Skip to main content

အာရှတော်ဝင်ဆေးခန်းသို့ တခေါက်...

မနေ့ညက အာရှတော်ဝင် ရောက်သွားပါတယ်...။ အခုတလော အဲဒီဘက် ခဏ ခဏရောက်ဖြစ်နေတယ်..။ သားငယ်ပြလိုက်.. ကလေးတွေ အဖေပြဖို့ သွားလိုက်နဲ့....။ ဒီတစ်ခါကတော့ ကျမအလှည့် .....။

အကြောင်းကတော့ ရင်ခုန်သံတွေ မမှန်လို့ပါ...။ တချက်တချက် ဆောင့် ဆောင့်ခုန်တာ လူတောင် တွန့်တွန့်သွားတယ်...။ အရင်လည်းဖြစ်ဖူးပေမယ့် နာရီပိုင်းလောက်ဆို ပုံမှန်ပြန်ဖြစ်နေတာကိုး။ ဒီတစ်ခါကတော့ နေ့လည်ကတည်းက ဖြစ်တာ ည..၉နာရီလောက် အိမ်ပြန်ရောက်တဲ့ အထိ မသက်သာဘူး။ ဒါနဲ့ သူလည်း လာနားထောင်ကြည့်ပြီး စိတ်ပူတာနဲ့ အာရှတော်ဝင်လိုက်ပို့ပါတယ်။

ကျမကတော့ မပြချင်ပါဘူး။ မောတာလည်း မဟုတ်... နှလုံးအောင့် နာနေတာလည်းမဟုတ်..။ ဒါပေမယ့် သူစိတ်ပူနေလေတော့ လိုက်ပြလိုက်တာပေါ့...။  ကလေးသုံးယောက်ကိုတော့ အဖိုးအဖွားတို့အိမ်မှာ ခဏထားခဲ့လိုက်ပါတယ်...။

ထုံးစံအတိုင်း သူက သူ့အစ်မ ဆရာဝန်မဆီ အရင်ခေါ်သွားတယ်...။ မ၀ါက စမ်းကြည့်တယ်..ကြားတယ်.. တချက် တချက် မဟုတ်ဘူးပေါ့..ဒါပေမယ့် အီးစီဂျီ  ရိုက်လည်း ပေါ်မှာမဟုတ်ဘူးတဲ့...။ သူကတော့ ဘာပဲဖြစ်ဖြစ် အာရှတော်ဝင်က နှလုံးအထူးကုဆိုတော့ စက်တွေ ရှိတယ်ဆိုပြီး... ခေါ်သွားလေရဲ့။

ဟိုရောက်တော့ ပြင်ပလူနာဆောင်ကို သွားတော့   အီးစီဂျီ ရိုက်ချင်လို့ဆိုတော့.. “ ဟုတ်..အကိုကြီး ကုတင်ပေါ်တက်ပါတဲ့...”  .....ဟဲဟဲ... သူ့ပုံက လူနာနဲ့ ပိုတူနေတယ် ထင်ရဲ့နော်.။ နောက် သူက ကျနော် မဟုတ်ဘူး သူ ဆိုတော့မှ... အကုန်လုံးက ပြုံးစေ့စေ့နဲ့...။ ကျမကတော့  သူ့ မျက်စောင်း လှမ်းထိုးလိုက်တယ်.. အချင်းချင်းတော့ သိမှာပါ.... ဘယ်နှယ့် ကိုယ်ဘာမှ မဖြစ်ပါဘူးဆိုတဲ့ ဟာကို အတင်းခေါ်လာလို့....။

ဒါနဲ့ အီးစီဂျီ ဆွဲတယ်... ကုတင်ပေါ်မှာ ဆန့်ဆန့်ကြီးပေါ့...။ နောက် round နေတဲ့ ဆရာဝန်တစ်ယောက်ရှိတယ် ပြမလား တဲ့..။ အိုပီဒီမှာဆိုတော့ နဲနဲ ပိုဈေးကြီးတယ်တဲ့....။  ဒါနဲ့ အဲဒီဆရာလာတဲ့ အထိ ကုတင်ပေါ်မှာ လူနာယောင်ဆောင်ရင်း တရားလေးမှတ်နေပေါ့...။ ယူလာမိတဲ့ စာအုပ်ကလည်း မြင့်စိုးလှိုင်ရဲ့ ကျွန်တော် လိမ်မပြောတတ်ဘူး  အဖေ.. ဆိုတဲ့ အဆိုအမိန့်စာအုပ်...။ အဲဒီစာအုပ်ထဲက ဆရာအော်ပီကျယ်ရဲ့ ကာတွန်းတွေကို သဘောကျလို့ အားရင် ကောက်လှန်ပြီး တခွိခွိနဲ့  သဘောကျနေတာလေ...။ ဒါပေမယ့် လူနာက တဟိဟိ လုပ်နေဖို့ မသင့်တော်သေးပါဘူးဆိုပြီး မျက်လုံးလေးမှိတ်ပြီး ၀င်လေ ထွက်လေကိုပဲ လိုက်သိနေလိုက်တော့တယ်..။

နောက် ဆရာရောက်လာ..ဟိုစမ်း သည်စမ်း.. ဟိုမေး သည်မေး...ပြီး မနှစ်က ဘန်ကောက်ဆေးရုံမှာ medical check-up လုပ်ထားတာကို ကြည့်တယ်...။ သည်ကြားထဲ အဲဒီအိတ်ထဲ တွေ့သမျှ စာရွက်တွေ  ထည့်မိထားတာဆိုတော့ ဆွဲထုတ်လိုက်တော့ ဘယ်က စာချုပ်တွေမှန်းမသိက ထွက်လာသေးတယ်..။  နောက်တော့ သွေးအားနည်းနေတဲ့အတွက် ဘာအားဆေးသောက်လဲတဲ့... ဘာမှ မသောက်ဖြစ်ဘူးဆရာ လို့... ဒါနဲ့ အားဆေးတွေပေးတယ်...။ ပြီး အိပ်ရေးပျက်လားတဲ့... ပျက်တယ်လို့ ပြုံးဖြီးဖြီးနဲ့ ဖြေလိုက်တယ်..။ (ဘာဖြစ်လို့လဲ ဆက်မမေးတာ တော်သေးရဲ့... အဲဒီအချိန် သူ့မျက်နှာကို လှည့်မကြည့်ဘူး.. တမင်..)။ အိပ်ရေးပျက်တယ်ဆိုလို့ အိပ်ဆေးလည်း ပေးလိုက်တယ်..။ နောက် ဆေးတမျိုးလည်း ပါသေးတယ်။ 

ဘာညာဘာညာတွေ ပြီးသွားတော့ တနလာင်္နေ့ ပြန်ချိန်းတယ်... ကိစ္စတွေပြီးသွားတော့ ဆေးကောင်တာမှာ ဆေးသွားဝယ်ပါတယ်...။ ကျမကတော့ လူနာမဟုတ်လား... ထိုင်စောင့်နေတာ.. တကယ်တမ်း  အဲဒီအောက်ထပ် စားသောက်ဆိုင်က ကော်ပြန့်စိမ်းက သိပ်ကောင်းတာပဲ.. ကျမကို သူ ကျွေးမလားမသိဘူး ဆိုပြီး စောင်းငမ်းစောင်းငမ်း ကြည့်နေတာတောင် မရှိလောက်တော့ပါဘူးဆိုပြီး စကားဖြတ်ပစ်တယ်..။ 

ဆေးဝယ်နေတုန်း အရင်စောင့်နေတဲ့ ဦးလေးကြီးတစ်ယောက်က ဆေးကောင်တာကို ကွန်ပလိမ်း လုပ်နေပါတယ်။ သူ နှလုံးဆေးသောက်တာ ဆယ်စုနှစ် နှစ်ခုစာလောက်ရှိပြီတဲ့... ခုလာဝယ်တော့ ဆေးကောင်တာက ဆေးစာမှာ ပါတာ  မဟုတ်တဲ့ ဆေးကို ပေးလိုက်လို့ သူ သံသယရှိလို့ သေချာရဲ့လားလို့ ထပ်မေးပါတယ်တဲ့.. အထဲမှာပါတဲ့ ဟာတွေကိုကြည့်တော့လည်း မတူဘူးပေါ့... ဒါနဲ့ ကောင်မလေးတွေက ဆရာဝန်ကြီှးဆီ ဖုန်းဆက်မေးတော့ ဟုတ်တယ်ပြောလို့ ယူသွားတာ...။ အိမ်လည်း ပြန်ရောက်လို့  သောက်ပြီးရော ထိုးအန်လိုက်တာမှ.. ပြီး လူကို  မူးချာလည်သွားတာပဲတဲ့...။ သူကတော့ ခံရတဲ့ လူအနေနဲ့ တော်တော် စိတ်ဆိုးနေတယ် ထင်ပါတယ်... ကောင်မလေးတွေကလည်း ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါနဲ့ ပြာယာတော့ ခတ်နေတာပဲ...။ အခု သူနေတဲ့နေရာနဲ့ အဝေးကြီးကနေ  လာပြောတာ.. အဲဒါကို ဘယ်သူမှ တာဝန်မယူကြပါဘူး။ ကောင်မလေးတွေကလည်း ပေးတဲ့သူက အခုတာဝန်ကျနေတဲ့ သူတွေ မဟုတ်ဘူး။ ဆရာဝန်ကြီးဆီ  ဖုန်းဆက်တော့လည်း မရဘူးတဲ့...။ အဲဒီဆေးရုံမှာ အဲဒီကိစ္စ တာဝန်ယူ ဖြေရှင်းပေးမယ့်သူ.. ဌာနရယ်လို့  မရှိဘူးတဲ့လား...ဒါတော့ ကျမလည်း မသိ...။

အဲဒီကိစ္စတွေကို ဘေးကနေ နားထောင်ရင်း... စိတ်ထဲသေချာတာကတော့ ကိုယ့်အမျိုးသားတော့ သည်ဆေးကောင်တာက ဆေးတွေ ၀ယ်လာပေမယ့် တိုက်တော့မှာ မဟုတ်ဘူးလို့...။ သူက သံသယများနဲ့ လူလေ..။  ကဲ.. ဆရာဝန်က ferrovit ရေးထားတာကို renovit ပေးလိုက်တယ်..ကောင်မလေးက ဖယ်ရိုဗစ်ကို ထုတ်ပေးပြီးကာမှ ရီနိုဗစ် ကို အိုပီဒီကို လှမ်းဆက်ပြီး ပြန်လဲပေးလိုက်တာ...။ ကြည့်ရတာ ဆေးဝယ်နေတဲ့ သူ့ကို ကြည့်ပြီး  ဘာသာ မှတ်ချက်ချပြီး လဲပေးလိုက်တာ တူပါရဲ့။ ကျမကလည်း သူ့ကို ရှင်သိရက်သားနဲ့ ဘာမှ မပြောဘူးလားဆိုတော့.. လဲမနေတော့ပါဘူး.. သောက်မှာမှ မဟုတ်တာ..တဲ့လေ..။

အားဆေးလောက်က ဆေးမှားတာ တော်သေး.... ခုနက ဦးလေးကြီး ဆေးမှားတာကတော့ တော်တော် အရုပ်ဆိုးလှပါတယ်..။ နောက်ပြီး လမ်းဘေးကွမ်းယာဆိုင်မှာ ၀ယ်တာမှ မဟုတ်တာ.. သေသေချာချာ ဆရာဝန်ကြီးတွေနဲ့ ပြပြီး သူတို့ ညွန်းတဲ့အတိုင်း ၀ယ်တာကိုး။

အင်း။ မြန်မာပြည်က လူတွေ ဆေးရုံတွေ ဆေးခန်းတွေ ဆရာဝန်တွေအပေါ် ယုံကြည်မှုတွေ ဘယ်လို တည်ဆောက်ကြရပါ့မလဲ...။ လူပဲ...  အမှားအယွင်းဆိုတာကတော့ ရှိတတ်ပါတယ်..ဒါပေမယ့် ဒီလိုကိစ္စမျိုးကို ဖြေရှင်းပေးမယ့် သူ၊ တာဝန်ယူပေးရမယ့် အဖွဲ့အစည်းကတော့ ရှိသင့်ပါတယ်လေ...။  အသားလွတ် ပြဿနာရှာတာမျိုးမှ မဟုတ်တာ... ဒါက အသက်နဲ့ ရင်းပြီး ဖြစ်လာရတာပါ....။ အကုန်လုံးလို့ သိမ်းကြုံးပြီး မဆိုလိုချင်ပါဘူး။ တချို့သော တချို့တွေက အဲဒီလို  ဖြစ်နေပါတယ်...။ အဲဒီပုံပြင်တွေက တစ်ထောင့်တည နီးပါးလောက် နားမဆန့်အောင် ကြားနေရတာ...။ လူနာဆိုတာ ဘာအခွင့်အရေးမှ မရှိပဲ. ... ဒီလို ဖြစ်လာသမျှ လည်စင်းခံနေရုံကို  ကံလို့ပဲ ယိုးမယ်ဖွဲ့ပစ်လိုက်ရတာလည်း ခေါက်ရိုးကျိုးနေခဲ့ပြီလား.....။ 

(ဒီပို့စ်ကို တနေကုန် စက်နားကပ်ခွင့်မရလို့ ခုမှ မနေနိုင် မထိုင်နိုင် ကမန်းကတန်း လာတင်လိုက်ရတာပါ... ကေ-မမ ရေးတဲ့ တခန်းရပ်ပြဇာတ်ကို တင်ဖို့ လုပ်ထားတာ.. နောက်နေ့မှပဲ တင်တော့မယ်.. ပုံရှာနေတာ မတွေ့သေးလို့...)

Comments

ဇနိ said…
မြန်မာပြည်က ကျန်းမာရေး စောင့်ရှောက်မှုက ရင်လေးစရာကောင်းလိုက်တာ...
အမရေ ည ကောင်းကောင်းအိပ်ပြီး (ဘလော့ဂ်အလည်လျော့လို့ ပြောမလို့ဟာ အကြီးကို ဆရာလုပ်တာ ဖြစ်မှာစိုးလို့) - အားရှိအောင် ကျန်းမာရေး ကောင်းအောင် အနားယူပါဦး
း)
MANORHARY said…
မသိဂီ င်္ ဟိုနေ့ကမနက်ထိမအိပ်တာ ကိုဆရာဝန်ဆီလိုက်
ပြောမှထင်တယ်။း)
ဆေးခန်းတွေကတော့ပြောမနေနဲ့..သူတို့ကျတစ်မျိုး
မနော်တုန်းကတော့နှလုံးအောင့်လို့ အရေးပေါ်ဆေးရုံတင်
လိုက်တာ တစ်ညလုံးတစ်မနက်လုံးဆွဲတာက အီးစီဂျီက
ဘာမှမပေါ်လို့တဲ့အိမ်ပြန်လာခဲ့လိုက်ရတယ်။ပြန်သာလာ
ရောသူတို့အဖြေမရဘူး။
အဖြေတစ်ခုခုမှမရရင် သူတို့ဘာမှမလုပ်တတ်တော့သလို
ပဲ..း( ဇီဝကပဲလွမ်းလွမ်းနေရတော့တာပဲ..မဆီမဆိုင်
လေ..း)
မီယာ said…
စိတ်လေတယ် အမရေ... တနေ့ကပဲ မျက်စိ မှုန်လို့ သွားပြတဲ့ အဒေါ်ကို စစ်ဆေးခိုင်းတာ ဦးနှောက်ပါ ပါတယ်... အဒေါ်က ကြောက်အားလန့်အားနဲ့ ဖုန်းဆက်ပြောတာ... မတတ်နိုင်ဘူး သူတို့လုပ်ခိုင်းတော့လည်း လုပ်ပါ ပြောလိုက်ရတယ်.. သိန်းကျော်ကျတယ်... မနေ့ကသတင်းမေးကြည့်တော့ အားလုံးကောင်းပါတယ်တဲ့။ မီယာလည်း အိပ်ငိုက်တာ တနေ့လုံးပဲ အခုတော့ ကော်ဖီတခွက်နဲ့ ဘလော့လည်နေတယ်...
Sonata Cantata said…
ဟေ့ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး။ ခေါင်းမာတဲ့ မtg - online မှာ မီးစိမ်းမြင်ကြည့် အကြမ်းပညာတွေ ချည်းလာတော့မယ်မှတ်။
(ဒီမှာ ခင်တဲ့ အစ်မ တစ်ယောက်လည်း tg ဖြစ်သလိုနဲ့ တော်တော်တူတယ်။ သူ အခု သက်သာနေတယ်။ သူ့ကို မေးပြီး ဆေးညွှန်းပေးလိုက်မယ်။ သိထားတာတော့ stadium မှာနေ့တိုင်းလိုလို ကွင်းတပတ်ပြေးတယ်တဲ့။)
PAUK said…
မသိဂီ င်္ကို မတွေ့တာကြာလို့ မနေ့ညက
စီဘောက်စ်မှာတောင်အော်သွားသေးတယ်..
ကျမ္မာရေးဂရုစိုက်ပါနော်..
အိပ်ရေးပျက်တာများရင် ဘာရောဂါမဆို
ဝင်ရောက်နိုင်တာလား..မသိ..
နောက်ပြီး...အဲ့ဒိကဆရာဝန်တွေက
ဘီပိုးရှိတယ်လို့စစ်ပေးလိုက်တဲ့ အသိနှစ်ယောက်
ဒီမှာ အထပ်ထပ် အခါခါစစ်တာ ဘာပိုးမှမရှိဘူး..
အဲ့ဒိမှာ ဆေးဘိုးတွေကုန်လိုက်တာ တအားပဲ..တဲ့..
Nu Thwe said…
သွေးအားနည်းရင် ရင်တုံတတ်ပါတယ်။ အမောမခံနိုင်ဘူးပေါ့။ နှလုံးခုန် မမှန်တာ တခြားအကြောင်းများစွာ ရှိပါသေးတယ်။ အသက်၊ ဖြစ်တဲ့ အချိန်၊ အကြိမ်၊ တခြား နှလုံးဆိုင်ရာ လက္ခဏာတွေ ရှိမရှိ၊ အခြားဆေး သောက်မသောက်၊ စသဖြင့် စသဖြင့် မေးစရာတွေ အများကြီးပါ။ ECG ဟာ ပထမဦးစားပေး investigation အနေနဲ့ လိုချင်မှတောင် လိုမယ်။ အိပ်ဆေးက ဘာလုပ်ဖို့တုံး။ အိပ်မပျော်တဲ့ အကြောင်းရင်းဖြင့် သေချာ မမေးပဲနဲ့။ ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်း၊ ကိုကာကိုလာ (caffeine ပါတဲ့ အချိုရည်) သောက်တာ များရင်လည်း ရင်တုန်တာ ဖြစ်တတ်ပါတယ်။ မသိင်္ဂီ နေကောင်းပါစေ။

ဆက် လေရှည်လိုက်ဦးမယ်နော်။

Human error ဆိုတာ ဘယ်နေရာမဆို ရှိနိုင်တာ မှန်ပါတယ်။ တတ်သိလျက်နဲ့ မတော်တဆ မှားတတ်တာမျိုးကို ဆိုလိုတာပါ။ လုံးဝကို မတတ်၊မသိပဲ တတ်ယောင်ဆောင်၊ ရမ်းတုတ် လုပ်စားတာကတော့ လိမ်လည်တာလို့ မြင်ပါတယ်။ ကိုယ်လုပ်နေရတဲ့ အလုပ်ဟာ သူများအသက် သို့မဟုတ် ဝေဒနာခံစားမှုနဲ့ တိုက်ရိုက် ပတ်သက်နေတယ် ဆိုတာကို health care service က လူတွေ သိသင့်ပါတယ်။ မသိသူကို သိသူက သင်ပေးရပါမယ်။ ၀န်ထမ်းတွေကို အလုပ်ရှင်က ကျွမ်းကျင်သူ ငှားပြီး training ပေးရပါမယ်။ safety checks တွေ ရှိရပါမယ်။ customers' feedback ကို အလေးထား နားထောင်ရပါမယ်။ ငါ ငွေရှိလို့၊ ငွေပွါးချင်လို့ ဆေးရုံထောင်တယ် ဆိုတဲ့ စိတ်ဓာတ် တစ်ခုတည်းနဲ့တော့ ဒီလောကမှာ လုပ်မစားသင့်ပါဘူး။

ဒါဟာ ခက်ခဲတဲ့ ဒုံးပျံလုပ်နည်း မဟုတ်ပါဘူး။ အခြေခံ သဘောတရား တစ်ခုပါပဲ။ အများစုကြီး တပြိုင်နက် ပါလာဖို့တော့ အစပိုင်းမှာ ခက်ကောင်းခက်မယ်။ လုံလောက်တဲ့ အင်အားစုတစ်ခုက စံနမူနာပြ အရင်ဆုံး လုပ်ကောင်းလုပ်နိုင်ပါတယ်။
အဖွဲ့အစည်း (ဥပမာ ဆေးရုံဆေးခန်း) တစ်ခု ထူထောင်ပြီ ဆိုတာနဲ့ တာဝန်ယူမယ့် သူတွေ အဆင့်ဆင့် ရှိရပါမယ်။ ကောင်းတဲ့ နာမည်ကို ခံယူချင်တဲ့ သဘာဝ ရှိသလို အမှားကို တာဝန်ယူရဲတဲ့ သိက္ခာလည်း ရှိရပါတယ်။ ဒီလို တာဝန်ယူမှုကို တန်ဖိုးထား လေးစား လက်ခံအားပေးတဲ့ (အပြစ်ဝိုင်းဖို့တဲ့ အမူအကျင့်ကို လွန်ပြီး ရေရှည်စဉ်းစားတတ်တဲ့) လူမှုအသိုင်းအ၀ိုင်း ရှိဖို့ လိုပါတယ်။ အပြစ်ပဲ ၀ိုင်းတင်နေမယ်ဆို ဘယ်သူက ၀န်ခံရဲ၊ ၀န်ခံချင်ပါတော့မလဲ။

လိုအပ်လို့ investigations အများကြီး လုပ်ရတဲ့အခါ ရှိကောင်းရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်က ကာယကံရှင်ကို သေသေချာချာ ရှင်းပြသင့်တာပေါ့။ ဒီအတွက် အချိန် လိုပါတယ်။ ကိုယ် မသေချာတာကို မသေချာကြောင်း ပြောရဲတဲ့ သတ္တိ လိုပါတယ်။ (အလုံးစုံ သိနေမှတော့ ဘုရား ဖြစ်နေရောပေါ့) မသေချာတာကို အရှိအတိုင်း ပြောတာဟာ ရှက်စရာမှ မဟုတ်တာ။ ခေတ်မီဆေးပညာနဲ့ မသိသေးတာတွေ၊ ကုလို့ မရတာတွေ အများကြီး ရှိနေသေးတာဟာ ဖုံးဖိထားစရာ ကိစ္စ မဟုတ်ပါဘူး။
လူနာကလည်း ဆရာဝန်ဟာ ငါ့ကို လေးစားသမှုနဲ့ သိသင့်တာကို အမှန်အတိုင်း ဆွေးနွေးတယ်လို့ သဘောပေါက်ရပါမယ်။ ဟင်...ဒါလေးတောင် မတတ်ဘူးလား ဆိုတဲ့ စိတ်မျိုးနဲ့ ဆိုရင်တော့ တတ်ယောင်ကား ဆရာဝန်မျိုးနဲ့ပဲ ပိုကိုက်ပါလိမ့်မယ်။

နောက်တစ်ခုက investigation လုပ်တိုင်း positive findings (တစ်နည်းအားဖြင့် ရောဂါရှိကြောင်း အညွှန်းလက္ခဏာတွေ) ရတာ မဟုတ်ပါဘူး။ ဒါ ကောင်းသတင်းပါ။ ရောဂါ မရှိကြောင်း သက်သေ ဖြစ်လို့ပါပဲ။ ၀မ်းသာသင့်ပါတယ်။
ဒါပေမယ့် အစကတည်းက ဖြစ်နိုင်ချေ သိပ်နည်းမှန်းကို သမား ပညာ၊ အတွေ့အကြုံ၊ လူနာရဲ့ လတ်တလော လက္ခဏာ စတာတွေပေါ် မူတည်ပြီး သိလျက်နဲ့ မလိုအပ်ပဲ စစ်ဆေးမှုတွေ လုပ်တာကတော့ ငွေရှာတဲ့ သဘောသက်သက်ပါ။ သမားဝိနည်းနဲ့ မညီပါဘူး။

နောက်ဆက်တွဲမေးခွန်းတွေကတော့
မြန်မာနိုင်ငံ ဆေးလောက တစ်ခုလုံးမှာ ဒီလို ဆရာဝန်တွေချည်းပဲ ရှိတော့တာလား။
ဘော်ချက်တယ်လို့ နာမည်ကြီးတဲ့ ဆရာဝန်နဲ့ ပြမှ ရောဂါ သက်သာပျောက်ကင်းမှာလား။
တခြား တရားသဖြင့် ကုစားတဲ့ ဆရာဝန်တွေ လုံးဝ မရှိတော့ဘူးလား။
တရားသဖြင့် လုပ်စားချင်တဲ့ ဆရာဝန် ဆရာမတွေကို စုစည်းပြီး တန်တန်ရာရာ ၀န်ဆောင်မှုနဲ့ အချိန် ပေးမယ့် ဆေးရုံဆေးခန်းမျိုး ထူထောင်ဖို့ ငွေရင်းမတည်ချင်တဲ့ သမာသမတ် လုပ်ငန်းရှင်တွေရော မရှိတော့ဘူးလား။
ဒီလို မှန်မှန်ကန်ကန် (value for money ပေးမယ့်) ဆေးရုံမျိုးကိုမှ ရွေးသွားမယ်ဆိုတဲ့ လူနာမျိုးရော မရှိတော့ဘူးလား။
ဒီလိုဆေးရုံမျိုးရဲ့ ကောင်းသတင်းကို ကူညီဖြန့်ဝေ ပံ့ပိုးမယ် ဆိုတဲ့ လူနာမိသားစု၊ ဆွေမျိုးတွေ၊ သတင်းသမားတွေရော မရှိတော့ဘူးလား။

ဆရာဝန်တွေကချည်း ပြောင်းပစ်နိုင်ဖို့ထက် အများရဲ့ ပြောင်းလဲမှုကပါ အရေးပါတယ်လို့ မြင်ပါတယ်။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ အပြုသဘော ဆွေးနွေးကြမယ်ဆိုရင် ဖတ်ရသူတွေ အကျိုးရှိတာပေါ့။

ဆွေးနွေးခွင့် ရတာ ကျေးဇူးတင်ပါတယ်။
သက်ဝေ said…
ဖြစ်လာသမျှ လည်စင်းခံနေရုံကို ကံလို့ပဲ ယိုးမယ်ဖွဲ့ပစ်လိုက်ရတာလည်း ခေါက်ရိုးကျိုးနေခဲ့ပြီလား.....။
အဲဒီလို အကြောင်းတစ်ခု ရေးစရာရှိနေတယ်...
သက်ဝေ said…
သိင်္ဂီ နေကောင်းပါစေ...
tg.nwai said…
ကိုနိ+နိနိရေ..ကျေးဇူးပါ..ကြီးတဲ့သူတွေ မိုက်ရင်ပြောမရဘူးဆိုတာ တကယ်..အခုတော့ နားနားနေနေပဲ လည်ပါတော့မယ်...:)

မနော်... ရှူး..တိုးတိုး။ ဟဲဟဲ။
ခံရတဲ့သူကတော့ သိနေတာပေါ့။ အဖွားဆိုလည်း အဲလိုပဲ.. အဲဒီညနေ သွားပြတယ်.. အီးဂျီစီဆွဲတယ်..ဘာမှ မဖြစ်ဘူးတဲ့.. အဖွားကတော့ မကျေနပ်ဘူး.. သူခံစား နေရတာ သူသိတယ်လေ..။ နောက်တနေ့ မနက် stroke ရပြီး သွားတာပဲ.. ကဲ.. ဘယ်သူ့သွားပြောရမလဲ..။

မီယာရေ..အလုပ်တွေပင်ပန်းနေပြီ ထင်တယ်..။ အဒေါ် ဘာမှ မဖြစ်ဘူးဆိုလို့ တော်သေးတာပေါ့။ လိုအပ်လို့ စစ်တာဆို တော်သေး.. ဒါပေမယ့်...။

ဟုတ်ပါတယ် မသီတာရယ်.. ကျမ ပေမိ..အပြစ်ရှိပါတယ်.. ၀န်ခံပါ၏။ နောက်နောင် ဆင်ခြင်ပါ့မယ်..တရားမသိသေးပဲတော့ မသွားချင်သေးဘူး..ဟူးဟူး။

ဟုတ်တယ်ပေါက်ရေ.. ဒီက စစ်ချက်တွေက တခါ နှစ်ခါ မသေချာရင် ထပ်ပြီး တခြားနေရာမှာ ထပ်စစ်သင့်တယ် ထင်တာပါပဲ.. တို့သားကြီး ခုနှစ်ရက်သား အသားဝါကြောင့် သွေးလဲဖို့ စစ်တုန်းက အေဘီသွေိးကို အေသွေးဆိုပြီး ထွက်လာတာ..အရင် တခါ အပြင်မှာ စစ်ထားဖူးလို့ မဟုတ်သေးဘူးထင်တယ်.. ထပ်စစ်ပေးပါဆိုတော့မှ.. ကံကောင်းလို့ပေါ့။

သက်ဝေရေ.. ကျေးဇူးပါ..နေကောင်းအောင်နေပါ့မယ်.. :)

မနုသွဲ့..
ကော်မန့်အရှည်ကြီးရေးပြီးဝင်ရောက်ဆွေးနွေး ပေးတာ တကယ်ကျေးဇူးတင်ပါတယ်..။ မနုသွဲ့ပြောသလိုပါပဲ...။ ဒီကိစ္စက စိတ်ဝင်စားစရာကောင်းပါတယ်..blame game တွေကို ရပ်ပြီး နှစ်ဦးနှစ်ဖက် လိုအပ်တာတွေ ပြုပြင်မှသာ အကျိုးရှိမယ့် result ထွက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Anonymous said…
ဂရုစိုက်အန်တီရေ.. ဆိုးဆိုးဝါးဝါး ဘာဆိုဘာမှမဖြစ်ပါစေနဲ့ဆုတောင်းပေးတယ်..
တီတီလဲ ဘလော့လည် ခဏလျှော့ပေါ့နော့ သားကတော့ မလည်ဖြစ်တာ ကီးဘုတ် ပျက်တည်းကး) ကျန်းမာရေး ဂရုစိုက်ပါ တီတီ ဒါပေမဲ့ တီတီဖြစ်တာ သားနဲ့ ခပ်ဆင်ဆင်တူတယ် ဘာမှ မဖြစ်ဘူး နှလုံးအားနည်းတာနေမှာပါး)
ဟင်း
အမရယ်
အဲလိုသာဆိုရင်တော့ ဒုက္ခပါပဲနော်

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...