Skip to main content

မိုးပေါ်ကျ ကထိန်ခင်းခြင်း။


မိုးပေါ်ကျ ကထိန်တဲ့။ 

နောက်ဆုံးနေ့ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ကျမှ ကထိန်မရသေးတဲ့ ဘုန်းကြီးကျောင်းတွေကို ရှာပြီး ကထိန်ခင်းတာကို မိုးပေါ်ကျ ကထိန်လို့ ခေါ်တယ်ဆိုတာကို KN ပြောပြောနေလို့ သိရပါတယ်။ သိဆို.. သူ နဲ့ အကြောင်းပါတာ ၁၂-နှစ်ဆိုတော့ အနည်းဆုံး တစ်ဆယ့်နှစ်ခါလောက်တော့ ကြားခဲ့ရမယ် ထင်ပါရဲ့။ သူက အဲဒီအကြောင်းပြောတိုင်း ပျော်ရွှင်တက်ကြွနေတတ်တာကိုး ။ မကြုံဖူးသေးလို့ သူများအပြောနဲ့တင် သူလည်း မျှော်လင့်ပျော်ရွှင်နေမိတာ နေမှာပေါ့။

ရုံးက စုပေါင်းဘုံကထိန်ခင်းဖြစ်ရင်း ဦးပဉ္ဇင်းတစ်ပါးနဲ့ စကားစပ်မိပါတယ်။ မြစ်ဝကျွန်းပေါ်ဘက်မှာဆို လပြည့်နေ့ မနက်အစောကြီး လှေတစ်စင်းနဲ့ မိုးပေါ်ကျ ကထိန်လိုက်ရှာကြတဲ့ အကြောင်းပြောရင်း....။ နောက်ပြီး အခုတစ်ခါ ကထိန်ခင်းဖြစ်တဲ့ ကျောင်းက ကျောင်းသက်တမ်း ၅-နှစ်အတွင်း အခုအကြိမ်က ပထမဦးဆုံးအကြိမ် ရခြင်း..တဲ့။ ကထိန်ရဲ့ အာနိသင်နဲ့ အကျိုးကျေးဇူးတွေ သိရတော့ ကထိန်မရတဲ့ ကျောင်းမျိုးကို ရှာပြီး မိသားစု ကထိန်ခင်းချင်လာတယ်။ သူ့ရဲ့ မိုးပေါ်ကျ ကထိန် စိတ်ကူးလည်း အကောင်အထည်ဖော်ခွင့်ရလာခဲ့တာပေါ့လေ...။

ဒါနဲ့ပဲ... ကထိန်အတွက် လိုအပ်တာလေးတွေ ညတွင်းချင်း လိုက်ဝယ်ခြမ်း။ အပြန် ၈နာရီခွဲ ကိုးနာရီလောက်မှာ ဗိုက်ကဆာ..။ အခုတလော ဘယ်လိုဖြစ်ပြီး ကော်ပြန့်စိမ်းကို အာရုံရနေမှန်းမသိ။  ဒါနဲ့ အာသာတစ်ခု အရင်းပြုလို့ တရုတ်တန်းဘက် ချီတက်ကြပြန်ပါတယ်။ ပြန်ရောက်တော့ ည ၁၁ နာရီ ကျော်ပြီ။ ကလေးတွေကတော့ မိဘတွေနဲ့ ပွဲဆက်တွေများတော့ မဟန်နိုင်တော့။ အမျိုးသားကတော့ မနက်စောစောထ ထွက်ရအောင်ဆိုပြီး အိပ်ယာဝင်သွားပါတယ်..။ လုပ်စရာရှိတာလေးတွေ ပြင်ဆင်ရင်းနဲ့ အိပ်ယာဝင်တော့ နာရီပြန်တစ်ချက်ကျော်ပေါ့။

နှိုးစက်တွေကလည်း မောပန်းစွာ အိပ်မောကျသွားတဲ့ ကျမတို့ မိသားစုကို မနှိုးစေနိုင်တော့ပါဘူး။ အလန့်တကြား နိုးထလာတော့ မနက်မိုးလင်းလို့ ၇-နာရီကျော်နေပြီ။ ပြင်လိုက် ဆင်လိုက်ကြရင်း ကားပေါ်တက်ပြီး အိမ်က စထွက်တော့ ရှစ်နာရီခွဲ ကိုးနာရီ နီးပါး။

ကောင်းကြိုက်မှာ ဒန်ပေါက် တွေ ၀င်ဝယ်၊  အစီအစဉ်အတိုင်းဆို အမှတ် (၃) လမ်းမကြီးအတိုင်းသွားပြီး လမ်းမှာတွေ့တဲ့ သံဃာတွေကို မေးမယ်တဲ့။ ကျမကတော့ အဲဒီလမ်းတွေကိုလည်း မသိ.. ကောင်းမယ်ထင် ဒူးသာ ဒူးပေါ့..။

သွားရင်းနဲ့ ပုလဲဘက်ရောက်သွားတော့ ဆယ်နာရီကျော်နေပေါ့...။ ဘုန်းကြီးကျောင်းက မတွေ့နိုင်။ မိုးပေါ်ကျ ဆိုတာ ဒီလိုနေ့မျိုးဆိုရင်တော့ စောစောစီးစီး ရှာရမှာနဲ့ တူတယ်ပေါ့။ ဘုန်းဘုန်းတစ်ပါးကို သွားလျှောက်တော့  ကျောင်းကတော့ ကထိန်တခုတော့ ရထားတယ်လို့ မိန့်ပါတယ်။ နောက်ထပ် လမ်းမှာ တွေ့တဲ့ သံဃာတွေကို မေးလိုက် လျှောက်လိုက်နဲ့ ... ပုလဲ ၇-လမ်း တို့ ၈-လမ်းတို့ ဘက်ရောက်သွားပါတယ်။ တောလမ်းလေးတွေထဲကနေ ဘုန်းကြီးကျောင်းတွေတော့ တွေ့ပါရဲ့။ ရိပ်သာတွေ စာသင်ကျောင်းလို ကျောင်းကြီးတွေ...။ လူခံတွေကို မေးတော့လည်း ကထိန်မခင်းရသေးတဲ့ ကျောင်းမရှိတော့ဘူး.... ဒီနေ့တော့ နောက်ဆုံးနေ့ဆိုတော့ အကုန် ကထိန်ခင်းပြီးနေပြီဆိုပါတယ်။ 

တချို့ကျတော့လည်း ကထိန်တော့ရပြီးပြီ.. ဒါပေမယ့် ပစ္စည်းသိပ်မပါလို့ ထပ်လှူလို့ ရတဲ့ အကြောင်း။ တချို့ကျတော့လည်း ကထိန်ခင်းမယ့်သူမရှိလို့ ဘုန်းကြီးက သူ့ဘာသာ ခင်းရတယ်ရတယ်လို့ ပြောတဲ့သူက ပြော...။ နောက် တော်တော်ခေါင်တဲ့ နေရာရောက်သွားပါတယ်။ အထဲမှာ ဘုန်းကြီးကျောင်းတွေ ရှိသေးတယ်တဲ့။ အဲဒီလို နေရာမျိုးကျပြန်တော့လည်း ကားဆက်မောင်းလို့မရ၊ လူခွဲကလည်း မပါ။ ဒါနဲ့ပဲ နောက်ကြောင်းပြန်ရ။

ပုလဲကနေ ပြန်ထွက်ပြီး နွယ်ခွေဘက် အထွက်မှာ ဘယ်လိုက ဘယ်လို ဟိုင်းဝေးလမ်းမကြီးပေါ် ရောက်သွားပြန်သလဲမသိ။ မောင်းရင်း မောင်းရင်းနဲ့ လှော်ကားဘက်မထွက်လာပဲ သာဓုကန်ဘက်ပေါက်လာပြန်ပါတယ်။ အဲဒီနားက လူတွေ မေးကြည့်တော့လည်း ကျောင်းမရှိတော့ပြန်။ ကဲ..ရပ်ကွက်တို့ မြို့နယ်တို့ သံဃာ့နာယကကျောင်းတွေ လိုက်ရှာရတော့မယ် ထင်တယ်။ နာရီကြည့်တော့ ၁၂-နာရီ။ဆွမ်းကပ်ဖို့ ၀ယ်လာတဲ့ ဒန်ပေါက်ထုပ်တွေ လမ်းမှာပဲ တွေ့တဲ့ သူ လှူလိုက်ကြစို့ လို့ ....

ကလေးတွေကလည်း အော်လှပြီ။ နေကလည်း ပူလာပြီ။ ဘုန်းကြီးကျောင်းကလည်း မတွေ့နိုင်သေး။ ကဲ.. မထူးတော့ပါဘူး။ ထမင်းစားပြီးမှ ဆက်ရှာကြတာပေါ့။ 

မှော်ဘီသွားတဲ့ လမ်းမပေါ်က သစ်ပင်ရိပ်လေး တနေရာ ကားထိုးပြီး စားဖို့ ၀ယ်လာတဲ့ ဒန်ပေါက်တွေ ထုတ်၊ အအေးဘူးတွေ ဖောက်ပြီး စားကြပါတယ်။ မွန်းတည့်ချိန်ဆိုတော့ နေက ခေါင်းပေါ်တည့်တည့်မှာ.. နာဂစ်လက်ချက် မိ မသွားတဲ့ သည်သစ်ပင်လေးတွေကိုပဲ ကျေးဇူးတင်ရပါသေးတယ်။ နေ့လည် ထမင်းစားပွဲကတော့ ခမ်းခမ်းနားနား ကားပေါ်မှာပါပဲ။ ကော်ဖီတစ်ခွက်ပဲသောက်လာခဲ့တော့ ခါတိုင်း တမင်ရှောင်နေရတဲ့ ဒန်ပေါက်ကလည်း တစ်ပွဲမက စားလို့ ကောင်းနေပြန်သေး။ သမီးငယ်ကတော့ မီးမီးတို့ picnic ထွက်လာတာပေါ့နော်တဲ့။ 

ကလေးတွေကတော့ ဗိုက်ပြည့် သွားလေတော့ နေပူပေမယ့် လေတဖြူးဖြူးနဲ့ဆို... မျက်စိတွေလေးလံ အိပ်ငိုက်လာကြတော့ အသံတွေ တိတ်ကုန်ပြန်ပါပြီ။

ကျမတို့ နှစ်ယောက်မှာတော့ ကားကို ညောင်တုန်းဘက် ဦးတည်လိုက်ပြန်ပါတယ်။ ကားရဲ့ အခြေအနေကြောင့် ဝေးဝေးလံလံ ချောင်ကြို ချောင်ကြားထဲ လိုက်ရှာလို့က မရတော့ လမ်းဘေးနားတစ်ဝိုက်ပဲ ရှာနေရတာကိုး။ ကိုယ့်အတွက်တော့ ကိုယ်ဖြစ်စေချင်သလို လွယ်လွယ်ကူကူ မတွေ့ရပေမယ့် တနည်းတွေးရရင်တော့ ခုလိုအချိန်ထိ မြန်မာတွေ သဒ္ဓါတရားကောင်းနေကြတုန်းပဲဆိုတာ သိလိုက်ရလို့ သာသာနာ့အတွက် ၀မ်းမြောက်ရပါသေးတယ်။

ကျောင်းကို ဘယ်နားသွားရှာရမလဲ.. လှိုင်သာယာဘက်မှာ ရှာမယ်.. မတွေ့ရင် မြောက်ဥက္ကလာဘက် ရှာမယ်ဆိုပြီး နောက်ဆုံးချိန် လေးနာရီ သတ်မှတ်လိုက်ပါတယ်။ လေးနာရီမှ မရရင်တော့ သိမ်ဝင်ဖို့ ခက်သွားမှာ ဖြစ်တဲ့အတွက် ကထိန်အာနိသင် မရနိုင်တော့ပါဘူး။ 

လှိုင်သာယာမှာ ဘုန်းကြီးကျောင်း ၃၈-ကျောင်းနီးပါး စုထားတဲ့ ဘုန်းကြီးကျောင်းရပ်ကွက်ကို ရောက်သွားတော့ ပွဲတော်နေ့မှာ စည်ကားနေတာပါပဲ။ အခုမှ ပဒေသာပင်ပို့တဲ့ သူတချို.၊ တချို့လည်း သိမ်းနေပြီ။ ကလေးတွေလည်း ၀တ်ကောင်းစားလှတွေနဲ့ ပျော်ပါးနေကြတဲ့ပုံ။

နောက်ဆုံးတော့ “မေးပါများ ကထိန်ရ” ဖြစ်သွားရပါတယ်။ ဦးပဉ္ဇင်းတစ်ပါးက လိုက်ပို့ပေးတာကြောင့် ကထိန်မရသေးတဲ့ ကျောင်းဆီ နောက်ဆုံးတော့ ရောက်ခဲ့ပါတော့တယ်။ ကျောင်းက ကြီးပါတယ်။ ကျောင်းထိုင်ဆရာတော်က သက်တော် ၇၂- ၀ါတော် ၅၂ ၀ါပါ။ မျက်စိမှုန်နေတာ ကွယ်လုနီးပါးပါပဲ။ ၀ါဆို သံဃာ တစ်ဆယ့်သုံးပါး ရှိပါတယ်။ ကျောင်းကို မဲပေါက်ထားတဲ့ ကြံ့ဖွံ့က ကန်တော့ပင်(ပဒေသာပင်) ပဲ ရတာတောင် ခုချိန်ထိ လာမပို့သေးဘူးလို့ ဆိုပါတယ်။ 

ကျမတို့ကလည်း ကံကောင်းထောက်မလို့ မိုးပေါ်ကျ ကထိန်ခင်းခွင့်ရသွားပါတယ်။ ကျောင်းအနေနဲ့လည်း နောက်ဆုံးအချိန်နားနီးမှ ကထိန်ရသွားလို့ အဆင်ပြေသွားရပါတယ်။ ထုံးစံအတိုင်း တရားနာ.. ရေစက်ချ... ပြီး မွန်းလွဲနေပြီဆိုတော့ အအေးပဲ ကပ်ခွင့်ရပါတော့တယ်။ ကလေးတွေကတော့ တရေးနိုး ထ လာပြီး ငှက်ပျောသီးတွေစားလိုက်၊ လက်ဖက်နဲ့ အကြော်စုံတွေစား ရေနွေးကြမ်းတွေ သောက်လိုက်နဲ့ ... ခုမှ နားရတော့တယ်ဆိုတဲ့ သဘောပေါ့လေ...။ ကျမတို့ နှစ်ယောက်ကတော့ ခုမှပဲ ဟင်းချနိုင်ပါတော့တယ်။ 

ပထမဆုံးအကြိမ်ဆိုတော့ အဲဒီလောက်တော့ ရှိမှာပေါ့လေ..။ ဘာပဲဖြစ်ဖြစ် နောက်တစ်ခါဆိုရင်တော့ သည်တစ်ခေါက်ထက် ပိုပြီး အဆင်ပြေပြေဖြစ်အောင် စီစဉ်နိုင်မယ်လို့ ထင်ပါတယ်။ အမျိုးသားကတော့ အင်း... တော်တော်မောရတာပဲ.. နောက်ဆို တစ်ရက်လောက်တော့ ကြိုရှာမှနဲ့ တူတယ်တဲ့။ အဲဒီလိုဆိုရင် တကယ် မိုးပေါ်ကျ ကထိန်ဖြစ်ပါ့မလား။ 

(တဖက်ကလည်း လှည့်စဉ်းစားမိနေသေးတယ်။ အခုဘ၀မှာ တို့တွေ ဒီလောက် အချိန်ကပ်မှ ပြေးလွှားနေရတာ.. ဒီလိုသာ မိုးပေါ်ကျကထိန် လုပ်နေရင် တို့တွေ လည်း နောက်ဆုံးအချိန်ရောက်မှပဲ အကျိုးပေးတော့မှာလားမသိ..)

Comments

ThuHninSee said…
တစ်ခါမှ မကြားဖူးဘူးအစ်မ။
မိုးပေါ်ကျ ကထိန်တဲ့ ဆန်းတယ်နော်။
စိတ်ဝင်စားဖို့သိပ်ကောင်းတယ်။
PAUK said…
ကျနော်လည်း မကြားဖူးဘူးအစ်မရေ..
မသိသေးတာတွေ သိရတဲ့အတွ့်ကျေးဇူးပါ..
တတ်ညီလက်ညီနဲ့ကုသိုလ်ထူးကိုရအောင်ယူကျလို့
ထူးထူးခြါးခြါးအကျိုးလေးတွေလဲအတူတူခံစားကျရမှာပါ..
သာဓု သာဓု သာဓု.
sophie said…
Thardu-Thardu-Thardu
( I have no Myanmar font).
Sonata Cantata said…
မိသားစုတွေ စိတ်သွားတိုင်းကိုယ်ပါ လိုရာခရီး ပေါက်မြောက်ကြပါ၏။ အချိန်ကိုက် လှူတာဟာ လိုတရတယ် လို့ကြားနာဖူးပါတယ်။

စနေနေ့က ဘုန်းကြီးကျောင်း ဆွမ်းကပ်သွာတော့ ကထိန်ရာသီရောက်လာပြီမို့ ဆရာတော်က
ကထိန်သင်္ကန်းကို
၁) ကထိန် သင်္ကန်း
၂) ညတ် (ဉတ္တိ) သင်္ကန်း
၃) မိုးပေါ်ကျ သင်္ကန်း
၎) ပံသကူ သင်္ကန်း
၅) မသိုး သင်္ကန်း လို့ ခေါ်ကြောင်း ဟောပြလို့ သိခွင့်ရခဲ့ပါတယ်။

(သားကြီးကို ကျောင်းမှာ တရားနာရမယ် ပြောထားလို့၊ အိမ်ရောက်တော့ ပြန်စစ်တာ...ဖြေရှာပါတယ်။
မြေပေါ်ကျ သင်္ကန်း၊ never rotten သင်္ကန်း...)
tg.nwai said…
ဟုတ်တယ် မွန်နဲ့ ပေါက်ရေ..တို.လည်း အရင်က မသိခဲ.ဘူး။
သင်းနွယ်ဇင်. ဆိုဖီနဲ.လည်း S-C တို.ကိုလည်း ပြုသမျှ ကုသိုလ်တွေအားလုံး မျှဝေပါတယ်နော်.. သီတာရေ.. သားကြီးပြောတာလည်း မှန်တာပဲလေ..သူလည်း သူမှတ်တတ်သလို မှတ်လာတာပဲ..ဟဲဟဲ.. never rotten သင်္ကန်းတဲ.လား.. ဟားဟား
မမရေ… ကျွန်မတို့ ရပ်ကွက်ထဲက ကထိန်ဆို မိုးပေါ်ကျ ကထိန်လို့ ပဲ ခေါ်ရမလား… ချို့ တဲ့တဲ့ ကထိန်မရတဲ့ ကျောင်းတွေကို လှူလေ့ရှိတယ်… မ တို့ မိသားစုရဲ့ တက်ညီလက်ညီ စိတ်ရှည်လက်ရှည် ကုသိုလ်ရေးကို အတူလုပ်ကြပုံက အတုယူစရာကောင်းပါတယ်… သာဓုပါ မမရေ…
tg.nwai said…
တန်ခူးတို. ရပ်ကွက်လေးအကြောင်းတွေ တန်ခူးပို.စ်တွေမှာ တွေ.နေရတော့ ချစ်စရာဓလေ့တွေနဲ့ ပြည့်နေတဲ့ အဲဒီနေရာလေးမှာ ကြီးပြင်းခဲ့ရတဲ့ တန်ခူးတို. ငယ်ဘ၀လေးက တော်တော်ပျော်စရာကောင်းခဲ့မှာပဲနော်..။
မီယာ said…
မိုးပေါ်ကျ ကထိန်ဆိုလို့ လိုက်ရှာပြီးဖတ်တာ။ အားကျလိုက်တာ။ ကုသိုလ်ထူးပါပေတယ်။ သာဓု သာဓု သာဓု။

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...