Thursday, January 15, 2009

မမာကျန်းသူများအကြောင်း။

 
ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်...
တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့.....


နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်....
သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။
 


ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိပ်နေနိုင်တယ်......။
 


ထမင်းဆိုင်ပြတင်းပေါက်က အပြင်လှမ်းကြည့်မိတော့  ကျမတို့ကို လှမ်းကြည့်နေတဲ့ အမျိုးသမီး တစ်ဦး။ တခါက အနားလာ စကားပြောဖူးတယ်... ပြီးတော့မှ အနားကလူတွေက  သူ့ကို သိပ်မကောင်းဘူးလို့  ပြောဖူးပါတယ်..စိုက်ကြည့်နေလို့ လှမ်းပြုံးပြမိတော့လည်း ကိုယ့်အပြုံးကို ငေးကြောင်ကြောင်..။


သူများတွေကို ကြည့်....
ပြီး..ကိုယ့်ဘာသာပြန်ကြည့်မိ....

မနက်ဆို ဒေါသနဲ့ ရူး၊ နေ့လည်နဲ့ ညတွေဆို မောဟနဲ့  ရူး၊ မဖြေရှင်းတတ်တဲ့ သောကယောင်တွေနဲ့ ရူး၊ လိုချင်တဲ့ လောဘတွေနဲ့ ရူး။
အော်.. ကိုယ်ကိုယ်တိုင်လည်း အမှောင်ထဲက  မမာကျန်းသူတစ်ယောက်....။
 
 

10 comments:

ThuHninSee said...

ဒီမှာလည်း..... မိုးပြိုမှာကို ကြောင့်ကြ၊ ကုန်လွန်တာတွေအတွက်နောင်တ၊ မဖြစ်နိုင်တာကို တောင့်တနေတဲ့ အရူးတစ်ယောက်..

sonata-cantata said...

နည်းနည်းတော့ ဖုံးဖုံးဖိဖိလေးလုပ်ကွာ သယ်ရင်း
မင်းဘယ်သူတွေနဲ့ ပေါင်းနေတယ်ဆိုတာ
သူတို့တွေ သိတယ်နော်...
(ကကြီး.ခကွေး.. ဂငယ်... ဂကြီး.... င..
သံစဉ်ထည့်၍ ဆိုသွားသည်...)

Craton said...

မမွန်ကြီး Rap သီချင်းဆိုသွားတာလား ဟီဟီးးP

အန်တီသီတာကြီး ဘာတွေပြောတွားတာလဲဂျို့.. သားကိုလည်းရှင်းပြဦး နားလည်အောင်..း(

အန်တီtg ရေ.. တကယ်ကောင်းတယ်ဒီပို့စ်လေး..
"မဖြေရှင်းတတ်တဲ့ သောကယောင်တွေနဲ့ ရူး" တဲ့
အထိဆုံး အသုံးအနှုန်းပဲဗျာ..

PAUK said...

ဒီမှာလဲ ဘ၀တူ တစ်ယောက်..
မသိဂီ င်္ အားမငယ်နဲ့...ဘ၀တူတွေပဲလေ

သင်းနွယ်ဇင် said...

မမာကျန်းသူတယောက်ရေ
ဆေးတွေ့ရင်လဲ လက်တို့သွားအုံးနော်။

မီယာ said...

မမာကျန်းသူများ ထဲမှာ ကိုယ်လည်း ပါမယ် ထင်ပါတယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပုံစံမတူတာပဲရှိမယ်။

ဖိုးဂျယ် said...

အမtgရေ ဒီမှာလဲ တစ်ယောက်ရှိပါသေးတယ်
စိတ်မပူနဲ့နော် အားရှိတာပေါ့ဗျာ

ဆောင်း said...

စာရင်းထဲ ထဲ့ထားတယ်နော် သိလား

Nu Thwe said...

တချို့က ကိုယ်တိုင် မကျန်းမာတာကို သိတယ်။ ပြန်ကျန်းမာချင်တဲ့ ဆန္ဒနဲ့ အားထုတ်မှုလည်း ရှိတယ်။ ပြန်ကောင်းအောင် ကုပေးနိုင်တဲ့ နေရာ၊ သမားဆီလည်း ရောက်တယ်။ ဒါဆိုရင်တော့ အခြေအနေ ကောင်းပါတယ်။

တန်ခူး said...

မ ရေ… တင်ပြပုံလေး အရမ်းလှတယ်…
မေဆွိရဲ့ အတ္တသီချင်းလေးထဲကလိုပဲ… အခန်းကျဉ်းလေးထဲမှာ ကိုယ်တယောက်ထဲရူး….