ကျမ ပို့စ်တင်တာ အဆင်မပြေလို့ပါ။
ဘယ်လိုမှ တင်မရဘူး။ ပီဒီအက်ဖ်လည်း တင်မရ။ ပုံတွေလည်း upload လုပ်မရ။ cbox တွေထဲလည်း ရေးမရ..။
ခုတခါ မေးလ်နဲ့ text အနေနဲ့ပဲ တင်လိုက်ပါတယ်။
ကဲ… မောင်း.. မြန်မြန်သာမောင်း
မောင်ကိုကို (အမရပူရ) ရေးသားသည်။
ကျွန်တော် စာမူပို့လျှင် ဖက်စ်နှင့် ပို့သည်။ တယ်လီဖုန်းလိုင်းကို သုံး၍ အီလက် ထရောနစ် စနစ်ဖြင့် ကျွန်တော့်စာမူကို ဂျာနယ်တိုက်သို့ ပို့လိုက်သည်။ စက်ထဲသို့ စာမူကို ထိုးထည့်လိုက်ရုံပင်။ ဟိုဘက်က လက်ခံသည့်စက်မှ ကျွန်တော့်စာမူ ပြန်ထွက်လာ၏။ ကျွန်တော့် အတွေးနှင့် ကျွန်တော့် တင်ပြပုံကို အယ်ဒီတာတွေက ချက်ချက် ၀ိုင်းဖတ် ချက်ချင်း ပိုင်းဖြတ်လို့ရသည်။
အမြန်ချောပို့က တစ်ည၊ နှစ်ည အိပ်ပျော် နေဦးမည်။ ဖက်စ်ကတော့ အခု ချက်ချင်း ရောက်သွားသည်။ ကျွန်တော် နေသာထိုင်သာ ရှိသွား၏။ ကျွန်တော်က မြန်တာ ကြိုက်သည်။
"မြန်ဆန်ခြင်း" သည် ကျွန်တော်တို့ ခေတ်၏ အင်ဂျင် ဖြစ်သည်။
ကျွန်တော်သည် မှန်လုံအဲကွန်းပါ Express ကားကြီးဖြင့် ရန်ကုန်မြို့သို့ ရောက်လာ၏။
ကျွန်တော်က ဓမ္မစေတီလမ်းက ဟိုတယ် သေးသေးလေး တစ်ခုမှာ တည်းခိုသည်။ မနက်ခင်းပိုင်း လမ်းလျှောက် ထွက်၏။ လမ်းလျှောက် ထွက်ရင်း ဟိုတယ် တစ်ခုကို မော့ကြည့်မိ၏။ Holiday Inn Express ဆိုပါလား။
ကျွန်တော် လမ်းဆက်လျှောက်သည်။ Pizza Hut Express ဆိုသော ဆိုင်တစ်ဆိုင်ကို တွေ့၏။ ကျွန်တော် ပီဇာစားကြည့်မည်ဟု ၀င်ထိုင်သည်။ ပီဇာက ကျွန်တော့်ရှေ့ကို ခပ်မြန်မြန်ရောက်လာ၏။
Express ပီသသည်။ ၀က်အူချောင်း၊ ၀က်ပေါင်ခြောက်၊ မှို အဆာသွတ် ထားသည်။ အပေါ်ယံလွှာမှာ ခရမ်းချဉ်သီး အကွင်းလိုက် ကပ်တင်ထား၏။ အီတာလျှံ ပီဇာ။ ကျွန်တော့်ရှေ့ ခပ်မြန်မြန်ရောက်ချလာသည့် ပီဇာကို ကျွန်တော်ကလည်း ခပ်သုတ်သုတ် အုပ်ထည့်လိုက်၏။
ကျွန်တော် လမ်းဆက်လျှောက်သည်။ မိုးရနံ့ကို ရှုရှိုက်မိ၏။ Express Store ဟု စာတန်း ထိုးထားသည့် စတိုးဆိုင်ထဲ ၀င်သည်။ အသွက်ရေး အမြန်ရေး မင်စိုဘောပင် အကောင်းစား တစ်ချောင်း ၀ယ်၏။ ကျွန်တော်က စာကို အမြန် ရေးတတ်၏။ Instant ကော်ဖီထုပ်ကြီး တစ်ထုပ် ၀ယ်သည်။ ဘာမှမလို။ ချက်ချင်းဖျော် ချက်ချင်းသောက် အမြန်ကော်ဖီ။
Photo Express ဆိုသည့်ဆိုင်မှာ ၀င်သည်။ ပတ်စ်ပို့ ဓာတ်ပုံ လိုနေသည်။ အမြန်ရိုက် ချက်ချင်းရ။ အဲသည် အနားမှာ Scan အမြန် ဖတ်သည်။ ပီကာဆို၏ ပုံနှိပ်ပန်းချီ စာအုပ် တစ်အုပ်ကို သူငယ်ချင်းထံမှ ငှားထားသည်။ လိုချင်သည့် ပုံတွေ Scan ဖတ်ခိုင်းလိုက်သည်။ပီကာဆို၏ ပန်းချီကားတွေက ဓာတ်ပုံလေးတွေ အဖြစ် ထွက် လာသည်။ ခေတ်ကြီးက ဆန်းပြားစွာ တိုးတက်တော့ ရန်ကုန်မြို့မှာ ကျွန်တော်တို့ ပျော်ရွှင် ကြသည်။
ဟော တွေ့ပြန်ပြီ။ ဗီနိုင်း အမြန်ထုတ်ပေးသည် တဲ့။ ကျွန်တော့် စာအုပ်အဖုံးကို ဗီနိုင်း ဆိုက်ကြီးတွေ ထုတ်လိုက်သည်။ ပညာရွှေတောင်နှင့် စာပေလောက စာအုပ် အရောင်းဆိုင်တွေမှာ အမြန်ချိတ်ဆွဲခိုင်းရမည်။ (အပျော်ဖတ်၊ အမြန်ဖတ် မဟုတ်သော ရသစာပေမှာ အမြန် မရောင်းရမှန်း စိမ်ပြီးစောင့်ပြီး ရောင်းရမှန်း ကျွန်တော် သိပါသည်။)
ကျွန်တော် လမ်းဆက်လျှောက်သည်။
လမ်းဘေးက ညောင်မုတ်ဆိတ်ပင်ကြီး တစ်ပင်အောက်မှာ ဆိုင်းဘုတ် တစ်ခုကို တွေ့သည်။ သင်၏ Portrait ကို ရေဆေးဖြင့် အမြန် ရေးဆွဲပေးနေပြီ။ ကျွန်တော် စူးစမ်းကြည့်၏။ မင်းဝေအောင် မဟုတ်၊ မောင်ညိုဝင်း မဟုတ်၊ ၀သုန် မဟုတ်။ ထို့ကြောင့် ကျွန်ုပ် နောက်ဆုတ်ခဲ့သည်။
လျင်မြန်ခြင်းသည် သေခြင်း၏ ဆန့်ကျင်ဘက် ဖြစ်သည်။ မမြန်ရင် သေပြီ။ မြန်ဆန်မှုသည် လျှပ်စစ် အလင်းရောင်လို ကြည်လင်၏။ အိုလံပစ်ပွဲတော်မှာ အပြေးသမားတွေ အမြန်ပြေးကြ၏။ ကမ္ဘာ့ ဘောလုံးပွဲတွေမှာ ဘောလုံးသမားတွေ မြန်မြန် ပေးကြသည်။ ခြေထောက်ထဲမှာ ဘောလုံးကို ကြာကြာ မထားတော့။ ပေးသည်။ ပြေးသည်။ ကစ်သည်။ မြန်မြန်။ မမြန်လျှင် ခံရပြီသာမှတ်။
ကျွန်တော်တို့ ရန်ကုန် ရွှေမြို့တော်မှာ အားလုံး မြန်မြန် လမ်းလျှောက်ကြသည်။ လုံးချင်း ၀တ္ထုတွေ အမြန် ရောင်းကြသည်။ ၃၁ လမ်းနှင့် ၃၂ လမ်းမှာ စာအုပ်တွေ အမြန် ရောင်းကြသည်။ ၃၄ လမ်းမှာ Express ဗွီဒီယို ထုတ်လုပ်ရေး ရှိသည်။ ဇာတ်ကားတွေ အမြန် ထုတ်ကြသည်။ ဇာတ်ညွှန်းကို ရိုက်ကွင်းပေါ်မှာ အမြန် ရေးသည်။ မင်းသားက တစ်နေရာ ကူးရမှာမို့ ဒါရိုက်တာက အမြန် ရိုက်သည်။ ပြီးတော့ နယ်ကို အမြန် ဖြန့်သည်။
တွေးရင်း လမ်းလျှောက်၊ လမ်းလျှောက်ရင်း တွေး၊ ကျွန်တော် ခဏတဖြုတ် နားဦးမည်။ လမ်းဘေးက ကဖေးဆိုင် တစ်ဆိုင်သို့ ၀င်၏။ ကျွန်တော် ကြိုက်သော Expresso ကော်ဖီ မှာသောက်သည်။ ကော်ဖီဆိုလျှင် ခါးခါးမှ ကျွန်တော် ကြိုက်၏။ ကဖေးဆိုင်မှာ စားစရာတွေလည်း ရသည်။ Restaurant Express ဟု ဆိုင်ကို ကမ္ပည်း တင်ထား၏။ သြော် နေရာတကာမှာ Express နဲ့ မလွတ်ကင်းပါလား။
ဆိုင်နံရံပေါ်မှာ Spray-gun နှင့် အသွက်ရေးထားသော စာတန်း တစ်ခုကို ကျွန်တော် ဖတ်ကြည့်လိုက်မိ၏။
High speed is the high concept of our times.
ကျွန်တော်တို့ ခေတ်၏ အထက်တန်းကျကျ အယူအဆမှာ high speed ဖြစ်နေပေါ့။
လူတွေက အတိုကောက် တွေလည်း အတော် ပြောကြသည်။ သုတေသနနှင့် ဖွံ့ဖြိုးရေး (research and development) ကို R and D ဟု သုံးကြသည်။ ဥရောပ ငွေကြေးစနစ် (European Currency Unit) ကို ECU ဟု ခေါ်ကြသည်။ ကိုယ်ခံအားကျဆင်းသည့် ရောဂါ (Acquired Immune Deficiency Syndrome) ကို AIDS ဟု ပြောဆို သုံးနှုန်းကြသည်။
ထိုသို့ပင် WHO
ထိုသို့ပင် ATM
ထိုသို့ပင် DNA
အမြန်ခေါ်ကြသည်။ အတိုခေါ်ကြသည်။
ထို့နောက် Sound bite (မိန့်ခွန်းကောက်နှုတ်ချက်) တွေလည်း သုံးလိုက်ကြတာ နိုင်ငံတကာ ရုပ်မြင်သံကြား တွေပေါ်မှာ ၀ီခေါ်လို့။
သို့သော် မြန်ဆန်မှုကို ဝေဖန်သည့် အသံအချို့ကိုလည်း ကျွန်တော် ကြားရသည်။
ချစ်သူ နှစ်ဦး ခပ်မြန်မြန် ချစ်သွားလို့ ရသလား။ မြန်မြန်ချစ်၊ မြန်မြန်လက်ထပ်၊ မြန်မြန် ကွာရှင်း လိုက်တာမျိုးလည်း ရှိ၏။ လက်ထပ်ခြင်းတွင် တစ်ဦးနှင့် တစ်ဦး နားလည်အောင် အချိန်ယူတာ မြန်မာတို့၏ ထုံးစံ။ ထို အချိန်ယူခြင်းသည် မမှားနိုင်ပါ။ သို့မဟုတ် အမှား နည်းမည်။
အမြန်ဆိုတာ ဒီဂရီမြင့်လေ မေ့ပျောက်သွားတာလည်း မြန်လေဟု ပြောသူက ပြောသည်။
မြန်ဆန်မှုသည် "တိမ်" သည်။ မြန်ဆန်မှုသည် "နက်ရှိုင်းမှု" ၏ ဆန့်ကျင်ဘက်ဟု ပြောသူက ပြော၏။
Restaurant Express က အထွက်မှာ ကျွန်တော့် ကိုယ်ပေါ်သို့ ရန်ကုန်မိုးက ကျရောက်လာ၏။ ခပ်မြန်မြန် ရွာချလိုက်သော မိုး။ ခပ်မြန်မြန် တိတ်သွား၏။ မိုးပြေးက ပလက်ဖောင်းပေါ်မှာ ရေတွေ အငွေ့ပြန်သွားသည်။
မြန်ဆန်မှုသည် "တိမ်" ၏။ မနက်ရှိုင်း ဟူသည် မိုးပြေးနှင့် ပတ်သက် နေသလား။ ကျွန်တော် တွေး၏။ အခုစို၊ အခုခြောက်သွား၊ ရေမတင်ခဲ့။
ဖြည်းဆေးနှေးကွေးခြင်း (Slowness) သည် သေချာ စဉ်းစား ဆင်ခြင်ခြင်း (deliberation) ဖြစ်သည်ဟု ပြောသူက ပြောသည်။ စပိဒ်ခရေစီ (Speed-crazy) ခေတ်ကြီးမှာ " မင်း မြန်မြန် သွားရင် နေရာအမှားမှာ ဆုံးခန်းတိုင်မှာပဲ" ဟု ပြောသူကလည်း ပြော၏။
ကျွန်တော်က အမြန် အလင်းရောင်ခေတ်ထဲမှာ ပျော်ရွှင် ကျေနပ်နေ၏။ ကျွန်တော် လမ်းမြန်မြန် လျှောက်တာ များလာပြီ။ Taxi Express ဆိုသည့် တက္ကစီ အမြန် တစ်စီးကို အမြန်တား၊ အမြန်တံခါးဖွင့်၊ အမြန်ခုန်တက်၊ အမြန် တံခါးပိတ်ပြီး " ကဲ - မောင်း အမြန်သာ မောင်း ပြန်ဖို့ အရေးကြီးတယ်" ဟု ပြောလိုက်သော်လည်း "ဘယ်ကို မောင်းရမှာလဲ" ဟု မပြောမိပါ။
(အတွဲ ၂၀၊ အမှတ် ၃၉၆ (၉- ၁၅၊၁၊၂၀၀၉) ထုတ် မြန်မာတိုင်း(မ်) မှ ကူးယူဖော်ပြပါသည်)
--
Theingi Nwai
tg.nwai@gmail.com
Comments
ဖတ်လို့ကောင်းတယ်အန်တီtg ရေးတဲ့သူရဲ့ ရည်ရွယ်ချက်လေးသိပ်ကောင်းတာပဲ။ အားကျလိုက်တာ။း)
ခုမှပဲကိုယ့်ကိုယ်ကိုလဲ သတိထားမိတယ်။