ဂျီတော့ခ်၊ကျမတို့နှင့် သူငယ်ချင်းများ
ခုတလော မီးတွေကကောင်းနေတော့ ကွန်ပျူတာကို တချိန်လုံးဖွင့်ပြီး အွန်လိုင်းမှာ ရှိနေတတ်ပါတယ်။ အရင်ကတော့ မီးပျက်ရင် လိုင်းပေါ်က ပြုတ်ပြုတ်ကျတာနဲ့၊ ဘက်ထရီကုန်ခါနီးလို့ မြန်မြန်ပြေးဆင်းနေရတာနဲ့ဆိုတော့ လိုင်းပေါ်မှာ တချိန်လုံးရှိမနေနိုင်ပါဘူး။ ခု ရုံးရောက်ရင် ဖွင့်ထားတဲ့စက်.. ရုံးနဲ့ အိမ်နဲ့ အကူးအပြောင်းကြားကာလမှာပဲ သူတို့ခမျာ နားရရှာ။ ကွန်ပျူတာက သုံးလုံး လူက ၅ယောက်ဆိုတော့ သိပ်အဝေမတည့်ချင်။ ကျန်တဲ့နေရာမှာသာ တန်းတူ အခွင့်အရေး။ ကွန်ပျူတာကိုင်ရင်တော့ အားနည်းသူ ဖြစ်သွားတဲ့ မိန်းမသား ကျမတို့ နှစ်ယောက် က စက် -၂ လုံးကို ယူလိုက်ပါလေရော...။ ကျမကတော့ လူတွေနဲ့ မျက်နှာချင်းမဆိုင်ချင်သလောက် ကွန်ပျူတာနဲ့တော့ မျက်နှာကို မလွှဲနိုင်။ ကျန်တဲ့စက်တစ်လုံးက ကလေးနှစ်ယောက်နဲ့ အဖေ တလှည့်စီကိုင်ကြပါတယ်။ သားငယ်ကတော့ အဖေ့လက် ကွန်ပျူတာ ကီးဘုတ်က ခွာလိုက်တာနဲ့၊ ခဏတဖြုတ်ထ သွားလိုက်တာနဲ့ သူ နေရာလုပြီးသား။ တခါတလေ အဖေ က ရိုက်တဲ့စာတွေ ကို သူက back space နဲ့ပြန်ဖျက်၊ ဒါမှ မဟုတ် Enter key ကိုနှိပ်ပြီး နှောင့်ယှက်လိုက်နဲ့ပေါ့။ အဖေကလည်း အလုပ်လုပ်တဲ့အချိန်ကလွဲရင် စိတ်မဆိုးတတ်သူမို. နောက်ဆုံးမတော့ သူပဲ ဖယ်ပေးရတာ များပါတယ်။ သမီးငယ်ကလည်း အလှကြိုက်၊ ဖက်ရှင်တွေ ကြိုက်တဲ့ သူဆိုတော့ သူ ဘာဂိမ်းတွေ ကစားမလဲဆို... girls games ကို google search မှာ ရှာ။ အဲဒီလင့်ခ်တွေကနေ သူကြိုက်တဲ့ dress-up games တွေ အလှပြင်တဲ့ဂိမ်းတွေ ကစားတတ်ပါတယ်။ တခါတလေ သူ.အကိုလေးနဲ့ဂိမ်းတစ်ခုထဲကို တစ်ယောက်စက်တလုံးစီနဲ့ ဆော့တတ်ပါသေးတယ်။
အဲဒီတော့ စက်တွေမှာ ဂျီတော့ခ်တွေမှာ ကျမတို့တွေ အွန်လိုင်းဖြစ်နေပေမယ့် တကယ်တမ်းကျတော့ ဒီဘက်မှာ ကလေးတွေ ကစားနေကြတာပါ။ တခါတလေ သူငယ်ချင်းတွေက လှမ်းနှုတ်ဆက်တဲ့အခါ သူတို.တွေက ပြန်မဖြေတတ်ကြပါဘူး။ သူတို့ကစားတာအရှိန်ပျက်လို့ မြန်မြန် ပိတ်တတ်ကြပါတယ်။ ၂-ခါ သုံးခါလောက်တက်လာရင်တော့ တွေ.တဲ့စာတွေ ရိုက်ထည့်လိုက်ပါလိမ့်မယ်။ ကိုယ်တွေလည်း မသိဘူးပေါ့။ နောက် သူငယ်ချင်းတွေဆီက ကွန်ပလိန်းတွေလာမှ....။
ဒီတော့ ကလေးတွေကို ပြောပြထားရပါတယ်။ ဘာပဲဖြစ်ဖြစ်... ကိုယ့်နံမယ် ကိုယ်ရိုက်ထည့်ဖို့ပေါ့။ အဲလိုဆိုရင်တော့ တဖက်က သူငယ်ချင်းတွေလည်း အော်.. ကိုင်နေတာ ကလေးတွေကိုးလို့ နားလည်သွားပါမယ်။ တချို.သူငယ်ချင်းတွေကျတော့လည်း ကလေးတွေနဲ့ စကားပြောနေပါသေးတယ်။ သားကြီးဆိုရင်တော့ ပြန်ပြောပါသေးတယ်။ သားငယ်တို့ကတော့ သူတို့နံမယ်ရိုက်ထည့်ပြီးသွားရင် သူတို့တာဝန်ကျေပြီဆိုပြီး ဘာမှ မတုံ.ပြန်တော့ပဲနေပါလိမ့်မယ်။ အမေ အဖေတွေကိုများ ဖေဖေရေ ဂျီတော့ခ်က လာနေတယ်လို့များ ခေါ်မယ်မထင်ပါနဲ့။ ဘယ်ခေါ်ချင်ပါ့မလဲ။ မိဘတွေလက်ထဲ စက်ရောက်သွားရင် သူတို့အလှည့် ဘယ်ဆီသို့မှန်းမှမသိတာ။
ဟိုတနေ့ကတော့ သမီးလေးဘေးမှာ စာအုပ်ဖတ်နေတဲ့ကျမကို သမီးငယ်က မျက်နှာပျက်ပျက်နဲ့ ကွန်ပျူတာကြီး တိုးပေးပါတယ်။ ကျမကြည့်လိုက်တော့ ဂျီတော့ခ်က တက်လာတာကိုး။ ဘာဖြစ်လို့လဲ ဆိုတော့ မေမေပြောတဲ့။ ဒါနဲ့ ကျမလည်း သူငယ်ချင်းနဲ့ စကားနဲနဲပါးပါး ချက်တင်လုပ်ဖြစ်လိုက်ပါတယ်။ သမီးကတော့ အနားကို ပြန်မလာတော့တာပါ။ နောက်တော့မှ ကျမလည်း သဘောပေါက်လိုက်ရပါတော့တယ်။ သူငယ်ချင်းရဲ့ ဂျီတော့ခ်အိုင်ဒီပုံက ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ပုံ ဆိုတော့... သမီးလေးခမျာ အသက်ကြီးကြီးနဲ့ ဖိုးဖိုးကြီးတစ်ယောက် ဖြစ်မယ်လို့ ထင်သွားပြီး လန့်ပြီးထွက်ပြေးသွားတာနဲ့တူပါရဲ.လေ....။ ဒါတောင်....အင်း....။ : )

Comments