Skip to main content

သဇင် အမှတ်တရများ... September Born များတဲ့ ဒို့ရဲ့ စာသင်နှစ်

ဒီပို့စ်လေးကတော့ ဒေါ်မမ ဆီက တောင်းထားခဲ့လို့ သူ တကူးတက ပို့ပေးလိုက်တဲ့ သဇင်နဲ့ ပတ်သက်တဲ့ အမှတ်တရလေး တစ်ခုပါ။ ကျေးဇူးပါတင်တယ် သူငယ်ချင်းရေ.. သဇင်နဲ့ ပတ်သက်တဲ့ ခံစားချက်ရှိသူတိုင်း ဒီ သဇင်အမှတ်တရ  အခန်းမှာ ၀င်ရေးဖို့ ဖိတ်ခေါ်ပါတယ်။ အားလုံး စုစုစည်းစည်း ဝေမျှ သိမ်းဆည်းထားလို့ ရအောင်ပါ။


September Born များတဲ့ ဒို့ရဲ့ စာသင်နှစ်
သိင်္ဂီရေ သဇင်အမှတ်တရအများကြီးထဲ ကတစ်ခုပေါ့။
ငါကလည်း သဇင်ညချမ်းလေးတွေကို လွမ်းနေသူပေါ့။ တစ်ယောက်နဲ့တစ်ယောက်ဟာ ကျင်လည်ခဲ့တဲ့ အသိုင်းဝန်းမှာ ကိုယ်သန်ရာကို ပိုပြီး သတိတရ ရှိနေတတ်ကြတာပါ။ ချောတဲ့ လှတဲ့သူတွေကတော့ သူတို့ကို ချောလို့ပြောလို့ ပုသိမ်သူကို မုန့်ကျွေးတဲ့ အဖြစ်အပျက်လေးကို (ဘယ်သူလဲမသိဘူး သူ့ Blog မှာရေးထားတာ ) သတိတရရှိနေခဲ့သလို ဘာလုပ်လုပ် အမြီးအမောက်မတဲ့ တဲ့ငါကတော့ အမြီးအမောက်မတဲ့ တဲ့ အဖြစ်ပျက်တွေကို အမြဲသတိတရရှိနေခဲ့တာပါ။ ငါကြောင့် ပွဲဆူစေသလို ငါကြောင့်လဲ ပွဲစည်စေခဲ့တာတွေ ရှိခဲ့တာကိုး ( ပွဲပျက်တယ်လို့မပြောဘူးနော်။

 
လူဟာတစ်ယောက်နဲ့ တစ်ယောက် ပထမဆုံး တွေ့ကြတဲ့အခါ နင်ဘယ်သူ ငါဘယ်သူ စသဖြင့် မိတ်ဆက် ပြောဆိုဆက်ဆံကြတာ သဘာဝတရားကပေးတဲ့ တူညီတဲ့ ယဉ်ကျေးမှုတစ်ခုပါ။ ဘယ်လိုဘဲ နိုင်ငတွေံကွဲကွဲ၊ လူမျိုးဘာသာခြားခြား ပထမဆုံး တွေ့ဆုံကြရင်တော့ Myself အကျဉ်းလေးကိုတော့ ပြောဆိုမိတ်ဆက်ကြတာပါပဲလေ။ သဇင်ဆောင်ကိုရောက်လာတဲ့ ပထမနှစ် ကျောင်းသူတွေဟာလဲ အချင်းချင်းတွေ့ရင် အပြုံးချင်းဖလှယ် နင်ဘယ်သူ ငါဘယ်သူ စတဲ့ Myself လေးပြောပြီးမိတ်ဆက်ကြတာပေါ့။ ပထမနှစ်ကျောင်းသူသစ်လွင်နဲ့ ကျောင်းသူဟောင်းတွေဟာ အတော်ကွဲပြားပါတယ်။ ကျောင်းသူ ဟောင်းတွေက ရဲရဲတင်းတင်း သွားလာပြောဆိုဆက်ဆံကြပေမဲ့ သစ်လွင်ကျောင်းသူတွေကတော့ မျက်လုံးလေးတွေ ကလည်ကလည်နဲ့ မအူမလည်ပုံတွေနဲ့ပေါ့။ ကိုယ်လိုပဲ မအူမလည်ပုံကို တွေ့ရင် အချင်းချင်း မိတ်ဆက်ကြတာလေ။ 

 
ကျောင်းဖွင့်ဖွင့်ချင်း တစ်ပတ်နှစ်ပတ်ကတော့ အဆောင်တံခါး မပိတ်ခင်ထိ နယ်ကလိုက်ပို့ပြီး မပြန်သေးတဲ့ မိဘတွေ ဆွေမျိုးသားချင်းတွေနဲ့ မှာတမ်းချွေ အလွမ်းဆွေ ခဲ့ကြပေါ့လေ။ အဲညရောက်လို့ Roll call အပြီး နီးစပ်ရာ အဆင်ပြေရာ အခန်းတစ်ခန်းမှာ စုပြီး ကိုယ်ဆီမှာ ရှိတဲ့ အစားတွေကို ယူလာတဲ့သူနဲ့ လက်ဖက်သုတ်တဲ့သူနဲ့ လူစုကြပြီး တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြ ရောက်တတ်ရာရာ စကားတွေပြောကြ ပြန်ရော။ 

 
တစ်ရက်မှာတော့ ဘယ်သူကစလိုက်သလဲမသိဘူး မွေးနေ့အကြောင်းပြောကြတယ်။ အသက်၅-နှစ်မှာ ကျောင်းစတက်ခဲ့ရင် ဒို့ရဲ့ စာသင်နှစ်ကသူတွေက ၆၉-နှစ်ဖွားတွေပေါ့။ ဒါပေမဲ့ ၁၀-တန်း ၂-နှစ်နေခဲ့တဲ့ ခြေချော်လက်ချော်ကျခဲ့ကြတဲ့ နင်ရယ၊် မန္တလာသူ အသန်းရယ်၊ ရေဦးသူ ငါအခန်းဖော်ရယ် ဆရာဝန်လိုင်း မရမှာစိုးလို့တစ်နှစ်ခြစ်ချခဲ့တဲ့ မြောင်းမြသူ အေးအေးမာရယ်၊ သူငယ်တန်းမှာ ၂-နှစ်နေခဲ့တဲ့ ငါရယ်ကတော့ ၆၈-နှစ်ဖွားတွေပေါ့။ နှစ်တွေအကြောင်းပြီးတော့ လတွေအကြောင်းမှာတော့ September Born တွေ တ၀က်လောက်ပါနေပါရော။ တိုက်တိုက်ဆိုင်ဆိုင် အခု သင်းနွယ်ဇင်ဆိုပြီး Blog ရေးနေတဲ့ ကိုယ်တို့ရဲ့ အလှမယ်လေးနဲ့ သူ့အခန်းဖော် ရေဦးသူ နောက်တစ်ယောက်ရယ်၊ တောင်ကြီးသူနဲ့ သူ့အခန်းဖော် မန္တလာသူ နောက်တစ်ယောက်ရယ်က မွေးလမွေးနှစ်တူပြီး ရက်ပိုင်းပဲခြားကြတဲ့ အခန်းဖော်တွေဖြစ်နေကြတယ်လေ။ 

 
အဲဒီမှာ September Born ထဲကတစ်ယောက်ကထပြီး သူစာအုပ်တစ်အုပ်ထဲမှာ September Born တွေဟာ အခြားလဖွားတွေထက် ဉာဏ်ကောင်းတယ်လို့ ဖတ်ဖူးကြောင်းပြောပါတယ်။ ဒါကိုကြားတော့ September Born မန္တလာသူ အသန်းက “ဟယ်...ဟုတ်လားပေါ့” တအံတသြနဲ့ ထောက်ခံယောင်ယောင်ပေါ့၊ ကိုယ့်အတွေးထဲမှာတော့ အသိနောက်ကျလေခြင်း ဟိုတုန်းကသိခဲ့ရင် အမေဗိုက်ထဲက April မှာမထွက်ခဲ့ပါဘူး September ထိနေခဲ့ပါတယ်ပေါ့။ အပြင်စာတွေ အဖတ်နည်းတဲ့ ငါကတော့ တင်သွင်းလာတဲ့အဆိုကို တနည်းနည်းနဲ့ ထောက်ခံချင်တယ်လေ။ အခန်းရှင်ရဲ့ ပြက္ခဒိန်ကိုကြည့်ပြီး ငါပြောလိုက်တဲ့ စကားကြောင့် September Born ပွက်လောညံ့သွားပါရောလား။ ငါပြောခဲ့တာကတော့ “ ဟုတ်တယ် September Born တွေက တခြားလတွေထက်ပိုတော်ကြတာ ဗမာလို တော်သလင်းလမှာ မွေးခဲ့လို့ ” ။

ဘာတွေ အတွေးပေါက်ကြလဲ မသိပါဘူး။ တစ်ခန်းလုံး တဝေါဝေါနဲ့ ဆူညံနေတော့တာပါပဲ။ ပွဲဖျက်တဲ့မိုးလို့ စွတ်စွဲချင်တဲ့မျက်လုံးတွေအောက်မှာ ငါ ကမန်းကတန်း မျက်နှာသေလေးနဲ့ ဖြေရှင်းချက်အမြန် ထုတ်လိုက်ရပါတော့တယ်။
ဟုတ်တယ်လေ.. တော်သလင်းလမှာ မွေးတဲ့သူတွေတော်လို့ ရှေးရှေးက ပညာရှိတွေကတောင် ဂုဏ်ပြု မှတ်တမ်းတင်တဲ့အနေနဲ့ လအမည်မှာတောင် “တော် ” လို့ ထည့်ခဲ့ကြတာလေ ” လို့။

ရေးသားသူ -ဒေါ်မမ သဇင်(၃၃) ၁၉၈၅-၈၆

အမှားပြင်ဆင်ခြင်း။
ရေးသားသူ- ဒေါ်မမ သဇင်(၃၃) ၁၉၈၅-၈၆ အစား ဒေါ်မမ (သဇင်-၃၃) - ၁၉၈၅~၈၆ ပညာသင်နှစ် ဟု ဒေါ်မမ ဆက်လက်ရှင်သန်ရေးအား မေတ္တာရှေ့ထားသောအားဖြင့် ပြင်ဆင် ဖတ်ရှု့ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။
အဓိပ္ပာယ်ကောက် လွဲမှားစေခဲ့သော ကိစ္စအရပ်ရပ် အတွက် ကျမ(tg.nwai) မှားမိ အပြစ်ရှိကြောင်း ဒေါ်မမ အား တောင်ပန်း အပ်ချည်ပါသည်။ :))

Comments

khin oo may said…
တော်ပါပေတယ် ဒေါ်မမ သဇင်

စာလုံးလေးတွေကြီးပေးလိုက်သလား ကျေးဇူးဘဲ မျက်စိမကောင်းဘူး အရင်စာလုံးသိတ်သေးတယ် အကြိးချဲ့ဖတ်ရတယ်
တော်လိုက်တဲ့ ဒေါ်မမ တော်သလင်းလမှာမွေးလို့ပေါ့လေ။
PAUK said…
ဒေါ်မမ သဇင်က April born မဟုတ်လား
ဒါဆို Aries ပေါ့နော်..
မမသိဂီ င်္ကရော..ဘယ်လဖွားလဲ..
ThuHninSee said…
မ "မမ" ကလည်း စာရေးကောင်းသားပဲ။
သူ့ကို ကျားခင်စိန်လို ခန့်ခန့်ကြီးလို့ မြင်မိတယ်။
:P
Sonata Cantata said…
တော်သေးရဲ့ ဒီက သီတင်းကျွတ်မှ မွေးလို့ သီသီလေး ကပ်လွတ်သွားတယ်။
tg ကျန်တဲ့ ဘော်ဒါတွေကို ရအောင်ဖိတ်။ ရေးချင်သလောက်သာ ရေးလို့။ (စာမူအကြမ်းလေးရရင် တို့စာကူရိုက်ပေးမယ်) Come on ...
မမ Bravo!
said…
ဟိတ်ကောင်ရေ

မင်းလုပ်တာနဲ့ ဒေါ်မမသဇင် ခမျှာ အသက်(၃၃) မှာကိစ္စချောသွား သလိုလို။
နောက် (၁၉၈၅-၈၆) ဆိုတာကလည်း အော် ခမျှာလေး သနားစရာ လောကကြီးထဲ ၁နှစ်ကြီးတောင်နေသွားပါလား ဆိုပြီး လူတွေသမနားအောင်ကြော်ထား သလိုလို
PAUK said…
မ မမရေ..
၃၃ဆိုတာဘာကိုပြောတာလဲ..
မသိလို့ပါ...
Nu Thwe said…
အဆောင်မှာ နေရတာ ပျော်စရာကြီးနော်။ စဉ့်အုတ်အပြာတွေနဲ့ ဆောက်ထားတဲ့ သဇင်ကို ခင်တဲ့ အမတစ်ယောက် ရှိတုံး ၈၅-၈၆ လောက်က လာလည်ဖူးတယ်။ Civil က မEEK တဲ့။ မန္တလေး သို့မဟုတ် စစ်ကိုင်းကလို့ မှတ်မိတာပဲ။ သူနဲ့ အဆက်အသွယ် ပြန်ရချင်လိုက်တာ။
said…
Nu Thwe ရေ။

မအိအိခင် ကိုပြောတာလား ။ မအိအိခင်ကတော့ Civil ကတော့မဟုတ်ဘူး။ EC က။ အမတို့ထက် ၁ တန်းကြီးတယ်။ မန္တလေး သို့မဟုတ် စစ်ကိုင်းကပဲ။
tg.nwai said…
Phyu Mar said: ဟေးTg နဲ. မမရေ- ငါလဲ September Born ပါဘဲ..ဘယ်လောက်တော်လဲဆိုတော့ 1st Year Roll No.14 (Section-A) ကနေ 2nd Year Roll No.619 (Section-B)ထိ Roll တက်သွားတာဘဲကြည့်ပေတော့..အဲလို Roll တက်သွားလို့တောင်ငူသူရယ် ရေဦးသူတွေရယ် ဒေါ်မမရယ် ဆုံပြီး ရာသက်ပန်
သူငယ်ချင်း တွေဖြစ်ကုန်ကြတာပေါ့..
( Sorry- Section-C ဟုဖတ်ပါ)
tg.nwai said…
ဖြူရေ...ပျော်စရာအမှတ်တရလေးတွေ ၀င်share သွားလို့ ကျေးဇူးပဲ.. နောက်ထပ် အမှတ်တရ ပြောချင်တာ ရှိရင်လည်း ပို.ပေးနော်.. သိပ်လွမ်းတာပဲ..အဲဒီဘ၀လေးကို..
Nu Thwe said…
ဟုတ်ပါတယ် (မ) မမရေ။ ကျေးဇူးနော်။ မနေ့က ရေးပြီးမှ သတိရတယ်၊ သူ civil က မဟုတ်ဘူး ဆိုတာကို။ ဦးနှောက်က မကောင်းတော့လို့ အဟဲ။
ခင်မင်လျက်- နုသွဲ့

Popular posts from this blog

မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်.. ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ..... ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ....  သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်...

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...