Saturday, December 20, 2008

သဇင် အမှတ်တရများ... Tom Cruise ကိုမေးကြည့်ပါ... (ရေးသူ.. K-မမ)

Tom Cruise ကို မေးကြည့်ပါ....

သိင်္ဂီရေ သဇင်အမှတ်တရအများကြီးထဲက တစ်ခုပေါ့။

ငါဟာ သဇင်ရဲ့ ညချမ်းများစွာကို လွမ်းနေသူပါ။ သစ်လွင်ကြိုဆိုပွဲဟာ မေ့မရတဲ့ သဇင်ညချမ်းများရဲ့ တစ်ခုပေါ့။ သစ်လွင်ကြိုဆိုပွဲရဲ့ ကြန်အင်လက္ခဏာ တစ်ခုကတော့ တစ်ခြားညတွေနဲ့မတူ ပြိုးပြိုးပြက်ပြက် ဝတ်ကောင်းစားလှတွေနဲ့ လှချင်တိုင်း လှနေကြတဲ့ ၁၆-နှစ်မ ပထမနှစ် ကျောင်းသူတွေပါပဲ။ 

Senior တွေကလည်း သူတို့ မဲပေးထားတဲ့ အလှမယ်လောင်းများရဲ့ အခန်းရှေ့မှာ တဝဲလည်လည်နဲ့ အလှအကြံပေးများ ဖြစ်ကုန်ပါရော။ ( ၁၉၈၅-၈၆ ပညာသင်နှစ် သဇင်အခန်း-၃၃ ရဲ့ဘေးချင်းကပ် အခန်း-၃၁ Blogger သင်းနွယ်ဇင် ရဲ့အခန်းကတော့ Senior တွေအဝင်အထွက်အများဆုံးပေါ့၊ သဘောပေါက်။)
 
နောက်တစ်ခုကတော့ ပုံမှန်မဟုတ်တဲ့ Dinner လေ။ ခါတိုင်း ဒင်္ဂါးပြားအရွယ် အသားတုံး သုံးတုံးအစား နပန်းဆံသီချင်းထဲကလို လက်သီးဆုပ်သဏ္ဍန် ဝက်သားတို့ ကြက်ရင်အုပ်တို့ ကြက်ပေါင်တို့ ရေခဲစိမ် ကရင်ဆိုဒါတို့ လီမွန်ဘာလီတို့နဲ့ Special Dinner ဆိုပါတော့။ ဗိုက်ခွေးနမ်းမဲ့ ဟင်းကောင်းဟင်းလျာတွေနဲ့ အဆောင်သူတွေပျော်တဲ့ပွဲ ဆိုပါတော့။ ( အဲဒီခေတ်ကတော့ ပုဂ္ဂလိက အအေးပုလင်းတွေ မရှိသေးပါဘူး။ ပြိုင်ဘက်ကင်း ပါမစ်နဲ့ရောင်းတဲ့ စက်မှု()ထုတ် အအေးတွေပဲရှိပါသေးတယ်။ )
 
သစ်လွင်ကြိုဆိုပွဲညမှတော့ အဆောင်ဝင်းအဝင် Main သံတံခါးကြီးပဲ ပိတ်ပြီး အဆောင်ထဲဝင်တဲ့ ဘာဂျာတံခါးကတော့ ပွဲအပြီးထိ ဖွင့်ထားတယ်လေ။ ညနေ ၆-နာရီကျော် Dinner ပြီးရင် စားပွဲထိုး ဦးလေးကြီးတွေရယ် အမှုဆောင်အဖွဲ့ဝင်တွေရယ် အခမ်းအနားကို စပြင်ကြပါတော့တယ်။ ဘယ်တုန်းကတည်းကစခဲ့တဲ့ ယဉ်ကျေးမှုလဲမသိဘူး။ အခမ်းအနား အဆင်အပြင်ဖြစ်တဲ့ ရောင်စုံပူပေါင်းတို့ ရောင်စုံစက္ကူရှည်ရှည်လေးးတွေကို ထမင်းစားဆောင် မျက်နှာကျက်မှာ ချိတ်ဆွဲထားလို့ အဆောင်သူတွေသာမက ထမင်းစားဆောင်ကြီးလဲ လှလို့နေပါတော့တယ်။

ထမင်းစား စားပွဲတွေဟာလဲ လေးဘက်လေးရံ နံရံ မှာကပ်ထားတာ ကျောင်းသူတွေ ထိုင်ဖို့နေရာဖြစ်သွားတော့ ထမင်းစားဆောင်ဟာ ရုတ်ချည်းဆိုသလို ရောမခေတ်က ပွဲကြည့်စင်အလား ဂုဏ်မြင့်သွားပါတော့တယ်။ စားပွဲတွေရှေ့က ထိုင်ခုံများမှာတော့ သစ်လွင်ကျောင်းသူတွေအတွက် နေရာဖြစ်ပြီး Senior တွေကတော့ တစ်ချို့ ထိုင်ခုံအလွတ်မှာ တစ်ချို့ စားပွဲပေါ်မှာ ကြုံသလို နေရာယူကြတယ်။ 
 
ည ၇-နာရီလောက်မှာတော့ အဆောင်အတွင်းရေးမှူးမှ အခမ်းအနားစတင်ကြောင်းေ ပြာပါတယ်။ အဲဒီနောက် အဆောင်းမှူးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားဆိုအပြီး သစ်လွင်တစ်ဦးချင်းဆီမှ မိတ်ဆက်အစီအစဉ် စပါတယ်။ ဒီအချိန်မှာ Senior တွေက သူတို့သိချင်တာတွေကို သစ်လွင်များကိုမေးနိုင်ပါတယ်။ 

မိတ်ဆက်အစီအစဉ်ပြီးတော့ Queen လို့ဆိုတဲ့ အလှသရဖူမယ် ကိုကြေညာပါတယ်။ Queen ရရှိသူကိုတော့ ငွေရောင်ရွှေရောင်စက္ကူနဲ့ လုပ်ထားတဲ့ သရဖူခေါင်းဆောင်းကို ဆောင်းပေးပါတယ်။ နောက်ထပ် ငွေရောင်ရွှေရောင်စက္ကူနဲ့ပတ်ထားတဲ့ အဖျားမှာ ကြယ်လေးပါတဲ့ တုတ်လဲပေးအပ်လိုက်ပါတယ်။ စလွယ်ပါမပါတော့ Blogger သင်းနွယ်ဇင်ကိုသာ မေးပါကွယ်။ ( ဒီနေ့ထိ ကြယ်လေးပါတဲ့ တုတ်က ဘာအဓိပ္ပါယ်လဲ ဆိုတာတော့ Queen မဖြစ်ဘူးလို့မသိပါဘူး။ ကဲ သဇင် Queen တို့ တောင်ငူ Queen တို့ရေ ရှင်းပြစေချင်ပါတယ်။ ဒါမှမဟုတ် Monkey () မန်းကီး ( မန်း King ) ရေ နင်သိရင်ပြောပြပါလား။ )
 
နောက်ဆုံးတစ်ခုကတော့ ငါ့အတွက် ရင်အခုန်ဆုံး Game ကစားခြင်းပဲ။ Game တစ်ခုမှာ နိုင်ရင် အဆောင်းမှူးမှ ချိုချဉ်ဆု ကိုပေးပါတယ်။ နှစ်တိုင်းပေးတဲ့ဆုပါ။ အဆောင်  အမှုဆောင်အဖွဲ့ဝင် အားကစားကော်မတီအဖွဲ့က Game Master အဖြစ်တာဝန်ယူပါတယ်။ Game တိုင်း ပါဝင်ကစားတဲ့ ငါ Game တိုင်းလိုလို ချိုချဉ်ဆု ကိုရခဲ့တာပေါ့။ အဲဒီထဲက Game တစ်ခုက Tom Cruise ရဲ့ မျက်နှာပြည့်ပို့စတာက Tom Cruise ရဲ့နှုတ်ခမ်းကို နှုတ်ခမ်းနီရဲရဲဆိုးထားတဲ့ နှုတ်ခမ်းနဲ့ တထက်တည်းကျအောင် နမ်းရတဲ့ ကစားနည်း တစ်ခုပါတယ်လေ။ Game Master ကိုမမှတ်မိပေမဲ့ အဆောင်အတွင်းရေးမှူး အပြုံးချိုချိုနဲ့ မမ “မဥမ္မာမြင့်” ကိုတော့ မှတ်မိနေသေးတယ်။ 
 
ထုံးစံအတိုင်း Game မစခင် Game Master က ဘယ်လိုလုပ်ရမလဲဆိုတာ ရှင်းပြပါတယ်။ သုံးချောင်းထောက် Blackboard မှာကပ်ထားတဲ့ Tom Cruise ရဲ့ ပိုစတာနဲ့ ခြေလှမ်း နှစ်ဆယ် လောက်ဝေးတဲ့နေရာကနေ မျက်လုံးကို အဝတ်နဲ့ စည်းပြီး ဆယ်ပတ်လှည့်၊  ပိုစတာဆီကိုသွား ... ရောက်ရင် Tom Cruise ရဲ့နှုတ်ခမ်းကို နမ်းရပါမယ်။ ကိုယ်ဆိုးထားတဲ့ နှုတ်ခမ်းနီရဲရဲလေးဟာ Tom Cruise ရဲ့နှုတ်ခမ်းကို တထပ်တည်းကျခဲ့ရင် ချိုချဉ်ဆု ရပါတယ်။ 
 
မှတ်မိသလောက် ဘယ်သူမှ မအောင်မြင်ပါဘူး။ Blackboard ကျော်တဲ့သူနဲ့ Blackboard ရောက်ရင်လဲ နှုတ်ခမ်းတခြား.. နှုတ်ခမ်းနီတခြား အားလုံးပွဲကျစေတဲ့ Game Master ရဲ့ အောင်မြင်တဲ့ Game ပေါ့။ အဲ... လာပါပြီ။ ရွှေမိအလှည့်၊.. Game Master က မျက်လုံးကို အဝတ်နဲ့ တင်းတင်းစည်း ၊ ဆယ်ပတ်လှည့်ပြီး လွှတ်လိုက်ပါတော့တယ်။ Blackboard ရောက်တော့ ဦးနှောက်အသိက ယုတ္တိရှိရမယ်ဆိုတာ သိပေမဲ့ ညို့အားပြင်းပြင်းနဲ့ ကိုယ်ကို မျှော်လင့်တကြီး စိုက်ကြည့်နေတဲ့ Tom Cruise ရဲ့မျက်လုံးတစ်စုံရယ်၊ ၁၅၀၀ ဗို့အားပြင်းတဲ့ Tom Cruise ရဲ့ပြုံးရောင်သန်းနေတဲ့ နှုတ်ခမ်းတို့ကို မြင်လိုက်တဲ့အခါမှာတော့ ကိုယ်နှလုံးသားတွေ ဗြောင်းဆန်သွားပြီး နှလုံးသားရဲ့ စေခိုင်းချက်ကို မလွန်ဆန်နှိင်ခဲ့ဘူးလေ။

မျက်လုံးကို စည်းထားတဲ့ အဝတ်ကိုဖြုတ်ပြီး ချိုချဉ်ဆုအပြင် အကယ်ဒမီဆုများ ရမလားလို့ တအံ့တဩအမူအရာ လုပ်ပေမယ့်လဲ အရာရာဟာ နောက်ကျခဲ့ပါပြီ။

မှူး ။ ။ နင်မြင်ရတယ်..။
မ ။ ။ မမရယ်.. မမြင်ရပါဘူး... ချိုချဉ်တော့ ပေးပါ။ 
မှူး ။ ။ မပေးဘူး ။ ငါမယုံဘူး... မမြင်ဘူးဆိုတာ။
မ ။ ။ မမရယ် Game Master ကိုမေးကြည့်ပါ။ မျက်လုံးကို အဝတ်နဲ့စည်းလို့ မျက်လုံးလဲ ကျိန်းနေပါပြီ။ ဆယ်ပတ်လှည့်လို့လဲ ခေါင်းတွေ မူးနေပါပြီ။ ချိုချဉ်တော့ ပေးပါ မမရယ်။
မှူး ။ မဖြစ်နိုင်ဘူး။ ဒီလို တထပ်တည်းကျဖို့ဆိုတာ။  
မ ။ ။ ကျွန်တော်နဲ့ Tom Cruise က အချစ်ချင်းညီ နှလုံးသားချင်းတူလို့ နှုတ်ခမ်းချင်း ထပ်တူကျခဲ့တာပါ မမရယ်။
မှူး  ။ ပေါက်ကရတွေမပြောနဲ့။
မ ။ ။ မယုံရင် Tom Cruise ကို မေးကြည့်ပါ မမရယ်။ ကျွန်တော်တို့ နှစ်ယောက် အကြောင်းကို သူပြောပြပါလိမ့်မယ်။ ပြိုင်ပွဲစည်းကမ်းမှာ နှုတ်ခမ်းချင်း ထပ်တူကျလို့ ဆုမပေးဘူး ဆိုတာမပါ ပါဘူး။ ချိုချဉ်တော့ ပေးပါ မမရယ်။

မပြုံးတုံ့တုံ့ ပြုံးတုံ့တုံ့ အမူအရာနဲ့ ပြောနေတဲ့ အဆောင်မှူးမမ ဒေါ်တင်ဌေးမူရယ် လူနာအမဲခြောက်တောင်းသလို တောင်းနေတဲ့ ကိုယ်တို့နှစ်ယောက်ကိုကြည့်ပြီး ပွဲကျနေကြတာပေါ့။ နောက်ဆုံးမှာတော့ အဆောင်မှူး လက်လျော့ပြီး Game Master ကို ချိုချဉ် ၃-လုံးပေးလိုက်..လို့ ပြောလိုက်ပါတော့တယ်။ တကယ်တော့ ငါဟာ ငယ်ငယ်လေးထဲက ချိုချဉ် မကြိုက်ပါ။ ငါရတဲ့ ချိုချဉ်တွေဟာ ပွဲကြည့်စင် (ထမင်းစားပွဲ) ပေါ်မှာထိုင်နေတဲ့ လှောင်ဖော်လှောင်ဖက်တွေဆီသာ  ရောက်သွားတာပါ။

ပွဲပြီးလို့ အခန်းပြန်ရောက်တော့ ငါ့ကို မေးကြပါတယ် မြင်လားပေါ့။ ကိုယ် အမှန်တိုင်း  ဖြေခဲ့ပါတယ်။ ရှင်းရှင်းလင်းလင်းကို မြင်တယ်လို့။ ဘာလို့လဲဆိုတော့ အမေ မွေးကတည်းက ငါ့မှာ နှာခေါင်းလှလှ(ချွန်ချွန်)လေး ရှိနေခဲ့တယ်လေ။ ငါ့နှားခေါင်းကို ဘေးတိုက်ကြည့်ရင် မျက်လုံးနားက နှာခေါင်းအရင်းနဲ့ နှာဖျားက အမြင့်သိပ်မကွာဘူး။ 

တချို့က နှာခေါင်းအရင်းနဲ့ နှာဖျားက ၃၀ ဒီကရီလောက်ကွာရင် ငါက ၅ ဒီကရီလောက်ပဲရှိမှာ (သေသေချာချာတိုင်းပြီးရင် ပြန်အစီရင်ခံပါ့မယ်) ။ ဘဝပေး နှာခေါင်းလှလှလေးကြောင့် တင်းတင်းစည်းထားတဲ့ အဝတ်အောက်စက ဘယ်လိုမှ မျက်လုံးကို လုံအောင်သူမတတ်နိုင်ခဲ့ဘူး။ ကလေးဘဝထဲက မျက်လုံးအဝတ်စည်း ကစားရတဲ့ ဘယ်ကစားနည်းမဆို အနိုင်ရခဲ့တာကြီးပဲ။ Game Master လုပ်တဲ့သူတွေ ဒါကို သင်ခန်းစာမယူပဲ တစ်နှစ်ကျော် သစ်လွင်ကြိုဆိုပွဲမှာ ထပ်ထည့်ပါသေးတယ်။

(မှတ်ချက် ။ ။ မင်းသားပါမှ ဖတ်ချင်တယ်ဆိုတဲ့ sonata-cantata မှ သီတာရေ နင်ပွဲတောင်းတဲ့ မင်းသားက Tom Cruise လားဟင်။ မီးမီးတို့ အဆောင်မှာက ပုရိသ ဆိုလို့ စားဖိုမှုး ဦးလေးစံသိန်းရယ်၊ စားပွဲထိုး ဦးလေးစံလှ၊ ဦးလေးလာရယ် ၊ ဘယ်တုန်းကမှ နာမည်မသိခဲ့တဲ့ စားပွဲထိုး နောက်တစ်ယောက်ရယ်၊ ညစောင့်ဦးလေးရယ် စုစုပေါင်း ငါးယောက်ပဲ ဝင်ခွင့်ရှိခဲ့တာပါ။ ဒါတောင် ကျောင်းဖွင့်ကျောင်းပိတ် သေတ္တာ သယ်တဲ့အခါရယ် ရေပိုက်ပျက်တဲ့အခါပါပဲ။ Tom Cruise လိုနာမည်ကြီးသူ ဆိုရင်တော့ တမျိုးပေါ့။)

9 comments:

tg.nwai said...

မမရေ..တကယ် ရီရတာပဲ..ငါက အဲဒီလောက် မမှတ်မိတော့ဘူး.. fresher welcome ကို ရေးချင်ပေမယ့် နင့်လောက် မမှတ်မိတော့လို့။

တွမ်နဲ့ ကေတီပုံ တင်ထားတာ.. သူများတွေက (ကေတီဆိုတော့ ကေ-မမ နဲ့ သိပ်မကွာ) ကေ-မမနဲ့ တွမ် ဇာတ်လမ်းတွေ ရှိခဲ့လေလားပေါ့.. ဟဲဟဲ

နောက်တော့ တွမ်ခရူးစ်နဲ့ ဒီပုံဖြစ်သွားရရှာတာပဲ.. ငှဲငှဲ..

http://handson.provocateuse.com/images/photos/tom_cruise_01.jpg

သိချင်ရင် သွားကြည့်လိုက်နော်.. ခွိခွိ

tg.nwai said...

မမရေ..အဲဒါ wand လို့ ခေါ်တယ်လေ..။ အဲဒီတုန်းက ဘဲငန်းရုပ်ပိုက်ထားတဲ့ ငါတို့ ကွင်းပုံကို မှတ်မိနေသေးတယ်..သူ့ခမျာ..တကယ့် ဘဲကြီး(အရပ်ရှည်ရှည်နဲ့)ကို နောက်ဆုံးနှစ်ကျမှ ပိုင်ပိုင် ကိုင်ခွင့်ရသွားတာ အဲဒီဘဲငန်းရုပ်ကြောင့် ကျိန်းသေ..အဲ.. ကျိန်းကြေသွားတာ ထင်တယ်။ ဟိဟီ..

Craton said...

အဟား.. ပိုင်လိုက်တဲ့ငါ့မမ..းD
မtg ပြောပုံအရ Queen မမက အဲ့ထဲကစွံတာပေါ့နော်းP

Ma Ma said...

ဟိတ်ကောင်ရေ မင်းတင်ထားတဲ့ပုံက သိပ်မိုက်နေပါလား ။ ဟုတ်တယ် Carton ရေ Kမမ ရဲ့ဘေးအခန်းက ၃၁ က သဇင် Queen မျက်နှာချင်းဆိုင် ၃၂ က တောင်ငူ Queen Kမမ က လူရှောင်ကွင်း

ThuHninSee said...

သြော်.. အခုတော့ ကျွန်မသိပါပြီ။ ကွင်းဆိုတာ
သူကလေးကိုး။

sonata-cantata said...

Fresher welcome တက်ခွင့်ရတဲ့သူ အားလုံးက ၁၆နှစ်မနှင့်အထက်တွေမို့သာ တော်တော့တယ်... Kမမရဲ့Love scene သရုပ်ဆောင်ချက်တွေနဲ့ ဒိုင်ယာလော့တွေက (NC16)
နောင် ၂၄နှစ်ကျော်မှ ကြည့်ခွင့်ရတာတောင် ရင်တွေခုန်လိုက်တာ ဟင်?မမ

သင်းနွယ်ဇင် said...

မမရေ
နှစ်စတုံးကပြေါတာ နင့်ရဲ့မင်းသားက "အတိုစိုးသူ"ဆို
ဘယ်တုံးက Tom Cruise ဖြစ်သွားရပြန်တာလဲ?
ဒါဆို"အတိုစိုးသူ" ဇတ်လမ်းလေးလဲလုပ်ပါအုံး
မျှော်နေမယ်ီ။

Ma Ma said...

သင်းကြည်ရေ လာမယ်လေ “အလှမယ်လေးနှင့် အကျွနှပ်” ဆိုပြီး

khin oo may said...

တွမ်ခရုစ်ကိုချစ်တယ်