Skip to main content

ဘလောဂ်တစ္ဆေခြောက်ခံရခြင်း။

ဟိုတနေ့ညက ကျမ တော်တော်မောပန်းစွာနဲ့ အိပ်ပျော်သွားပါတယ်။ လူပန်း၊ စိတ်ပန်းနဲ့ပေါ့။ ရာသီအပြောင်းအလဲဖြစ်နေလို့ မိသားစုတွင်းမှာလည်း နေထိုင်မကောင်းတွေဖြစ်၊ ဘေးပတ်ဝန်းကျင်က ကြားရတဲ့ သတင်းတွေကလည်း သတင်းကောင်းတွေက ခပ်နည်းနည်းရယ်။ မီဒီယာတွေထဲက နိုင်ငံတကာသတင်းတွေ ကြည့်လိုက်.. စီးပွားရေး crisis တွေက ပိုဆိုးသထက်ဆိုးလာ.. ရာဇ၀တ်မှုတွေ များပြားလာ.. အလုပ်လက်မဲ့တွေ ဒုက္ခရောက်ကြနဲ့...။ မြန်မာပြည် သတင်းတွေမှာရော.... မြန်မာ့အလင်းတို့ ကြေးမုံတို့ပဲ ဖတ်ဖြစ်တော့ ငတို့ ဗမာပြည်ကြီးကတော့ အေးချမ်းသာယာလျှက်ပါပဲ.. ပုံမှန်အတိုင်း အေးဆေးပါပဲ။

ဟိုတွေးသည်တွေးနဲ့ ကျမလည်း မှေးကနဲ အိပ်ပျော်သွားပါတယ်။
ကျမတို့ ငယ်ငယ်တုန်းကတော့ ထမင်းစေ့တွေ တက်နင်းမိရင် ထမင်းလုံးတစ္ဆေခြောက်တယ်လို့ လူကြီးတွေက ပြောလေ့ရှိကြတယ်။ ကျမလည်း ဘလော့ဂ်နဲ့ ပတ်သက်ပြီး မက်ဖြစ်သွားတော့ ....

+++++++++++++

အသံတွေကြားလို့ ကျမလန့်နိုးသွားရတယ်(လို့ ထင်လိုက်တာပေါ့)။ ကြည့်လိုက်တော့ ကျမကို လာခေါ်တာ..တဲ့။ ထူးဆန်းတာ တစ်ခုက စိတ်ထဲမှာ သိနေသလိုပဲ..။ ဘာဖြစ်လို့လဲ ဆိုတော့ ကဗျာရေးလို့တဲ့။ ၆၅၂ ဆိုတဲ့ ကဗျာဆိုပဲ။ ကျမ စဉ်းစားရတော့ တော်တော်ကြပ်နေတယ်။ ရီလည်း ရီချင်တယ်။ ငါ ကဗျာဆရာမ မှမဟုတ်တာပဲ။ နောက်ပြီး အဲဒီ ဂဏန်းတွေနဲ့ ကဗျာ... နှစ်လုံး၊ သုံးလုံးရော.. အောင်ဘာလေထီရော.. စိတ်မ၀င်စားပါတဲ့ဟာ... ဒါပေမယ့် အဲဒီဂဏန်းတွေတော့ ရင်းနှီးနေသလိုလို။

အံမယ်..ကျမ တုန်လှုပ်မနေတာကိုပဲ ကိုယ့်ဖာသာကိုယ် ပြန်အံ့သြနေတယ်.. ဒီကိစ္စက သမားရိုးကျ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ သဘောမျိုးလို့ ခံစားနေရတာပါ။ ဒါပေမယ့် အင်း.. တခုခုတော့ မှားနေပြီ။ ငါ ကဗျာကို ရေးတောင် မရေးရသေးဘူး။ တခုခုရေးချင်စိတ်တွေတော့ ဖြစ်နေတုန်းပဲ ရှိသေးတာလေ...။ ဘာဖြစ်လို့ပါလိမ့်..။ ကျမ သူ့ လှမ်းပြောလိုက်တယ်...။ မှားနေပြီ ထင်တယ်။ ကျမ အဲဒီကဗျာ ရေးမလို့ စိတ်ကူးရုံပဲ ရှိသေးတာ.. ဆိုပြန်တော့... ခင်ဗျားမှာ ဘလော့ဂ်တစ်ခု လုပ်ထားတာ ရှိတယ်မဟုတ်လားတဲ့။ ဟုတ်ကဲ့။ ဖတ်သွားပါဦးလား ဆိုပြီး ကျမတောင် stand-by ဖြစ်နေတဲ့ ကွန်ပြူတာဆီ လက်လှမ်းလိုက်တော့မလို့။ စိတ်ကူးတာက ဂျီတော့ခ်ကနေ အမွန်ကို ရတနာသိုက် စကားဝှက်နဲ့ လှမ်းအကြောင်းကြားမလို့ပေါ့လေ။ (ဟဲဟဲ.. အိပ်မက်ထဲဆိုတော့ ဖြစ်ချင်သလို ဖြစ်နေတော့တာပေါ့..။ )

ဒါပေမယ့် သူက လည်တယ်...။ အဲဒီ ဘလော့ဂ်စပေါ့တွေဆီ ခင်ဗျားဘယ်လိုသွားသလဲလို့ မေးပါတယ်။ ကျမလည်း ဒါမျိုးဆို ဝေမျှမယ်ပေါ့...အော်.. ရှင်တို့လည်း ကျော် ကြည့်ချင်လို့လား။ ကျမ proxy site လိပ်စာ တချို့ ချရေးပေးလိုက်တယ်။ ဒါပေမယ့် ultrasurf ကိုတော့ ချန်ထားခဲ့တယ်။ စိတ်ထဲကလည်း .. ဘယ်ရမလဲ ကြိမ်းဝါးနေမိသေး။ အဟေး ဟေး။

အဲဒီမှာတင်...အဲဒီ site တွေက ခင်ဗျားတို့လို တိုင်းသူပြည်သားတွေနဲ့ မသင့်တော်လို့ တားမြစ်ပိတ်ပင်ထားရတာ၊ ပိတ်ထားတယ်ဆိုကတည်းက မသွားရဘူးဆိုတာ နားမလည်ဘူးလား တဲ့။ ကျမလည်း ခေါင်းကုတ်လိုက်မိတယ်..။ ဟုတ်ကဲ့...ကျမလည်း အဲဒါကို နားမလည်နိုင်ဘူးဖြစ်နေတာ။ ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ အတားအဆီးတွေခံထားတာ ရပ်စေချင်လို့မှ မဟုတ်တာပဲ။ အဲဒါကို မထိအောင် ခုန်ကျော်လွှားသွားနိုင်တဲ့ သူက winner လေ....။ အဲဒီလိုမျိုးပေါ့။ ရှင်တို့က ကျမတို့ကို ဘယ်လောက်ကျော်လွှားနိုင်သလဲလို့ သိချင်လို့ မဟုတ်လား။ တကယ်တမ်း မသွားစေချင်လောက်အောင် တားမြစ်ပိတ်ပင်ထားလောက်စရာ ဘာတွေများ ရှိလို့ပါလိမ့်... ကျမဖြင့် ရှာမတွေ.ပေါင်...လို့။

ကိုယ်စိတ်ဝင်စားတဲ့ ရသ စာလေးတွေ.. တရားဓမ္မလေးတွေ ဖတ်နာရအောင်.(ဒါကတော့ ကြားကောင်းအောင်ပြောလိုက်တာ) ...နောက်ပြီး ကျမလည်း အယ်ဒီတာတွေ ရှိနေတဲ့ မဂ္ဂဇင်းတွေမှာဆို စာရေးဆရာမဖြစ်ဖို့ အရည်အချင်းမရှိလေတော့ ကိုယ်ပိုင်ဘလော့ဂ်ပေါ်မှာ ကိုယ်ပိုင်စာရေးဆရာမလေး ဖြစ်ချင်လို့ ဘလော့ဂ်လေးတစ်ခု လုပ်ထားတာပါလို့။

ကျမ ရှည်ရှည်ဝေးဝေးရှင်းပြနေတာကို စိတ်မရှည်တဲ့ ဟန်နဲ့... အိုဗျာ... ကျွန်တော့်ကို ဘာမှ ပြောမနေနဲ့။ ဘလော့ (blog) ဆိုရင်တော့ ဘလော့ (block) ရမှာပဲတဲ့။ ကျမနားထဲမှာတော့ ဘလော့ ဘလော့ ဘလော့နဲ့ မိုးသံတွေလိုလို.. အဲယားကွန်းက ရေတွေကျနေတဲ့ အသံတွေလို ကြားနေရတာပါပဲ။ မျက်လုံးထဲမှာလည်း ဘလော့တုံးကြီးတွေကို ကျော်လွှားနေတဲ့ အိုလံပစ်အားကစားသမားတွေ မြင်နေလို့။ အင်း..

စိတ်ထဲမှာတော့ တော်တော်အိုက်စ ပြုနေပါပြီ။ ငါတော့ မှားပြီ လို့အခါခါရွတ်...။ အို..အသင်လောက..လို့ပဲ ကြွေးကြော်ရမလား..သည်ဒွန္နယာပေါ်မှာ.. လို့ပဲ ရေရွတ်ရတော့မလား။ သစ္စာဆိုဖို့ကလည်း ... အင်း .. ခိုးကြောင်ကျော်ခွ ဘလော့ဂါဆိုတော့ သီလကလည်း မစင်ကြယ်... အာလာဒင် မီးခွက်လေးကိုတောင် သတိရမိလိုက်သေး။ ခက်တာက တီချယ်ဒေါ်အယ်နီဖွား ဆယ်တန်းနှစ်တုန်းက ဆုချထားတဲ့ ရေနံဆီမီးခွက်လေးတောင် ဘယ်ရောက်နေမှန်းမသိ။ မျက်စိထဲ အင်္ကျီအနီဝတ်ဘောလုံးသမားကိုလည်း မြင်ယောင်ရင်း.... ။ ကိုသန်းလှိုင်ရဲ့ အနှစ်နှစ်ဆယ်တေး တပုဒ်ကို ဆွေးဆွေးမြေ့မြေ့ ဆိုနေသံလည်း ကြားနေရတယ်။ ဒီလောက် စိတ်အိုက်နေတဲ့ ကြားထဲကကို... လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က အနှစ်နှစ်ဆယ်တေးဆိုတာ အခုတော့ အနှစ်လေးဆယ်တေး ဖြစ်ရမှာပေါ့လို့ တွေးမိနေသေး....။ တင်ဇာမော်လားမသိ.. ဆိုနေတဲ့ ဘာမဆို ဖြစ်နိုင်တယ် တဲ့... ဘာတွေလဲ.. မြတ်စွာဘုရား....။

++++++++
မေမေ.. မေမေ... ရေသောက်ချင်တယ်.... မေမေ မီးမီး ရေသောက်ချင်လို့......
အသံက ဝေးနေရာကနေ တဖြည်းဖြည်း နီးကပ် ပီပြင်လာတယ်။ သမီးငယ် အသံ....။ နှုတ်က အသံပြန်ပြုမိလိုက်ရင်း...။
အင်း.. ဘာလဲ သမီး။
မေမေ.. မီးမီး ရေဆာလို့....
သမီးအသံ သေချာတာနဲ့.... ကမန်းကတန်း လူးလဲ ပြီး မြန်မြန် ထလိုက်ရတယ်... တော်ကြာ ပြန်အိပ်ပျော်သွားမှဖြင့်.. ခုနအိပ်မက် အခန်းဆက်..ထပ်မက်နေရင် ပြဿနာ.... သမီးငယ်ကို ရေမပေးခင်.. အရင် ရေတစ်ခွက်ကို တဂွတ်ဂွတ်နဲ့ သောက်ပစ်လိုက်ရတယ်။
အမလေး.. လေး .... ငါ့သမီးလေး နှိုးပေလို့ပေါ့.........။

Comments

ThuHninSee said…
သျှီရဲ့ ဂန္ဒာရီ..သီချင်းလေးလိုပေါ့။

:P
:P said…
ဘာမဆိုဖြစ်နိုင်တယ် တဲ့လား
ဒီပို့စ်လေး အရမ်းကြိုက်တယ်
သက်ဝေ said…
ရည်ရည်လည်လည်မိုက်တယ်ကွာ...
ဘာမဆို ဖြစ်နိုင်တယ် တဲ့လာ...
အတူတူလက်ချင်း ခိုင်ခိုင်မြဲမြဲတွဲလို့  ကြိုးစားကြတာပေါ့နော်...
Sonata Cantata said…
ကျမ နားလည်တဲ့ ဘလော့ဂါ ရေးတဲ့ tg ရေ..တစ္ဆေခြောက်ခံလိုက်ရတော့...
ပိုနားလည်သွားတယ်
ကျေးဇူး tg
PAUK said…
မသိဂီ င်္..
ဖတ်သွားပါတယ်...

ဘာမဆို ဖြစ်နိုင်ပါတယ်....
tg.nwai said…
>မွန်ပြောမှ မြန်မာအမ်ပီသရီးသွားပြီးသျှီရဲ့ဂန္ဓာရီသွားနားထောင်လိုက်ရတယ်..:)
>sin dan lar ရေ.. ကျေးဇူးပါ။
>သက်ဝေရေ.. ဟုတ်.. အတူတူ လက်ချင်းတွဲလို့ပေါ့...
>သီတာရေ.. အဲဒီအတိုင်းပါပဲ.. :P
>ပေါက်ရေ.. လာဖတ်တဲ.အတွက် ကျေးဇူး...

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ