Wednesday, August 20, 2008

ကျမ စိတ်ဓာတ်ကျ စိတ်ညစ်မိတဲ့အခါ..

ကျမ စိတ်ဓာတ်ကျ စိတ်ညစ်မိတဲ့အခါ...

ကျမဘေးနားမှာ ရှိတဲ့လူတွေကို စကားပူတွေ အများကြီးပြောမယ်... ဒါမှ မဟုတ် အေးစက်စွာနဲ့ပဲ တလုံးမှ မပြောပဲ ဆိတ်ဆိတ်နေမယ်....

တယောက်ထဲ နေခွင့်ရှိရင်တော့ ဆရာတော်ကြီးတွေရဲ. အဆုံးအမ စာတိုလေးတွေ၊ ဆရာဖေမြင့်တို့ရဲ့ ကြက်စွပ်ပြုတ်လေးတွေ မြည်းမယ်။ ရင်ထဲတခုခု ကျန်ရစ်ခဲ့မယ့် (လူတွေကို ချစ်တတ်ဖို့) ရသ ၀တ္တုတိုလေးတွေရင်လည်း ဖတ်မယ်။ (အရင်ကလို လုံးချင်းဝတ္ထုဖတ်ဖို့တော့ အချိန်မရှိ။) ပြီး တရားခွေတွေဖွင့်ပြီး တောင်လိုပုံနေတဲ့ အ၀တ်တွေကို တညလုံး မီးပူတိုက်ရင်တိုက်မယ်။ အ၀တ်တွေ တညလုံး လျှော်ချင် လျှော်နေမယ်.. (ညဖက်ကတော့ ကိုယ့်ကိုယ်ပိုင်အချိန်လေ)....သီချင်းအေးအေးလေးတွေဖွင့်ပြီး စိတ်တွေ လွှင့်ထားလိုက်မယ်. ... အင်တာနက် ထဲက motivational poems တွေ အဆိုအမိန့်တွေ သွားဖတ်မယ်၊ ရယ်စရာ ကာတွန်းတွေ ဟာသတွေ လိုက်ဖတ်မယ်...

နောက်ဆုံးတော့... အိပ်ရာပေါ်မှာ ပက်လက်လှန်ပြီး ၀င်လေထွက်လေကို သိနေလိုက်ရင်း တဖြေးဖြေး ငြိမ်းချမ်းစွာ အိပ်ပျော်သွားတတ်ပါတယ်....

လောကနိယာမအရဆိုရင်တော့ ဘယ်ဟာမှ မြဲတဲ့အရာမဟုတ်တာပဲ။ စိတ်ဆိုးတာ၊ စိတ်ဓာတ်ကျတာတွေကို ပိုဆိုးမသွားအောင် ထိန်းပြီး အာရုံကောင်းဘက်လွှဲတင်ပေးလိုက်နိုင်ရင်တော့ အဲဒီစိတ်တွေက အမြစ်တွယ်မနေပဲ ခဏတဖြုတ်နဲ့ ပျောက်သွားမှာပါ။ ခက်တာက ခုချိန်မှာ ကျမက ဒီလိုပြောလို့ဖြစ်နေပေမယ့် တကယ်ဖြစ်တဲ့အချိန်ကျ ဘယ်လိုနေရမှန်းမသိတာ။ တစ်ယောက်တည်းနေမှ ကျင့်လို့ရတဲ့သိုင်းကွက်ပဲ ကျင့်ထားမိတော့ အရှုပ်ထဲမှာတော့ ရှင်းအောင် မနေတတ်သေးပါ..။ ဟဲဟဲ..

No comments: