Thursday, September 4, 2008

ဆရာစံနှင့် အိုင်စီအက်စ် နှစ်ဦးအမြင်...မှ.... သည်။

ကျမ မာယာမဂ္ဂဇင်းက စာတွေကို ကြုံရင် ကြုံသလို သွားဖတ်တတ်ပါတယ်။ ကျမ ဘလော့ဂ်လေးထဲမှာလည်း blogroll မှာ တင်ထားပါတယ်။ ဘာတွေများ အသစ်တက်သလဲလို့ ကျမကြည့်တတ်ပေမယ့် မာယာက အသစ်တက်လာတော့ ကျမ စက်ကြောင့် မြန်မာစာလုံးတွေက ကပေါက်တိကပေါက်ချာသာ မြင်နေရပါတယ်။ ကိုယ့်အထင် မှန်သမ်းဖတ်နေကြဆိုတော့.. ဆရာဝန်နဲ့ အေအိုင်ဒီအက်စ် နှစ်ဦးအကြောင်းထင်ပါရဲ.ဆိုပြီး ချက်ချင်း သွားမကြည့်ဖြစ်ခဲ့ပါဘူး။ တော်တော်ကြာလို့ တခြားဖတ်စရာတွေလည်း မရှိတော့မှ.. သွားဖတ်လိုက်ပါဦးမယ်လေဆိုပြီး ရောက်သွားပါတယ်။ ကံကောင်းလို့ ဖတ်မိသွားတယ်လို့ပဲ ဆိုရပါမယ်။ ဆရာစံ ရော.. အိုင်စီအက်စ်ရော ပါတယ်ဆိုရင်တော့ ကျမအဖိုးများ ဖြစ်နေမလားဆိုပြီးတော့ပေါ့။ ဖတ်နေရင်းနဲ့ ကျမအမြင်တွေ ၀ါးလာပါတယ်။ စိတ်လှုပ်ရှားလို့ မဟုတ်ပါဘူး။ ကျမရဲ့ ရောဂါဟောင်းပါ။  ပထမ စ စ ချင်း အမြင်တွေ မကြည်လင် ၀ါးလာပါမယ်။ အလင်းရောင်တွေက ပိုပြီး စူးရှလာပါတယ်။ အဲဒီ sign တွေပြပါရက်ကယ်နဲ့ ပါရာစီတမော၊ ဒါမှ မဟုတ် ဘိုင်အိုဂျက်ဆစ် တစ်လုံးလောက် သောက်ပြီး မျက်လုံးကို အနားမပေးလိုက်ဘူးဆိုရင်တော့ ခေါင်းတခြမ်းလုံး ကွဲထွက်မတတ်ကိုက်ခဲပါလိမ့်မယ်။ အခန့်မသင့်ရင် တဝေါ့ဝေါ့နဲ့ အန်ချတတ်ပါသေးတယ်။ ကံကောင်းချင်တော့ ကလေးတွေ ကျောင်းသွားချိန်မို့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်လေး ရလိုက်ပါတယ်။ ဆေးသောက်၊ ရုံးခန်းက မီးတွေအကုန်ပိတ်၊ ဒါတောင် အလင်းရောင်ဒဏ်မခံနိုင်သေးတာနဲ့ ခြုံပုဝါးပါးနဲ့ မျက်လုံးကို စည်းပြီး အိပ်လိုက်ရပါတော့တယ်။ ဒါကြောင့် မနေ့ကထဲကတွေ့ပေမယ့် ပြီးအောင် မဖတ်ဖြစ်ခဲ့တဲ့ စာကို ဒီနေ့တော့ မာယာမဂ္ဂဇင်းက ယူပြီး ကျမ ဘလော့ဂ်ပေါ် တင်ထားလိုက်ပါတယ်။
ကျမကတော့ စာရေးသူကို ကျေးဇူးတင်ပါတယ်။ ကျမအဖိုးဘက်ကို မျှမျှတတ နားလည်စဉ်းစားပေးတဲ့ အတွက်။ လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးကြရပါတယ်။ ကိုယ်ကောင်းတာတွေ အများကြီးလုပ်ခဲ့ပေမယ့် မကောင်းတာလေး တစ်ခုအတွက်ကြောင့် ရှိသမျှ  ပျက်တတ်ကြပါတယ်။ 
ကျမအဖိုးက စာရေးဆရာ သိပ္ပံမောင်ဝ ဆိုတာ သိတတ်တဲ့အရွယ်.. ပြီး စာတွေ စ ဖတ်တတ်တဲ့ အရွယ်က စပြီး ဖိုးဖိုးရဲ့ နှိုက်နှိုက်ချွတ်ချွတ် တို့၊ လွေဇော တို့ အာမိတ်တို့ နဲ့ ကြီးပြင်းခဲ့ရတာပါ။ တနည်းပြောရရင် ကျမ အဖိုးက စာရေးဆရာဖြစ်ခဲ့လို့ကို ကျမတို့ စာဖတ်ဝါသနာ ပါလာခဲ့တာနဲ့ တူပါတယ်။ ဖေဖေက အစိုးရ၀န်ထမ်းဖြစ်လေတော့ နယ်တကာစုံအောင် ပြောင်းရွှေ.နေထိုင်ခဲ့ရပါတယ်။ ရောက်တဲ့နေရာတိုင်းက ၀န်ထမ်းအိမ်ယာတွေက အစွန်အဖျားတွေ၊ သီးသန့်တွေ ဖြစ်တတ်တာ များပါတယ်။ ကျမတို့ အနေနဲ့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေနဲ့ ဒွေးရောယှက်တင် မနေခဲ့ရပါဘူး။ ကိုယ့်မောင်နှမ အချင်းချင်း ခြံဝင်းထဲ၊ အိမ်ထဲမှာ ကစားတာလောက်ပဲ ရှိခဲ့ရပါတယ်။ ကျမနဲ့ကိုကို က တစ်နှစ်သာ ကွာပေမယ့် မတည့်ကြပါဘူး။ ဒီတော့ ကစားချိန်ထက် ရန်ဖြစ်ချိန်ကသာ များနေလို့ နောက်တော့ ရှိတဲ့စာအုပ်တွေသာ ဖတ်ပြီး ကိုယ့်ဘာသာ ကိုယ်နေဖြစ်ခဲ့ကြပါတယ်။ မောင်သန်းနွယ်နှင့် မေသို့ လို့ တပ်ပြီး လူထုဦးလှက ပေးထားတဲ့ တိုင်းရင်းသားပုံပြင်စာအုပ်မျိုးစုံ အပါအ၀င် ဆရာကြီးရွှေဥဒေါင်းရဲ့ ရူပနန္ဒီ၊ ရူပကလျာဏီ တို့ကို အချိန်တွေ ဖြုန်းတဲ့အနေနဲ့ ဖတ်ခဲ့ရပါတယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ .သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်ကိုကျတော့ ကိုယ်ဉာဏ်မီတဲ့နေရာလေးတွေကိုပဲ ကျော်ဖတ်ခဲ့တာ မှတ်မိနေပါသေးတယ်။ ဖိုးဖိုး စာတွေဖတ်ရင်တော့ ခင်သန်းမြင့်ဆိုတာ ကိုယ်သိတဲ့ ကိုယ်အဖွား၊ မောင်မွှေးဆိုတာ ဘဘမွှေး၊ ကျမ အမေက မယ်မွှေးဆိုတော့.......... ကိုယ်သိတဲ့သူတွေ စာအုပ်ထဲပါလို့ သဘောတွေကျတာပေါ့လေ။ နောက် ဖိုးဖိုးစာတွေက လွယ်တော့ ဖတ်လို့ရတာကိုး။ 

ကျမ သိပ္ပံမောင်ဝ ကို အဲဒီလို စတင်ရင်းနှီးခဲ့ပါတယ်။ နောက် ကျမ ဆယ်တန်းနှစ်မှာ မြန်မာစာဆရာမက သိပ္ပံမောင်ဝကို ဗြိတိသျှသစ္စာတော်ခံ ဗျူရိုကရက်ကြီးလို့ ပြောခဲ့တာ အရင်ဆုံးကြားခဲ့ဖူးတာပါ။ဆရာစံက အာဇာနည်သူရဲကောင်းဖြစ်ခဲ့တာကို ကျမတို့ အသိအမှတ်ပြုခဲ့ပြီးတဲ့နောက် ဖိုးဖိုးရေးတဲ့ သူပုန်အငွေ့ကို ဖတ်ပြီး ပဟေဠိဖြစ်ခဲ့ရတယ်။ ဟုတ်တယ်လေ။ ကျမတို့ အဖိုးတွေကို ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးပဲ ဖြစ်စေချင်ခဲ့တာပေါ့။ ဂဠုန်ဦးစော မဖြစ်ခဲ့တာကိုပဲ ကျေးဇူးတင်ရသေးတယ်။ မားမား (ကျမတို့ အဖွား) ပြောတဲ့ ဖိုးဖိုးကတော့ သဘောသိပ်ကောင်းပြီး အင်မတန် စနောက်တတ်တဲ့သူ...တဲ့။ ကျမကတော့ မားမားအလိုကျ မနေတတ်၊ မပြောတတ်တော့ မားမားအချစ်တော် မဖြစ်ခဲ့ရပါဘူး။ ဒီတော့ ဖိုးဖိုးအကြောင်းကို စိတ်လိုလက်ရ မေးထားခဲ့ဖို့ စိတ်လည်းမကူးခဲ့မိလေတော့ ကျမအဖိုးကို စာတွေကနေ တဆင့်ပဲ သိရပါတယ်။


ကျမကတော့ ဒီလို မြင်မိပါတယ်။ လူတွေက ကိုယ်ရောက်တဲ့နေရာကနေပဲ ကြည့်တတ်ခဲ့မှာကိုး။ အိုင်စီအက်စ်မြို့ပိုင်၊ နယ်ပိုင် တစ်ယောက်ရဲ့ အမြင်ဟာ သိပ္ပံကျောင်းသားမောင်မြသွင်အမြင်နဲ့တော့ တူတော့မှာ မဟုတ်ပါဘူး။ သူ့အနေနဲ့တော့ လူတွေကို သနားမယ်၊ မငြိမ်မသက်ဖြစ်တာကို တည်ငြိမ်အေးချမ်းစေချင်ပါလိမ့်မယ်။ သူ့တာဝန်ဝတ္တရားကို ထိခိုက်လာတော့လည်ုး အစိုးရ၀န်ထမ်းတစ်ယောက်အနေနဲ့ ခေါင်းနောက်ခဲ့ရပါလိမ့်မယ်။ အဓိက ကတော့ ပြည်သူတွေ အေးအေးချမ်းချမ်း နေနိုင်ဖို့ပဲ သူစေတနာရှိခဲ့မယ် ထင်ပါတယ်။ တစ်ခု ကျမတွေ့ရတာက.. ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်လည်း ညီမလေးရယ်..စိုးရိမ်မိတယ် ၀တ္ထုကြောင့် အငြိုအငြင်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဆရာကြီးရဲ့ စေတနာကိုလည်း အလေးမထားလို့ မရပါဘူး။ ကျောင်းဆရာဆိုတာ ကျောင်းသူကျောင်းသားတွေရဲ့ မိဘတွေပါပဲ။ အခု ကျမတို့ ကိုယ့်သားသမီးတွေ အမှန်တရားဘက်မှာ ရပ်တည်ဖို့ထက် သူများရဲ့ အသုံးချခံ မဖြစ်ဖို့၊ မှန်တယ်ဆိုပေမယ့် အခြေအနေ အချိန်အခါအရ နှာစေးသင့်ရင် နှာစေးနေတတ်ရမယ်လို့ ... အလိုလို သင်ပေးနေရတဲ့ အခြေအနေရောက်နေပါတယ်။ ဘာဖြစ်လို့လဲ.... ရှင်းပါတယ်။ အတ္တတွေ ပါလာလို့၊ ကိုယ့်သားသမီးကို ကိုယ်ချစ်လို့။ မယောင်မလည်နဲ့ အချိန်မတန်ခင် ဒုက္ခရောက်မှာ စိုးလို့...။

တဖြေးဖြေး ကိုယ်တွေလည်း အသက်ကလေးရလာတော့ ပြောင်းလဲတတ်တဲ့ လူတွေရဲ့ စိတ်သဘာဝအကြောင်းကို ပိုရိပ်စားမိလာခဲ့ရပါတယ်။ ဘာတွေ ဘယ်လိုပဲ ပြောင်းလဲခဲ့ ပြောင်းလဲခဲ့ပါ။ မြန်မာစာပေကို ချစ်တဲ့ စိတ်နဲ့ တိုးတက်ကြီးပွားစေချင်တဲ့စိတ်... ပြီး စာရေးဆရာတစ်ယောက်ရဲ့ စိတ်ဓာတ်ကတော့ ဖိုးဖိုးအတွက် နောက်ဆုံးအချိန်ထိ ပါသွားခဲ့ရတာပါပဲလေ...။ 


Read this document on Scribd: sayasanandViewsofTwoICS

2 comments:

Thinn Nwe Zin said...

ပုထုဇဉ် တိုင်း အတ္တ မကင်း ပါ..။ အနီးဆုံး သူ ကို သတိယ ပြီး မှ ဝေး တဲ့ သူ ကို အမှတ် ရ တတ် တာ ဓမ္မတာ ပါ..။ တခါတရံ စေတနာ လဲ ဝေဒနာ ဖြစ် တတ် စမြဲ...။

လေးမီ said...

ဒါ research ဘဲ