Monday, December 1, 2008

အမှတ်တရ သဇင် (၂)

သဇင်ကို ကျမတို့ လွမ်းတယ်ဆိုရင် သူများတွေကတော့ ဘယ်နှယ်… ခြုံနွယ်ပိတ်ပေါင်းတွေကြားထဲက မွဲတေတေ အဆင်းမလှ သည် သဇင်ဆောင်များ ဘာလွမ်းလောက်လို့လဲပေါ့….။ ဟုတ်ပါတယ်… အခု ကျမတောင် သဇင်နားရောက်သွားရင်တောင် လွမ်းစိတ်တွေ ပျောက်ချင်ချင်။ ကြို.ကုန်းရောက်ရင်လည်း အထီးကျန်ဆန်ဆန် အထပ်ထပ်ကာရံထားတဲ့ ရှေးဟောင်းသမိုင်းဝင်ဖြစ်တော့မယ့် ကျောင်းတော်ကြီဲး….ကို မြင်ရတာ စိတ်မကောင်းပြန်ဘူး။

ခုနှောင်းလူတွေသိအောင်တော (အဟမ်း.. အဟမ်း) သဇင်ဆောင်ဆိုတာ သမိုင်းဝင် မဟုတ်ပေမယ့် သမိုင်းဝင်းထဲမှာရှိတဲ့ အကြောင်းတော့ နည်းနည်းလေး ပြောချင်ပါတယ်။ အခု ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (TTC) တစိတ်တပိုင်းဖြစ်သွားတဲ့ အာစီတူး ရှိတဲ့ သမိုင်းဝင်း.. MICT Park ရှိတဲ့ သမိုင်းဝင်းပေါ့။ အာအိုင်တီကျောင်းသူ အဆောင်ဆိုရင် ဂျီဟောကိုပဲ လူုသိများမယ်ထင်တယ်။ အချောအလှ အီကိုသူဆောင်တွေ ဖြစ်တဲ့ ကံ့ကော်၊ ဂန္ဓမာ၊ သရဖီ၊ နှင်းဆီဆောင်တို့ထက် စာရင် သဇင်ကတော့ အစွန်ဆုံးမှာရှိပါတယ်။ အခုလက်ရှိ အင်ကြင်း အမည်နဲ့ အဆောင်က အရင်တုန်းက မရှိသေးပါဘူး။ အရင် အင်ကြင်းဆောင်ဆိုတာ ခုတော့ ဆရာမများအဆောင် ဖြစ်နေပြီ။ အရင်ကတော့ အဲဒါ ကွင်းပြင်ကြီးပါပဲ။ ဒါကြောင့်လည်း အစွန်ဆုံးဖြစ်နေတဲ့ သဇင်က သူခိုးစားကျက်ဖြစ်ခဲ့ရတာပေါ့။

ကျမတို့ လိုင်းကားစီးရင် ဆင်းရမယ့်မှတ်တိုင်က သဇင်နဲ့ ဂန္ဓမာဆောင်ကြားမှာပါ… အဲဒီမှတ်တိုင်ကို ဂန္ဓမာ မှတ်တိုင်လို့ ခေါ်တာတော့ နဲနဲတော့ မတရားသလိုပဲနော်… ကျမတို့ အဆောင်က လမ်းကနေ အထဲကို နဲနဲ ပိုဝင်ရပါတယ်။ အဲ…. ညနေစောင်းတွေကျတော့ ထိုင်ဖို့ နေရာပိုကျယ်တာပေါ့လေ…။ အဲဒီတော့ ညနေဆို တခြားမိန်းကလေးဆောင်တွေက ခြေအေးဝမ်းယောင် လျှောက်ပြန်သံပေး သမိုင်းဝင်းတစ်ပတ်ပတ်ပြီး ပြန်လာတဲ့ သူတွေ နောက်ဆုံးတော့ သဇင်ဘက်ကို ရောက်လာကြတာပါပဲ။ သဇင်ညနေခင်းလေးတွေကတော့ လူစည်တတ်ပါတယ်။ သူများတွေတော့ မသိဘူး… ကျမကတော့ အဲဒီလို ညနေခင်းဆို အခန်းထဲမှာကို မနေချင်တာ… သူငယ်ချင်းတွေနဲ့ အပြင်မှာ ထိုင်ရင်ထိုင်၊ ထီးကိုးလက်ဘက် လမ်းလျှောက်ချင် လျှောက်ကြ၊ ဒါမှ မဟုတ်.. အဆောင်ကင်တင်းန်မှာ လိုအပ်တဲ့ ပစ္စည်းလေးတွေ သွားဝယ်တဲ့သူတွေနောက် အဖော်လိုက်ပေါ့။ ကျောင်းတံဆိပ်နဲ့ စာအိတ်လေးတွေ..တံဆိပ်ခေါင်းတွေ.. စာအုပ်..ဘောပင်..ဘာညာဘာညာ သွားဝယ်ကြတာပါ။

အဆောင်အ၀င် ဘယ်ဘက်ခြမ်းမှာ လုံခြုံရေးကင်းတဲလေးရှိပါတယ်။ ညဘက်ဆို အဆောင်စောင့်ဦးလေးကြီးတွေရဲ့ နေရာ၊ ဧည့်ချိန်ကုန်ရင် ဦးလေးကြီးတွေနေရာဖြစ်ပေမယ့်…. ကျန်တဲ့ အချိန်တွေဆိုရင်တော့ အဲဒီနေရာလေးဟာ လွတ်တယ်ရယ် မရှိသလောက်ပါပဲ…။ အတွဲတွေ နေရာဦးတတ်တဲ့ နေရာလေး…. ဘာရယ်မဟုတ်ဘူး။ အကြာကြီး လာတတ်တဲ့ သူတွေ ထိုင်နေတတ်တာပါပဲ။ ကျမတို့လား…။ ထိုင်ဖူးတာပေါ့.. ဟဲဟဲ… တခါမှ တလေလေးပါ။ ( ဂျီဟောရောက်မှ အတွဲဖြစ်သွားတဲ့ သူတွေကတော့ မထိုင်ဖူးလိုက်ပါဘူး.. ဟိဟိ)

အဆောင်ဝင်းထဲ ၀င် ၀င်ချင်း အမိုးပါတဲ့ စင်္ကြလမ်းတလျှောက်ရဲ့ အဆုံးမှာ အဆောင်က ဧည့်သည်ခေါ်ပေးတဲ့ ဦးလေးကြီး စားပွဲချထားပါတယ်။ စင်္ကြန်ဘေးတွေမှာ ထိုင်ခုံအဖြစ် ချထားပေးတဲ့ အုတ်ခဲခုခံထားတဲ့ အင်္ဂတေခုံတန်းတွေ ရှိပါတယ်။ ဧည့်သည်တွေနဲ့ ထိုင်စကားပြောကြ။ ဧည့်ချိန်ကုန်ရင်တော့ အပြင်ဘက် ထွက်… အဆောင်အပြင်ဘက်က အုတ်ဘောင်လေးတွေပေါ်မှာ ထိုင်ကြပေါ့။

တချို.ကျတော့လည်း ဦးလေးကြီးကို မခေါ်ခိုင်းပဲ ကိုယ့်ဘာသာ လက်ခေါက်မှုတ်ခေါ်တာတို့ လက်ခုပ်တီးခေါ်တာတို့ လုပ်တတ်ကြပါသေးတယ်… ကိုယ့်အချိန်းအချက်နဲ့ကိုယ်ပေါ့။ တချို. စချင်နောက်ချင်တဲ့ အုပ်စုကောင်းတဲ့ အဆောင်သူတွေကလည်း မျက်မှန်းတန်းမိနေတဲ့ ဧည့်သည်တွေလာတာ မြင်တာနဲ့ပဲ ပိုင်ရှင်..အဲ.. အိမ်ရှင်ကို လှမ်းကုန်းအော်ပေးကြတော့တာပါပဲ။ တော်တန်ရုံ အရေမထူတဲ့ လူဆိုရင်တော့ နောက်တာလား၊ တကယ်ခေါ်ပေးတာလား ၊ စောင့်နေရမှာလား၊ ဦးလေးကြီးကိုပဲ ခေါ်ခိုင်းရမှာလား.. လားများစွာနဲ့ ယောင်လည်လည် ဖြစ်တတ်ပါတယ်။

အဲဒီနေရာကနေ မရပ်ပဲ မြက်ခင်းပေါ် တည့်တည့်သာ ဆက်လျှောက်ခဲ့ရင်တော့ ဆယ်လှမ်းလောက်ဆို ကျမတို့ အခန်းတွေရှေ့ ရောက်ပြီ။ (တကယ် ဆက်လျှောက်လို့တော့ မရပါဘူး..စကားအဖြစ်ပြောတာပါ) ဒါကြောင့် ဧည့်ချိန်တွေဆို အဲဒီဘက်ခြမ်းက အပျိုမတွေ ရေချိုးပြီး အ၀တ်ထွက်လှမ်းဖို့ဆို သိပ်အဆင်မပြေလှပါဘူး… တခါတလေ… အဆောင်လာတဲ့ ဧည့်သည်တွေကလည်း ဦးလေးကြီး စားပွဲမှာ ခန့်ခန့်ကြီးထိုင်နေတတ်တာပါကိုး။ သူတို့ကတော့ နှစ်ချို့ ဧည့်ဟောင်းတွေများပါတယ်။

စင်္ကြန်တလျှောက်ရဲ့ ညာဖက်မှာ ကျမတို့ရဲ. အဆောင်ရဲ့ အစာအိမ် စားသောက်ဆောင်ကြီး ရှိပါတယ်။ မနက် ၇-နာရီကနေ ၉- နာရီအထိ မနက်စာ အတွက် တခါဖွင့်၊ ညနေ လေးနာရီကနေ ၅ နာရီခွဲ ၆ နာရီလောက် (မှားရင်ပြောနောိ) ညနေစာအတွက် ဖွင့်ပေးပါတယ်။ နေ့လည်စာအတွက်တော့ အဲဒီမနက်စာကိုပဲ တ၀က်စား တ၀က်ကို ထမင်းချိုင့်ထဲ ထည့်သွားတတ်တာများပါတယ်။ ဟင်းလား… အဆောင်ဟင်းက များတယ် ဘယ်ရှိမှာလဲ…။ ဒါမှမဟုတ်လည်း မနက်စာပဲစားသွား.. နေ့လည်စာကို နွေးအေးမှာ နို့သစ်ခွတစ်ခွက်၊ ဆီချက်တစ်ပွဲ။ ဘတ်ဂျက်. ၅ ကျပ်ပေါ့။ အဲဒါကတော့ ထမင်းချိုင့် သယ်ရတဲ့ ဒုက္ခမရှိတော့ဘူးလေ။

အဆောင်သူတွေ မဟုတ်ရင်တော့ ဘယ်သိမလဲနော်…။ ထမင်းစားဆောင်မှာ ကိုယ့်အမည်ပါတဲ့ စားပွဲမှာပဲ ဟင်းခွက်ယူရတာပါ။ ထမင်းစားချိန် ဘဲလ်တီးပြီဆိုရင် ဟင်းခွက်တွေက နေရာချပြီးသား။ ကိုယ့်စားပွဲက ကိုယ့်ဝေစု ဟင်းခွက်ကိုယူ သူငယ်ချင်းချင်း စုစားကြတာပေါ့…။ ဟင်းရည်တမျိုးမျိုးကိုတော့ နောက်ဖေး မီးဖိုချောင်ထဲမှာ လက်ကိုင်အရှည်ကြီးတပ်ထားတဲ့ ဇွန်းကြီးနဲ့ ပုဂံလုံးလေးထဲခပ်ထည့်။ များသောအာဖြင့်တော့ မီးခိုးနံ့သင်းနေတဲ့ ချဉ်ပေါင်ဟင်းရည်ကျဲကျဲပဲ ဖြစ်တတ်ပါတယ်။ တခါတလေလည်း တူးနံ့လေးနဲ့ ပဲရည်ကျဲမှာ ကြာဇံဖတ်ရောထားတဲ့ ပဲဟင်း..။ ညဖက်တွေဆို ဗိုက်ဆာတတ်တဲ့သူတချို့ကတော့ ထမင်းယူထားတတ်ပါတယ်။ အဆောင်ထမင်းဟင်းစားမကောင်းဘူးပြောလည်း ၀မ်းမီးတောက်နေတဲ့ အချိန်ဆိုတော့ ဘာပဲဖြစ်ဖြစ် စားကောင်းနေတာပါပဲ။ ကျောင်းပိတ်ရက်တွေဆိုရင်တော့ ထမင်းထည့်ထားပြီး အဆောင်ကင်တင်းန်ကနေ တခုခုမှာစားကြတာပေါ့။ ဒါမှ မဟုတ်လည်း ဦးလေးတွေကို လက်ဖက်ထမင်း၊ မလေးရှားထမင်းကြော်၊ တခုခု မှာစားကြပါတယ်။ နောက်ဘာတွေ စားကြသေးလဲ .. မေ့နေပြီ။

အဲ… စင်္ကြန်အဆုံးမှာ ဘယ်ဘက်ကိုချိုးသွားပြီး အဲဒီကနေ အဆောင်ထဲကို ၀င်တဲ့ တံခါးပေါက်ရှိပါတယ်။ အဆောင်တံခါးပိတ်ပြီဆိုရင် တာဝန်ကျ ဆရာမက တံခါးပိတ်ဖို့ စောင့်နေတတ်ပါတယ်။ ကျမတို့ အဆောင်သူတွေကတော့ ဖင့်လေး နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ အဆောင်ထောင်ထဲ ၀င်ရပြန်ပါတယ်။ သံယောဇဉ်နောက်ဆက်တွဲနဲ့ အဆောင်သူတွေကလည်း ကိန္နရီ-ကိန္နရာချောင်းခြားကြသလို မခွဲနိုင်မခွာရက်…. (သူတို့တွေက နောက်ဆုံးမှ)… ရိုးလ်ကောလ် ခေါ်တဲ့အချိန် ကိုယ့်အလှည့်မရောက်ခင် စလိုက် နောက်လိုက်နဲ့ ရတဲ့ အချိန်လေး လေဖောကြပြန်ပါသေးတယ်။

ကျမတို့ စ ၀င်ဝင်ချင်း ပထမနှစ်က (မှတ်မိသလောက်တော့)် ဟောကျူတာ နှစ်ယောက်ရှိပါတယ်။ ဒေါ်ရီရီဝင်းကတော့ ကျောင်းကပဲ ပြီးတာပါ။ နောက်တစ်ယောက်ကတော့ ဒေါက်ဖိနပ်သံ တခွပ်ခွပ်နဲ့ ခေါင်းကိုမော့ မျက်နှာထားတင်းလှတဲ့ သချာင်္ဋ္ဌာနက ဆရာမ…. ဘယ်သူက စ ခေါ်လိုက်တာလည်း မသိဘူး…… ချစ်ချစ်xx လို့။ ရိုးလ်ကောလ်ချိန်မှာ စကားများနေလို့ကတော့ အဲဒီဆရာမအကြည့်အောက်မှာ ပြာဖြစ်သွားမတတ်ပဲ… နောက်တော့ သူလည်း ဘယ်သူနဲ့ ပြဿနာဖြစ်တာလဲမသိ.. အဆောင်ကပြောင်းသွားပါတယ်… နောက် ဟောကျုတာ တစ်ယောက်ကတော့ ဖိုဘီကိတ်နဲ့ တူတဲ့ ဆရာမ ဒေါ်မီမီချမ်း..။ နောက် ဒေါ်သဇင်ဖြူ၊ ဒေါ်ညိုညိုလွင်၊ metal က ဆရာမ နံမယ်တော့ မေ့သွားပြီ။ အဆောင်မှူးမမ ကတော့ ဂျီအော်လော်ဂျီက ဒေါ်တင်ဋ္ဌေးမူ၊ ခပ်ချောချောခန့်ခန့် ပါပဲ… ဒါပေမယ့် ယောကျာင်္းဆန်တယ်။

ဆရာမတွေနဲ့တော့ သတိရလောက်စရာ ပတ်သက်မှု သိပ်မရှိခဲ့ပါဘူး။ ကိုယ်တိုင်က ဆရာမ ဆိုရင် ဝေးဝေးမှာ ရှောင်နေတတ်တာကိုး။ အော်… ဒုတိယနှစ်.. အခန်း ၇၆ မှာတုန်းကတော့ တစ်ခါ မှတ်မှတ်ရရ.. အဆူခံထိဖူးတယ်။ ( အဆူခံရတာကတော့ မထူးဆန်းပါဘူး၊ ကျမတို့တွေ လူစုပြီး ဆူညံပွက်လောရိုက်ရင်၊ အပြင်မှာ သီချင်းလာဆိုကြတဲ့သူငယ်ချင်းတွေနဲ့ ခြေဟန်လက်ဟန်နဲ့ စကားတွေ ပြောရင်… အဲဒီအခါမျိုးတွေမှာတော့ သိမ်းကျုံးဆူခံထိဖူးပါတယ်)

အဲဒီတုန်းက… ဟောကျူတာမမ ဒေါ်ညိုညိုလွင် (ချည်မျှင်) က စာကြည့်ချိန်မှာ လိုက်စစ် ပါတယ်။ ကျမတို့ နှစ်ယောက်ခန်းမှာ ၄-းယောက်လား ၅ယောက်လားမသိ.. လူစုဖြစ်နေကြတဲ့အချိန် ….ကော်ဖီဖျော်သောက်ကြမလို့ ဟန်ပြင်နေတာ..အခုလိုမျိုးရေနွေးကြိုတဲ့ အိုးတွေ မရှိသေးဘူးလေ… မတ်ခွက်ထဲ ရေထည့်ပြီး ဂေါက်(heater) နဲ့ တည်ရတာ…။ အခန်းမှာက တပ်စရာ ပလပ်ပေါက်က ထွန်းထားတဲ့ မီးလုံးနဲ့ ကပ်လျက် တူးဝေး ပလပ်ဂ်မှာ ထိုးရမှာလေ….။ ကြိုးကတိုနေတော့မမီဘူး။ ဒါနဲ့ drawing ဆွဲဖို့ အိမ်ကယူလာတဲ့ ခြေထောက်အရှည်နဲ့ သစ်သားခေါက်စားပွဲကို ကုတင်ပေါ်တင်…. အဲဒီလို အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာ ဆရာမတွေကလည်း ရောင်းအလှည့်…. အထဲကလည်း ရယ်သံတွေ ကြားရတယ် ထင်ပါရဲ့။ တံခါးခေါက်ပြီး ဖွင့်ခိုင်းပါလေရော….။ ကျန်တဲ့သူတွေကလည်း မျက်နှာပိုးတွေ ကမန်းကတန်းသတ်ပြီး တွေ.တဲ့ စာအုပ်လေးတွေ ဟိုလှန်သည်လှန်နဲ့ စာပဲလာဆွေးနွေးကြသလိုလို မျက်နှာသေလေးတွေနဲ့ပေါ့။ ကျမတစ်ယောက်တည်း ကုတင်ပေါ်မှာ စားပွဲတလုံးနဲ့ မတ်တပ်ကြီး…. အဲဒီတော့ ပစ်မှတ်ကတော့ တန်းနေတာပဲ…

သိင်္ဂိနွယ်..ကုတင်ပေါ်မှာ စားပွဲတင်ပြီး ဘာလုပ်နေတာလဲ..

တည့်တည့်ကြီးကို တိုးတာဆိုတော့ ဟိုရှောင်သည်တိမ်း ဂျက်စီဂျိမ်းလည်းလုပ်ဖို့ အချိန်မရှိ….။ စားပွဲပေါ်ခင်းဖို့ လက်ထဲမှာ ကိုင်ထားတဲ့ drawing စက္ကူလိပ်ကြီး ရှိနေတော့ ထွက်မိထွက်ရာ ပါးစပ်က အလွယ်ပဲ ပြောချလိုက်ရတာပေါ့။

Drawing ဆွဲမလို့ပါ မမ… (ဟိဟိ..အကုန်လုံး စိတ်ထဲက ကြိတ်ရယ်သံ)

ဟောကျူတာ မမ လည်း နဲနဲတော့ လည်သွားတယ်။ နောက်တော့မှ…

အော်… ပုံဆွဲတာ ကုတင်ပေါ် စားပွဲ ထပ်တင်ပြီး ဆွဲရတယ်လို့၊ အောက်ထပ်မှာ ခုံတွေ ရှိတာပဲ… သွားဆွဲမှပေါ့….

ဟုတ်… မမ.. ဟုတ်… (ပုတ်သင်ညိုမလေးဖြစ်သွား)

ကျန်တဲ့သူတွေလည်း ကိုယ့်အခန်းကိုယ်ပြန်ကြ…

အကုန်လုံးလည်း ကုပ်ချောင်းချောင်းနဲ့ ပြန်သွားကြတယ်…. အချိန်းအချက် မလုပ်ခဲ့ပေမယ့် သိပြီးသား… ရေနွေးဆူချိန်ကျရင် ပြန်လာကြဦးမယ် ဆိုတာကိုပေါ့။

အော်.. အဆောင်မှာက hot plate တို့ heater တို့ ပေးမသုံးပါဘူး။ မီးပူကိုလည်း ညဘက် မီးအသုံးများတဲ့ အချိန် မသုံးခိုင်းပါဘူး။ မဟုတ်ရင် စာကြည့်ချိန်မှာ လူစုတဲ့အမှု၊ heater သုံးမှုတွေနဲ့ မိသွားနိုင်တယ်။ တကယ်တမ်းကျတော့ သူတို့တွေလည်း အဆောင်သူဘ၀က လာခဲ့ကြတာမို့ ကိုယ်ချင်းစြာ့ပီး တော်တန်ရုံလောက်ကတော့ လွှတ်ထားတာပါပဲ။

ရေးတာတွေ များသွားပြီနော်.. အမှတ်တရ သဇင် (၂) ပေါ့။ ဒါတောင် ပွဲတိုင်းကျော် မမ နဲ့များ ပေါင်းမိလို့ကတော့ အမှတ်တရသဇင် တစ်ထောင့်တစ်ည ဖြစ်သွားမယ် ထင်ရဲ့။ သူကတော့ ပျော်ပွဲရွှင်ပွဲတွေမှာလည်း မုန့်စားပြိုင်ပွဲ၊ ( ကြိုးတန်းမှာ မုန့်ချည်ပြီး စားရတဲ့ ကစားနည်းမျိုး) ၊ ထုတ်ဆီးတိုး တို့လည်း မလွတ်တမ်း… အဲ… ကျောင်းကပွဲ ဒင်နာမှာဆိုလည်း ၀င်နွဲုလိုက်သေးတာပဲ။ ကရင်သင်တိုင်းကြီး ၀တ်လို့ပေါ့..( မမရေ.. ဒါတောင် ငါမေ့နေတာတွေ အများကြီးနော်…)

5 comments:

PAUK said...

မန်းလေးကအဆောင်တွေကိုလွမ်းသွားပြီ..
သတိရစရာတွေများလာတယ်...
မသိဂီ င်္ရေ..
ဖတ်လို့ကောင်းတယ်..
ဆက်ရေးပေးပါ...

sonata-cantata said...

4th year တုန်းကလို့ ထင်တယ်.
မနက်ဖက် အတန်းတက် သဇင်က MMLကို နင့်အခန်းမှာ ငါလာအိပ်မယ်လို့ (နောက်တစ်နေ့ မန္တလေးအသင်းက လှော်ကားဥယျာဉ် သွားမှာ လိုက်မလို့လေ) ချိန်းထားလိုက်ပြီး အိမ်ပြန်တယ်။ အိမ်မှာ နေ့လည် တစ်ရေးတစ်မော အိပ်ပြီးမှ ညနေစောင်း ကား၃ဆင့်စီးပြီးတော့ သမိုင်းဝင်းထဲက တော်ဝင်တဲ့ သဇင်ရှေ့ ထီးတည်းကြီးရပ်နေမိတော့ မှောင်နေပြီ။ အဆောင်တံခါးကြီးက ပိတ်ထားပြီလေ။ သိဘူးလေ အဆောင်သူမှ မဟုတ်တာ။ ကဲ..ဘာဆက်လုပ်ကြမလဲ။ ပူပါဘူး။ နောက်ကြောင်းပြန်လှည့်ရတော့မလား။ နည်းနည်းတော့ ပျင်းသွားတယ်။ Daw MML မမ (ဒေါ်သဇင်ဖြူလို့ ထင်ပါသည်)ကို သွားငိုပြလိုက်ရှာတယ် ထင်ပါတယ်။ ခဏနေတော့ တံခါး ကဗျာကယာ လာဖွင့်ပေးတယ်။ (ကဲ ကိုယ့်လို အခွင့်ထူး ဘယ်သူရဖူးလဲ)။
ဆရာမလောင်းကြီး MML ကိုယ့်ကို စိတ်ထဲကတော့ ဆူချင်ရှာမယ် ထင်ပါတယ်။ တကယ်တော့ ဆူရှာပါဘူး။ ထုံပေပေကြီးကို သူ့အခန်းထဲ ရောက်ရောက်ချင်းပဲ စားသောက်ဆောင်က မတ်ခွက်ထဲ ခိုးထည့်လာတဲ့ထမင်းနဲ့ ငါးကြော်လေး တစ်တုံးကို ကြက်သွန်နီလေး လှီးပြီး သုတ်ကျွေးတယ်။ ဧည့်သည်လာမှာ ဆိုတော့ ပျော်ပြီး ကြိုတင်ပြင်ဆင်ထားတာတွေ ငါစားခဲ့တာ ဘယ်နည်းနဲ့မဆို တစ်လုပ်မကဘူး။
(သူငယ်ချင်းတို့ရေ ကျေးဇူးတင်တယ်လို့ ပြောစရာ မလိုပါဘူးနော်...)

tg ရေ ဆက်ရေးပါနော် GHall အကြောင်းရောက်လာရင်လဲ သိမ်းထားတာတွေ လာရေးဦးမယ်သိလား...ရတယ်ဟုတ်?

ThuHninSee said...

ပျော်စရာကြီး ။ ဆက်ရေးပါ

Ma Ma said...

ကောင်းတယ် ဆက်ရေး၊ ငါအခု အရှုပ်တွေ လုပ်နေလို့ နောက်မှဝင် ကမယ်.... ပလိုဂျိ

သက်ဝေ said...

မရောက်ဖူး မနေခဲ့ဖူးပေမယ့် သိင်္ဂီရေးတာဖတ်ရတော့ ပျော်စရာ လွမ်းစရာ နော်... ဆက်ရေးပါအုံး...