Skip to main content

သီတင်းကျွတ် အမှတ်တရများ...

သီတင်းကျွတ်ပြီ.......။

ငယ်ငယ်တုန်းကတော့ သီတင်းကျွတ်ရင် မီးထွန်းဖို့.. မီးရှုးမီးပန်းလွှတ်ဖို့ပဲ သိခဲ့တာပေါ့။ မှတ်မှတ်ရရ တစ်ခုသော သီတင်းကျွတ်မှာ အိမ်နားက ဘုန်းကြီးကျောင်းကို ညနေ တရားနာဖို့ မိသားစုတွေ သွားကြပါတယ်။ ညဘက် မှောင်ကြီးထဲမှာ နတ်သားတွေက မီးပုံးလေးတွေ ကိုင်ပြီး ထွက်လာတော့ တအံ့တသြနဲ့.. နတ်သားတွေကို မျက်ဝါးထင်ထင် မြင်ရလို့လေ..။ အဟုတ်ကြီး အောက်မေ့နေခဲ့တာပေါ့။

နောက် ကျမတို့ ငယ်ငယ်က နယ်တွေမှာ သီတင်းကျွတ်ရတာဆိုတော့ နယ်ဓလေ့လေးတွေလည်း ကြုံခဲ့ရဖူးတယ်။ ညဖက်ဆို သူများတွေအိမ်တွေ လမ်းတွေမှာ မီးပုံးမျိုးစုံကို စိတ်ဝင်တစား လိုက်ကြည့်ရတာကိုက သီတင်းကျွတ်ပွဲတော်ရဲ့ ပျော်ရွှင်မှု အရသာတမျိုးပေါ့။ မိဘတွေနဲ့ လိုက်ပြီး လူကြီးမိဘတွေကို လိုက်ကန်တော့တော့ လျှောက်လည်ရတာကိုး။ သဘောကျတာပေါ့။ ပြန်ရတဲ့ မုန့်ဘိုးကလေးတွေကိုလည်း သဘောကျမှာပေါ့လေ။

လွိုင်ကော်လို နယ်မြို့လေး ရောက်ပြန်တော့လည်း ကျမတို့ ဖေဖေက လူကြီးပေါ့..။ ဒီတော့ သူတို့ကို လာကန်တော့ကြတာကလည်း သူတို့ နယ်ဓလေ့လေးတွေကလည်း ချစ်စရာလေးတွေ..။ နောက်ပိုင်း ဖေဖေတို့ အသက်ပိုကြီးလာတော့ (အဲ.. ရာထူးပိုကြီးလာတော့)..ကန်တော့တဲ့ ပစ္စည်းတွေလည်း ပိုတန်ဖိုးရှိကောင်း ရှိလာပေမယ့်.. .အဲဒီအချိန်တုန်းကလို ဖြူစင် သန့်ရှင်း ပြီး ချစ်စရာကောင်းချင်မှ ကောင်းနေမှာပေါ့လေ.. ။

ကျမတို့လည်း သီတင်းကျွတ်လပြည့်နေ့ဆို မောင်နှမတွေ ပြန်စုပြီး မိဘတွေကို ကန်တော့ကြ။ ပြီး ကြီးစဉ် ငယ်လိုက် ကန်တော့ရတော့ ကိုယ့်ကို ကန်တော့ရတဲ့ မောင်လေးကို ဟန်ကြီးပန်ကြီးနဲ့ ဆုပေးရတာကလည်း အရသာကိုး။ ဟဲဟဲ... နောက်ဆုံးကျတော့ မေမေကပဲ မုန့်ဘိုးတွေ သူသိမ်းထားပေးမယ် ဆိုပြီး စာရင်းပဲ ကျန်တော့တာပါပဲ..။ 

အရွယ်ရောက်လာပြန်တော့ သီတင်းကျွတ်ပြီဆိုတာက နောက်အဓိပ္ပာယ်တမျိုး ထွက်လာပြန်တယ်။ အပျိုကြီး လူပျိုကြီးတွေကို ၀ါကျွတ်ပြီနော် လို့ ပြောရင်ကို မကြိုက်ချင်ကြတော့ဘူးလေ။ အတွဲရှိတဲ့သူတွေကလည်း သီတင်းကျွတ်ပြီလို့ သူများတွေက ကျီစယ်ရင်ပဲ မလုံမလဲ...။ ကိုယ့်တာဝန်ပဲ မကျေသလိုလို... အိမ်စာမပြီးသေးတဲ့ ကျောင်းသားလေးလိုလို...။  တော်သေးတာပေါ့။ ကျမတို့ခေတ်ရောက်တော့ အိမ်ထောင်ပြုတာ နောက်ကျလာလို့ ...။ ကိုယ်အိမ်ထောင်ပြုဖြစ်တာကလည်း သူငယ်ချင်းတွေထဲမှာဆို  အစောဆုံးမဟုတ်တောင် နောက်မကျတော့ အဲဒီလို အစ အနောက် မခံလိုက်ရဘူး။ 

နောက် သီတင်းကျွတ်နဲ့ ပတ်သက်ပြီး ရှိသေးတယ် အမှတ်တရလေးတစ်ခု.....

အဲဒီအချိန်က ကျမတို့ ဘန်ကောက်မှာ... “လူချမ်းသာ”ဆိုတဲ့ ရပ်ကွက်ထဲက Townhouse လေးမှာ ငှားနေတုန်းကပေါ့။  ရပ်ကွက်ထဲက လူတွေကလည်း ကိုယ့်အိမ်ရှေ.မှာ မီးရှုးမီးပန်းလွှတ်တဲ့သူတွေက လွှတ်၊ ဗျောက်အိုးဖောက်တဲ့ သူတွေက ဖောက်ပေါ့၊ တချို့ကလည်း အပြင်ထွက်ပြီး သူများတွေ လုပ်နေတာ မော့ကြည့်ကြပေါ့လေ..။  ကျမ သားကြီးက တစ်နှစ်သားအရွယ်... ၀ရန်တာ ထွက်ပြီး မီးရှုး မီးပန်းတွေ ကလေးကို လွှတ်ပြသလိုလိုနဲ့ လူကြီးတွေ ဆော့နေကြတာပေါ့။ 

မီးရှုး မီးပန်းတွေ လွှတ်တုန်းကတော့ အဆင်ပြေလို့။ အဲ.. ရှုးဒိုင်းဆိုပြီး ထွက်သွားတဲ့ ဟာကြီး (ဘာခေါ်သလဲမသိ) ကို အမျိုးသားက မီးလေးတို့ပြီး လွှတ်လိုက်ပါလေရော.. ဟာ..အဲဒီဟာကြီးက အပေါ်မတက်ပဲ အိမ်ရှေ.မျက်စောင်းထိုး နှစ်အိမ်ကျော် အိမ်ထဲကို ၀င်သွားပါလေရော...။ ဖြစ်ချင်တော့ အဲဒီအိမ်ထဲမှာလည်း သားအမိချင်း စကားများနေကြတာလား မသိပါဘူး။ အဲဒီအိမ်က လူရဲ. ခြေထောက်ကြား ၀င်သွားတာ.. အဲဒီလူကလည်း ခြေထောက်ကြီး မြှောက်ပြီး အော်တာပေါ့.. အလိုင်ဝါး... အလိုင်ဝါး နဲ့... (ယိုးဒယားလိုပြောတာ.. မြန်မာလိုဆို.. ဘာတုန်းကွာ..ဘာတုန်းကွာ.. လို့ ဘာသာပြန်ရမယ်ထင်တယ်)..  

ရပ်ကွက်ထဲမှာလည်း ကျမတို့ ဒီဘက်နားက အိမ်နဲ့လည်း ရန်စ ရှိတယ် တူပါရဲ.။ အဲဒီအိမ်ကလူတွေကလည်း အပြင်ထွက် ဆော့နေကြတာကိုး။ အဲဒီမှာတင် အဲဒီလူက ခြံတံခါးဖွင့်ပြီး အပြင်ထွက်ပြီး အော်တော့တာပဲ။  သူတို့နဲ့ မတည့်တဲ့ အိမ်က သူတို့ကို ရန်စတယ် ထင်လို့လား မသိပါဘူး။ ကျမလည်း အထဲဝင်ရမလိုလို... အပြင်ပဲထွက်ရတော့ မလိုလိုဖြစ်နေပြီ။ 
 
ကျမ အမျိုးသားက အပေါ်ကနေ မျက်နှာလေး အသေးဆုံးလေးနဲ့ “ နောင်.. နောင်.. ခေါတို့...” လို့ လှမ်းပြောလိုက်တော့ အဲဒီလူက အပေါ်လှမ်းကြည့်ပြီး နဲနဲတော့ ကြောင်သွားတယ်။ ပြောတော့ ပြောနေသေးတယ်.. အလိုင်ဝါး တဲ့။ ကျမ အမျိုးသားကလည်း သူမတောက်တခေါက် ယိုးဒယားလိုရော.. အင်္ဂလိပ်လိုရော.. တောင်းပန်လိုက်မှ.. ဘာမှ မပြောပဲ အထဲဝင်သွားတော့တယ်။ နောက်တော့ ကျမတို့လည်း ကုပ်ကုပ်ကလေး ကိုယ့်အိမ်ထဲ ပြန်ဝင်လာကြရတော့တာပေါ့။

အခုချိန်ထိ လင်မယားနှစ်ယောက်သား သီတင်းကျွတ် မီးရှုးမီးပန်း ဗျောက်အိုးတွေ ဖောက်သံကြားရင်.. သတိတရ အဲဒီ အလိုင်ဝါး ကို ပြောပြီး ရယ်ကြရတုန်း၊ အမှတ်ရသေးတုန်းပါပဲ... ကံကောင်းလို့ အဆဲမခံလိုက်ရတာ.. အဆင်မသင့်ရင် အိမ်ကို ခဲပေါက်ခံထိမှာလေ...။

Comments

ThuHninSee said…
ဟဲဟဲ..အလိုင်ဝါး။
မ ရေ… မ တို့ အဖြစ်လေးက တကယ့်မမေ့နိုင်စရာ အမှတ်တရပါပဲ… မ တို့ သူငယ်ချင်း တယောက်တော့ ဒီနှစ်သီတင်းကျွတ်လဲ အဲလို အမေးခံရတုန်း သိလား.. ရှုးတိုးတိုး… ကြားသွားရင် အဆူခံရလိမ့်မယ်…
tg.nwai said…
အဲဒီ အလိုင်ဝါး ဆိုရင် ရင်တုံတုန်း အမွန်ရေ...

တန်ခူးရေ..မမေ့နိုင်စရာဆိုပေမယ့် တကယ့်ဗရုတ်သုက္ခပါ..
ဟုတ်လား.. တို့တွေ batch မှာ အမေးခံတဲ့သူတွေ များတယ်.. သူတို့ကတော့ ခုလောလောဆယ် စင်ပေါ် ရောက်နေတာပေါ့.. လွတ်လပ်စွာ စိတ်သွားတိုင်း ကိုယ်ပါနိုင်တုန်းလေ...

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...