Skip to main content

ခရီးတစ်ခု အဆုံးသတ်ခြင်း (သို့) ခရီးတစ်ခု စတင်ခြင်း။

သူမ ကို မြင်ရတာ စိတ်မချမ်းမြေ့စရာ...။
လွန်ခဲ့တဲ့ သားငယ်မွေးနေ့တုန်းက မိသားစု စားသောက်ဝိုင်းတုန်းကနဲ့တော့ အတော်ကွာခြားသွားခဲ့ပြီပဲ။ အို..အရင်တခေါက် ဆေးရုံတက်တုန်း လာတွေ့တာနဲ့ကို မတူတော့။ 

ပြည့်ဖောင်းနေပြီး ပြောင်ဝင်းနေတာကတော့ သူ့မျက်နှာ ဖြူဖြူလေးပေါ်မှာ မဲနက်စွာလှပနေတဲ့ မျက်ခုံးတစုံရယ်..သွယ်လျစွာ ဖြောင့်စင်းနေတဲ့ နှာတံလေးရယ်ကြောင့်..အော်.. တူမငယ်လေးရဲ့ အလှအပကို သတိထားမိလိုက်ပါတယ်။ ဒါပေမယ့် စောင်မလွှမ်းထားတဲ့ ခြေထောက်အစုံက ဖောင်းကားညိုမဲနေတယ်..။ ခြေဖမိုးတွေသာ ဖောင်းနေတာပါ။ ခြေသလုံးလေးတွေက တစ်လက်မ ပိုက်လုံးအရွယ်သာသာ...။ .

သူ့ဆီလာတွေ့တဲ့ ဧည့်သည်တွေကို သွားလေးတွေပေါ်အောင် ပြုံးပြ နှုတ်ဆက်ရှာပေမယ့် အသံထွက်ဖို့တောင် အတော်မောနေရှာပြီ။ သွေးနဲ့ ပတ်သက်တဲ့ရောဂါလို့သာ ခန့်မှန်း သိထားရပေမယ့် သူ့မိခင်ဆရာဝန်မရဲ့ မျိုသိပ်ထားမှုကြောင့် ဘယ်သူ့မှ ဂဃနဏ မသိခဲ့ကြ။ တစ်လတစ်လ ကုန်တဲ့ ဆေးဖိုးကလည်း ကြောက်စရာရယ်... မိခင်ရဲ့ ပံ့ပိုးအားပေးမှုကြောင့် သူ့ဘဝမှာ လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့အတွက်တော့ သူ့မိခင် ကျေနပ်မှာပါလေ။ 

အခုတလော သူ ဆေးရုံအတက်အဆင်း စိပ် လာတာရယ်ကြောင့် စိတ်ထဲ သူ့နောက်ဆုံးအချိန်မှာ နီးလာပြီလားလို့ စိတ်မကောင်းစွာ တွေးခဲ့မိပါတယ်။ ဆုတ်ယုတ်ပျက်စီးလာလိုက်တာ.. ခြေသလုံးကြွက်သားလေးတွေလည်း သိမ်ပြီး လမ်းတောင် မလျှောက်နိုင်တော့ဘူးတဲ့။ ပွတ်မိတဲ့ နေရာတိုင်းမှာ သွေးခြေဥလို့ရယ်။ အိပ်ယာထဲမှာ ပက်လက်နေရင်း ပင်ပန်းကြီးစွာ  လှုပ်ရှားနေရတဲ့ သူကလေးကို  ကြည့်ပြီး ရုပ်ခန္ဓာကြီးရဲ့  ဖောက်ပြန်ပုံတွေကို တရားကျမိရင်း ဝေဒနာပြင်းပြကို ကြိတ်မှိတ်ခံနေရရှာတဲ့ သူ့ကို သနားလိုက်တာ။  

ကလေးမလေး  နိုးနေရင် အမြဲ  အပြုံပန်းလေးဆင်ပြီး  တက်ကြွလန်းဆန်းပေါ့ပေါ့ပါးပါးစကားတွေကိုသာ ပြောတတ်တဲ့ ယောင်းမ ဆရာဝန်မလည်း ကလေး အိပ်ပျော်သွားပြီဆို ခဏတာ မျက်နှာဖုံးချွတ်လိုက်သလိုပါပဲ။ ကလေး သိသွား  ကြားသွားမှာစိုးလို့  ရောဂါအကြောင်း စိတ်ဓာတ်ကျစရာအကြောင်း ဘာတစ်ခုမှ မပြောပေမယ့် မိခင် ရင်ချင်းမို့ ကြေကွဲစိတ်ကို ခံစားမိပါတယ်။  ဘယ်သူ့မှ အဖော်မပြုပဲ  သမီးတယောက်ရဲ့  နောက်ဆုံးအချိန်မှာ စိတ်တိုင်းကျ ပြုစုခွင့်ရဖို့  မိဘတာဝန်ဝတ္တရားကျေနေတဲ့ အချိန်မှာ တဘက်ကလည်း အလုပ်တာဝန်ဝတ္တရားတွေ  လစ်ဟင်းလို့..။ 

တကယ်တမ်းဖြစ်လာကြပြီဆိုတော့ သားသမီးခံစားနေရလည်း ဘေးက မိဘဆွေမျိုးတွေက ငုတ်တုတ်ထိုင်ကြည့်နေရုံ...  မိဘတွေ ဝေဒနာပြင်းစွာ ခံစားနေရရင်လည်း သားသမီးတွေက ရင်ထုမနာ ထိုင်ကြည့်နေရုံ။  အတတ်နိုင်ဆုံးက ခံစားနေရတဲ့ ဝေဒနာ သက်သာအောင်  ခေတ်မီဆေးဝါးတွေနဲ့ ကူညီပေးရုံကလွဲလို့  ဘာမှ..ဘာမှ မတတ်နိုင်။

ပါးစပ်ထဲမှာလည်း အနာတွေကြောင့်  ခေါင်းမထောင်နိုင်တဲ့ သူ့အဖို့ ခံတွင်းသန့်ရှင်းရေးလည်း မလုပ်နိုင်.. အသန့်အရှင်းကြိုက်လှတဲ့ သပ်သပ်ရပ်ရပ်နေတတ်တဲ့  တူမငယ်ခမျာမှာ အနံ့အသက်ဆိုးကို မခံနိုင်ရှာပြန်ပေမယ့် ...။ ဗလုံးဗထွေးနဲ့  အားယူပြီး ပြောတဲ့စကားကို နားမလည်တဲ့  မိခင်ကို  စိတ်ပျက်အားငယ်စွာကြည့်ရင်း စကားပြောဖို့ကို  လက်လျှော့လိုက်တာလည်း အခါခါ။  နောက်တော့ သူပြောချင်လွန်းတဲ့  စကားတွေကို  အင်္ဂလိပ်လို ပြောတော့မှာ နားလည်လို့ရအောင် ပီသနေပြန်ပါရော။ ဒီလောက် လက်ပွန်းတတီး တရင်းတနှီးနေခဲ့တဲ့  သားအမိတွေ.. ဆက်သွယ်ရေးစနစ်တွေ  ပျက်စီးတော့ တယောက်ပြောချင်တာ တယောက် နားမလည်နိုင်တာလည်း ကြုံသေးတာပဲ။  ဒီလောက် ဝေဒနာခံစားနေရတဲ့  ကြားက  သူ့မိခင်နဲ့ ဆက်သွယ်လို့ ရသွားတော့ နောက်သွားသေးတယ်..သူ့အမေကို။ အင်္ဂလိပ်လို ပြောမှ နားလည်တဲ့ သူ့အမေကို.. " You are Foreigner ”  လို့ပြောပြီး  ရီသွားသေးတယ်။ တကယ်တမ်းကျတော့ ရယ်တယ်ပြုံးတယ်ဆိုတာ သူ့အမူအရာကြည့်ပြီးသာ နားလည်နေရတာပါ။ 

သူ့မှာလည်း အမေက  ပြောမပြပေမယ့်  သူ့ရောဂါအကြောင်းတော့  သိသွားတဲ့ ပုံပါပဲ။ ညဖက် အိပ်မပျော်ရင် မိဘတွေအိပ်မှ ဦးအေးမောင်ရေးတဲ့  သေသည်၏ အခြားမဲ့၌  စာအုပ်ကို ခိုးကြောင်ခိုးဝှက်ဖတ်ခဲ့ရတဲ့ သူ့ခမျာ.. သူ့အတွက် နီးကပ်နေပြီဖြစ်တဲ့ တဦးတည်းသွားရမယ့်  ခရီးအတွက် စိတ်ပူတွေးတောနေခဲ့မှာပါပဲ။  ကျမ  အနားမှာ ရှိနေပြီး  သူ့အမေ  ခဏလောက်နားရင်း  အိပ်မောကျသွားတဲ့  အချိန်မှာ ကျမကို မျက်လုံးဝိုင်းကြီးနဲ့ ကြည့်ရင်း ငိုနေတဲ့ သူ့ကို  မေးမိတော့ ကြောက်တယ်..တဲ့။  ကျမ နားလည်လိုက်တာနဲ့  အတူ ရင်ထဲ မကောင်းလှဘူး..။ သူကြောက်တာ ဘာလဲ ဆိုတာ ကျမ  သိပေမယ့် “  မကြောက်ပါနဲ့ သမီးရယ်.. ဘာမှမဖြစ်ပါဘူး.. ကောင်းသွားမှာပါ.. အန်တီလည်း ရှိတာပဲ..ကောင်းအောင် လုပ်ပေးမယ်နော်” လို့ အားပေးလိုက်ရပေမယ့် အယုံအကြည်ကင်းမဲ့နေတာ ကိုယ်တိုင်အသိပဲလေ။ ကဲ.. ကျမ ဘာလုပ်ပေးနိုင်မှာလဲ...။  

ဗုဒ္ဓဘာသာဝင်တွေကတော့ နောက်ဆုံးအချိန်မှာ  ဘဝကူးကောင်းဖို့ အာရုံကောင်းဖို့ လိုပါတယ်။  ဒေါသ လောဘ မောဘတွေနဲ့ သေသွားရင် လားရာဂတိ မကောင်းတတ်ဘူးဆိုတာ နားလည်ကြတော့  နောက်ဆုံးအချိန်မှာ သွားမယ့်သူရဲ့စိတ်ထဲ အာရုံကောင်းလေး ရသွားစေချင်ကြပါတယ်။ ဒါပေမယ့် ကံဆိုတာ ကိုယ်ပိုင်ဥစ္စာပဲလို့  ဆိုထားလေတော့ ကိုယ်လုပ်ထားခဲ့တဲ့ အာရုံတွေကိုပဲ နောက်ဆုံးအချိန်မှာ အမှတ်ရကြမှာပေါ့လေ...။ နောက်ဆုံးအချိန်ကို မပြင်ဆင်ရသေးတဲ့ တူမ ငယ်အတွက်တော့ သူ နေမကောင်းလို့  ဘုရားစာရွတ်ရင်တောင် သူ သွားရခါနီးလို့လားဆိုပြီး ကြောက်နေတတ်သူကိုး။ ဝေဒနာခံစားနေရတဲ့  အချိန်မှာ ကြီးမားပြင်းထန်တဲ့ ဝေဒနာက တဖက်.. ကြားမှုအာရုံကို ဆူညံသံအဖြစ် မှတ်ယူပြီး ဒေါသထွက်မှာလည်း စိုးရတာ တဖက်။ 

အမောဖောက်လာတော့  အောက်ဆီဂျင်ပေးတာကိုလည်း သူအဆင်မပြေ။ တကယ်ဆို တီထွင်တဲ့သူတွေ လူမမာအဖြစ် ခံစားပြီးမှ တီထွင်ဖို့ကောင်းတယ်လို့ စိတ်ပေါက်ပေါက်နဲ့  တွေးမိသေး။ မောနေတဲ့ကြားက လက်သီးတင်းတင်းဆုပ်ပြီး  တင်းခံနေပုံကလည်း ကောက်ရိုးတမျှင်ကို အားကိုးတကြီးလိုက်ဆွဲနေသလို။ တော်ကြာ နဂိုဝိုင်းတဲ့  မျက်လုံးလေးက ပြူးကျယ်ပြီး ကြောက်လန့်တကြား စူးစိုက်ကြည့်နေတတ်တာကလည်း စိတ်မချမ်းသာစရာ။ ဗုဒ္ဓံ သရဏံ  ဂစ္ဆာမိ  ကို နားနားကပ်  ရွတ်ဆိုနေတဲ့  မိခင်ခမျာလည်း ဆရာဝန်တယောက်မို့ သူ့သမီးရဲ့  နောက်ဆုံးအချိန်အတွက် ဘယ်လို ဖြေလို့ရပါ့မလဲ။ အသံမထွက်တော့တဲ့  သူ့အမေကိုယ်စား  ကျမက အစားဝင် ရွတ်ဆိုပေးရပြန်ပါတယ်။ ဇာတ်တိုက်ထားတာ  မဟုတ်တဲ့ ဘဝဇာတ်ခုံပေါ်မှာ အားလုံးက အဆင်ပြေသလို  ကြည့်ကျက် က နေကြတာကိုး။ ပြဇာတ်တပုဒ်လိုတော့ အစစ အရာရာ ချိန်သားကိုက် အဆင်ပြေဖို့တော့ မလွယ်လှပါဘူးလေ..။

သူ အိပ်မောကျသွားတယ်.. အားလုံးက ဘေးမှာ လိုက်မောတာ နဲနဲ ရပ်ပြီး အပြင်ထွက် အသက်၀ အောင်  ရှူကြပြန်ပါတယ်။  တိတ်ဆိတ်ငြိမ်သက်ခြင်းမှာ သူကတော့ အိပ်မောကျလို့.. ခုနတုန်းက မောပန်းခက်ခဲနေတဲ့အချိန်မှာ လာလိုက်ကြတဲ့ ဖုန်းသံတွေလည်း အခုကျတော့ တိတ်ဆိတ်သွားပြန်ပြီ။  တခါတခါ လူတွေရဲ့ မသိတတ်မှုက စိတ်ကုန်စရာပါပဲ။  ကျမအလှည့်ဆိုရင်တော့ ဟမ်းဖုန်းတွေ အကုန်ပိတ်ထား.. မပိတ်နိုင်ရင်လည်း အပြင်မှာသာ ထားခဲ့ကြဖို့ မှာထားခဲ့ရမယ်လို့  စိတ်ထဲ တေးထားလိုက်ပါတယ်။  

သူ့ရဲ့ ဆရာဝန်ရောက်လာပါတယ်။ ဘယ်အချိန်က သတိလစ်သွားတာလဲ.. တက်သွားသေးလား.. ဘယ်နေရာ bleeding ရသေးသလဲ.. ခေါင်းတအားကိုက်တယ်ဆိုတာကတော့ ဦးနှောက်ထဲ bleeding ရသွားတဲ့ ပုံပါပဲ ဆိုတဲ့ နောက်မှာတော့ အားလုံးက ငြိမ်သက်။ ဘုရားစာရွတ်ဖို့ စိတ်ကူးနေတဲ့ ကျမလည်း သူ မကြားနိုင်တော့ပြီပဲ လို့ အားလျော့သွား။  သူ့အမေကတော့ တိတ်တိတ်ရှိုက်ကာငို...။ ကိုးရီးယားကားတွေထဲမှာတော့ သတိလစ်သွားလည်း စကားပြောနေကြသေးတာပဲ.. ကြားရင်လည်း ကြားနိုင်တာပဲလို့ အားတင်းပြီး သူသတိရှိစဉ်က ရွတ်ဖို့ တွေဝေနေခဲ့တဲ့ ပရိတ်ကြီး ဆယ့်တစ်သုတ်ကို  သူကြားရရုံသာ ရွတ်ပေးနေမိပါတယ်။ ခဏအကြာမှာတော့ သူတချက်လှုပ်ရှားလာပြီး တက်သလို ဖြစ်သွားပါတယ်။ ခဏလေးမှ  တကယ့်ခဏလေးပါ.. မြှောက်နေတဲ့ လက် ဖုတ်ကနဲ ပြုတ်အကျမှာတော့  တခါတည်း ငြိမ်သက်သွားပါတော့တယ်။ မျက်ခွံက တုန့်ပြန်မှုတွေ ငြိမ်သက်သွားတာ အတည်ပြုပြီးတဲ့ အချိန်မှာ နေ့လည် ၁၂  နာရီတိတိ။ ECG နဲ့ ထပ်ဆင့် အတည်ပြုပြီးသွားတော့ လွတ်လပ်စွာ ငိုကြွေးနိုင်ကြပါပြီ။

သွားတော့ ပုံ့လေးရေ.. သွားပေတော့... သံသရာခရီး မဆုံးသရွေ့တော့ တို့တွေ အားလုံးဟာ သံသရာခရီးသည်အချင်းချင်းတွေပဲပေါ့လေ။ ကိုယ့်လမ်းကိုယ်လျှောက်ကြရင်း တစ်ယောက်ကို တစ်ယောက် အကျိုးပြုဖြစ်ခဲ့ကြတယ်ဆိုရင်တော့ ဝမ်းသာစရာပါ။ ကြီးတယ် ငယ်တယ် မဟူ ဒီတရားတွေကို ရှောင်လွဲှလို့ မရစကောင်းတာ လက်တွေ့ တရားပြခဲ့တဲ့အတွက်လည်း ကျန်ရစ်သူမိသားစုက ကြေကွဲမှုတွေကြားက သံဝေဂ ရနေကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ပုံ့လေးရေ.. ကောင်းရာသုဂတိလားပါစေကွယ်...။ 
(၃၀.၇.၂၀၀၉ ၌ ဘဝတစ်ပါးသို့ ကူးပြောင်းသွားရှာတဲ့ တူမလေးအား ရည်စူးပါသည်)

Comments

မီယာ said…
အမရယ် စိတ်မကောင်းလိုက်တာ သနားစရာလေး။ သွားလေသူ အတွက်တော့ ဝေဒနာ ခံစားရတဲ့ ဒုက္ခက ကင်းသွားတာပေါ့။ ကိုယ့်အရင် သွားနှင့်တဲ့ သားသမီးအတွက် ကြေကွဲရတဲ့ မိဘတွေကိုလည်း ကိုယ်ချင်းစာပါတယ်။ အားလုံးကို အချိန်က ကုစားနိုင်ပါစေလို့ပဲ ဆုတောင်းပါတယ် အမရယ်။
Moe Cho Thinn said…
စိတ်မကောင်းလိုက်တာ မမရယ်။
ကလေးတယောက်အနေနဲ့ ခံစားရတာ မမျှလိုက်တာ။
ကောင်းရာသုဂတိလားပါစေလို့သာ...
ကလေးကို သေချာ မသိပေမယ့် ဖတ်ပြီး စိတ်မကောင်း ဖြစ်မိတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့လောကထဲက ထွက်သွားရတာ နှမြောစရာ။ သူ့မိဘက တော်တော် ခံစားရမှာပဲ။
PAUK said…
ဖတ်ပြီး စိတ်မကောင်းဘူး..
အသက်ငယ်ငယ်လေးနဲ့..
ThuHninSee said…
ဟယ်.အားနာလိုက်တာ အစ်မရယ်.။ အစ်မစိတ်ညစ်နေတာ မသိလို့ ဟိုကလေးလေး အကြောင်းပြောမိတာ။ သြော်.. ထွက်ခါသွားတာခြင်းတူပေမယ့် ထွက်ခွာသွားပုံမတူဘူးပေါ့အစ်မရယ်။ တကယ်စိတ်မကောင်းပါဘူး။ အနားမှာ ဘုရားစာရွတ်ပေးတဲ့ သူ့ကိုချစ်တဲ့ မိသားစုရှိတာ သူ့အတွက်ကံကောင်းပါတယ်လေ။
MANORHARY said…
သူမ မိခင်နဲ့အတူ
ထပ်တူထပ်မျှ
ငိုကြွေးခဲ့ရပါတယ်။
ကျွန်မ တို့ လောကမှာတတ်နိုင်တာ
သိပ်များများစားစာ မရှိဘူး မသိဂီ င်္.....
တတ်နိုင်သလောက်မေတ္တာတရားကိုပဲ
ပေးနိုင်ဖို့ ကြိုးစားကြတာပေါ့
:P said…
စိတ်မကောင်းလိုက်တာ အစ်မရေ... မသေခင် ခံစားသွားလိုက်ရတာ...။
Sonata Cantata said…
သိင်္ဂီရေ တူမလေးလိုပဲ ငါလည်းကြောက်တယ်။
သွားလေသူလေးရေ ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်ပါစေ...
စိတ်မကောင်းလိုက်တာ အစ်မရယ်
တူမလေးက ဘာရောဂါလဲဟင်.....
ငယ်ငယ်လေးနဲ့ ကြုံရတာ စိတ်မကောင်းလိုက်တာ...
ကိုယ်လဲအမေတယောက်ဆိုတော့ သူ့အမေနဲ့ ထပ်တူခံစားရတယ်။
စူး said…
ဖတ်ရင်းနဲ့ စိတ်မကောင်းလိုက်တာ အမရယ်...
သက်ဝေ said…
သူငယ်ချင်းရေ...
လူကီးမီးယား ထင်တယ်နော်...
စိတ်မကောင်းလိုက်တာ...
တူမလေး ကောင်းရာမွန်ရာရောက်ပါစေ လို့ ဆုတောင်းပေးနေပါတယ်...။
Anonymous said…
လူကီးမီးယားလား.. ဘာဖြစ်တာလဲဟင်
ဘာလို့အဲ့လိုဖြစ်တာလဲမသိဘူး.. သနားပါတယ်..
သူ့နေရာမှာ ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်နှမ၊ ကိုယ့်ညီလေးတွေအစားထိုးပြီး ခံစားကြည့်ရင် တကယ်ကို မျက်ရည်ကျရပါတယ်.. သူ့မိသားစု ထပ်တူထပ်မျှပါပဲ အန်တီtg

ဒီပို့စ်လေးအတွက် တကယ်ကိုကျေးဇူးပါ..
လေးမီ said…
စိတ်မကောင်းလိုက်တာ သနားစရာလေး။ ဘာရောဂါလဲဟင်? အသက် ဘယ်လောက်လဲ?
ကောင်းရာမွန်ရာရောက်ပါစေ။

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...