Sunday, November 9, 2008

အမှတ်တရ သဇင် (၁)

သူများတွေ ကျောင်းအကြောင်းတွေ ရေးကြတဲ့ အခါ.. ကျမလည်း ကျမတို့ရဲ့ ပထမဆုံး ဘူမိနက်သန် နေရာမှန်လေး ဖြစ်တဲ့ သဇင်ဆောင်လေးကို ပြန်သတိရမိပါတယ်။

ကျမချစ်တဲ့ သဇင်ဆောင်အကြောင်းတော့ သတိတရ ပြန်ရေးချင်ပါတယ်..။ ဒါပေမယ့် ရေးစရာတွေက ရှားပါးနေသလိုလို..။ 

တကယ်တမ်းကျတော့ ပထမဦးဆုံးအတွေ.အကြုံတွေကို လူတော်တော်များများက အမှတ်တရ သတိရနေတတ်ပါတယ်.. ဒါကြောင့်သူများတွေ အပြောအရတော့ ရည်းစားဦးကို မြေးဦးရတဲ့ အထိ မမေ့ဘူးဆိုပဲ.. ဟဲဟဲ.. ဆိုင်မဆိုင်တော့ မသိဘူးလေ.. (ကျမတော့ အဲဒီအထဲမပါပါဘူး။)

ကြီးမားခန်းညားလှတဲ့ အာအိုင်တီ ကျောင်းတော်ကြီးမှာထက် မိဘအိမ်အစား နေထိုင်ခဲ့ရတဲ့ အဆောင်လေးမှာ ကျမတော့ ပိုပျော်ခဲ့သလိုပါပဲ။ တဦးတည်းသော သမီးမိန်းကလေးဖြစ်လို. တစ်ယောက်တည်း နေတတ်ခဲ့ပေမယ့် အဆောင်မှာဆိုရင်တော့ ညဖက်မှာဆို ရွယ်တူ သူငယ်ချင်းမိန်းကလေးတွေနဲ့ စာအတူတူ ကျက်လိုက်၊ ကော်ဖီ အတူသောက်လိုက်၊ လက်ဖက်သုပ်တွေ စုစားခဲ့ကြတဲ့ အားလုံးက မိဝေးဖဝေး လာနေထိုင်ကြတာမို့ တယောက်ကို တယောက် ချစ်ချစ်ခင်ခင် ညှိညှိနှိုင်းနှိုင်းနဲ့ အပြိုင်အဆိုင်ဆိုတာ မရှိသလောက် ပျော်စရာကောင်းခဲ့ပါတယ်။

ကျမတို့ အဆောင်ရောက်ကာစ ကျောင်းက ပြန်လာရင် ညနေ ပါလာချိန် ကိုယ့်ဆီလာမယ့် ဧည့်သည်က မရှိ။ ကျမ အခန်းက ဘယ်ဘက်ခြမ်း front row ကဆိုတော့ ဧည့်ခေါ်တဲ့ ဦးလေးကြီးက သူများတွေကို ခေါ်ပေး.. အတန်းကြီးတွေကတော့ သူဧည့်သည်တွေနဲ့ သူတို့ ပျော်လို့ ပါးလို့ ဟားလို့။  တချို.တွေလည်း အတွဲတွေနဲ့ပေါ့။ (အားတော့မကျသေးပါဘူး).. ဒါပေမယ့် ငေါင်တောင်တောင်နဲ့ တချို့ အိမ်ကို လွမ်းလို့ အိပ်ယာပေါ်မှာ ခွေတဲ့သူက ခွေ၊ နားတဲ့သူက ညှိုးငယ်စွာနားနေတဲ့ အချိန်...

မန္တလာသူ အသန်းက တက်ကြွတဲ့သူ.. သူလည်းပဲ Home sick ဖြစ်နေပေမယ့် သူဖြေနည်းကတမျိုး.. သူငယ်ချင်းတွေရဲ. ထမင်းချိုင့်တွေကို ယူပြီး လိုက်ဆေးပေးပါတယ်။ နောက်ပြီး သူငယ်ချင်းတွေကို အားပေး.. နဂိုက စကားပြောမြန်တဲ့ အသန်းရဲ. သွက်လက်တဲ့ စတိုင်ကြောင့်ကို လူတွေက ပြန်လည်တက်ကြွလာရပါတယ်.. အဲဒီတုန်းကတော့ hip hop ပေါ်နေရင်တော့ အသန်းက ဆုတွေရမှာ အမှန်ပါပဲ.. သူကတော့ ဒါတွေ မှတ်မိပါဦးမလားတော့ မသိဘူး.. ကျမလည်း မေ့ချင်တာတွေ မေ့နေပြီး မှတ်မိချင်တာတွေတော့ တအားကို မှတ်မိနေတာပါပဲ...

တနေ့က ဂျီတော့ခ်မှာ ဒေါ်မမ နဲ့တွေ.တော့ သဇင်ဆောင်က ကုန်ကြမ်းတောင်းမိပါတယ်။ သူက နေရာတကာ ရောက်တော့ ကိုယ့်ထက်ပိုမြင်နေတာဆိုတော့...။ ဒါနဲ့ ကျမလည်းကိုယ် ဝေေ၀၀ါးဝါး ဖြစ်နေတဲ့ သဇင်ဆောင် ပထမနှစ်မှာ သူခိုးလိုက်တဲ့ ညအကြောင်းပြန်မေးမိပါတယ်။

အဲဒီညက သဇင်ဆောင်ဝင်းထဲ သူခိုး ၀င်ပါတယ်။ ဘယ်လိုက ဘယ်လို သိသွားသလဲတော့မသိပါဘူး။ ဦးလေးကြီးတွေ လိုက်တာလည်းမမိ၊ နောက်တော့ အဆောင်ရှေ.မှာသီချင်းဆိုနေတဲ့ ကျောင်းသားတွေကို အဆောင်တံခါး ဖွင့်ပေးလိုက်ပါတယ်။ ဂိတ်တံခါးပြောတာနော်.. ။ အဲဒါနဲ့ ဘယ်က ဘယ်လိုကြားသွားတယ်မသိ... အဆောင်ကင်တင်းန်မှာ ထိုင်နေတဲ့ ကျောင်းသားတွေပါရောက်လာပြီး သဇင်ဆောင် သူခိုးလိုက်ပွဲကြီး ဖြစ်သွားရပါတော့တယ်။

ကျမတို့ ကျောင်းသူတွေကလည်း အထဲကနေ အားပေးကြတာပေါ့။ ဟိုနားပြေးသွားတယ်.. သည်နားမှာထင်တယ်.. နောက်ဘက်တန်း (back row)မှာနေတဲ့ သူတွေက ကုတင်တိုင်တွေ ဖြုတ်ပေးပြီး သံဇကာပေါက်ကလား၊ အောက်ဘက် အုတ်ပေါက်တွေကလားမသိ..ကုတင်တိုင်တွေ ထုတ်ပေးကြပါတယ်။ အဲဒီသူခိုးကလည်း အဆောင်သူတွေရဲ. ထမိန်တွေကို လာလာခိုးတာပါ။ အဲဒီတုန်းက ကျမတို့ စက်မှုက စာမေးပွဲဖြေရင် တစ်လလောက်ကြာပါတယ်။ အဲဒီတော့ ဂန္ဓမာ၊ သရဖီ၊ အင်ကြင်းစတဲ့ အဆောင်တွေက ကျောင်းသူတွေ ကျောင်းပြီးလို့ ပြန်ပေမယ့် ကျမတို့အဆောင်ပဲ ကျန်ခဲ့တတ်ပါတယ်။ 

အဲဒီသူခိုးနှိပ်စက်လို့ အောက်ထပ်က လှမ်းထားတဲ့ ကျောင်းသူလုံချည်တွေလည်း ပျောက်လှပေါ့။ နဂိုကတည်းက စာမေးပွဲအတွက် လုံးပမ်းနေရတာဆိုတော့ စိတ်တွေကလည်း တိုနေမှာပေါ့။ 

ကျောင်းသားတွေကလည်း အဆောင်ဝင်းထဲ ၀င်ခွင့်ကြုံတုန်း.. အဆောင်နောက်ဖက်က မြက်ခင်းတွေကိုပါ တခါတည်း ကုတင်တိုင်တွေနဲ့ ရိုက်ရိုက်ပြီး ရှင်းပေးသွားသေး.... ဒေါ်မမ က ပြောတယ်။ ငါတို့ back-row ကလူတွေ နောက်နေ့ကျတော့ ကုတင်တိုင်မပါပဲ ခြင်ထောင်ထောင်အိပ်ရတယ်တဲ့.. မြက်စိမ်းနံ့တွေလည်း နံလို့တဲ့... ကျမကတော့ အဲဒါတွေ သိပ်မမှတ်မိတော့ပါဘူး။ အစပိုင်း အဆောင်မှူးရယ် အဆောင်သူ နှစ်ယောက်ရယ် တုတ်တွေကိုင်ပြီး ဆင်းသွားသေးတယ်ဆိုပဲ...။ ဟဲ့ .. ဟုတ်ရဲ့လား ဆိုတော့ နင်မေ့နေပါပြီလို့ ကျမကို ပြန် ပြောနေသေး။ နောက်တော့ အဆောင်သူ သူငယ်ချင်းက ကြိမ်းဝါးသေးတယ်ဆိုပဲ.. စာမေးပွဲ မဖြေနိုင်လို့ လူသတ်ချင်နေတာလို့ .. ဆိုပဲ...။ ဟုတ်လောက်တယ်.. ဟဲဟဲ...

နောက်တနေ့ သူငယ်ချင်းကောင်လေးတွေနဲ့ ပြန်ဆုံတော့ သတင်းတွေ ပြန်ဆက်စပ်ကြည့် ရပါတယ်။ လာခိုးတဲ့သူခိုးက နှစ်ယောက်ပါ..။ တစ်ယောက်က လူကြီးဖြစ်ပြီး ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးလေးကို ရေမြောင်းကနေ အထဲဝင်ပြီး ခိုးခိုင်းခဲ့တာကိုး...။ 

ဂုဏ်ယူစရာက အဲဒီ ကလေးလေးကို ဖမ်းမိတာ ကျမတို့ရဲ. သူငယ်ချင်း အောင်လွင်ရယ် သူ့ရဲ့ အခန်းဖော် ဟသာင်္တက ရန်မျိုးအောင်ရယ်.. တိုက်ဆိုင်တာက သူတို့ နှစ်ယောက်က ပထမနှစ်အခန်းဖော်တွေ..။ မိပြီဆိုပြီး တစ်ယောက်တစ်ဖက်ဆီ ဆွဲလိုက်တာမှာ တစ်ယောက် တနေရာစီက ထ လာပြီး သဇင်ဆောင် သူခိုးဖမ်း အော်ပရေရှင်းမှာ ပါဝင်ခဲ့ကြတဲ့ အခန်းဖော်နှစ်ယောက်...။ ကျမတို့ကလည်း နောက်ပါတယ်။ နင်တို့နှစ်ယောက် သူခိုးနဲ့အတူတူ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားရမှာလို့....။

အဲဒီနောက်ပိုင်းတော့ ကျမတို့ လုံချည်တွေလည်း မပျောက်တော့ပါဘူး။ နောက်တစ်နှစ် ဒုတိယထပ်ရောက်သွားပြီကိုး။

(ကဲ.. ဖတ်မိတဲ့ သူငယ်ချင်းတွေ.. မှားတာလေးတွေ၊ လွဲတာလေးတွေ ရှိရင်လည်း ပြင်ပေးကြဦးနော်.. နာမယ်ရင်းနဲ့ ရေးမိတာကိုလည်း စိတ်မဆိုးကြနဲ့.. အနှစ် နှစ်ဆယ်အောက်မေ့ဖွယ်တွေပေါ့...ကုန်ကြမ်းပေးတဲ့ ဒေါ်မမကိုလည်း ကျေးဇူးတင်ရှိပါကြောင်း။)

11 comments:

Ma Ma said...

သိင်္ဂီရေ တချို့တွေကို ဖြည့်ရေးလိုက်ပါတယ်။

သူခိုးက ၁ရက်တည်းမဟုတ်ပါဘူး။ နေ့တိုင်း လာတာပါ။ သူခိုး သူခိုး လို့အော်ရင် slow motion နဲ့ပြေးပြပါတယ်။ တခါတလေ စာကျက်နေသူတွေကို ခဲလုံးနဲ့ပေါက်ပြီးစတတ်ပါသေးတယ်။ ဂုဏ်မန် တစ်ထောင် (သော့ဂလောက် အထပ်ထပ်နဲ့) စောင့်ကြပ်ထားတဲ့ သဇင်ဒေ၀ီမင်းသမီးလေးများမှာ ဘာမှမတတ်နိုင်ပဲ သူခိုး ပြောင်ပြတာကိုပဲ ကြည့်နေရတာပေါ့။ နောက်နေ့တွေမှာတော့ သူငယ်ချင်း ယောင်္ကျားလေးတွေကို ပြောပြတော့ သူတို့က ငါဟဲ့ယောင်္ကျား ဆိုပြီး အစွမ်းပြချင်ချင်ဆိုတော့ ( သူတို့ကြိုးစားနေတဲ့ အဆောင်သူအချောအလှလေးတွေကိုလဲ သူတို့မှာအားကိုးလောက်တဲ့ အရည် အချင်းတွေရှိကြေင်းလဲပြရာရောက်တာပေါ့။ ရန်မျိုးအောင်ရေ ဟုတ်တယ်ဟုတ် ။ အောင်လွင်ကတော့ ၀င်ခံမှာပါ ) ဟေ့ဒီည သူခိုးလာရင် ငါတို့ကိုအော်ခေါ်လိုက် ငါတို့ ဒူးယား ပုပ္ပါးမှာ ရှိတယ်ပေါ့။ သူ့အုပ်စုနဲ့သူ အသီးသီးမှာထားကြတာလေ။ သူခိုးကလဲ မပျက်မကွက်လာတာပါပဲ။ ဘယ်ရမလဲ သဇင်သူတွေ အော်လိုက်ကြတာ ဒူးယား၊ ပုပ္ပါး၊ အင်းလေး၊ စဉ့်ကူ အဆောင်က မတစ်ထောင်ဘွားတွေ ဆင်းလာကြတာ သဇင်ဆောင်ဘေးက ကွက်လက်ကြီးပြည့်သွားပါတယ်။ တချို့ကလည်းအဆောင်မှူးကို ဂိတ်တံခါးဖွင့်ခိုင်းပါတယ် အများကတော့ အုတ်တံတိုင်း ကျော်ဝင်ကြတာပါ။ ရဲတွေကော ရပ်ကွက်ကောင်စီတွေကော ရောက်လာပါတယ်။ ညီမလေးအဆောင်ကဖြစ်တော့ မောင်နှမဆောင်တွေဖြစ်တဲ့ ပုပ္ပါးအဆောင်မှူး ဆရာ ဦးစိုးလွင်တို့၊ စဉ့်ကူ အဆောင်မှူး ဆရာ ဦးခင်မောင်တင့်တို့မနေရပါဘူး အားလုံးပြေးဆင်းလာကြပါတယ်။

ကုတင်တိုင်တွေယူသူအများစုကတော့ ၈၅ခုနှစ် 1st year section A4 ကပါ။ မှတ်မှတ်ရရ Chemistry ဖြေပြီးပေါ့။ RIT ရဲ့စာမေးပွဲနတ်ကို ပထမဦးဆုံးဖမ်းစားချင်းခံရတဲ့နှစ်ပေါ့။

ဒုတိယနှစ်ကျေင်းတွေပြန်ဖွင့်တဲ့ထိ သဇင်အဆောင်မှူး ဒေါ်တင်ဌေးမှု ခမျှာ သက်သေလိုက်လို့ မပြီးသေးလို့ ညည်းရှာပါ့တယ်။

PAUK said...

ဖတ်လို့ကောင်းတယ်..မသိဂီ င်္ရေ..ဆက်ရေးပါ
အားပေးနေပါတယ်..
မမကိုရော..အားပေးပါတယ်..

ပန်းခရမ်းပြာ said...

သူခိုး လိုက်ပွဲအကြောင်းက အမှတ်တရ ဖြစ်စရာပဲနော်။
သဇင်(၂)ကို မျှော်နေမယ်။

Kyawt said...

အမTheingi ရေ
ဖတ်လို့ ကောင်းပါ၏။
အမှတ်တရသဇင် ကိုလွမ်းဆွတ် စွာနဲ့ လာဖတ်သွားပါတယ်။
အပိုင်းနှစ် ကိုလဲမျှော် နေပါတယ်။
အမ မမ လဲကုန်ကြမ်း တွေများများပေး-ပေးပါ။ ;) ;)

ThuHninSee said...

မခိုင်လုံတဲ့ သတင်းတစ်ခု ကြားဖူးတယ်။ ဖုန်းမော်ချစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက် အခုထိ အပျိုကြီးလုပ်နေတယ်ဆို။
ဂျပ်ဆင်ထိပ်က လရိပ်ပြာက အဲလိုလူမျိုးတွေအတွက် စပ်ထားတာဆိုလား:P

sin dan lar said...

ဖတ်သွားပါတယ် အစ်မ ၂၊ ၃၊ ၄၊ တွေလည်းဆက်ပါဦး

tg.nwai said...

မမရေ.. နင့်ဖြည့်စွက်ချက်ကို တင်ထားလိုက်တယ်နော်..ကိုယ်ပိုင်ဇာတ်လမ်းလေးတွေရှိရင်လည်း ၀င်ရေးလို.ရတယ်နော်.. ဟဲဟဲ

pauk,မချို, sin dar lar တို.ကိုလည်း အားပေးလို.ကျေးဇူးနော်..

မွန်ရေ..ကိုဖုန်းမော် ကောင်မလေး တို.လည်း မသိဘူး.. ဟုတ်လား.. မွန်ပြန်မေးရမယ်ထင်တယ်.. :P

Ma Ma said...

ကိုဖုန်းမော် လိုက်တာပါ ၊ ကိုဖုန်းမော် သဇင်လာလာပြီး ခြေအေးဝမ်းယောင်အဆင့်ပေါ့၊ အရမ်းလှ တဲ့အမလေးပါ။ အခုသမီးများရှင်ပေါ့၊

ThuHninSee said...

ဟုတ်လားမ မမ.. ဒါဆို..အဲဒီအစ်မလေး အိမ်ထောင်ကျသွားပြီပေါ့နော်။

တန်ခူး said...

မ ရေ… ဂျီဟောသူကတည်းက ဖတ်ပြီး ကော်မန့် ပေးတာ ပေးမရဘူးဖြစ်နေလို့ …
မမဆိုတာ မခင်မမလားဟင်… အဲဒါဆိုရင် ကိုဖုန်းမော် ကြိုက်တာ ဘယ်သူလဲ ဖုန်းဆက်ပြီး ကြိတ်မေးမှ… သဇင်ဆောင်သူခိုးပုံပြင်ကို ကြားဖူးတယ် မရေ… ပျော်စရာ ရွှေရောင်အတိတ်နေ့ ရက်တွေ အကြောင်းကို စောင့်ဖတ်မယ်နော်…

သက်ဝေ said...

သိင်္ဂီရေ...
အရမ်းဖတ်လို့ ကောင်းပါတယ်...။
ဆက်ရေးပါအုံးနော်...။