Skip to main content

ကျမ မမြင်ချင်တော့သော အပိုင်း (၃)

ကျမချစ်တဲ့ မြန်မာပြည်မှာ နေတာ စိတ်ညစ်ဖို့ ကောင်းတယ် ဆိုတာ ဒါမျိုးတွေကြောင့်ပေါ့။

ခုလေးပဲ.. အိမ်ရှင်တို့ ဆိုပြီး ခြံတံခါးကို ၀ုန်းဒိုင်း လာကျဲသွားတယ်။ လူတွေကလည်း ရပ်ကွက်လူကြီးလိုလို..၊ အာဏာပိုင်တွေကလိုလို၊ အလိမ်ခံ အညာခံရတာတွေ များလာတော့ အိမ်လာအလှူခံတဲ့ လူတွေဆိုရင် အထဲကနေသာ ချောင်းကြည့်ပြီး အသာငြိမ်နေဖြစ်တာ များတယ်။ ကလေးတွေကတော့ လူလာရင် အပြင်ပြေးထွက်တတ်လို့ သူတို့ကို အမြဲ တားနေရတယ်။ ဘုမသိ ဘမသိ ပြောချင်တာတွေ စွတ်ပြောလိုက်မှာစိုးလို့...။ 

ခုလာတာက လျှပ်စစ်ရုံးကလို့တော့ ပြောတယ်။ ဘာယူနီဖောင်းမှ ၀တ်မလာဘူး။ အိမ်မှာ တပ်ထားတဲ့ မီတာ နှစ်လုံးမှာ တစ်လုံးကတော့ အဖုံးပါတယ်..။ တစ်လုံးကတော့ အဖုံးမပါလို့ လာစစ်ရင် ပြဿနာတက်မယ် ဘာညာပြောတော့ အိမ်ကို ရောက်နေတဲ့ အစ်ကိုက လာပြောတယ်။ သူတို့ကို တပ်ခိုင်းရင် ငါးထောင်ပဲ ပေး။ ခုချက်ချင်း လာတပ်ပေးမယ်တဲ့။ အစ်ကိုဆိုတာကလည်း မလည်မ၀ယ်ရယ်..။ ကျမက ငွေငါးထောင်ကို နှမြောတာမဟုတ်ပေမယ့် အဲဒီလို လုပ်စားတာမျိုးကိုဆို စိတ်ထဲ သိပ်မကျေလည်ဘူး။ ဒါက ကျမရဲ့ သံသယ ပြဿနာ။ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သွားတာမျိုးလည်း မဟုတ်။ ယူနီဖောင်းလည်း မပါ၊ ခြိမ်းခြောက်ပြီး တောင်းဆို အေးဒမြ တိုက်နေတာတွေကို  ကျမတို့ ပြည်သူတွေ ခံရတာ များနေပါပြီ။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေပြီး အိမ်ပေါက်ဝ ဧည့်သည်ရောက်ရင် ရင်ထိတ်နေရတာမျိုး...။ အခုလည်း သီတင်းကျွတ်ခါနီးပြီဆိုတော့ အလှူခံတွေက တယ်ပေါလာတာလည်း ဖြစ်နိုင်ပါတယ်လေ..။

အဲဒါ တစ်နေရာထဲမှာ မဟုတ်တော့ဘူး။ နေရာအနှံ့ပါပဲ။ လုပ်ပိုင်ခွင့်ရှိသူတွေက ကိုယ့်ခွင်ထဲ ရောက်တာနဲ့ လက်မလွတ်စတမ်း၊ ချော့တောင်း၊ ခြောက်တောင်း၊ ညစ်တောင်း.... မြှောက်တောင်း။ ဘာပဲပြောပြော ပေးရတာချင်းအတူတူဆိုရင်တောင် ချိုချိုသာသာနဲ့ ချော့မော့ မြှောက်တောင်းခံရတာ တော်သေးတယ် ထင်တာပါ။ အခုကျတော့ ဟောက်စား၊ ခြောက်စားတွေက များနေပါပြီ။

အစိုးရနဲ့ ပတ်သက်တဲ့ ရုံးတွေသွားဖို့ကိုဆို ကျမ ခြေလှမ်းတွေက နောက်ပြန်သာ ပြေးလိုက်ချင်တော့တာပါပဲ။ အမျိုးသားကတော့ ပြောတယ်။ ဘာမှ မပေးပဲ နေလို့ ရပါတယ်။ ထိုင်သာ စောင့်နေ..။ ကိုယ့်နောက်က လူတွေ ကိုယ့်ကို ကျော်တက်သွားမယ်... ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲ.. သွားမမေးလေနဲ့။ အရေးတယူ ဖြေချင်တဲ့သူ မရှိပါဘူး။ အဲဒီလို ရုံးတွေသွားရင် အမြဲတမ်းပြောင်းနေတဲ့ သူတို့ရုံးတွေရဲ. လုပ်ထုံးလုပ်နည်းတွေ မသိရကောင်းလား အဟောက်တောင်ခံလိုက်ရဦးမယ်။ အဲ.. သိပ်အ နေတဲ့ ပုံပေါက်နေရင်တော့ လိုင်းရှိတယ်.. လိုင်းဝင်ရင် မြန်တယ်ဆိုပြီး သတင်းပေးပါလိမ့်မယ်။  

တခါတခါ ကိုယ်တွေက စောင့်နေတုန်း သူတို့တွေက အရှေ့တည့်တည့်မှာ...။ သူတို့ကတော့ ပြန်ဖို့ ပြင်ဆင်၊ အလှအပတွေ လုပ်၊ ရထားတဲ့ ဝေစုတွေများ ခွဲဝေခြမ်းနေလိုက်ကြတာ.. ရှေ.က လူငုတ်တုတ်တွေကိုတောင်မှ လူရယ်လို့ မသတ်မှတ်တော့သလိုပါပဲ...။ 

ခြတက်နေတာက အောက်ခြေကပဲ စ လာတာလား၊ အိမ်ခေါင်မိုး ထုတ်တန်းတွေကပဲ စပြီးဆင်းလာတာတော့ မသိ။ ကျမတို့ အိမ်ကြီးလည်း တစ်လုံးလုံးကို ခြစားထားလို့ မွနေပါပြီ။ အူမ မတောင့်လို့ သီလ မစောင့်နိုင်ခြင်းလား၊ ကိုယ်ကျင့်သီလဆိုတာ ဒီခေတ်ကြီးထဲမှာ ဆွေးမြေ့နေတဲ့ စကားလုံး ကလီရှေးများ ဖြစ်သွားပြီလားပဲ.. အူချာချာအတွေးတွေနဲ့ပဲ ကျမတစ်ယောက်တည်း အီလည်လည် ကျန်ရစ်ခဲ့ရပါတော့တယ်။

Comments

Sonata Cantata said…
အဲ့ဒိ ရုံးပြင်ကန္နား တွေကတော့ မြန်မာလိုပြောနေတာတောင် သူတို့ပြောတာတွေ တို့နားမလည်လို့ စိတ်ပိန်ခဲ့ရပေါင်းများလှပေါ့။ ပန်းဆိုးတန်းက အခွန်နဲ့ဆိုင်တဲ့ ရုံးတစ်ရုံးမှာ အလှူခံပလတ်စတစ်ခွက်လေးတွေချထားတဲ့ စားပွဲတွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီးမှ အရာရှိရဲ့ စားပွဲရှေ့ရောက်သွားပါတယ်။ တို့ကို နှုတ်ဆက်လိုက်တဲ့စကားက ညီမလေးက ဒီရုံးမှာ အသိရှိလားတဲ့။ တို့လည်း မရှိပါဘူး လို့ ဖြေပြီးမှ သူဘာမေးလို့ ငါဘာဖြေမှန်းမသိပါလား ဆိုတာ ဆက်တွေးမိပြီး ???
tg.nwai said…
ဟုတ်ပါတယ်TDရေ..။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ချမ်းသာစေဖို့ကို မစဉ်းစားနိုင်ပဲ ဘယ်လိုညှစ်မှထွက်မယ် ဆိုတာ စဉ်းစားနေကြတာတော့ ရင်နာစရာပါပဲ။

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

အမွတ္တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။