာတော့ အမျိုးသားရဲ့ အစ်မ ဆရာဝန်မက အပြင်တခြားဆေးခန်းရဲ့ ကလေးအထူးကုဆီ လိုက်ပြပါတယ်။ စစ်ကြည့်တော့ အခြေအနေက သိပ်မကောင်း။ ဒါနဲ့ပဲ ကလေးဆေးရုံကြီးကို ခေါ်သွားပါတယ်။ ကျမကတော့ သည်ဆေးခန်းမှာ တစ်ယောက်တည်း စိတ်တွေပူလို့ပေါ့။ အခုချိန်လိုလည်း ဆက်သွယ်ရေးတွေက အဆင်မပြေသေးဘူးလေ။ ကလေးအဖေနဲ့ ရှိသမျှလူအကုန် အဲသည်ရောက်နေကြတာပါပဲ။ နောက် သွေးလဲရမယ်ဆိုပြီး သွေးစစ်ပါတယ်။ စစ်ကြည့်တော့ အေ သွေးဖြစ်နေတော့ ဆရာဝန်ကြီးက သူ့အဖေသွေးနဲ့ အတူတူပဲဆိုတော့ မင်းလှူလိုက်လို့ပြောပါတယ်။ ကံကောင်းချင်တော့ ကလေးကို အသားဝါစစ်တုန်းက သွေးပါ စစ်ထားခဲ့လိုက်မိတာပါ။ အဲဒီမှာတင် အမျိုးသားက မှားနေတယ် ထင်တယ်။ ကလေးက အေဘီသွေးလို့ ပြောတယ်ဆိုတော့မှ ဆရာဝန်ကြီးက သူ့လူတွေကို သေသေချာချာ ထပ်စစ်ခိုင်းပြန်ရပြန်ပါတယ်။ ဟုတ်ပါတယ်။ အဖေ့ အေ နဲ့ အမေ့ ဘီသွေး ပေါင်းထားတဲ့ အေဘီသွေးပိုင်ရှင်ကလေးပါ။ အဲဒီတော့ အမျိုးတော်နေတဲ့ အဲဒီဆရာဝန်ကြီးကပဲ သူ့ရဲ့ အေဘီသွေး ကို ကလေးအတွက် လှူပေးပါတယ်။ သားကြီးရဲ့ အသက်သခင်ကျေးဇူးရှင်ပါပဲ။

ကျမလည်း UHC ကနေ ကလေးဆေးရုံကို ရွှေ့ရပါတယ်။ စည်းကမ်းတင်းကြပ်တဲ့ နေရာဖြစ်လို့ ကလေးအမေကလွဲရင် အပြင်လူ မ၀င်ရပါဘူး။ အမေအသစ်စက်စက်ဖြစ်တဲ့ ကျမကလည်း ဘာမှကြိုတင်ပြင်ဆင်မှု မလုပ်ထားတာဆိုတော့ ကလေးကို ဘယ်လို အနှီးထုပ်ပေးရသလဲ မသိခဲ့ပါဘူး။ ကလေးနို့တိုက်ချိန်မှာ ကလေးကို ထုတ်ပေးပါတယ်။ ကျန်တဲ့အချိန်မှာ အထဲထည့်ထားတာကိုး။ အဲဒီအချိန် ကလေးက မှိန်းနေရင် များများနို့စို့မှ မြန်မြန်နေကောင်းမယ်ဆိုတော့ သူကလေးကို ယားအောင် နားရွက်ပွတ်လိုက် ခြေဖ၀ါးလေးပွတ်လိုက်နဲ့ နှိုးနေရပါတယ်။ ပြီး အနှီးလဲရပြီဆိုရင်တော့ ကျမ စိတ်ညစ်ပေါ့။ ကလေးကတခြား၊ အနှီးက တခြား...။ နောက်ကလေးလည်း သက်သာတော့ အိမ်ပြန်လာကြပါတယ်။ မောလိုက်တဲ့အမော...။ အဲဒီအချိန်ကတည်းက ကိုယ်မှ ပွားလာသော ကိုယ်ပွားလေးတွေကို ကိုယ့်ကိုယ်ကို စောင့်ရှောက်တာထက် ပိုပြီး ကရုစိုက် စောင့်ရှောက်ခဲ့ရတာ ခုထိပါပဲ။

မိခင်မေတ္တာကို မဖော်ကျုးတတ်တဲ့ အမေတစ်ယောက်ရဲ့ သံစဉ်တပိုင်းတစပေါ့။

1 comment:

sonata-cantata said...

့Happy Birthday မိုးဟန်
ဒီအဖေ ဒီအမေ ဒီညီလေး၊ ညီမလေး ဖိုးဖိုးဖွားဖွား မိသားစုနဲ့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၊ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ။

လာမည့် 17th August မှာ ဒီက သားကြီး အောင်ငြိမ်းချမ်း ၁၀နှစ်ပြည့်မှာမို့ post တော့ရေးထားပြီ။