Skip to main content

တွေ့ဖူးချင်တဲ့... ၁၀- ယောက်..

တွေ့ဖူးချင်တဲ့ လူ ဆယ်ယောက်တဲ့... မနော်ရဲ့ တက်ဂ်ပို့စ်ပါတဲ့... မနော်တွေ့ဖူးချင်တဲ့ သူထဲမှာ ပါခဲ့လို့ရယ် ဆက်ပြီး တက်ဂ်တဲ့ အတွက်ရယ် ၀မ်းသာအားရနဲ့ မရေးဖြစ်တာကြာတဲ့ ဘလော့ဂ်လေးကို ဖုန်ခါပြီး ပြန်ရေးလိုက်ပါတယ်နော်...

လောလောဆယ် ကျမ ကျင်လည်နေတဲ့  ဘလော့ဂ်လောကထဲမှာကို တွေ့ချင်တဲ့သူတွေ အတော်များနေလို့ ဆယ်ယောက်ကို မနည်း ဖြစ်ညှစ်ရွေးချယ်လိုက်ရပါတယ်...။

(၁) လက်ဆင့်ကမ်းလိုက်တဲ့ မနော်ကိုပဲ ထိပ်ဆုံးမှာ ထားလိုက်ပါတယ်...။  လူသိများတဲ့ စာရေးဆရာမ ဆိုတော့ စာအုပ်စာပေတွေနဲ့ သိပ်မဝေးလှတဲ့ ကျမအဖို့ ကလောင်လှလှနဲ့ စာရေးဆရာမ ချောချောလေးပါလားလို့ သတိထားမိခဲ့တာပါ။ နောက် မနော် ဘလော့ဂ်စလုပ်ဖြစ်ကတည်းက ပုံမှန် သွားဖတ်ရင်း အရင်ကထက် ပိုကျွမ်းဝင် ရင်းနှီးလာသလိုပဲ။ ဒါကလည်း ၀တ္ထုတွေ ကဗျာတွေကတော့  အနုပညာမြောက်တဲ့ ဖန်တီးမှုတွေပေါ့။ ဘလော့ဂ်ဆိုတာကတော့ သူ့အကြောင်း  ကိုယ့်အကြောင်း  ကိုယ်တိုင်ရေးထားတာဆိုတော့  ကိုယ်တိုင်ကိုယ်ကျ စကားပြောနေရသလို ခံစားရလို့ ပိုရင်းနှီးမြန်တယ်လို့ ထင်ပါတယ်..။ ကဗျာတွေ စာတွေ သဘောကျလို့ အပြင်မှာ တွေ့ဖူးချင်ပါတယ်...။ 


(၂) အရင်ကတည်းက ကြားဖူးနားဝ ရှိခဲ့ပြီး သူဘလော့ဂ်လုပ်ကတည်းက နေ့တိုင်း ဘယ်အချိန် များပို့စ်တက်လာမလဲ စောင့်မျှော်ဖတ်ရင်း သူ့ရဲ့ သွက်လက်တဲ့ ရေးဟန်နဲ့ ပုံပေါ်အောင် ရေးတတ်လို့ နှစ်သက်စွဲလမ်းခဲ့ရတဲ့ စာရေးဆရာမ မိုးချိုသင်းပါ... တွေ့ရင်တော့ အတူတူ သင်္ကြန်ယိမ်း ကကြမလားလို့ စိတ်ကူးမိလို့ပါ...။ :)

(၃) သုနှင်းဆီက မွန်ကတော့ ကျမ  ဘလော့ဂ်ကို ပထမဆုံး ရှာဖွေရောက်ရှိခဲ့တဲ့ အပြင်မှာ မမြင်ဖူးခဲ့ရတဲ့ ပထမဆုံးသော ဘလော့ဂ်မိတ်ဆွေ ညီမလေးပါပဲ...။ သီချင်းလေးတွေကို ချစ်ခင်စွဲလန်းတဲ့သူ... ပို့စ်လေးတွေကို လိုက်ဖက်တဲ့ ချစ်စရာပုံလေးတွေရွေးတတ်တဲ့သူ.. သူတော်ကောင်းချစ်ချစ်ကို I Love My Husband ဆိုပြီး ချစ်ခင်မြတ်နိုး  ပါရမီဖြည့်နေသူလေးပေါ့.. ဟဲဟဲ... ချစ်တဲ့ ညီမချောချောလေးကိုလည်း အပြင်မှာတွေ့ဖူးချင်ပါတယ်...

(၄) စိတ်ဝင်စားစရာ ဗဟုသုတရစရာ ပို့စ်တွေ ရေးတတ်တဲ့ ဒေါက်တာနုသွဲ့ကိုလည်း မြင်ဖူးချင်ပါတယ်...။ အဲ..စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာ ရှင်းပြတတ်တဲ့ သူမို့  သဘောကျမိပါတယ်...။


(၅) ကိုနိ နဲ့ နိနိ တို့ကိုလည်း စုံတွဲလိုက် တွေ့ဖူးချင်ပါတယ်.. တယောက်နဲ့  တယောက်ချစ်ခင် နားလည်ပြီး  အပြန်အလှန် လေးစားကြတဲ့ စုံတွဲလေးမို့  အပြင်မှာ မြင်ရရင် ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်မလဲလို့လေ...

(၆) မီယာကိုတော့ မမကွန်စီဘောက်စ်နဲ့  နိနိတို့ဆီမှာတွေ့ရင်း ဘလော့ဂ်ကို သွားလည်ဖြစ်တာပါ... သူ့စာတွေကနေ သူ့ရဲ့အကောင်းမြင်စိတ်ဓာတ်လေးရယ် အေးချမ်းတဲ့ သဘာဝလေးကိုမြင်မိလို့ ခင်မင်ရင်းနှီးနေခဲ့လို့ တွေ့ဖူးချင်ပါတယ်...။

(၇) နောက်တစ်ယောက်ကတော့ ကြယ်ပွင့်လေး.... ကျမ တူသား အရွယ်လေးပါ.. အသက်ငယ်ငယ်နဲ့  စာလေးတွေ ကဗျာလေးတွေက ကြီးကျယ်ရင့်ကျက်နေတတ်တဲ့ ကလေးလေး။ ဘ၀ရဲ့ လောကဓံတွေကြားမှာ အရွယ်နဲ့  မမျှအောင်  တာဝန်သိရင်း ကြိုးစားနေတဲ့ သူလေးမို့  တွေ့ဖူးချင်ပါရဲ့။ တောက်ပနေမယ့် ကြယ်ပွင့်လေးတစ်ပွင့်ကို ကဗျာရေစီးထဲမှာ ပျော်ရွှင်စွာ စီးဆင်းရင်း အောင်မြင်တဲ့ ဘ၀လေးထဲမှာ ချစ်တဲ့မေမေနဲ့ ညီ ညီမငယ်လေးနဲ့အတူ...။

(၈) သွက်သွက်လက်လက်နဲ့ ဆိုင်ကယ်စီးကြမ်းတယ်ဆိုတဲ့ မဆုမွန်ကိုလည်း မြင်ဖူးချင်ပါရဲ့. ... ငယ်ငယ်တုန်းက သဘောကျခဲ့တဲ့ ဂျာနယ်ကျော်မမလေးရဲ့ သတင်းထောက်ဘ၀ကို အားကျခဲ့ဖူးသူမို့ သူ့ စာတွေကို စိတ်ဝင်တစားသွားဖတ်ဖြစ်ပါတယ်... ကိုယ်ပိုင်ဘလော့ဂ်လေး မလုပ်ခင်ကတည်းက တခြား  ဘလော့ဂ်စာမျက်နှာပေါ်မှာ ရေးတဲ့စာလေးတွေကို ဖတ်ပြီး သဘောကျမိသူမို့ပါ...။

(၉) တွေ့ခွင့်မကြုံလို့ လွဲသွားရတဲ့ ပေါက်နဲ့ ချန်းချန်းလေးကိုလည်း အခွင့်သင့်ရင်တော့.. ခင်စရာကောင်းပြီး  တလွဲတွေးတတ် ရေးတတ်တဲ့ ပွင့်လင်းရိုးသားတဲ့ ပေါက်နဲ့ လိမ္မာတဲ့  ချန်းလေးကို  တွေ့ဖူးချင်တယ်... 

(၁၀) နောက်ဆုံးတယောက်ကတော့ အထူးစပယ်ရှယ်ပေါ့.... မမကွန်စီဘောက်စ်ထဲမှာ တချိန်လုံး စိတ်ကောက်တတ်တဲ့ အရုပ်ပုံလေးနဲ့ ကစားနေတတ်တဲ့  ကာလနဂါးမလေးပါပဲ...။ ဖိတ်စာနဲ့ တကွ ကြွရတဲ့ သူ့အိမ်ထဲကို ၀င်ခွင့်ရတဲ့ သူတွေထဲမှာ ကျမလည်း တယောက်ပေါ့.. ဟဲဟဲ.... ဟိုတနေ့ကတောင် ဒီဆယ်ယောက်ပို့စ်ရေးတဲ့ အထဲ သူမပါရင် စိတ်ကောက်မယ်လို့ ခြိမ်းခြောက်စာ ထားခဲ့သေးလို့ ကြောက်ကြောက်လန့်လန့်နဲ့  ထည့်လိုက်ရတာပါ..။ ချစ်စရာကောင်းသော ရိုးသားဖြူစင်  အချစ်ကြီးတတ်တဲ့ နဂါးမလေးက မြေလျိုးမိုးပျံတတ်လို့ တွေ့ဖြစ်ဖို့က မသေချာပါဘူးနော်.. 

ဆယ်ယောက်ပြည့်သွားပေမယ့်  တွေ့ဖူးချင်တဲ့သူတွေ အများကြီး ကျန်နေသေးရဲ့... ကိုယ် သဘောကျမိတဲ့ စာတွေဖတ်ပြီးတိုင်း ဒီစာမျိုးတွေ ရေးနိုင်တာ ဘယ်လိုလူမျိုးတွေပါလိမ့်ဆိုတဲ့ အတွေးတွေနဲ့လေ.. တကျောင်းထဲထွက်ပေမယ့် ဘယ်သူဘယ်ဝါမှန်း သေသေချာချာမသိပဲ  ညီအမတွေအဖြစ် သတ်မှတ်ရင်းနှီးနေမိတဲ့ သက်ဝေတို့ တန်ခူးတို့ စုချစ်သူတို့ ယုယမြတ်နိုး အပါအ၀င် သီတာ၊ သင်းနွယ်ဇင်၊ ကေ-မမ တို့လို အပြင်မှာပါ ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း ဘလော့ဂ်ထဲမှာ ခင်မင်ကြသလို အပြင်မှာလည်းရင်းရင်းနှီးနှီး တွေ့ဆုံချင်ပါသေးတယ်.. ပျော်ပျော်ပါးပါးပေါ့...။ 

ကြီးမှ ကြောက်တတ်လာတဲ့ ညီမလေး  မိုးခါး၊  နောက်ကျတတ်တဲ့  လင်း.. မေမိုးနဲ့ မေမိုးမောင်... ကဗျာသေးသေးလေးတွေရေးတဲ့ ဖိုးဂျယ်နဲ့ ပန်းချီကျော်  မယ်နန်းညီလေးရယ်.. ဘောနပ်စ်ထည့်ထည့်ပေးတတ်တဲ့ ကိုသီဟသစ်....ကြိုဆိုနေတဲ့ ကိုဝင်းဇော်.. စာရေးကောင်းတဲ့ ကေ... အာကာသထဲသွားချင်တဲ့ ဆောင်း... လက်နက်ကြီးကိုင်တဲ့ မခင်မင်းဇော်.. ပန်းခရမ်းပြာက မချို  ..အမလေး..အများကြီးပဲနော်.. တနေ့နေ့ တချိန်ချိန်တော့ ဆုံခွင့်ရရင်  ဆုံချင်ပါသေးတယ်..။ 


ဆက်ပြီး လက်ဆင့်ကမ်းရရင်တော့ အပေါ်ကလူတွေ  အကုန်လုံးကို  tag မလုပ်တော့ပါဘူး.. တချို့လည်း ရေးပြီးသွားလို့ တချို့လည်း အဆင်မပြေမှာစိုးလို့ပါ။

ကံထူးရှင်တွေကတော့ မသီတာရယ်.. သင်းနွယ်ဇင်ရယ်.. သက်ဝေရယ်... ပေါက်ရယ်.. ကြယ်ပွင့်လေးရယ်.. အားတဲ့အခါကျရင် ရေးပေးပါဦးနော်...။ ဘယ်သူတွေကိုများ အပြင်မှာ တွေ့ဖူးချင်သလဲလို့ပါ။

ချိုသင်းနဲ့ နုသွဲ့ကိုတော့ အလုပ်တွေရှုပ်နေတာ အားနာလို့ ချန်ထားခဲ့လိုက်ပါတယ်နော်..

Comments

MANORHARY said…
တစ်နေ့တော့ တွေ့ကြမယ် တွေ့ဆုံမိတ်ဆက်ပွဲလေး
အဲဒီမှာ ကိုအောင်သာငယ်က ဂစ်တာတီးသီချင်းဆိုပေး
ရင် ချိုသင်းနဲ့ မသိဂီ င်္ တို့က ကကြမယ်..သူတို့ထက်
သာတဲ့ကဗျာလွတ်ကဖို့ကိုငိုချင်တဲ့ မနော်လည်းဝင်ကမယ်
လေ..သိပ်ရယ်ရမှာပဲ..ကိုနိနဲ့မနိကိုဟင်းတိုလီမိုလီတွေ
ချက်ခိုင်းမယ်..ဆူရှီသမားတွေကဆူရှီယူလာခဲ့ပေါ့..ပြီး
ရင် နှစ်ချို့ဝိုင်တွေနဲ့အတိုးချမူးပစ်လိုက်ကြမယ် ကဲ..
ပျော်စရာမကောင်းဘူးလားမသိဂီ င်္...
..........................
...............စိတ်ကူးတွေအဆုံးမှာတော့
.....................
PAUK said…
တွေ့ချင်တယ်..
တွေ့ချင်တယ်..
ကျနော်က
အကောင်ပလောင်လေးတွေတော့
ကြောက်တတ်တယ်နော်..
ဇနိ said…
အမသိဂီင်္ရေ မမြင်ဖူးပေမယ့် ရင်ထဲမှာ သံယောဇဉ်ရှိနေမိတယ်။ သဇင်ဆောင်အကြောင်းလေးတွေဖတ်ရင် သားသားမီးမီးလေးတွေကို ချစ်တဲ့စာလေးတွေဖတ်ရင်း သံယောဇဉ်ရှိလာရတာပါ။
အမနော်ပြောသလို အပြင်မှာဆုံရင် အမသိဂီ ကပြမှာလား။ ကပြမယ်ဆို နိနိကမမောတမ်း ဟင်းချက်ပေးမယ်နော်။ ကလေးလေးတွေလည်း ထိန်းပေးအုံးမှာ။ ရေစက်ပါလာရင် တနေရာမှာ ပြန်တွေ့မလား။
နိနိ
ThuHninSee said…
အဟဲ..တွေ့မယ်လေ.မုန့်ဝယ်ကျွေးနော်..
ကြေးအိုး..စမူဆာသုပ်..အသုပ်စုံ.ရွှေပုစွန်က ဖာလူဒါ
မင်းလမ်းရခိုင်မုန့်တီ၊ ဆာတေး။ ဒီလောက်ပါပဲ။
ဟိဟိ။
ဟုတ်တယ် မမရယ် တွေ့ချင်တယ် .. အားလုံစုံပြီး တနေရာရာကို ရက်ရှည်ခရီးထွက် .. ၀ိုင်းစုပြီး ချက်ပြုတ်စားသောက်ကြ .. အော်လိုက်ဟစ်လိုက် .. အိုး ပျော်စရာကြီးပဲ .. ညီမထင်တယ် .. အဲလိုတွေ့ဖြစ်ကြရင် စိမ်းနေကြမှာ မဟုတ်ဘူးလို့ ..း)
ပျော်ရွှင်ပါစေ မမး)
Anonymous said…
ဟုတ်တယ်.. ဟုတ်တယ်.. သားသားလည်းပါမယ်.. အဟီး..
Tagတာ ပြန်ရေးပေးပါ့မယ်အန်တီtgရေ.. အားတာနဲ့အားသလိုပေါ့.. အန်တီမြှောက်လွန်းတာနဲ့မနေတတ်တော့ဘူး ဟိဟိ.. သားအတွက်ဆုတောင်းတွေ၊ အားပေးစကားတွေ၊ အမြဲနှစ်သိမ့်နေပေးမှုတွေအတွက် ဒီကနေပြီးကျေးဇူးထပ်တင်ပါတယ်အန်တီ..း)
Moe Cho Thinn said…
ချိုသင်းလဲ မမနဲ့ ဆုံဖူးချင်တာ။ စိတ်တူ ကိုယ်တူ လို့ အရင်က ထင်ထားတာ၊ အခု တလွဲက တတ်တာ တူသူဆိုတာ သိပြီ။ ကျောချင်းကပ် က ကြတာပေါ့ မမရာ။ :)
မီယာ said…
မသိင်္ဂီရေ ဘယ်တော့ တွေ့ကြမှာလဲ... စိတ်ကူးယဉ်ထားတာတော့ အစုံပဲ။ မီယာ့ ဘလော့လည်း ဖုန်ထူနေပြီ။ spring cleaning လုပ်ရဦးမယ် အမရေ
သက်ဝေ said…
ရေးပေးမယ် သူငယ်ချင်းရေ...
ခဏတော့ စောင့်ပါအုံးနော်...
အာရုံတွေ စုစည်းလို့ မရသေးလို့ပါ...

Tag ထားတယ်ဆိုလို့ လာကြည့်တာ... လား..လား...
ဟိုကလေးမလေး မွန်မွန်ပေါ့... သူများကို Comment ထဲကနေ နှိပ်စက်တယ်... မင်းလမ်းက ရခိုင်မုန့်တီတဲ့...
မင်းလမ်းက ရခိုင်မုန့်တီတဲ့...
လုပ်ကြပါအုံး... လွမ်းလိုက်တာ...
တန်ခူးလဲ အမကို တက်ဂ်ထားတယ် ။ ရေးပေးဖို့ နာမည်စီထားတာပဲ ။ သိဂီ င်္လဲ ပါသဟ။ ဒီမှာလာကြည့်တော့ ကိုယ့်နာမည်ကလဲ ပါနေပြန်ရော... အားပါး ပျော်စရာကြီးနော်.. တနေ့နေ့မှာ ဆုံကြဦးမယ်လေ ပျော်ပျော်ပါးပါးပေါ့..
ရေးမယ်နော်။ ဆယ်ယောက်ကနည်းနေသလားလို့ ပိုလို့မရဘူးလား။ ဟဲဟဲ.. :)
Sonata Cantata said…
ရေးပြီးပါပြီချင့် (စိတ်ကောက်တတ်တဲ့ ကောင်မလေးဆိုတော့ စကားတောင်ပီသေးဘူး)
မမtg ရေ..

ပျော်တယ်ဗျို့..တွေ့ချင်တဲ့အထဲမှာ အနော်လည်းပါလို့..

မမtgရေ ကျွန်တော်တို့ ဘလော့မောင်နှမတွေ အားလုံး တစ်ချိန်ချိန်မှာ စုပြီးဆုံဖြစ်ကြရင်ကောင်းမှာနော်..
မမသိဂီင်္ရေ… ကျွန်မကတော့ မမကို တွေ့ ဖူးတာ သေချာပါတယ်… ကျွန်မထင်တဲ့ မမပါပဲဆိုတာ ပြန်ဆုံရင် ပိုသေချာသွားမှာပေါ့… အဲဒီအချိန်ကျရင် မမကလဲ သြော်တန်ခူးဆိုတာ ဘယ်သူများလဲ အောင့်မေ့တယ်… ဆိုဖြစ်သွားမှာ… ဒီတခေါက်ပြန်လာရင် ဆုံမယ်လေ မမ… ပြန်ခါနီးမှာ အီးမေးလ်ပို့ လိုက်မယ်…
အစ်မရေ ဘန်ကောက်ရောက်ဖြစ်ရင် ဆိုင်ကယ်အတူစီးမယ်လေနော်...ဆနပြပွဲတွေ လိုက်ပြမယ် ငါ့အစ်မကို ပြေးရလွှားရသတင်းထောက်ဘ၀ ကိုနော် လိုက်မယ်ဟုတ်လား ဟီဟီ
khin oo may said…
ဟုတ်တယ် ဆယ်ယောက်မလောက်ဘူး တီဂျီ.
ဟုတ်ပါ့ တီတီရယ် ၁၀ ယောက် မကဘူး အကုန်တွေ့ချင်တာ
တဂ်တဲ့ သူက တွေ့ချင်တျဲွှ့ ရေးဆို အကုန်ပါပီသာမှတ်
အခုတော့ ဟိုလူ့ထည့်လိုက် ဒီလူ့ဖြုတ်လိုက်နဲ့
ရှုပ်နေတာပဲး)
ပြန်ရောက်မှ တီတီကို မုန့်ဝယ်ကျွေးခိုင်းရမယ်။း)

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

သူငယ်ချင်းများရဲ့ အမှတ်တရ...များ။

ကျမ သူငယ်ချင်းက သတိပေးလို့ ကျောင်းတုန်းက အော်တိုစာအုပ်တွေကို ရှာဖို့ သတိရသွားတယ်။ နာဂစ်လာတုန်းက ရေထိသွားတဲ့ ပထမနှစ်တုန်းက သူငယ်ချင်းတွေ ၀ိုင်းရေးပေးထားကြတဲ့ စာအုပ်လေးကို မပျောက်ပျက်ခင် scanned လုပ်ပြီး သိမ်းထားလိုက်နိုင်လို့ သူငယ်ချင်းကို ကျေးဇူးတင်ရဦးမယ်။ ဒါပေမယ့် scanner ကလည်း အဟောင်းဖြစ်နေတဲ့ အပြင်၊ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီး ရေထိသွားလို့ စာရွက်တွေက မင်တွေပြန့်၊ အရောင်တွေ ပြောင်းကုန်ရပါပြီ။ ပထမနှစ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အကြောင်းသိပ်မသိခင် ရေးထားခဲ့တာပေမယ့် အမှတ်တရပေါ့။ တချို့ကလည်း ခဲတံနဲ့ လျှောက်နောက်လို့ မိန်းကလေး သူငယ်ချင်းတချို.လည်း စိတ်တိုခဲ့ရပါသေးတယ်။ တချို့လည်းရေးချင်တာတွေ လျှောက်ရေးပြီးမှ သူငယ်ချင်းတွေ ဖြစ်ကုန်လို့ပေါ့။ ရီစရာပျော်စရာကောင်းတဲ့ ဘ၀လေးပါပဲ။ ဖိုင်နယ်တုန်းက ရေးထားတဲ့ စာအုပ်ကတော့ ဘယ်ရောက်နေမှန်းမသိလို့ ထပ်ရှာရပါဦးမယ်။ သူငယ်ချင်းတွေရဲ့ လိပ်စာတွေကိုတော့ blur လုပ်ထားလိုက်ပါတယ်။ မကြိုက်မှာ စိုးလို့ပါ။...