ဒါက ဘ၀ရဲ့ အမှတ်တရပုံတွေထဲက တစ်ပုံပါ။ ကျမတို့ ပထမနှစ် စာမေးပွဲဖြေခါနီး သူငယ်ချင်းတစ်အုပ် ရွှေတိဂုံဘုရားဖူးရင်းရိုက်ထားခဲ့တဲ့ ပုံလေးပါ။ ပုံထဲမှာ သူငယ်ချင်းနှစ်ယောက် ပါမလာခဲ့ပါဘူး။ စာမေးပွဲနီးလို့ စာခြောက်နေခဲ့တာလား၊ ဒါမှမဟုတ်.. အကြောင်းတစ်ခုခုကြောင့် ကျန်ရစ်ခဲ့တာလားတော့ ခုချိန်မှာ သေသေချာချာ မမှတ်မိတော့ပါဘူး။ အဲဒီသူငယ်ချင်းတွေနဲ့လည်း အစကနေ အဆုံးအထိ တတွဲတွဲတော့ မဖြစ်ခဲ့ရပေမယ့် တစ်ချိန်တုန်းကတော့ လှပခဲ့တဲ့ သဇင်ဆောင်ရဲ့ ညနေခင်းလေးတွေမှာ ပါဝင်ပတ်သက်ဖူးခဲ့ကြပါတယ်။ အခုတော့လည်း တစ်ယောက်တစ်ကွဲစီ.... ပေါ့လေ...။
အင်း.. လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်က ပုံလေးပါ။ အဲဒီထဲက စစ်အင်္ကျိနဲ့တစ်ယောက်။ သူကတော့ စစ်သား၊ စစ်ဗိုလ် ဖြစ်မလာခဲ့ပဲနဲ့ကို ....အားလုံးနဲ့ အဝေးဆုံးအရပ်ဆီ.. သည်တစ်သက် ပြန်မဆုံနိုင်တဲ့ ခရီးကို ထွက်ခွာသွားခဲ့ပါပြီ။ အချိန်တွေလည်း ကြာမြင့်ခဲ့သလို ...ဘ၀တွေလည်း ပြောင်းလဲခဲ့ပေါ့။ အဲဒီတုန်းက အပျော်မျိုးတွေနဲ့လည်း ခုချိန်မှာ ဖြူစင်စွာ မပျော်ရွှင်နိုင်တော့ပါဘူး။ အတ္တစွဲကိုယ်စီ၊ ဘ၀ကိုယ်စီ၊ ခံယူချက်ကိုယ်စီနဲ့ ဘ၀ကို ရှေ့ဆက်လျှောက်နေကြဆဲပါပဲ....။ တချို့ကတော့လည်း မလှမ်းမကမ်းမှာ၊ တချို့ကျတော့လည်း နီးရက်နဲ့ ဝေးနေခဲ့ပြန်ပါတယ်...။ ကျင်လည်တဲ့ အသိုင်းအ၀ိုင်းတွေ ကွာခြားသွားကြသလို ပြောစရာစကားတွေလည်း ရှားပါးသွားခဲ့ကြပါပြီ။ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဘ၀နဲ့ ကိုယ် ရုန်းကန်လှုပ်ရှားရင်းနဲ့ပဲ.. လူ့ဘ၀ကို ခရီးဆက်ရင်း မျိုးဆက်သစ်တွေအတွက် ပြုစုပျိုးထောင်ရင်း....။
အော်.. ကျန်သေးတယ်...မေ့သွားလို့ ။ အဲဒီထဲက နှစ်ယောက်ကတော့ ဘ၀တစ်ခုကို အတူတည်ဆောက်ရင်း၊ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်ကြနဲ့ပဲ..... (အဲဒီအချိန်တုန်းကတော့ သည်လိုတွေ ဖြစ်လာမယ်လို့ ကြိုမသိခဲ့ရပါဘူးလေ....)
Comments