Skip to main content

သဇင် အမှတ်တရများ.... မာလကာသီး ငတက်ပြား (ရေးသားသူ..K- မမ)

မာလကာသီး ငတက်ပြား
သိင်္ဂီရေ သဇင်အမှတ်တရအများကြီးထဲ ကတစ်ခုပေါ့။

ငါဟာ သဇင်ရဲ့ညနေဆည်းဆာ အလှကို လွမ်းနေသူပါ။ ညနေ ၄-နာရီလောက်က စလို့ သက်ဝင်လှုပ်ရှားလာတဲ့ သဇင်ဟာ ဧည့်သည်၊ ဧည့်မျှော်သူ၊ လျှောက်ပြန်သံပေး ခြေအေးဝမ်းယောင်သူတွေနေတဲ့ ပျားပန်းခတ်နေပါတော့တယ်။ ဦးလေးကြီးရဲ့ ဘယ်သူရေဧည့်သည် ဘယ်ဝါရေဧည့်သည် ဆိုတဲ့ဧည့်ခေါ်သံ၊ ရယ်မောသံ၊ စကားသံတွေနဲ့ ဝေစည်နေပါတော့တယ်။

ညနေဆို သဇင်ရှေ့က အဝိုင်းပတ်ပတ်လည်မှာတော့ နေရာလပ် မရှိလောက်အောင်ပါပဲ။ ဧည့်သည်ရှိတဲ့သူတွေကတော့ ဧည့်သည်နဲ့အတူ၊ ဧည့်သည်မရှိသေးတဲ့သူ (မကြာခင်ရှိတော့မယ်လေ)၊ ဧည့်သည်မရှိတဲ့သူတွေကတော့ လမ်းလျှောက်ထွက်တဲ့သူနဲ့၊ ဝိုင်းဖွဲ့ထိုင်ပြီး ထွေရာလေးပါးပြောလိုက် ရယ်မောလိုက်နဲ့ ဘဝမှာ အပှုအပင်ကင်းမဲ့စွာ သဇင်ရဲ့ ဆည်းဆာကိုဖြတ်သန်းခဲ့ကြတာပါ။

များသောအားဖြင့် ပထမနှစ်တွေဟာ အမြဲတမ်း ဧည့်သည် မရှိသေးတဲ့ အတွက် သူ့အုပ်စုနဲ့သူ သူ့အဖွဲ့နဲ့သူ တခါတရံ အဆောင်ရှေ့က အဝိုင်းမှာ၊ တခါတရံ အဆောင်မှုးအခန်းဆီ သွားတဲ့ဝင်ပေါက်မှာထိုင်ပြီး လေကန်ခဲ့ကြတာပေါ့။ တစ်ညလုံး ဂူအောင်းရမှာဆိုတော့ ရသလောက်အချိန်လေးမှာတော့ အပြင်လေကို တဝကြီးရှုချင်ကြတာ ဓမ္မတာပါ။ အဆောင် Main တံခါးက မနက် ၆-နာရီကနေ ည ၆-နာရီထိ ဖွင့်ပေမဲ့ အဆောင်မှုးအခန်းဆီ သွားတဲ့ဝင်ပေါက်ကတော့ သူ့ဧည်သည်လာမှဖွင့်တာပါ။

တစ်ရက်မှာတော့ ဧည့်သည်လာလို့နဲ့တူပါတယ် အဆောင်မှုးအခန်းဆီ သွားတဲ့ ဝင်ပေါက်တံခါး ဖွင့်ထားတယ်။ ငါတို့အုပ်စုလဲ အဲဒီနားမှာထိုင်ပြီး ရယ်မောဖွဲ့နေကြတာပေါ့။ သိင်္ဂီ(ခရမ်း) တို့အုပ်စု ရောက်လာပြီး ပေါင်းလိုက်တော့ အင်းအားတော်တော် တောင့်သွားပါတယ်။ တောင်တစ်ပေါက် မြောက်တစ်ပေါက် ပြောကြရင်း မန္တလာသူ Yellow Sweet က အဆောင်မှုးအခန်းရှေ့က မာလကာပင်က မာလကာသီး ဝင်းနေတာ တွေ့ခဲ့ကြောင်း၊ သူအရမ်းစားချင်ကြောင်း ပြောပါတယ်။ စားချင်ရင်ခူးစားပေါ့ အဆောင်မှုး သူ့ဧည့်သည်နဲ့ အလုပ်ရှုပ်နေမှာ ဝိုင်းပြီးပြောကြနဲ့ ဆူညံ့နေတာပါပဲ။ သူ့ကတော့ပြောပါတယ် ကြောက်တယ်တဲ့။

အဲဒီအချိန်မှာ ငါရဲ့ဇာတာက စောရ ခွင်ထဲရောက်နေသလား မသိပါဘူး volunteer ငတက်ပြား ဝင်လုပ်မိပါရော။ အခန်းထဲက အရိပ်အခြေနေကြည့်ပြီး မာလကာသီး အဝင်းတစ်လုံး သွားခူးခဲ့တယ်။ မာလကာသီးတစ်လုံးကို နှစ်အုပ်စု တစ်ယောက် တစ်ကိုက်နဲ့ ဝိုင်းစားလိုက်တာ မာလကာသီးဟာ ပါးစပ်ထဲတင်ပျောက်သွားပြီး လည်ချောင်းထဲတောင် မရောက်လိုက်ဘူးနဲ့တူပါတယ်။ ထပ်ပြီးတောင်းဆိုကြပြန်ရော။ အော်... ပြောဖို့မေ့နေတယ် အဲဒီရက်မှာ ငါပိုက်ဆံပေးပြီး သွားတစ်ချောင်းနှုတ်ထားလို့ ဆရာဝန်က တစ်ပါတ်တိတိ အမာမစားပါနဲ့ဆိုလို့ မာလကာသီးက ချိုသလား ချဉ်သလား ခါးသလားဆိုတဲ့ ခခွေး-သုံးလုံးကို မသိခဲ့ရပါဘူး။

လွယ်ရင်သူကြွယ်တောင် ဘာဆိုလားပဲ သူကြွယ်မဟုတ်တဲ့ သွားကျိုးလေး ငါက ဒုတိယ အကြိမ် ငတက်ပြား လုပ်ပြန်ရော။ ပထမအကြိမ်အတိုင်း အရိပ်အခြေကြည့် အခြေနေကောင်းပုံ့ရတော့ မာလကားပင်ကိုကြည့် အားပါး ပထမအကြိမ်မှာ ကြောက်ကြောက်နဲ့ မမြင်ခဲ့တာ ဒုတိယအကြိမ်မှာတော့ ခူးချင်စရာတွေ အများကြီးပဲ။ ဒါနဲ့ ဘယ်တစ်လုံး ညာတစ်လုံး ခူးအပြီး ကျွီဆိုတဲ့အသံနဲ့အတူ တံခါးပွင့်လာပြီး အဖွား (အဆောင်မှုး မမဒေါ်တင်ဌေးမှုရဲ့အမေ)၊ မမ ( အဆောင်မှုး)နဲ့ မမဝေ ( အဆောင်မှုး သူငယ်ချင်း)တို့ ထွက်လာပါရော။

ကျန်တဲ့သူတွေက အခုတော့သူတို့နဲ့ မဆိုင်သလို မျက်နှာလေးတွေ လမ်းဘက်မှုနေကြပြီး တခွီးခွီးနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ နားစွင့်နေကြတာပေါ့။ စားချင်လိုက်တာလို့ဆိုသူက Yellow Sweet တောင်းဆိုသူကအများ အခုတော့ ကြံရာပါ သွားကျိုးလေး ငါ မှာ တော့ သက်သေခံပစ္စည်း ဘယ်တစ်လုံး ညာတစ်လုံးကိုင်ပြီး အဆောင်မှုး တို့မေးတာကို ဖြေနေရပါတော့တယ်။

အဖွား။ ။ သမီးဘာလုပ်နေတာလဲ။
မ ။ ။ ဟိုအဖွား မလကာသီးခူးတာပါ။ မာလကာသီးဝင်းဝင်းလေးတွေမြင်တော့ အရမ်းစားချင်လို့ပါ။
မှုး ။ ။ အဆောင်စည်းကမ်းမှာ အဆောင်ထဲမှာရှိတဲ့ ပန်းတို့ အသီးတို့ မခူးရဘူးဆိုတာပါတယ်လေ။ (ပထမနှစ်ကျောင်းသူလဲဖြစ် ဧည့်သည်လဲရှိလို့နဲ့တူပါတယ် ပြုံးပြုံးကြီးနဲ့ ဆူတာပါ။ အဆောင်မှုး ဆူတာလောက်တော့ ပန်းလေးနဲ့ပေါက်သလိုပါပဲ။ ပန်းဆိုလို့ ဂေါ်ဖီပန်း မဟုတ်ဘူးနော်။ စပယ်တို့ နှင်းဆီတို့ပါ။)
မ ။ ။ ဟုတ်ကဲ့ မမ မသိလို့ပါ။ ခူးစားလို့ရတယ်မှတ်လို့ပါ မမ။
(ကျွန်တော် Volunteer ငတက်ပြားပါလို့ ပြောလို့ဘယ်ဖြစ်မလဲနော့။)
အဖွား။ ။ သမီးစားချင်ရင် အဖွားဆီမှာလာယူ သမီး ၊ ဆွမ်းတော်တင်စွန့်ထားတဲ့ အသီးတွေရှိတယ်။ အပင်ကအသီးတွေက ဘုရားဆွမ်းတော်တင်ဖို့ထားတာ သမီးရဲ့။ နောက်မခူးနဲ့နော်။ (သိပ်တော်တဲ့ အဖွား ငါ့ကို ဘုရားနဲ့ ကိုင်ပေါက်တယ်။)
မ ။ ။ ဟုတ်ကဲ့ အဖွား။
မှုး ။ ။ အေးသွားတော့ နောက်စားချင်ရင် နင့်အဖွားဆီမှာလာယူ သွားတော့။

ငါ့ဇာတ်လမ်းက အခုမှစတာ သူငယ်ချင်းရေ။ နောက်နေ့တွေကစပြီး Roll Call အပြီး TV က ၇-နာရီ သီးချင်း အစီစဉ်မစခင် မာလကာသီး Mission စပါတော့တယ်။ မစလို့လဲမရဘူးလေ။ ငါရတဲ့ အခွင့်ရေးက နည်းတာမှမဟုတ်တာ ကလား။ ငါ့ကိုလောဆော် နေတဲ့ ငါ့အုပ်စုကလည်းရှိနေတယ်လေ။

ပထမနေ့

အခန်းနံပါတ်-၃၃ ကထွက်၊ Drawing လေ့ကျင့်တဲ့ အခန်းကိုဖြတ်၊ TV ခန်းကိုဖြတ်၊ ဧည့်ခန်းကိုဖြတ်၊ လှေခါး ၃-ထစ်နှင်း ညာကွေ့ Yellow Sweet တို့ အခန်းကိုဖြတ်၊ အဆောင်မှုးရဲ့ အခန်းတံခါးကို ခေါက်၊
ဒေါက်ဒေါက်”
ကျွီ” တံခါးဖွင့်သံ။ အဖွားထွက်လာ။
မ ။ ။ အဖွား မာလကာသီးလာယူတာပါ။
အဖွား။ ။ အော်အေးအေး သမီး အခန်းထဲမြန်မြန်ဝင် ကြောင်လေးတွေထွက်မှာစိုးလို့။
(ကြောင်အိမ်ထဲက ဆွမ်းတော်တင်စွန့်ထားတဲ့ မာလကာသီး ၂-လုံးယူပြီးပေး။)
မ ။ ။ ဟုတ်ကဲ့ အဖွားကျေးဇူးတင်ပါတယ်။
အဆောင်မှုးအခန်းကထွက်၊ Yellow Sweet အခန်းကိုဝင် မာလကားသီးတစ်လုံးပေး၊ ဘယ်ကွေ့၊ လှေခါး ၃-ထစ်ဆင်း၊ ဧည့်ခန်းကိုဖြတ်၊ TV ခန်းကိုဝင် ကျန်တစ်လုံးကို ကိုယ်အဖွဲ့သားတွေကိုပေး။ အရမ်းကိုလှတဲ့ နေ့ပါပဲ။

ဒုတိယနေ့

အခန်းနံပါတ်-၃၃ ကထွက်၊ Drawing လေ့ကျင့်တဲ့ အခန်းကိုဖြတ်၊ TV ခန်းကိုဖြတ်၊ ဧည့်ခန်းကိုဖြတ်၊ လှေခါး ၃-ထစ်နှင်း ညာကွေ့ Yellow Sweet တို့ အခန်းကိုဖြတ်၊ အဆောင်မှုးရဲ့ အခန်းတံခါးကို ခေါက်၊

ဒေါက်ဒေါက်”
ကျွီ” တံခါးဖွင့်သံ။ အဆောင်မှုးထွက်လာ။
မ ။ ။ ကျွန်တော် မာလကာသီးလာယူတာပါ။
မှုး ။ ။ မြန်မြန်ဝင် င့ါကြောင်လေးတွေထွက်တော့မှာပဲ။ အဖွား မာလကာသီးတဲ့။(အဖွားမှ ကြောင်အိမ်ထဲက ဆွမ်းတော်တင်စွန့်ထားတဲ့ မလကာသီး ၂-လုံးယူပြီးပေး။)
မ ။ ။ ဟုတ်ကဲ့ မမ ကျေးဇူးတင်ပါတယ်။
အဆောင်မှုးအခန်းကထွက်၊ Yellow Sweet အခန်းကိုဝင် မာလကားသီးတစ်လုံးပေး၊
Y Sweet ။ ဟင့်အင်း ငါမစားချင်ဘူး။
မ ။ (နေပေါ့ စားချင်သူတွေ အများကြီး။)
ဆက်လျှောက် ဘယ်ကွေ့၊ လှေခါး ၃-ထစ်ဆင်း၊ ဧည့်ခန်းကိုဖြတ်၊ TV ခန်းကိုဝင် အခန်းဖော် ရေဦးသူ လန်ဘားကို ဝမ်းသာအားရ ၂-လုံးစလုံးပေး၊ မနေ့က ၁-လုံးပဲလားဆိုပြီး ညည်းလို့။

ရေဦးသူ ။ ။ ဟင့်အင်း တော်ပြီ။
မ ။ ။ ဟင်ဘယ်လိုဖြစ်တာတုန်း ယူတောင်မယူရသေးဘူး တော်ပြီ။ ဒါဆို တခြားသူပေးလိုက်မယ်။
ရေဦးသူ ။ ။ ပေးလိုက်။
မ ။ (အလဲ့ အစားမက်တဲ့ တယောက်က ဒီတခါ ဟုတ်နေပါလား။ နေပါ ဒီကောင်က ညညဆိုဗိုက်ဆာတတ်တယ်။ ညလည်လောက်မှ ထစားလိမ့်မယ်။ စားပွဲပေါ်တင်ထားလိုက်မယ်။)

မနက်ကျတော့ စားပွဲပေါ်က မာလကာသီးကို ရေချိုးခန်းက အမှိုက်ပုံးထဲ ပစ်လိုက်ရတယ်။ နှမြောလိုက်တာ။
ဒုတိယနေ့ရဲ့ ကျဆုံးခန်း။

တတိယနေ့၊ စတုတ္ထနေ့ …………

အခန်းနံပါတ်-၃၃ က လေးလံတဲ့ခြေလှမ်းများနဲ့ Drawing လေ့ကျင့်တဲ့ အခန်းကိုဖြတ်၊ TV ခန်းကိုဖြတ်၊ ဧည့်ခန်းကိုဖြတ်၊ လှေခါး ၃-ထစ်နှင်း ညာကွေ့ တောင်လျှောက် အဆောင်မှုးရဲ့ အခန်းကိုသွား တံခါးကို ခေါက်၊

ဒေါက်ဒေါက်”
ကျွီ” တံခါးဖွင့်သံ။ အဖွားထွက်လာ။
မ ။ ။ အဖွား မာလကာသီးလာယူတာပါ။
အဖွား။ ။ အော်အေးအေး သမီး ခဏလေးစောင့်။(ကြောင်အိမ်ထဲက ဆွမ်းတော်တင်စွန့်ထားတဲ့ မာလကာသီး ၂-လုံးယူပြီးပေး။)
မ ။ ။ ဟုတ်ကဲ့ အဖွားကျေးဇူးတင်ပါတယ်။
အဆောင်မှုးအခန်းကထွက် မာလကားသီး ၂-လုံးကိုင်ပြီး TV ခန်းထဲမှာ ငူငူကြီးထိုင်ပြီး ဘာကြောင့်လဲ ဆိုတဲ့အဖြေကိုရှာနေမိတယ်။ အရင်က စားချင်လှပါတယ်ဆိုတဲ့ သူတွေမေးတော့လဲ အဖြေက တစ်မျိုးထဲပဲ။

နင့်မာလကာသီးက အရမ်းမှည့်နေပြီတဲ့လေ။ မာလကာသီးဆိုတာက ဝင်းဝင်းလေးပဲ စားလို့ကောင်းတာဆိုပဲ။ တကျွတ်ကျွတ်နဲ့ ဝါးစားလိုက်မှ အရသာရှိတယ်ဆိုပဲ။ များများဝါးလေ အချိုဓါတ်လေးထွက်လေတဲ့လေ။ အမှည့်ကျတော့ ပျော့အိအိနဲ့ ဝါးလို့မကောင်းတော့ဘူးတဲ့။ ချိုကောင်းချိုလိမ့်မယ် ဒါပေမဲ့ စားရတဲ့ Feeling မရှိတော့ဘူးတဲ့။ မှန်မမှန်တော့ ငါ့ရဲ့ တစ်တောင်တစ်မိုက် ဉာဏ်နဲ့ မစဉ်းစားတတ်ဘူးလေ။ ဗဟုတုတကလည်းနည်း လိုချင်တပ်မက်မှုလဲမရှိတဲ့ ငါ အခုနေများ သမိုင်းဝင်းကန်တင်းထဲက စာအုပ်ငှါးဆိုင်မှာ ဥတုဘောဇနဘင်္ဂ ဋီကာ ဘာညာ ကျမ်းများငှားလို့ရရင် ပြေးငှားပြီး မာလကာသီးမှည့် အသုံးဝင်ပုံကို ဖတ်ချင်လှပါဘိ။

မာလကာသီးဝင်းရောင်သည် သွေးလေဝမ်းကို ချုပ်စေ၏။ အနည်းငယ် ဖန်သော အရသာရှိ၏။ အရွယ်ကိုရင့်ရော်စေ၏။ ထိုင်းမှိုင်းစေ၏။ မာလကာသီးမှည့်သည် လေကိုကျေစေ၏။ ဝမ်းကိုပျော့စေ၏။ ဥတုသုံးပါးကို ညီညွတ်စေ၏။ ကင်ဆာကိုနိုင်၏။ ဝါယောဓါတ်ကိုပေး၏။ အသားအရေကို စိုပြေနှပျိုစေ၏။ စသည်စသည်ဖြင့်ပေါ့လေ ရေးထားလေမလားလို့ သိချင်စမ်းပါဘိနှယ်။ တကယ် ရေးထားရင်တော့ အဲဒီ ဋီကာကျမ်းကြီးကိုပြပြီး မာလကာသီးမှည့် မစားချင်ပါဘူးဆိုတဲ့သူတွေကို ကျွေးပြစ်ချင်ပါဘိကွယ်။

အခုတော့ တကူးတက ကိုယ်ကလည်းသွားယူ၊ ပေးသူကလည်း ဂရုတစိုက်ပေးတဲ့ မာလကာသီးမှည့်လေးများမှတော့ အမှိုက်ပုံးထဲရောက်ရတော့မှာပါလား။ (ဘာပြောတာ နင်စားလိုက်ပါလား ဟုတ်လား။ ဘယ်နှဲ့ပြောပါလိမ့်နော် ငါ့မှာ ပိုက်ဆံ ၂၅-ကျပ်ကြီးတောင် အကုန်ခံပြီး လှည်းတန်းက ဒေါက်တာ သန့်ဇင် ဆီမှာ သွားတစ်ချောင်းလုံးကို နှုတ်ထားရတာ။) ဒီလိုနဲ့ မာလကာသီးမှဲ့တွေ အမှိုက်ပုံးထဲရောက် ရောက်သွားပါတော့တယ်။ အရမ်းစားချင်လို့ပါ လို့သနားစဖွယ် လျှောက်လဲချက်ပေးခဲ့တာကို တကယ်ထင်ပြီး ပေးတဲ့ အဖွားကို အားနာလို့ သွားတော့ယူရအုံးမယ်လေ။

နောက်ဆုံးနေ့

အခန်းနံပါတ်-၃၃ ကနေ ငိုက်စိုက်ငိုက်စိုက်နဲ့ သွားလိုက်တာ အဆောင်မှုးရဲ့ အခန်းရှေ့ရောက်မှပဲ အော်ရောက်ပြီဆိုတာ သိတော့တယ်။ ထုံစံအတိုင်း တံခါးကို ခေါက်၊

ဒေါက်ဒေါက်”
ကျွီ” တံခါးဖွင့်သံ။ မမဝေ ထွက်လာ။

မ ။ ။ ကျွန်တော် မာလကာသီးလာယူတာပါ။
ဝေ ။ ။ အော် အေး ဟဲ့ဟဲ့ ပူစီ ဘယ်လဲ ပြန်လာခဲ့ ပြန်လာခဲ့စမ်း၊ သမီး အခန်းတံခါး ပိတ်လိုက်ဟဲ့ပူစီဘယ်ရောက်သွားပြီလဲ။ (ကြောင်နာမည်ကို အတိအကျတော့ မမှတ်မိတော့ပါဘူး။ ဒီအချိန်ရောက်ရင် မအူမလည် ကျောင်းသူတစ်ယောက် လာတော့မှာ ဆိုပြီး ဘယ်အချိန်ထဲက ချောင်းနေလဲမသိဘူး လစ်ကနဲ ကျောင်းသူတွေနေတဲ့ အခန်းတွေဘက် ပြေးသွားပါတော့တယ်။ အင်း …ကြောင်မ တော့ မဖြစ်နိုင်ပါဘူး။)

ပြောပြောဆိုဆို အဆောင်ထဲပြေးဝင်သွားတဲ့ ကြောင်လေးကို လိုက်ဖမ်းနေတဲ့ မမဝေ နဲ့ မမဒေါ်တင်ဌေးမှုတို့ကို အရမ်းလည်းအားနာ ဘာလုပ်လို့ဘာကိုင်မှန်းမသိတာနဲ့ မမဝေတို့ အခန်းနားမှာ ကြောင်တောင်တောင်လေး ရပ်နေလိုက်တယ်။ နာရီဝက်လောက်ကြာမှ ကြောင်လေးပိုက်ပြီး နှစ်ယောက်သားပြန်လာကြတော့တယ်။ ငါလည်း မာလကာသီး ၂-လုံးယူပြီး အခန်းကိုပြန်လာခဲ့တော့တယ်။

နောက်ရက်တွေမှာတော့ Tutorial Test ရှိသလိုလိုနဲ့ မေ့ချင်ယောင်ဆောင်ပြီး ငါ့ရဲ့ မာလကာသီး Mission ကိုရပ်လိုက်ပါတော့တယ်။

ငါ့ရဲ့အခန်းဖော် ရေဦးသူနဲ့ ပဲခူးဆားတစ်ပွင့်ဖြစ်တဲ့ မော်ကြီးတို့ကတော့ သတိတရ ခိုင်းပါသေးတယ်။ အပယ်ခံ မလကာသီးမှဲ့လေးရဲ့ ရင့်နင့်ဘွယ် အဖြစ်ကို ငါ မကြည့်ရက်တာ အမှန်ပါ။ အမှိုက်ပုံးထဲ ပစ်ကာနီး မျက်ရည်လည်ရွဲ နဲ့ တောင်းပန်တဲ့ အသံကိုလည်း မကြားရက်တော့ပါ။ တကယ်လို့သာ နောက်ဘဝဆိုတာ ရှိခဲ့ရင် အသီးဘဝမှာတော့ မာလကာသီး မဖြစ်ရလိုပါ၏ လို့ဆုတောင်းလိုက်ရပါတယ်။ စဉ်းစားကြည့်လေ ကျန်တဲ့အသီးတွေက အစိမ်းဘဝနဲ့ ဝင်းရောင်ဘဝမှာ ဘုရားစားပြီး (ဆွမ်းတော်တင်) လူတွေစားတဲ့အလှည့်မှာတော့ မှည့်နေပေမယ့် အားရဝမ်းသာစားကြတာလေ။ မာလကာသီးမှည့်ကျတော့ ……..

ကုတင်ပေါ်မှာ စိတ်ပျက်လက်ပျက်လှဲရင်း ပြောနေတဲ့ ငါ့ကိုကြည့်ပြီး ငါဘာပြောပြော ရီရမယ်ဆိုတာကို သမိုင်းပေးတာဝန်တစ်ရပ်တစ်ခုကဲ့သို့ ထမ်းဆောင်ခဲ့ကြတဲ့ ရေဦးသူနဲ့ ပဲခူးဆား လေးပွင့်ထဲက တစ်ပွင့်တို့ကတော့ တာဝန်ကြေပွန်စွာ ရီမောနေကြပါတော့တယ်။ ငါလည်းပဲ အခုမှပဲ ပေါ့ပါးလွတ်လပ်စွာ အတူရီမော နှိုင်ပါတော့တယ်။

(Mission = mission in life, special work which a person feels called upon to do. ကိုယ်ပိုင်အသိဖြင့် မိမိလုပ်သင့်လုပ်ထိုက်သည်ဟု ယူဆသော ဘဝပေးတာဝန်.)

Comments

tg.nwai said…
တစ်တောင်တစ်မိုက် ဉာဏ်နဲ့...တဲ.။ ဟားဟား.. တစ်ထွာတစ်မိုက်ပဲ ကြားဖူးတာ..နင်ကတော့ ပိုမှာပေါ့နော်..။

ငါ ဒီဇာတ်လမ်း မကြားဖူးသေးဘူး..။ နောက်ထပ်ကျန်နေသေးရင် ထပ်ပြောပြဦး. ရယ်ရတယ်။ နင့်ဟာကလည်း.. ဆွမ်းတော်တင်ပြီးသား မာလကာသီးအမှည့် ဘယ်သူက စားချင်မှာလဲ.. ငါ့လာမကျွေးလို့တော်သေးတာပေါ့။ ဟေး..အဲတုန်းက ငါဘယ်ရောက်နေပါလိမ့်။
said…
နဲနဲလေး ပိုလုံခြုံ အောင်ပါ။ နင် ဆွမ်းတော်တင်ပြီးသား သရက်သီးတို့ သဘောင်္သီးတို့ကြ မစားဘူးလား။ ၂၀၀၆ ခုနှစ် စလုံးမှာ ကျင်းပတဲ့ အာစရိယ ပူဇော်ပွဲ လာတဲ့ မမဒေါ်တင်ဌေးမှုရဲ့ အော်တိုစာအုပ်ထဲမှာ “သဇင်ရယ်၊ မမရယ်၊ မမဝေရယ်၊ အဖွားရယ် ၊ မာလကားသီးရယ် ကို ကျွန်တော် အမြဲသတိရနေမှာပါလို့” ငါရေးခဲ့တယ်။
နောင်များမှ အိမ်ရှင်ဆိုပြီး တော်ပါတော့လို့ မတားနဲ့ ………..
ThuHninSee said…
မာလကာသီးမှည့်တော့ မကြိုက်ဘူး။
ပွပွ..လေးမှ စားကောင်းတာ။
အပင်ပေါ်တက်ပြီး ကိုယ်တိုင်ခူးစားရတာမှ
ပိုအရသာရှိသလိုပဲ။
ဒီ Mission Impossible ကိုမသိခဲ့တာနာလိုက်တာ။
Sonata Cantata said…
မမရဲ့ mission က မင်းသားလည်းပါဘူး.. ဒါပေမဲ့ ဒိုင်တွေအများကြီးပါတယ် တကယ်လို့သာ နောက်ဘဝဆိုတာ ရှိခဲ့ရင် အသီးဘဝမှာတော့ မာလကာသီး မဖြစ်ရလိုပါ၏ လို့ဆုတောင်းလိုက်ရပါတယ်။ရှယ်ပဲ...
မင်းသားပါတဲ့ကား တင်ပါဦးဗျို့
PAUK said…
မ မမလည်း အသားကုန်ရီရတယ်နော်..
ဆက်ရေးပါ..မ မမ
tg.nwai said…
တန်ခူး said..

တင်ပေးတဲ့ မမသိဂီင်္ကိုရော ရေးပေးတဲ့ မမကိုပါ ကျေးဇူးပါ…
မမ စာရေးကောင်းလွန်းလို့  ဇာတ်ကောင်တွေ မျက်လုံးထဲ ကွင်းကွင်းကွက်ကွက် ပေါ်လာတယ်… မမ ရေ… ကိုယ်ပိုင်ဘလော့
...အဲဒီအပူအပင်ကင်းတဲ့ ရွှေရောင်နေ့ ရက်တွေ အကြောင်းက အမြဲတန်း စိတ်ကိုနုပျိုစေတယ်နော်…
လေးမီ said…
hey tg, kmm, who is yay oo thu? I think I know leh, I know bake thu,
who is Pegu sar(pegu salt)?
kmm, if you write such novels at our magazine, you will famous like ma lei lei Ye(ma lay chauk), I think.
methant

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ